အံ့ဖွယ်အမှုများဖြင့်သာ ယုံကြည်ခြင်းကို အဘယ်ကြောင့်မတည်ဆောက်နိုင်
မြင်ဖူးမှ ယုံစဖွယ်။ ယင်းသည် လူများစွာတို့၏ ယူဆချက်ဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို အံ့ဖွယ်နည်းဖြင့် ဖော်ပြမည်ဆိုလျှင် ကိုယ်တော်ကိုယုံကြည်မည်ဟု အချို့တို့ကပြောကြပါသည်။ ထိုသို့ဖြစ်စေဦးတော့ ယင်းသို့သောယုံကြည်ခြင်းသည် စစ်မှန်သောယုံကြည်ခြင်းကို ဖြစ်စေပါမည်လော။
ဣသရေလအမျိုးသား ကောရ၊ ဒါသန်နှင့် အဘိရံတို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူတို့သည် ဘုရားသခင်ထံမှလာသော အောက်ပါစိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသည့် အံ့ဖွယ်အမှုများ၏ မျက်မြင်သက်သေများဖြစ်ကြသည်ဟု သမ္မာကျမ်းစာကဖော်ပြပါသည်– အီဂျစ်တို့အပေါ်ကျရောက်သော ကပ်ဘေးဆယ်ပါး၊ ဣသရေလလူမျိုးတို့ ပင်လယ်နီကို ဖြတ်ကျော်လွတ်မြောက်ခဲ့ပုံ၊ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေကိုချေမှုန်းခဲ့ပုံတို့ဖြစ်သည်။ (ထွက်မြောက်ရာ ၇:၁၉–၁၁:၁၀; ၁၂:၂၉-၃၂; ဆာလံ ၁၃၆:၁၅) ကောရ၊ ဒါသန်နှင့် အဘိရံတို့သည် သိနာတောင်ခြေ၌ ကောင်းကင်မှယေဟောဝါ၏ မိန့်တော်မူချက်ကိုလည်း ကြားခဲ့ကြရသည်။ (တရားဟောရာ ၄:၁၁၊ ၁၂) သို့တိုင် ယင်းအံ့ဖွယ်အမှုများဖြစ်ပြီးနောက် မကြာခင်မှာပင် ထိုသူသုံးဦးတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ခန့်အပ်ခံ ကျေးကျွန်များကို ဆန့်ကျင်ပုန်ကန်ဖို့ လှုံ့ဆော်ကြလေသည်။—တောလည်ရာ ၁၆:၁-၃၅; ဆာလံ ၁၀၆:၁၆-၁၈။
နှစ်ပေါင်း ၄၀ ကြာပြီးနောက် ဗာလမ်အမည်ရှိ ပရောဖက်တစ်ဦးသည်လည်း အံ့ဖွယ်အမှုတစ်ခုကိုတွေ့မြင်ခဲ့သည်။ ဘုရားသခင်၏ရန်သူများဖြစ်သော မောဘလူမျိုးများဘက်၌မပါရန် ကောင်းကင်တမန်၏တားဆီးမှုကပင် သူ့ကိုမဟန့်တားနိုင်ခဲ့ချေ။ ထိုအံ့ဖွယ်အမှုဖြစ်ခဲ့သော်ငြားလည်း ဗာလမ်သည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏လူမျိုးကို ဆန့်ကျင်သည့်ဘက်တွင် ဆက်လက်ရပ်တည်ခဲ့သည်။ (တောလည်ရာ ၂၂:၁-၃၅; ၂ ပေတရု ၂:၁၅၊ ၁၆) သို့သော်လည်း ဗာလမ်၏ယုံကြည်မှုမရှိခြင်းသည် ယုဒရှကာရုတ်နှင့်ယှဉ်ကြည့်ပါက ဘာမျှမဟုတ်ပါ။ ယေရှုနှင့် အရင်းနှီးဆုံးပေါင်းသင်းခဲ့သည့်အပြင် အလွန်ထူးကဲသောအံ့ဖွယ်အမှုများစွာ၏ မျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့လင့်ကစား ယုဒသည် ငွေသုံးဆယ်အတွက် ခရစ်တော်ကိုသစ္စာဖောက်ခဲ့သည်။—မဿဲ ၂၆:၁၄-၁၆၊ ၄၇-၅၀; ၂၇:၃-၅။
ဂျူးဘာသာရေးခေါင်းဆောင်များသည်လည်း ယေရှုခရစ်၏အံ့ဖွယ်အမှုများစွာကို သိထားကြသည်။ လာဇရုကို ကိုယ်တော်ရှင်ပြန်ထမြောက်စေပြီးသည့်နောက် သူတို့က “ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏” ဟုဝန်ခံခဲ့ကြသည်။ သို့သော် ယခုအသက်ရှင်နေသောလာဇရုကို သူတို့တွေ့မြင်ရခြင်းက သူတို့၏စိတ်နှလုံးကို ပျော့ပျောင်းစေကာ ယုံကြည်ခြင်းရှိလာစေပါသလော။ လုံးဝမဖြစ်စေပါ။ ယင်းအစား သူတို့သည် ယေရှုနှင့် လာဇရုတို့နှစ်ဦးစလုံးကို သတ်ပစ်ဖို့ရန် ကြံစည်ကြသည်။—ယောဟန် ၁၁:၄၇-၅၃; ၁၂:၁၀။
ထိုဆိုးယုတ်သူများကို ဘုရားသခင်က တိုက်ရိုက်တားဆီးပင်တားဆီးငြားလည်း သူတို့တွင်ယုံကြည်ခြင်းမရှိကြပါ။ တစ်ခါ၌ ယေရှုသည် ဗိမာန်တော်ပရဝဏ်တွင်ရှိနေစဉ် ကိုယ်တော်က ကျယ်လောင်စွာဖြင့် “အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။” ကောင်းကင်မှ ယေဟောဝါဘုရားသခင်မိန့်တော်မူသည်ကား “ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန်ချီးမြှောက်ဦးမည်” ဟူ၍ဖြစ်သည်။ သို့တိုင် ဤအံ့ဖွယ်အဖြစ်အပျက်က ထိုတွင်ရှိသောသူတို့၏ စိတ်နှလုံးတွင် ယုံကြည်ခြင်းကို မဖြစ်ပေါ်စေခဲ့ပါ။ သမ္မာကျမ်းစာက “ထိုမျှလောက်ကြီးစွာသောနိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ပြတော်မူသော်လည်း သူတို့သည်ယုံကြည်ခြင်းသို့မရောက်ကြ” ဟူ၍ဆိုခဲ့သည်။—ယောဟန် ၁၂:၂၈-၃၀၊ ၃၇; ဧဖက် ၃:၁၇ နှိုင်းယှဉ်။
အံ့ဖွယ်အမှုများက ယုံကြည်ခြင်းကိုအဘယ်ကြောင့်မတည်ဆောက်နိုင်
အံ့ဖွယ်အမှုများဖြစ်နေသည့်ကြားမှပင် ယုံကြည်ခြင်းကင်းမဲ့မှု မည်သို့ဖြစ်နိုင်မည်နည်း။ ယေရှု၏ဓမ္မအမှုအစပိုင်းအချိန်တွင် ဂျူးလူမျိုးတစ်မျိုးလုံးသည် “ခရစ်တော်” သို့မဟုတ် မေရှိယကို “မျှော်လင့်၍” နေကြလျက်ပင် ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုအားငြင်းပယ်ခဲ့ခြင်းကို သင်သုံးသပ်ကြည့်သောအခါ အထူးသဖြင့်နားလည်ရခက်ပေမည်။ (လုကာ ၃:၁၅) သို့သော် ပြဿနာကား မည်သည့်အရာကို မျှော်လင့်နေကြသည်အပေါ်မူတည်ပါသည်။ အဘိဓာန်ပြုစုသူ ဒဗ္ဗလျူ. အီး. ဗိုင်းက ဂျူးတို့သည် မိမိတို့ကို “ယာယီအောင်မြင်မှု” နှင့် “ရုပ်ပစ္စည်းကြွယ်ဝမှု” ပေးမည့် မေရှိယတစ်ဦးကိုသာ စွဲလမ်းတမ်းမှန်းခဲ့ကြသည်ဟု ကျော်ကြားသော ကျမ်းပညာရှင်တစ်ဦး၏ပြောဆိုချက်ကို ကိုးကားဖော်ပြပါသည်။ ထို့ကြောင့်စီ.အီး. ၂၉ ခုနှစ်တွင် စစ်မှန်သောမေရှိယအဖြစ် သူတို့၏အလယ်၌ပေါ်ထွန်းနေသည့် နိမ့်ကျ၍ နိုင်ငံရေးတွင်လုံးဝမပါဝင်သော နာဇရက်မြို့သားယေရှုကို သူတို့မမျှော်ကြချေ။ ယေရှု၏သွန်သင်ချက်များသည် လက်ရှိအခြေအနေကို အနှောင့်အယှက်ဖြစ်စေပြီး သူတို့၏ထင်ရှားသောရာထူးများအတွက် အန္တရာယ်ဖြစ်စေမည်ကိုလည်း ဘာသာရေးခေါင်းဆောင်များက ကြောက်ရွံ့နေကြသည်။ (ယောဟန် ၁၁:၄၈) သူတို့၏ ကြိုတင်လက်ခံထားသည့် ခံယူချက်များနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့က ယေရှု၏အံ့ဖွယ်အမှုများကို မမြင်နိုင်အောင် ဖုံးအုပ်ထားသည်။
ယေရှု၏ နောက်တော်လိုက်များ ခံစားရသောမျက်နှာသာတော်ကို သက်သေထူသည့် အံ့ဖွယ်အမှုများကို နောက်ပိုင်းတွင် ဂျူးဘာသာရေးခေါင်းဆောင်များနှင့် အခြားသူတို့က ငြင်းပယ်လိုက်ကြသည်။ ဥပမာ၊ ကိုယ်တော်၏တမန်တော်များသည် အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတစ်ဦးကို ကုသပေးလိုက်သောအခါ ဂျူးအထက်တရားရုံးမှ စိတ်ဆိုးနေသောအဖွဲ့ဝင်တို့က ဤသို့မေးမြန်းကြသည်– “ဤသူတို့ကို အဘယ်သို့ပြုရမည်နည်း။ သူတို့သည်ထင်ရှားစွာသော နိမိတ်လက္ခဏာကိုပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသောသူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှာမတတ်နိုင်ပြီ။ သို့သော်လည်း လူများအထဲ၌ သာ၍မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကိုကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့” ဟုအချင်းချင်းတိုင်ပင်ကြသည်။ (တမန်တော် ၃:၁-၈; ၄:၁၃-၁၇) ဤအံ့သြစရာကောင်းသော အံ့ဖွယ်အမှုသည် ထိုသူတို့ကိုတည်ဆောက်မှုမပေး၊ သူတို့၏စိတ်နှလုံးတွင် ယုံကြည်ခြင်းကို မမွေးမြူပေးနိုင်ကြောင်းထင်ရှားပါသည်။
ရည်မှန်းချက်ကြီးခြင်း၊ မာနကြီးခြင်းနှင့် လောဘကြီးခြင်းတို့သည် လူများစွာတို့၏နှလုံးတံခါးကို ပိတ်ထားစေပါသည်။ ယင်းက အစပိုင်းတွင်ဖော်ပြခဲ့သော ကောရ၊ ဒါသန်၊ အဘိရံတို့၏အဖြစ်အပျက်မျိုး ဖြစ်ပုံရှိသည်။ မနာလိုခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အခြားသောထိခိုက်နစ်နာစေသည့် သဘောထားများသည် အခြားသူများကို အနှောင့်အယှက်ပေးခဲ့ပြီ။ ယခင်က ဘုရားသခင်၏မျက်နှာတော်ကို ဖူးမြော်ခွင့်ရခဲ့ကြသော နာခံမှုမရှိခဲ့သည့် ကောင်းကင်တမန်များ၊ နတ်ဆိုးများကိုလည်း ကျွန်ုပ်တို့အမှတ်ရကြပါသည်။ (မဿဲ ၁၈:၁၀) ဘုရားသခင်ရှိကြောင်း သူတို့လုံးဝသံသယမရှိကြပါ။အမှန်မှာ “နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။” (ယာကုပ် ၂:၁၉) သို့တိုင် သူတို့တွင် ဘုရားသခင်အပေါ် ယုံကြည်အားထားမှုမရှိကြပါ။
စစ်မှန်သောယုံကြည်ခြင်း၏ အဓိပ္ပာယ်
ယုံကြည်ခြင်းဟူသည် ယုံကြည်ရုံမျှသာမဟုတ်ပါ။ ယင်းသည် အံ့ဖွယ်အမှုတစ်ခုခုကို ခဏတာမျှ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်ခြင်းထက်လည်း သာလွန်ပါသည်။ ဟေဗြဲ ၁၁:၁ [ကဘ] က ဤသို့ဆိုသည်– “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။” ယုံကြည်ခြင်းရှိသူတစ်ဦးသည် ယေဟောဝါဘုရားသခင်၏ကတိတော်ရှိသမျှ ပြည့်စုံနေဘိသကဲ့သို့ သူ၏စိတ်နှလုံးထဲ၌ ယုံကြည်စိတ်ချပါသည်။ ထိုထက်ကား မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ မငြင်းနိုင်သောသက်သေပြချက်တို့သည် အလွန်သြဇာရှိရကား ယုံကြည်ခြင်းကိုယ်နှိုက်သည် ထိုသာဓကတို့နှင့်ထပ်တူပင်ဖြစ်သည်ဟု ဆိုကြသည်။ မှန်ပါသည်၊ ယုံကြည်ခြင်းသည် သာဓကပေါ်တွင်မူတည်ပါသည်။ ရှေးလွန်ခဲ့သောအချိန်များ၌ အံ့ဖွယ်အမှုများက ယုံကြည်ခြင်းကိုတိုးပွားစေခဲ့ပြီး ယင်းကိုတည်ဆောက်ပေးခဲ့သည်။ ယေရှုပြုတော်မူခဲ့သော နိမိတ်လက္ခဏာများက မိမိသည် ကတိထားရာမေရှိယဖြစ်ကြောင်း အခြားသူများကို ယုံကြည်စိတ်ချစေပါသည်။ (မဿဲ ၈:၁၆၊ ၁၇; ဟေဗြဲ ၂:၂-၄) အလားတူစွာ ယေဟောဝါ၏မျက်နှာသာတော်သည် ယခု၌ ဂျူးများအပေါ်တွင်မဟုတ်ဘဲ မိမိ၏သားတော်ယေရှုခရစ်အားဖြင့် တည်ထောင်ထားသည့် ခရစ်ယာန်အသင်းတော်အပေါ်တည်ရှိနေကြောင်း ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအား ဆုကျေးဇူးကြောင့်ဖြစ်သည့် အံ့ဖွယ်ကုသခြင်းနှင့် ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်းတို့က သက်သေထူသည်။—၁ ကောရိန္သု ၁၂:၇-၁၁။
အံ့ဖွယ်ဝိညာဉ်ဆုကျေးဇူးများထဲတွင် ပရောဖက်ပြုနိုင်စွမ်းလည်းပါဝင်သည်။ မယုံကြည်သောသူများသည် ဤအံ့ဖွယ်အမှုကိုမြင်တွေ့ရသောအခါ အချို့တို့က ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လာကြကာ “ဘုရားသခင်သည် သင်တို့တွင်အမှန်ရှိတော်မူသည်ဟု” ကြွေးကြော်ကြသည်။ (၁ ကောရိန္သု ၁၄:၂၂-၂၅) သို့သော် ယေဟောဝါဘုရားသခင်သည် ထိုအံ့ဖွယ်အမှုများကို ခရစ်ယာန်တို့၏ဝတ်ပြုမှု၌ အစဉ်တည်မြဲစေဖို့ မရည်ရွယ်ခဲ့ပါ။ တမန်တော်ပေါလုက “ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သော အခွင့်သော်လည်းကောင်း၊ . . . ကွယ်ပျောက်လိမ့်မည်” ဟုရေးသားထားခဲ့သည်။ (၁ ကောရိန္သု ၁၃:၈) ဤဆုကျေးဇူးများသည် တမန်တော်များနှင့် သူတို့မှတစ်ဆင့် ယင်းကိုခံစားခဲ့ကြရသောသူများ သေဆုံးသည့်နောက်ပိုင်းတွင် ထင်ရှားစွာရပ်စဲသွားသည်။
ထိုသို့ဆိုလျှင် လူတို့သည် ယုံကြည်ခြင်းတွင် အခြေအမြစ်မရှိဘဲ ပစ်ထားခံရကြမည်လော။ မခံရပါ၊ တမန်တော်ပေါလုက “သင်တို့အားကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးကိုရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ ကိုယ်တော် [ဘုရားသခင်] ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ” ဟုကြွေးကြော်ခဲ့သည်။ (တမန်တော် ၁၄:၁၇) အမှန်ပင် နှလုံးရိုးဖြောင့်သူများသည် သူတို့၏စိတ်နှလုံးကိုဖွင့်ပြီး “ဖန်ဆင်းတော်မူရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့သည် [ဘုရားသခင်ကိုငြင်းပယ်သူများ] ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ” ဟုဆိုသည်အတိုင်း ဝန်းရံနေသော သက်သေသာဓကများကို မြင်ကြရသည်။—ရောမ ၁:၂၀။
ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရုံနှင့်မလုံလောက်ပါ။ ပေါလုက “သင်တို့သည် လောကီပုံဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိနိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ရောမ ၁၂:၂) ဤမဂ္ဂဇင်းကဲ့သို့သော ခရစ်ယာန်စာပေများ၏ အကူအညီအားဖြင့် ကျမ်းစာကို ဇွဲရှိရှိလေ့လာပါက ယင်းကိုပြုလုပ်နိုင်ပေသည်။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် သမ္မာကျမ်းစာ၏ တိကျသောအသိပညာအပေါ် အခြေခံထားသောယုံကြည်ခြင်းသည် ပေါ့ပြက်ပြက် သို့မဟုတ် အပေါ်ယံမျှသာမဟုတ်ပါ။ ဘုရားသခင်၏အလိုတော်ကို ပိုင်းခြားသိမြင်ကာ ယုံကြည်ခြင်းဖြင့် ယင်းကိုလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏မြင့်မြတ်သောလုပ်ငန်းတော်ကို ပေးအပ်ခြင်းခံရကြသည်။—ရောမ ၁၂:၁။
မမြင်ရသော်လည်း ယုံကြည်ဖွယ်
တမန်တော်သောမသည် ယေရှုသေရာမှ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ဖို့ခက်ခဲ့သည်။ “လက်တော်၌ သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ” ဟု သောမကကြွေးကြော်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုက ထိုးဖောက်၍အသတ်ခံခဲ့ရသော ဒဏ်ရာရှိသည့်ကိုယ်ခန္ဓာကို ယူဆောင်သောအခါတွင် သောမသည် ဤအံ့ဖွယ်အမှုကို တလိုတလားတုံ့ပြန်ခဲ့သည်။ သို့သော်လည်း ယေရှုက “ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၂၀:၂၅-၂၉။
ယနေ့ သန်းပေါင်းများစွာသော ယေဟောဝါသက်သေများသည် “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ . . . ကျင့်ဆောင်ပြုမူကြသည်။” (၂ ကောရိန္သု ၅:၇) သူတို့သည် သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသော အံ့ဖွယ်အမှုများကို မမြင်တွေ့ခဲ့ရသော်လည်း ယင်းတို့ဖြစ်ပျက်ခဲ့ကြောင်း ခိုင်မာစွာယုံကြည်ကြသည်။ သက်သေခံတို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို ယုံကြည်ကြောင်း လက်တွေ့ပြသကြသည်။ သူတို့သည် သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့် ယေဟောဝါဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်အားဖြင့် ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေရေးဖြစ်သော ယင်း၏အဓိကအချက်ကို ကိုယ်တော့်ဝိညာဉ်တော်အကူအညီဖြင့် နားလည်နိုင်ကြသည်။ (မဿဲ ၆:၉၊ ၁၀; ၂ တိမောသေ ၃:၁၆၊ ၁၇) ဤစစ်မှန်သောခရစ်ယာန်များသည် သမ္မာကျမ်းစာ၏ပညာရှိသြဝါဒကို ကျင့်သုံးခြင်းအားဖြင့် အကျိုးများစွာရရှိကြရသည်။ (ဆာလံ ၁၁၉:၁၀၅; ဟေရှာယ ၄၈:၁၇၊ ၁၈) သူတို့သည် ကျွန်ုပ်တို့၏ခေတ်ကာလကို ‘နောက်ဆုံးကာလ’ ဖြစ်ကြောင်း မငြင်းဆိုနိုင်သော ကျမ်းစာပရောဖက်ပြုချက်များ၏ သာဓကများကိုလက်ခံပြီး ဘုရားသခင်ကတိထားတော်မူသော ကမ္ဘာသစ်သည် အလွန်နီးနေပြီဖြစ်ကြောင်း ယုံကြည်ကြသည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၃-၁၄; ၂ ပေတရု ၃:၁၃) ဘုရားသခင့်အသိပညာကို အခြားသူများအား ဝေမျှခြင်းသည် သူတို့အတွက် ပျော်ရွှင်စရာတစ်ခုဖြစ်သည်။ (သု. ၂:၁-၅) ဘုရားသခင်ကိုရှာဖွေသူများသည် ကျမ်းစာကိုလေ့လာခြင်းအားဖြင့်သာလျှင် ကိုယ်တော်ကိုအမှန်ပင် ရှာတွေ့နိုင်မည်ဖြစ်ကြောင်း သူတို့သိထားကြပါသည်။—တမန်တော် ၁၇:၂၆၊ ၂၇။
ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော အဲလ်ဘတ်ကို သင်အမှတ်ရပါသလော။ အံ့ဖွယ်အမှုပြရန်အတွက် သူ၏ဆုတောင်းချက်သည် မပြည့်ဝခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် ယေဟောဝါသက်သေ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် သူ့ထံသို့ရောက်လာကာ ကျမ်းစာကိုအခြေခံသည့် စာပေများကိုထားရစ်ခဲ့သည်။ ထို့နောက်တွင် အဲလ်ဘတ်သည် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ သမ္မာကျမ်းစာပါသတင်းတရားကို သူသိရှိနားလည်လာသည်နှင့်အမျှ သူ၏စိတ်ပျက်အားလျော့မှုသည် စိတ်တက်ကြွ လှုပ်ရှားမှုအဖြစ်သို့ပြောင်းသွားသည်။ နောက်ဆုံးတွင် ဘုရားသခင်အား သူတွေ့ပြီဟူ၍ အသိအမှတ်ပြုလာသည်။
ကျမ်းစာက “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့” ဟုတိုက်တွန်းထားသည်။ (ဟေရှာယ ၅၅:၆) ဘုရားသခင်ထံမှ ခေတ်သစ်အံ့ဖွယ်အမှုတစ်ခုကို စောင့်မျှော်ခြင်းအားဖြင့်မဟုတ်ဘဲ ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ တိကျသောအသိပညာကို ရယူခြင်းအားဖြင့် အသင်လည်း ယင်းကိုပြုလုပ်နိုင်ပါသည်။ ၎င်းသည် အမှန်ပင်လိုအပ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်အမှုများဖြင့်သာ ယုံကြည်ခြင်းကို မတည်ဆောက်ပေးနိုင်သောကြောင့်ဖြစ်သည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လာဇရု၏ အံ့ဖွယ်ရှင်ပြန်ထမြောက်ခြင်းပင်လျှင် ယေရှု၏ရန်သူများကို ယုံကြည်ခြင်းရှိစေရန် မလှုံ့ဆော်ပေးနိုင်ခဲ့ချေ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယုံကြည်ခြင်းသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သော အသိပညာအပေါ် အခြေခံသည်