ဧဟုဒ—ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိရှိသူ
ဂတိထားရာပြည်၌ ဣသရေလလူမျိုးတို့ အခြေချသည့်အချိန်မှစ၍ နှစ်များစွာကြာခဲ့ပြီ။ မောရှေနှင့် သူ၏နေရာ၌ဆက်ခံသူယောရှုတို့ ကွယ်လွန်ခဲ့သည်မှာကြာလှပေပြီ။ ထိုကဲ့သို့သော သစ္စာရှိသူများမရှိတော့သည့်အခါ စင်ကြယ်သောဝတ်ပြုကိုးကွယ်ရေးကို တန်ဖိုးထားလေးစားမှုကျဆင်းသွားသည်။ ဣသရေလလူမျိုးတို့သည် ဗာလဘုရားများနှင့် ဝတ်ပြုရေးတိုင်များကိုပင် စတင်ဝတ်ပြုလာကြသည်။a အကျိုးဆက်အနေနှင့် ယေဟောဝါရှင်သည် မိမိ၏လူမျိုးတော်ကို ရှုရိဘုရင်လက်သို့ ရှစ်နှစ်ပတ်လုံးအပ်လိုက်တော်မူ၏။ ထိုအခါ ဣသရေလလူမျိုးတို့သည် အကူအညီအတွက် ဘုရားသခင်ထံသို့အော်ဟစ်ကြ၏။ ကရုဏာသက်စွာနှင့် ကိုယ်တော်နားထောင်တော်မူခဲ့သည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကိုကယ်တင်ရန် ဩသံယေလအမည်ရှိသည့် တရားသူကြီးတစ်ပါးကို ပေါ်ထွန်းစေတော်မူသည်။—တရားသူကြီး ၃:၇-၁၁။
ဤဖြစ်ရပ်များက ဣသရေလလူမျိုးများအား—ယေဟောဝါကိုနာခံခြင်းသည် ကောင်းချီးမင်္ဂလာကိုဖြစ်ပေါ်စေပြီး တစ်ဖက်တွင်မူ မနာခံခြင်းက ကျိန်ခြင်းကိုဖြစ်ပေါ်စေသည်ဟူသည့် အခြေခံအမှန်တရားကို သွန်သင်ပေးခဲ့ပေမည်။ (တရားဟောရာ ၁၁:၂၆-၂၈) သို့သော်လည်း ဣသရေလလူများတို့သည် ဤသင်ခန်းစာကိုသင်ယူရန် ပျက်ကွက်ခဲ့ကြသည်။ အနှစ် ၄၀ တိုင်တိုင် ငြိမ်းချမ်းရေးရရှိပြီးနောက် သူတို့သည်စင်ကြယ်သောဝတ်ပြုရေးကို တစ်ဖန်စွန့်ပယ်ကြပြန်သည်။—တရားသူကြီး ၃:၁၂။
မောဘနိုင်ငံ၏သိမ်းပိုက်ခြင်းကိုခံရ
ဤအကြိမ်၌ ယေဟောဝါရှင်သည် မိမိ၏လူမျိုးတော်ကို မောဘရှင်ဘုရင်ဧဂလုန်လက်၌ အပ်လိုက်တော်မူသည်။ သမ္မာကျမ်းစာက သူ့အား “အလွန်ဝသောသူ” အဖြစ်ဖော်ပြထားသည်။ ဧဂလုန်သည် အမ္မုန်အမျိုးသားနှင့် အာမလက်အမျိုးသားတို့၏အကူအညီဖြင့် ဣသရေလလူမျိုးကို တိုက်ခိုက်၍ “စွန်ပလွံမြို့” ဟုခေါ်ဆိုသည့် ယေရိခေါမြို့တွင် နန်းစိုက်ခဲ့လေသည်။ ဣသရေလလူမျိုးတို့ တိုက်ခိုက်အောင်မြင်ခဲ့သည့် ပထမဆုံးခါနာန်မြို့သည် ယခုအချိန်တွင် မှားယွင်းသောခေမုရှဘုရားကို ဝတ်ပြုကိုးကွယ်သူများ၏ ဌာနချုပ်ဖြစ်နေခြင်းမှာ အလွန်မအပ်စပ်လှသည်တကား!b—တရားသူကြီး ၃:၁၂၊ ၁၃၊ ၁၇။
ဧဂလုန်သည် ဣသရေလလူမျိုးကို ၁၈ နှစ်မျှ ဖိနှိပ်အုပ်စိုးပြီး သူတို့ထံမှဝန်လေးဖွယ် အခွန်အတုတ်များကို တောင်းဆိုခဲ့ကြောင်း ထင်ရှားသည်။ ဣသရေလလူမျိုးတို့၏ ဥစ္စာဓနကုန်ခန်းနေချိန်တွင် မောဘလူမျိုးတို့သည် အချိန်မှန်ဆက်ကြေးများကိုတောင်းဆိုခြင်းဖြင့် မိမိတို့၏စီးပွားရေးအခြေအနေကို တိုးတက်စေခဲ့ကြသည်။ ဘုရားသခင့်လူမျိုးတော်သည် သက်သာမှုရဖို့အော်ဟစ်ကြသည့်အခါ ယေဟောဝါသည် တစ်ဖန်နားညောင်းတော်မူခဲ့ကြောင်း နားလည်နိုင်ပေသည်။ ဤတစ်ကြိမ်တွင် ဗင်ယာမိန်အမျိုးမှ ဧဟုဒအမည်ရှိသော နောက်ကယ်တင်ရှင်တစ်ဦးကို ကိုယ်တော်ပေါ်ထွန်းစေခဲ့သည်။ ဣသရေလလူမျိုးအပေါ် ဧဂလုန်၏နိုင်ထက်စီးနင်းပြုခြင်းကို အဆုံးတိုင်စေရန် နောက်တစ်ကြိမ်ဆက်ကြေးပေးဆက်ရမည့်နေ့၌ အရေးယူဆောင်ရွက်ရန် ဧဟုဒအစီအစဉ်ပြုလုပ်ခဲ့သည်။—တရားသူကြီး ၃:၁၄၊ ၁၅။
သတ္တိရှိရှိ အကွက်ကျကျလှုပ်ရှားဖို့ အသင့်ပြင်ရန် ဧဟုဒသည် အလျားတစ်တောင်ခန့်ရှိ အသွားနှစ်ဖက်ပါသော ဓားရှည်တစ်လက်ကို ပြုလုပ်ခဲ့သည်။ ယင်းသည် တောင်တိုအတိုင်းအတာဖြစ်ပါက လက်နက်သည် အရှည် ၁၅ လက်မရှိသည်။ အချို့က ၎င်းကို ဓားမြှောင်တစ်လက်ဖြစ်မည်ဟု ယူဆကြမည်။ ဓားသွားနှင့် လက်ကိုင်ကြားရှိ ကန့်လတ်ဖြတ်အစိတ်အပိုင်းမပါသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် ဧဟုဒသည်သူ၏ဓားငယ်ကို မိမိ၏ဝတ်လုံအောက်တွင် ဝှက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဧဟုဒသည် ဘယ်သန်တစ်ဦးဖြစ်သောကြောင့် လက်နက်ကိုပုံမှန်ထားနေကျနေရာမဟုတ်သည့် ညာဘက်တွင်မိမိ၏ဓားရှည်ကို ချည်ထားနိုင်ခြင်းဖြစ်သည်။—တရားသူကြီး ၃:၁၅၊ ၁၆။
ဧဟုဒ၏အစီအစဉ်သည် အန္တရာယ်များလှသည်။ ဥပမာအနေနှင့်၊ ဘုရင့်အစေအပါးများသည် ဧဟုဒထံမှလက်နက်ရှာကြပါက မည်သို့ပြုမည်နည်း။ သူတို့မရှာဖွေကြသည့်တိုင် မိမိတို့၏ဘုရင်ကို ဣသရေလလူမျိုးတစ်ဦးနှင့် တစ်ဦးတည်းထားခဲ့မည်မဟုတ်ပေ! သို့သော် သူတို့ထားမိ၍ ဧဂလုန်အသတ်ခံခဲ့ရလျှင်ပင် ဧဟုဒ မည်သို့လွတ်မြောက်နိုင်မည်နည်း။ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိရှိကြမည့် ဧဂလုန်၏အစေအပါးများမှ သူမည်မျှဝေးဝေးပြေးနိုင်မည်နည်း။
ဧဟုဒသည် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအကြောင်းကို ဆင်ခြင်လျက် ယင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တွေးတောစဉ်းစားခဲ့မည်မှာ သံသယဝင်စရာမရှိပေ။ သို့သော်ငြားလည်း သူသည်ရဲစွမ်းသတ္တိကိုပြသကာ ယေဟောဝါ၌ယုံကြည်ခြင်းတင်ပြခြင်းဖြင့် မိမိ၏အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဧဂလုန်နှင့် ဧဟုဒတွေ့ဆုံ
နောက်တစ်ကြိမ်ဆက်ကြေးပေးရမည့်နေ့ ရောက်ရှိပေပြီ။ ဧဟုဒနှင့် သူ့လူတို့သည် ဘုရင့်နန်းတော်သို့ဝင်ရောက်ကြသည်။ မကြာမီ ဧဂလုန်ဘုရင်ရှေ့ သူတို့ရပ်နေကြသည်။ သို့သော်လည်း ဧဟုဒတိုက်ခိုက်ရမည့်အချိန် မရောက်သေးပေ။ ဆက်ကြေးကိုဆက်သပြီးနောက် ဧဟုဒသည် ဆက်ကြေးထမ်းသောသူများကို ပြန်လွှတ်လိုက်သည်။—တရားသူကြီး ၃:၁၇၊ ၁၈။
ဧဟုဒသည် ဧဂလုန်အားလုပ်ကြံမှုတွင် အဘယ်ကြောင့်ကြန့်ကြာရသနည်း။ ကြောက်ရွံ့သည့်အတွက် လက်လျှော့လိုက်ပြီလော။ လုံးဝမဟုတ်ပါ! မိမိ၏အကြံအစည်ကို အကောင်အထည်ဖော်ရန် ဘုရင်နှင့်နှစ်ဦးချင်းတွေ့ဖို့လိုသည်။ ပထမအကြိမ်တွေ့ဆုံချိန်တွင် အဆိုပါအခွင့်ကို သူမရရှိခဲ့ပါ။ ထို့အပြင် ဧဟုဒသည် အလျင်အမြန်ထွက်ပြေးဖို့လိုပေမည်။ ဆက်ကြေးထမ်းသူ နောက်လိုက်တစ်ဖွဲ့လုံးနှင့်အတူပြေးခြင်းထက် တစ်ဦးတည်းပြေးခြင်းက လွတ်မြောက်ရန် သာ၍လွယ်ကူပေမည်။ ထို့ကြောင့် ဧဟုဒသည် ယင်းအခွင့်ကောင်းကို စောင့်နေသည်။ ဧဂလုန်ထံသို့ ခဏတစ်ဖြုတ်လည်ပတ်စဉ် နန်းတော်တည်ဆောက်ထားပုံကို အကျွမ်းတဝင်ရှိစေ၍ ဘုရင့်လုံခြုံမှုအတိုင်းအတာကို သိမြင်စေသည်။
‘ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်များ’ သို့ရောက်သည့်နောက် မိမိလူတို့ကိုထားခဲ့၍ ဧဂလုန်၏နန်းတော်သို့ပြန်လာလေသည်။ တစ်မိုင်နီးပါးလမ်းလျှောက်ခဲ့ခြင်းက မိမိ၏တာဝန်အကြောင်း စဉ်းစားရန်နှင့် ယေဟောဝါ၏ကောင်းချီးအတွက် ဆုတောင်းရန် အချိန်အနည်းငယ်ရစေသည်။—တရားသူကြီး ၃:၁၉။
ဧဟုဒပြန်လာခြင်း
ဧဟုဒကို နန်းတော်မှလက်ခံကြိုဆိုခဲ့ကြောင်း ထင်ရှားသည်။ စောစောပိုင်းတွင် သူဆက်သခဲ့သည့်ဆက်ကြေးများက ဧဂလုန်၏စိတ်ကို ရွှင်ပျစေခြင်းဖြစ်နိုင်သည်။ ပထမဆုံးလည်ပတ်ခြင်းက ခဏတစ်ဖြုတ်ဖြစ်သော်လည်း ဘုရင်နှင့်ရင်းနှီးဖို့ အခွင့်အရေးအပြည့်ရပေမည်။ မည်သို့ပင်ဖြစ်စေကာမူ ဧဟုဒသည် ဧဂလုန်ရှေ့မှောက်ပြန်ရောက်နေသည်။
“ကျွန်တော်သည် တိတ်ဆိတ်စွာလျှောက်စရာအကြောင်းရှိပါသည်” ဟုဧဟုဒ လျှောက်ဆိုသည်။ ဤအထိရောက်လာသည်ဆိုခြင်းက သူ့ကိုယေဟောဝါရှင် လမ်းညွှန်နေကြောင်းထင်ရှားသည်။ သို့တိုင် ပြဿနာတစ်ခုရှိနေသည်။ ဧဟုဒယူဆောင်လာသည့် “တိတ်ဆိတ်စွာလျှောက်စရာအကြောင်း” ကို ဘုရင်၏အစေအပါးများရှေ့တွင် လျှောက်ဆိုရန်မဖြစ်နိုင်ပေ။ အကယ်၍ ယေဟောဝါရှင်က ကြားဝင်မည်ဆိုလျှင် ဧဟုဒသည် ယင်းအကူအညီကိုချက်ချင်းလိုအပ်ပေသည်။ ဘုရင်က “တိတ်ဆိတ်စွာနေကြ” ဟူ၍အမိန့်ပေးသည်။ ဧဂလုန်သည် ဤ “တိတ်ဆိတ်စွာလျှောက်စရာအကြောင်း” ကိုမိမိ၏အစေအပါးများ အမှတ်မထင်ကြားသွားမည်ကို အလိုမရှိသောကြောင့် သူတို့ကိုထွက်သွားစေသည်။ ဧဟုဒလွတ်မြောက်ခြင်းအကြောင်း စဉ်းစားကြည့်ပါလေ!—တရားသူကြီး ၃:၁၉။
ဧဟုဒက “ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏အမိန့်တော်ပါပါ၏” ဟုလျှောက်သည့်အခါ ဧဂလုန်မှာ သူ၏ထပ်ခိုးပေါ်တွင်ထိုင်နေသည်။ ဧဟုဒက “ဘုရားသခင်” ဟုဆိုလိုက်ခြင်းသည် ခေမုရှကိုဆိုလိုနေခြင်းလော။ ဧဂလုန်မူ ယင်းသို့ယူမှတ်ခဲ့ပေမည်။ လှည့်စားခံရလျက် ဘုရင်သည် မိမိ၏ပလ္လင်ပေါ်မှဆင်း၍ မျှော်လင့်စောင့်စားမှုနှင့် မတ်တတ်ထလိုက်သည်။ တိုက်ခိုက်မည်ဟူ၍ ဘုရင်သံသယမဝင်စေဖို့ ဧဟုဒသည် သတိနှင့်ချဉ်းကပ်ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့နောက် လျင်မြန်သောလှုပ်ရှားမှုနှင့် “ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကိုလက်ယာပေါင်မှထုတ်၍ ရှင်ဘုရင်၏ဝမ်းကိုထိုးသဖြင့်၊ လက်ကိုင်အရိုးနှင့်တကွသန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲကမနုတ်နိုင်အောင် ဆီဥသည်သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်းထွက်လျက်ရှိလေ၏။”—တရားသူကြီး ၃:၂၀-၂၂။
အနီးအနားတွင် ရစ်သီရစ်သီလုပ်နေကြသည့် ဘုရင့်အစေအပါးများသည် လှုပ်ရှားမှုမပြုကြပေ။ သို့ရာတွင် ဧဟုဒသည်အန္တရာယ်ရှိနေဆဲပင်ဖြစ်သည်။ ဧဂလုန်၏ကျေးကျွန်များသည် အချိန်မရွေး လျင်မြန်စွာဝင်ရောက်လာနိုင်ပြီး လဲကျနေသောမိမိတို့ဘုရင်ကို တွေ့သွားနိုင်လေသည်။ ဧဟုဒ အလျင်အမြန်ထွက်ပြေးရန် လိုနေပေပြီ! တံခါးဝများကို သော့ခတ်၍ ထပ်ခိုးလေဝင်ပေါက်မှတစ်ဆင့် သူထွက်ပြေးလေသည်။—တရားသူကြီး ၃:၂၃၊ ၂၄က။
သိရှိသွားခြင်းနှင့် အရေးနိမ့်သွားခြင်း
မကြာမီ ဧဂလုန်၏ကျေးကျွန်များသည် သိလိုစိတ်ပြင်းပြလာကြသည်။ သို့သော်လည်း မိမိတို့ဘုရင်၏သီးသန့်အစည်းအဝေးကို နှောင့်ယှက်ခြင်းဖြင့် ဘုရင့်အမျက်ဒေါသကိုမနှိုးဆွဝံ့ပေ။ ထိုအချိန်တွင် ထပ်ခိုးတံခါးများသော့ခတ်ထားသည်ကို သူတို့သတိပြုမိကြသည်။ ‘အတွင်းခန်းထဲတွင်အခင်းသွားနေခြင်းဖြစ်မည်’ ဟုသူတို့ဆင်ခြင်တွေးတောကြသည်။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သိလိုစိတ်ပြင်းပြခြင်းသက်သက်မှ စိုးရိမ်ပူပန်ခြင်းသို့ကူးပြောင်းလာသည်။ ဧဂလုန်၏အစေအပါးများသည် လုံးဝမစောင့်ဆိုင်းနိုင်တော့ချေ။ “သူတို့သည် သော့ကိုယူ၍ဖွင့်ကြည့်သောအခါ မြေပေါ်မှာလဲလျက်သေလျက်ရှိသော မိမိတို့အရှင်ကိုတွေ့ မြင်ကြ၏။”—တရားသူကြီး ၃:၂၄ခ၊ ကဘ၊ ၂၅။
ထိုအတောအတွင်း ဧဟုဒမှာလွတ်မြောက်သွားလေသည်။ ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်များကိုကျော်လွန်၍ နောက်ဆုံး၌ ဧဖရိမ်တောင်တန်းဒေသတွင်ရှိသည့် စိရပ်ရွာသို့ရောက်လေသည်။ ဧဟုဒသည် ဣသရေလအမျိုးသားတို့ကို တစ်ပြိုင်တည်းခေါ်ယူ၍ မောဘလူမျိုးတို့ကို စည်းလုံးညီညာစွာတိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သည်။ “ခွန်အားကြီးသော မောဘစစ်သူရဲတစ်ယောက်မျှမလွတ်ဘဲ လူတစ်သောင်းကိုသတ်” ကြကြောင်း မှတ်တမ်းကဆိုသည်။ မောဘအမျိုးရှုံးနိမ့်သဖြင့် ဣသရေလနိုင်ငံသည် အနှောင့်အယှက်ကင်းစွာနှင့် အနှစ် ၈၀ တိုင်အောင်ငြိမ်းချမ်းလေသည်။—တရားသူကြီး ၃:၂၆-၃၀။
ဧဟုဒ၏ပုံသက်သေမှ သင်ခန်းစာယူခြင်း
ဘုရားသခင်အားယုံကြည်ခြင်းက ဧဟုဒကိုလှုံ့ဆော်ပေးခဲ့သည်။ ဟေဗြဲအခန်းကြီး ၁၁ ၌ “အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ . . . စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တစ်ပါးအမျိုးသားတို့၏တပ်များကိုဖျက်ခြင်း” အမှုကိုပြုသောသူတစ်ဦးအဖြစ် သူ့အားအတိအကျ မဖော်ပြထားချေ။ (ဟေဗြဲ ၁၁:၃၃၊ ၃၄) သို့သော်ငြားလည်း ဧဟုဒသည် ယုံကြည်ခြင်းအတိုင်းပြုမူ၍ ဣသရေလလူမျိုးကို ဧဂလုန်ဘုရင်၏ နိုင်ထက်စီးနင်းအုပ်ချုပ်မှုအာဏာအောက်မှ လွတ်မြောက်စေခဲ့သောကြောင့် ယေဟောဝါရှင်သည် သူ့အားထောက်မခဲ့သည်။
ရဲစွမ်းသတ္တိရှိခြင်းသည် ဧဟုဒ၏အရည်အချင်းတစ်ခုဖြစ်သည်။ သူသည် ဓားကိုထိရောက်စွာအသုံးချဖို့ သတ္တိရှိရန်လိုသည်။ ယနေ့ခေတ်ရှိ ဘုရားသခင့်ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ယင်းသို့သောဓားများကို မယူဆောင်ကြပါ။ (ဟေရှာယ ၂:၄; မဿဲ ၂၆:၅၂) သို့သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်တည်းဟူသော “ဝိညာဉ်တော်၏ဓား” ကိုအသုံးပြုကြသည်။ (ဧဖက် ၆:၁၇) ဧဟုဒသည် မိမိ၏လက်နက်ကို ကျွမ်းကျင်စွာအသုံးပြုခဲ့သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောသည်နှင့်အမျှ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကိုအသုံးပြုရာ၌ ကျွမ်းကျင်မှုရှိရန်လိုသည်။ (မဿဲ ၂၄:၁၄) သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများ၌ မှန်မှန်ရောက်ရှိနေခြင်း၊ ဓမ္မအမှု၌ဇွဲရှိစွာပါဝင်ခြင်းနှင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို စိတ်အားထက်သန်စွာမှီခိုအားထားခြင်းတို့က အမှန်ပင် ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိသော ဧဟုဒတင်ပြခဲ့သည့် အရည်အချင်းများကိုတုပရန် ကျွန်ုပ်တို့အားကူညီပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဝတ်ပြုရေးတိုင်များမှာ ယောက်ျားတန်ဆာကိုကိုယ်စားပြုသည့် အထိမ်းအမှတ်ဖြစ်ဖွယ်ရှိသည်။ ယင်းတို့သည် အလွန့်အလွန်စာရိတ္တယိုယွင်းသည့် လိင်မှုဖောက်ပြန်သောပွဲလမ်းနှင့် ဆက်နွှယ်သည်။—၃ ဓမ္မရာဇဝင် ၁၄:၂၂-၂၄။
b ခေမုရှမှာ မောဘလူမျိုးတို့၏ အကြီးဆုံးနတ်ဘုရားဖြစ်သည်။ (တောလည်ရာ ၂၁:၂၉; ယေရမိ ၄၈:၄၆) တစ်ခါတစ်ရံ ဤစက်ဆုပ်ဖွယ်ကောင်းသော မှားယွင်းသည့်နတ်ဘုရားထံ ကလေးသူငယ်များကို ယဇ်ပူဇော်ကြသည်။—၄ ဓမ္မရာဇဝင် ၃:၂၆၊ ၂၇။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဧဟုဒနှင့်သူ့လူများ ဧဂလုန်ဘုရင်အားဆက်ကြေးပေးဆက်ခြင်း
[Credit Line]
Reproduced from Illustrirte Pracht - Bible/HeiligeSchrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s