ရိုမေးနီးယားနိုင်ငံ၌ကျမ်းစာသမ္မာတရားကို ကျွန်မတွေ့ရှိခဲ့
ဂိုလ်ဒီ ရိုမိုရှီယဲန် ပြောပြသည်
၁၉၇၀ ပြည့်နှစ်မှာ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ ဆွေမျိုးတွေဆီကို အနှစ် ၅၀ နီးပါးအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျွန်မသွားရောက်လည်ပတ်ခဲ့ပါတယ်။ လူတွေဟာ ကွန်မြူနစ်ဖိနှိပ်အုပ်စိုးမှုအောက်မှာ နေထိုင်ကြရပြီး ကျွန်မစကားပြောတိုင်း သတိထားပြောရပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မတို့ရွာကအုပ်ချုပ်ရေးရုံးထဲမှာ ကျွန်မရပ်နေတဲ့အခါ ရုံးအရာရှိက ဒီနိုင်ငံကနေချက်ချင်းထွက်သွားဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့် အဲလိုတိုက်တွန်းရတယ်ဆိုတာကို မရှင်းပြခင် ရိုမေးနီးယားနိုင်ငံမှာ ကျွန်မကျမ်းစာသမ္မာတရား ဘယ်လိုရရှိခဲ့တယ်ဆိုတာကို ပြောပြပါရစေ။
ရိုမေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ဇာလောင်မြို့အနီးမှာရှိတဲ့ အော်တဲလက်ဆိုတဲ့ကျေးရွာမှာ ၁၉၀၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ကျွန်မမွေးဖွားလာပါတယ်။ သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့နေထိုင်ခဲ့တယ်။ သန့်စင်တဲ့ရေနဲ့ လေကိုရရှိတယ်။ ကိုယ့်စားနပ်ရိက္ခာအတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူကြပြီး ရုပ်ပစ္စည်းမှာလည်း အားလုံးပြည့်စုံခဲ့ပါတယ်။ ကျွန်မငယ်ငယ်တုန်းက တိုင်းပြည်အခြေအနေဟာ ငြိမ်းချမ်းလှပါတယ်။
လူတွေက ဘာသာတရားသိပ်ကိုင်းရှိုင်းကြပါတယ်။ တကယ်ဆိုရင် ကျွန်မတို့မိသားစုမှာ ဘာသာသုံးမျိုးကွဲနေပါတယ်။ ကျွန်မရဲ့အဖေဘက်ကအဘွားက ဩသဒေါက်စ် ကက်သလစ်၊ အမေဘက်ကအဘွားက အက်ဒ်ဗန့်တစ္စထ်ဖြစ်ပြီး ကျွန်မရဲ့မိဘတွေကတော့ နှစ်ခြင်းအသင်းကဖြစ်ပါတယ်။ မိသားစုရဲ့ဘာသာတစ်ခုကိုမှ ကျွန်မ မလိုက်တဲ့အတွက် ကျွန်မကို ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်လာမယ်လို့ သူတို့ပြောကြတယ်လေ။ ‘ဘုရားသခင်တစ်ဆူပဲရှိတယ်ဆိုရင်—မိသားစုတစ်ခုမှာ ဘာသာသုံးမျိုးမဟုတ်ဘဲ တစ်မျိုးထဲသာရှိသင့်တယ်’ လို့ကျွန်မယူဆခဲ့ပါတယ်။
ဘာသာတရားမှာ မြင်တွေ့ရတဲ့အရာတွေက ကျွန်မကိုစိတ်ရှုပ်ထွေးစေပါတယ်။ ဥပမာအနေနဲ့ ဓမ္မဆရာကအိမ်တွေမှာ အသင်းဝင်ကြေးလိုက်ကောက်တယ်။ လူတွေကပေးစရာငွေမရှိတဲ့အခါ ဓမ္မဆရာက ငွေအစား သူတို့ရဲ့အကောင်းဆုံးသိုးမွေးစောင်တွေကို ယူလိုက်တယ်။ ချာ့ချ်မှာဆိုရင် ကျွန်မရဲ့အဖွားက မာရိရုပ်ပုံရှေ့ဒူးထောက်ပြီးဆုတောင်းတာကို ကျွန်မစောင့်ကြည့်မိတယ်။ ‘ဘာကြောင့် ရုပ်ပုံတစ်ခုဆီဆုတောင်းရတာလဲ’ လို့ကျွန်မစဉ်းစားမိတယ်။
ခဲယဉ်းသောကာလများ
အကြွေးဆပ်နိုင်ဖို့အတွက် ငွေရှာဖို့ ၁၉၁၂ ခုနှစ်မှာ အဖေဟာ အမေရိကန်ပြည်ထောင်စုကို ထွက်သွားပါတယ်။ သိပ်မကြာခင်မှာ စစ်ဖြစ်လာပြီး ကျွန်မတို့ရွာက ယောက်ျားတွေအားလုံး စစ်တိုက်ဖို့ထွက်သွားကြတဲ့အခါ အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်ကြီးတဲ့သူတွေပဲ ကျန်ရစ်ခဲ့ကြတယ်။ ကျွန်မတို့ရွာဟာ ဟန်ဂေရီနိုင်ငံရဲ့အုပ်ချုပ်မှုအောက် ခဏရောက်သွားပေမဲ့ ရိုမေးနီးယားစစ်သားတွေကရွာကိုပြန်လည်သိမ်းပိုက်ကြပါတယ်။ ကျွန်မတို့ကို ရွာကနေချက်ချင်းထွက်သွားကြဖို့ အမိန့်ပေးတယ်။ ဒါပေမဲ့လို့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ကလေးတွေကိုအလောသုံးဆယ် နွားလှည်းပေါ်တင်နေကြတာနဲ့ပဲ ကျွန်မကျန်ခဲ့ပါလေရော။ ကလေးငါးယောက်ထဲမှာ ကျွန်မကအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့။
ကျွန်မတို့အိမ်နားက ကျန်ရစ်ခဲ့တဲ့အဖိုးကြီးတစ်ယောက်ဆီ ကျွန်မပြေးသွားတဲ့အခါ သူက “အိမ်ကိုပြန်သွား။ တံခါးတွေကိုသော့ခတ်ထားလိုက်၊ ဘယ်သူ့ကိုမှအိမ်ထဲမဝင်စေနဲ့” လို့ကျွန်မကိုပြောပါတယ်။ ကျွန်မချက်ချင်းနားထောင်ခဲ့တယ်။ အိမ်သားတွေ ကဗျာကယာထွက်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ ကြက်သားစွပ်ပြုတ်နည်းနည်းနဲ့ ဂေါ်ဘီဖက်ထုတ်တွေကိုစားပြီးတဲ့နောက် ခုတင်ပေါ်မှာ ဒူးထောက်ပြီးဆုတောင်းမိတယ်။ မကြာခင် ကျွန်မအိပ်ပျော်သွားတယ်။
ကျွန်မမျက်စိဖွင့်လိုက်တဲ့အခါ မိုးလင်းနေပြီလေ။ “အိုး၊ ကျေးဇူးတင်လိုက်တာ ဘုရားသခင်! ကျွန်မအသက်ရှင်နေတုန်းပဲ!” ဆိုပြီးပြောမိတယ်။ တစ်ညလုံး ပစ်ခတ်ထားကြတဲ့အတွက် နံရံတွေလည်းကျည်ဆံပေါက်တွေနဲ့ ပြည့်နေပါတယ်။ နောက်တစ်ရွာမှာ ကျွန်မသူတို့နဲ့ပါမလာတာကို အမေသိသွားတဲ့အခါ ဇူးရ်ဇ် ရိုမိုရှီယဲန် ဆိုတဲ့လူငယ်တစ်ယောက်ကို လွှတ်လိုက်ပါတယ်။ သူက ကျွန်မကိုရှာတွေ့ပြီး မိသားစုရှိတဲ့နေရာကိုပြန်ခေါ်သွားတယ်လေ။ သိပ်မကြာခင်မှာဘဲ ကျွန်မတို့ရွာကိုပြန်သွားနိုင်ပြီး အဲဒီမှာပဲပြန်နေကြတယ်။
ကျမ်းစာသမ္မာတရားကိုရလိုတဲ့ ကျွန်မဆန္ဒ
အမေက ကျွန်မကိုနှစ်ခြင်းဘာသာဝင်အဖြစ် နှစ်ခြင်းခံစေချင်တယ်၊ ဒါပေမဲ့ မေတ္တာရှင်ဘုရားသခင်ဟာ လူတွေကိုငရဲထဲမှာ ထာဝစဉ်ကျွမ်းလောင်စေမယ်ဆိုတာကို ကျွန်မ မယုံနိုင်တဲ့အတွက် နှစ်ခြင်းမခံချင်ပါဘူး။ ကျွန်မကိုရှင်းပြဖို့ကြိုးစားတဲ့အနေနဲ့ “သူတို့ဆိုးမှသာ ဘုရားသခင်ကသူတို့ကိုငရဲပို့မှာပါ” လို့အမေကပြောတယ်။ ဒါပေမဲ့ ကျွန်မက “တကယ်လို့ သူတို့ကဆိုးတယ်ဆိုရင် ဖျက်ဆီးပစ်လိုက်လေ၊ မနှိပ်စက်ပါနဲ့လား။ ကျွန်မဆိုရင် ခွေး ဒါမှမဟုတ် ကြောင်တစ်ကောင်ကိုတောင်မှ မညှဉ်းဆဲဘူး” လို့ပြန်ပြောခဲ့တယ်။
ကျွန်မအသက် ၁၄ နှစ်ရှိတဲ့အချိန်၊ သာယာလှပတဲ့နွေဦးရာသီနေ့တစ်နေ့မှာ အမေကနွားတွေကိုစားကျက်ဆီ မောင်းသွားခိုင်းတာကို ကျွန်မမှတ်မိသေးတယ်။ သစ်တောကိုနောက်ခံထားတဲ့ မြစ်ကမ်းဘေးက မြက်ခင်းပေါ်မှာ ကျွန်မလှဲနေရင်း ကောင်းကင်ကိုကြည့်ပြီး– “ဘုရားသခင်၊ ကိုယ်တော်ကောင်းကင်မှာရှိတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဒီဘာသာတရားတွေ တစ်ခုမှကျွန်မမကြိုက်ဘူး။ ကိုယ်တော့်မှာ ကောင်းတဲ့ဘာသာတစ်ခုတော့ ရှိရမယ်” ဆိုပြီးပြောမိတယ်။
ဘုရားသခင်ဟာ ကျွန်မရဲ့ဆုတောင်းချက်ကို ကြားတယ်ဆိုတာကို ကျွန်မတကယ်ပဲယုံကြည်ခဲ့တယ်၊ ဘာကြောင့်လဲဆိုရင် ၁၉၁၇ ခုနှစ် အဲဒီနွေရာသီမှာပဲ ကျမ်းစာကျောင်းသား (အဲဒီအချိန်တုန်းက ယေဟောဝါသက်သေများကို ခေါ်ကြတဲ့အမည်) နှစ်ယောက် ကျွန်မတို့ရွာကိုရောက်လာကြတယ်။ သူတို့ဟာ ကော်လ်ပေါ်တာ ဒါမှမဟုတ် အချိန်ပြည့်ဓမ္မအမှုဆောင်တွေဖြစ်ပြီး နှစ်ခြင်းအသင်းချာ့ချ်မှာ ဝတ်ပြုဆုတောင်းပွဲကျင်းပနေတဲ့အချိန်မှာ သူတို့ရောက်လာကြတယ်။
ရိုမေးနီးယားနိုင်ငံ၌ ကျမ်းစာသမ္မာတရားပျံ့နှံ့ခြင်း
အဲဒီမတိုင်ခင် နှစ်အနည်းငယ်ဖြစ်တဲ့ ၁၉၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျမ်းစာကျောင်းသားတွေဖြစ်လာကြတဲ့ ကာရယ် စာဘိုနဲ့ ယိုစိဖ် ကစ္စတို့ဟာ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့လူတွေ ကျမ်းစာသမ္မာတရားကိုသိစေဖို့ အဲဒီနိုင်ငံကိုပြန်လာကြပါတယ်။ ကျွန်မတို့ရွာရဲ့အရှေ့တောင်ဘက် မိုင်တစ်ရာနီးပါးလောက်မှာရှိတဲ့ တေရ်ဂူ မူရက်ရှ်မြို့မှာ သူတို့အခြေချကြတယ်။ နှစ်အနည်းငယ်အတွင်းမှာ ရာနဲ့ချီတဲ့လူတွေဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်ကြပြီး ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်လာတယ်။—မဿဲ ၂၄:၁၄။
ကျွန်မတို့အော်တဲလက်ရွာက နှစ်ခြင်းအသင်းချာ့ချ်ကို ငယ်ရွယ်တဲ့ကျမ်းစာကျောင်းသားနှစ်ယောက်ရောက်လာတဲ့အချိန်မှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဇူးရ်ဇ် ရိုမိုရှီယဲန်ဟာ ဝတ်ပြုဆုတောင်းပွဲကိုဦးဆောင်နေပြီး ရောမ ၁၂:၁ ရဲ့အဓိပ္ပာယ်ကို ရှင်းပြဖို့ကြိုးစားနေပါတယ်။ နောက်ဆုံးမှာ ငယ်ရွယ်တဲ့ကော်လ်ပေါ်တာတစ်ယောက်က မတ်တတ်ရပ်ပြီး– “ညီအစ်ကိုတို့၊ မိတ်ဆွေတို့ ဒီကျမ်းချက်မှာ တမန်တော်ပေါလုက ဘာကိုဆိုလိုချင်တာလဲ” ဆိုပြီးပြောပါတယ်။
သူအဲလိုပြောတာကိုကြားတဲ့အခါ ကျွန်မအရမ်းစိတ်လှုပ်ရှားသွားပါတယ်! ‘ဒီလူတွေဟာ ကျမ်းစာအကြောင်းရှင်းပြတတ်တဲ့ လူတွေဖြစ်ရမယ်” လို့ကျွန်မစဉ်းစားမိတယ်။ ဒါပေမဲ့ အဲဒီမှာရှိနေတဲ့လူတော်တော်များများက “မိစ္ဆာပရောဖက်တွေ! ခင်ဗျားတို့ဘယ်သူတွေလဲဆိုတာ ကျုပ်တို့သိတယ်!” လို့အော်ကြတယ်။ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဇူးရ်ဇ်ရဲ့အဖေက မတ်တတ်ရပ်ပြီး– “အားလုံးတိတ်ကြစမ်း! ဒါဘယ်လိုသဘောလဲ—မူးနေကြတာလား။ ဒီလူတွေက ငါတို့ကိုတစ်ခုခုပြောစရာရှိတယ်၊ မင်းတို့နားမထောင်ချင်ဘူးဆိုရင် သူတို့ကိုငါ့အိမ်ကိုဖိတ်ခေါ်တယ်။ နားထောင်ချင်တဲ့လူတွေ လာနားထောင်နိုင်တယ်” ဆိုပြီးပြောလိုက်တယ်။
စိတ်လှုပ်ရှားစွာနဲ့အိမ်ကိုပြေးပြီး ဖြစ်ခဲ့သမျှအကြောင်းအားလုံးကို အမေ့ကိုပြန်ပြောပြလိုက်တယ်။ ရိုမိုရှီယဲန်တို့အိမ်က ဖိတ်ခေါ်မှုကိုလက်ခံတဲ့အထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်ပေါ့။ အဲဒီညနေပိုင်းမှာ သမ္မာကျမ်းစာထဲကနေ မီးငရဲမရှိတဲ့အကြောင်းနဲ့ ကျွန်မကိုယ်ပိုင်ရိုမေးနီးယားကျမ်းစာထဲက ဘုရားသခင်ရဲ့နာမတော်ဟာ ယေဟောဝါဖြစ်တယ်ဆိုတာကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း! တနင်္ဂနွေနေ့တိုင်း ရိုမိုရှီယဲန်အိမ်မှာ ကျွန်မတို့ကိုကျမ်းစာလာသင်ပေးဖို့ ကျမ်းစာကျောင်းသားတစ်ယောက်ကို ကော်လ်ပေါ်တာတွေက စီစဉ်ပေးတယ်။ အဲဒီနွေမှာပဲ ကျွန်မအသက် ၁၅ နှစ်အရွယ်မှာ ယေဟောဝါထံ ဆက်ကပ်အပ်နှံနှစ်ခြင်းခံခဲ့ပါတယ်။
အချိန်အတော်ကြာတော့ ပရိုဒဲန်မိသားစုတစ်ခုလုံးနီးပါးနဲ့ ရိုမိုရှီယဲန်မိသားစုတို့ဟာ သမ္မာကျမ်းစာအမှန်တရားကိုလက်ခံပြီး သူတို့ရဲ့ဘဝအသက်တာကို ယေဟောဝါထံမှာအပ်နှံကြပါတယ်။ ရွာကလူအတော်များများလည်း နှစ်ခြင်းခံကြပါတယ်။ အရင်တုန်းကသူတို့အိမ်ကို နှစ်ခြင်းအသင်းချာ့ချ်အဖြစ်အသုံးပြုခွင့်ပေးတဲ့ လူငယ်ဇနီးမောင်နှံအပါအဝင်ပေါ့။ နောက်ပိုင်းမှာ အဲဒီနေရာကို ကျမ်းစာကျောင်းသားတွေ လေ့လာမှုပြုလုပ်တဲ့အခါ တွေ့ဆုံတဲ့နေရာအဖြစ် ပြောင်းလဲပြုလုပ်ကြပါတယ်။ ကျမ်းစာသမ္မာတရားဟာ အနီးအနားမှာရှိတဲ့ရွာတွေကို အမြန်ပျံ့နှံ့သွားပြီး ၁၉၂၀ ပြည့်နှစ်ရောက်တဲ့အခါ ရိုမေးနီးယားနိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အရေအတွက် ၁,၈၀၀ လောက်ရှိနေပြီ!
အမေရိကန်ပြည်ထောင်စုသို့
ကျွန်မတို့သင်ယူထားတဲ့အရာတွေကို ကျွန်မတို့အဖေ ပေတယ် ပရိုဒဲန်ကိုပြောပြဖို့ အရမ်းစိတ်ထက်သန်နေကြပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက ကျွန်မတို့စာမရေးခင်မှာဘဲ သူဟာယေဟောဝါရဲ့ နှစ်ခြင်းခံပြီးကျေးကျွန်တစ်ယောက်ဖြစ်နေပြီဆိုပြီး ရေးထားတဲ့စာကိုကျွန်မတို့ရရှိခဲ့တယ်။ အိုဟိုင်အိုပြည်နယ်၊ အက်ကရဲန်မြို့မှာရှိတဲ့ ကျမ်းစာကျောင်းသားတွေနဲ့ အဖေသင်ယူခဲ့ပြီး ကျွန်မတို့အားလုံးကို သူနဲ့အတူအမေရိကန်ပြည်ထောင်စုမှာ လာနေစေချင်တယ်။ ဒါပေမဲ့ အမေက ရိုမေးနီးယားနိုင်ငံကနေ ဘယ်မှထွက်မသွားချင်ဘူး။ ဒါကြောင့် ၁၉၂၁ ခုနှစ်မှာ အဖေပို့လိုက်တဲ့ငွေနဲ့ အက်ကရဲန်မြို့ကို ကျွန်မလိုက်သွားပါတယ်။ ဇူးရ်ဇ် ရိုမိုရှီယဲန်နဲ့ သူ့အစ်ကိုတို့က အရင်နှစ်ကတည်းက အမေရိကန်ကို ပြောင်းရွှေ့သွားပြီးဖြစ်တယ်။
ကျွန်မစီးလာတဲ့သင်္ဘော နယူးယောက်မြို့မှာရှိတဲ့ အဲလက်စ္စကျွန်းကိုရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကျွန်မရဲ့နာမည်အော်ရေလီယာကို အင်္ဂလိပ်လိုမပြန်တတ်တဲ့အတွက် “မင်းနာမည်က ဂိုလ်ဒီဖြစ်တယ်” ဆိုပြီးပြောပါတယ်။ အဲဒီအချိန်ကစပြီး အဲဒီနာမည်တွင်သွားပါတယ်။ သိပ်မကြာခင်မှာဘဲ ၁၉၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ဇူးရ်ဇ် ရိုမိုရှီယဲန်နဲ့ ကျွန်မလက်ထပ်လိုက်ပါတယ်။ တစ်နှစ်လောက်ကြာပြီးတဲ့နောက် အဖေဟာ ရိုမေးနီးယားနိုင်ငံကို ခဏပြန်သွားပြီး ၁၉၂၅ ခုနှစ်မှာ ကျွန်မရဲ့ညီမလေးမေရီကို အက်ကရဲန်မြို့ကိုခေါ်လာခဲ့ပါတယ်။ အဲဒီနောက် အမေနဲ့ ကျန်တဲ့မိသားစုတွေနဲ့အတူနေဖို့ ရိုမေးနီးယားနိုင်ငံကို အဖေပြန်သွားပါတယ်။
အမေရိကန်တွင် ကျွန်မတို့၏အစောပိုင်းဓမ္မအမှု
ဇူးရ်ဇ်ဟာ သိပ်သစ္စာရှိပြီး ယေဟောဝါရှင်ကိုကြည်ညိုတဲ့ ကျေးကျွန်တစ်ယောက်ဖြစ်တယ်။ ၁၉၂၂ နဲ့ ၁၉၃၂ ခုနှစ်အတောအတွင်းမှာ—အက်စတာ၊ အဲန်၊ ဂိုလ်ဒီ အဲလစ်ဇဘက်နဲ့ အိုင်ရီးန် ဆိုတဲ့ချစ်စရာကောင်းတဲ့ သမီးလေးယောက်ကို ကောင်းချီးအဖြစ်ရရှိခဲ့ပါတယ်။ အက်ကရဲန်မြို့မှာ ရိုမေးနီးယားအသင်းတော်တစ်ခုကို စတင်တည်ထောင်လိုက်ပြီး အစပိုင်းမှာ ကျွန်မတို့အိမ်မှာပဲ အစည်းအဝေးတွေကို ကျင်းပပါတယ်။ နောက်ဆုံးမှာ ဘရွတ်ကလင်၊ နယူးယောက်မြို့မှာရှိတဲ့ ကျမ်းစာကျောင်းသားများရဲ့ ကမ္ဘာ့ဌာနချုပ်က ကိုယ်စားလှယ်တစ်ယောက်ဟာ ခြောက်လတစ်ကြိမ်အသင်းတော်ကိုအလည်လာပြီး ကျွန်မတို့နဲ့အတူနေပါတယ်။
တနင်္ဂနွေနေ့တိုင်းလိုလို တစ်နေကုန်ဟောပြောတာပဲ။ အိတ်ထဲကိုစာအုပ်တွေထည့်၊ နေ့လယ်စာထည့်၊ သမီးတွေကိုတီဖို့ဒ်ကားပေါ်တင်ပြီး ကျေးလက်တောရွာတွေမှာ တစ်နေ့လုံးသွားဟောကြတယ်။ ညနေပိုင်းရောက်တဲ့အခါကျတော့ ကင်းမျှော်စင်သင်တန်းတက်ကြတယ်။ သမီးတွေလည်း ဟောပြောခြင်းလုပ်ငန်းကို နှစ်သက်လာကြတယ်။ ၁၉၃၁ ခုနှစ်မှာ ကျမ်းစာကျောင်းသားတွေဟာ ယေဟောဝါသက်သေများဆိုတဲ့ ထူးခြားတဲ့နာမည်ကိုခံယူကြတဲ့ အိုဟိုင်အိုပြည်နယ်၊ ကိုလန်ဘတ်စ်မြို့မှာကျင်းပတဲ့ အစည်းအဝေးကို ကျွန်မတက်ရောက်ခဲ့ပါတယ်။
ကျွန်မလိုအပ်သည့်ဆုံးမပဲ့ပြင်မှု
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အဲဒီအချိန်တုန်းက ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက်၊ အက်ဖ်၊ ရပ်သဖော့ဒ်ကို ကျွန်မစိတ်ဆိုးလာပါတယ်။ သက်သေခံလူသစ်တစ်ယောက်က ညီအစ်ကိုရပ်သဖော့ဒ်ဟာ မတရားဘူး၊ သူစကားပြောတာကို ဆုံးအောင်နားမထောင်ဘူးလို့ခံစားရတယ်။ ညီအစ်ကို ရပ်သဖော့ဒ်မှားတယ်လို့ ကျွန်မယူဆတယ်။ ဒါနဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ ကျွန်မညီမမေရီနဲ့ သူ့ခင်ပွန်း ဒဲန် ပက်စ်ထရူးအီတို့ အိမ်ကိုအလည်လာကြတယ်။ ညနေစာစားပြီးတဲ့နောက် ဒဲန်က “အစည်းအဝေးသွားဖို့ ပြင်ဆင်ကြရအောင်” ဆိုပြီးပြောတယ်။
ကျွန်မက “ညီအစ်ကို ရပ်သဖော့ဒ်ကိုစိတ်ဆိုးလို့ ကျွန်မတို့အစည်းအဝေး လုံးဝမသွားတော့ဘူး” လို့ပြောလိုက်တယ်။
ဒဲန်က သူ့လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးတဲ့နောက် “ခင်ဗျားနှစ်ခြင်းခံတုန်းက ညီအစ်ကိုရပ်သဖော့ဒ်ကိုသိလို့လား” ဆိုပြီးမေးတယ်။
“ဘယ်သိမှာလဲ၊ ကျွန်မကရိုမေးနီးယားနိုင်ငံမှာ နှစ်ခြင်းခံတာရှင်သိသားပဲ”လို့ဖြေလိုက်တယ်။
“ခင်ဗျားဘာဖြစ်လို့နှစ်ခြင်းခံတာလဲ” ဆိုပြီး သူကမေးတယ်။
ကျွန်မက “ယေဟောဝါရှင်ဟာ စစ်မှန်တဲ့ဘုရားဖြစ်တယ်ဆိုတာသိလာပြီး ကိုယ်တော်ကိုဝတ်ပြုဖို့ ကျွန်မရဲ့ဘဝအသက်တာကို ဆက်ကပ်အပ်နှံချင်လို့ပေါ့” ဆိုပြီးဖြေမိတယ်။
“အဲဒါကိုဘယ်တော့မှမမေ့ပါနဲ့!” လို့သူကပြန်ဖြေတယ်။ “တကယ်လို့များ ညီအစ်ကိုရပ်သဖော့ဒ်က သမ္မာတရားကိုစွန့်သွားရင် ခင်ဗျားကော စွန့်မှာလား။”
“ဘယ်တော့မှမစွန့်ဘူး!” ဆိုပြီးပြောလိုက်တယ်။ အဲဒီအချက်က ကျွန်မကိုအမြင်မှန်ရစေပြီး “အစည်းအဝေးသွားဖို့ အားလုံးအသင့်ပြင်ကြ” ဆိုပြီးပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့အစည်းအဝေးမပျက်ခဲ့ဘူး။ ကျွန်မရဲ့မတ်က မေတ္တာရှိရှိဆုံးမပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တဲ့ဖြစ်ခြင်း!
စီးပွားပျက်ကပ်ကိုကျော်လွှားအောင်မြင်ခြင်း
၁၉၃၀ ပြည့်လွန်နှစ်တွေက စီးပွားပျက်ကပ်အတောအတွင်း အခြေအနေတွေက အတော်ဆိုးဝါးပါတယ်။ တစ်နေ့ကျတော့ ဇူးရ်ဇ်ဟာ အလုပ်ကနေအိမ်ကို သိပ်စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ပြန်လာပြီး ရော်ဘာစက်ရုံက သူ့ကိုယာယီအလုပ်ထုတ်လိုက်တဲ့အကြောင်း ပြောပြတယ်။ “စိတ်မပူပါနဲ့၊ ကြွယ်ဝလှတဲ့ခမည်းတော် ကောင်းကင်မှာရှိတာပဲ၊ ကျွန်မတို့ကိုသူပစ်ထားမှာမဟုတ်ပါဘူး” ဆိုပြီးကျွန်မပြောလိုက်တယ်။
အဲဒီနေ့မှာပဲ ဇူးရ်ဇ်ဟာ မှိုတောင်းအကြီးကြီးနဲ့ မိတ်ဆွေတစ်ယောက်ကိုဆုံမိတယ်။ အဲဒီမှိုတွေကို သူ့မိတ်ဆွေဘယ်ကနုတ်လာတယ်ဆိုတာ ဇူးရ်ဇ်သိတဲ့အခါ မှိုတောင်းတစ်လုံးနဲ့အိမ်ပြန်လာတယ်။ အဲဒီနောက် ကျွန်မတို့ရဲ့နောက်ဆုံးလက်ကျန်ငွေ သုံးဒေါ်လာနဲ့ ချင်းတောင်းကလေးတွေဝယ်ပစ်လိုက်တယ်။ ကျွန်မက “ရှင်ဘယ်လိုလုပ်လိုက်တာလဲ၊ ကလေးတွေအတွက်လည်း နွားနို့ဝယ်ရဦးမယ်မဟုတ်လား” ဆိုပြီးပြောလိုက်တယ်။
“ရပါတယ်၊ ကိုယ်ပြောသလိုသာလုပ်ပါ” လို့သူကပြန်ဖြေတယ်။ နောက်အပတ်အနည်းငယ်ကြာတော့ ကျွန်မတို့အိမ်ဟာ မှိုတွေကိုဆေးကြောပြီး ချင်းကလေးတွေထဲကိုထည့်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာတယ်။ အဲဒီမှိုတွေကို အဆင်မြင့်စားသောက်ဆိုင်တွေမှာ သွားရောင်းတဲ့အခါ တစ်နေ့ကိုဒေါ်လာ ၃၀ ကနေ ၄၀ လောက်ရတယ်၊ အဲဒီအချိန်တုန်းက အဲလောက်ငွေဟာ ကျွန်မတို့အတွက်မနည်းလှဘူး။ သူပိုင်တဲ့မြေကွက်မှာ မှိုနုတ်ခွင့်ပေးတဲ့လယ်သမားက သူအဲဒီမှာနေခဲ့တဲ့ ၂၅ နှစ်အတွင်း အဲလောက်များတဲ့မှိုတွေ တစ်ခါမှမတွေ့ဖူးဘူးလို့ပြောတယ်။ သိပ်မကြာခင်မှာ ရော်ဘာစက်ရုံက ဇူးရ်ဇ်ကိုအလုပ်ပြန်ခေါ်လိုက်တယ်။
ယုံကြည်ခြင်း၌ဆက်၍မြဲမြံခြင်း
၁၉၄၃ ခုနှစ်မှာ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ကို ကျွန်မတို့ပြောင်းရွှေ့သွားပြီး လေးနှစ်ကြာပြီးတဲ့နောက် အဲလ်စီနောမြို့မှာ အခြေချကြတယ်။ အဲဒီမှာကုန်စုံဆိုင်တစ်ဆိုင်ဖွင့်ပြီး မိသားစုအားလုံးအလှည့်ကျ ဆိုင်ထိုင်ကြတယ်။ အဲဒီအချိန်တုန်းက အဲလ်စီနောမြို့ဟာ လူဦးရေ ၂,၀၀၀ လောက်သာရှိတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပြီး တခြားမြို့မှာရှိတဲ့ ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ ကျွန်မတို့မိုင် ၂၀ ခရီးသွားရပါတယ်။ ၁၉၅၀ ပြည့်နှစ်ရောက်တော့ အဲလ်စီနောမြို့မှာ အသင်းတော်ကလေးတစ်ခု ဖြစ်လာတာတွေ့လိုက်ရတော့ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း! အခုဆိုရင် အဲဒီဒေသတစ်ဝိုက်မှာ အသင်းတော်ပေါင်း ၁၃ ခုရှိနေပြီလေ။
၁၉၅၀ ပြည့်နှစ်မှာ၊ ကျွန်မတို့သမီး ဂိုလ်ဒီ အဲလစ်ဇဘက် (အခုအချိန်မှာ ဘက်သ်လို့လူသိများတဲ့သူ) ဟာ နယူးယောက်ပြည်နယ်၊ လဲန်စင်းမြို့တောင်ပိုင်းမှာပို့ချတဲ့ ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းကသင်တန်းဆင်းပြီးတဲ့နောက် သာသနာပြုတစ်ဦးအဖြစ်နဲ့ ဗင်နီဇွဲလားနိုင်ငံမှာ တာဝန်ခန့်အပ်ခံရပါတယ်။ ၁၉၅၅ ခုနှစ်မှာ အငယ်ဆုံးသမီး အိုင်ရီးန်ဟာ သူမရဲ့ခင်ပွန်းကို တိုက်နယ်လုပ်ငန်းမှာ နယ်လှည့်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အမှုထမ်းဖို့ဖိတ်ခေါ်ခံရတဲ့အတွက် ဝမ်းသာခဲ့ပါတယ်။ ဒါနဲ့ ၁၉၆၁ ခုနှစ်မှာ၊ နယူးယောက်ပြည်နယ်၊ လဲန်စင်းမြို့တောင်ပိုင်းမှာကျင်းပတဲ့ နိုင်ငံတော်ဓမ္မအမှုကျောင်းကို တက်ရောက်ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာတာဝန်ခန့်အပ်ခံရကြတယ်။ တစ်ခါတလေ ကျွန်မသမီးတွေကို အရမ်းလွမ်းလို့ငိုမိတယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ‘ဪ! ငါသူတို့ကို အဲ့လိုဖြစ်စေချင်တာပဲလေ’ လို့တွေးမိတယ်။ ဒါကြောင့် စာအုပ်ထည့်တဲ့အိတ်ကိုဆွဲပြီး လိုက်ဟောပြောလိုက်တယ်။ အမြဲတမ်းအိမ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာတယ်။
၁၉၆၆ ခုနှစ်မှာ ကျွန်မရဲ့ချစ်လှစွာသောခင်ပွန်း ဇူးရ်ဇ်ဟာ ရုတ်တရက်လေဖြတ်သွားပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက် ဗင်နီဇွဲလားနိုင်ငံကနေပြန်လာတဲ့ ဘက်သ်ကသူ့ကိုပြုစုစောင့်ရှောက်ပေးပါတယ်။ နောက်တစ်နှစ်မှာ ဇူးရ်ဇ်ကွယ်လွန်သွားတယ်၊ ဒါပေမဲ့ သူဟာယေဟောဝါကို သစ္စာရှိရှိတည်ကြည်ခဲ့ပြီး ကောင်းကင်ဆုကျေးဇူးရရှိသွားတာကို သိရတဲ့အတွက် ကျွန်မစိတ်သက်သာမှုရခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ဘက်သ်ဟာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ ပိုပြီးလိုအပ်တဲ့စပိန်နိုင်ငံမှာ အမှုဆောင်ဖို့သွားလိုက်ပါတယ်။ ကျွန်မရဲ့အကြီးဆုံးသမီး အက်စတာဟာကင်ဆာရောဂါရလာပြီး ၁၉၇၇ ခုနှစ်မှာ ဆုံးသွားတယ်၊ တစ်ခါ ၁၉၈၄ ခုနှစ်မှာ အဲန်က သွေးကင်ဆာရောဂါနဲ့ ဆုံးသွားပြန်တယ်။ သူတို့နှစ်ယောက်စလုံး သေဆုံးချိန်အထိ ယေဟောဝါကိုသစ္စာရှိရှိ အမှုထမ်းသွားကြပါတယ်။
အဲန်ဆုံးခါနီးအချိန်မှာ ဘက်သ်နဲ့ အိုင်ရီးန်တို့ဟာ တိုင်းတစ်ပါးမှာ သွားရောက်ဟောပြောခြင်း တာဝန်ကျတဲ့နေရာကနေ ပြန်ရောက်နေကြတယ်။ သူတို့အစ်မနှစ်ယောက်ကို ဝိုင်းဝန်းပြုစုပေးခဲ့ကြတယ်၊ ကျွန်မတို့အားလုံး အကြီးအကျယ်ပူဆွေးသောက ရောက်ကြတယ်။ နောက်ပိုင်းကျတော့ ကျွန်မရဲ့သမီးတွေကို– “တော်ပြီ! တော်လောက်ပြီ! အဖိုးတန်ကျမ်းစာကတိတော်တွေနဲ့ တခြားသူတွေကို ဒို့နှစ်သိမ့်ပေးခဲ့တယ်။ အခု ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်ရမယ်။ ယေဟောဝါကိုအမှုဆောင်တဲ့အတွက် ရလာတဲ့ပျော်ရွှင်မှုကို စာတန်ကဒို့ဆီကနေ လုယူချင်တယ်၊ ဒါပေမဲ့ ဒို့ခွင့်မပြုနိုင်ဘူး” ဆိုပြီးပြောလိုက်တယ်။
ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ ကျွန်မတို့ရဲ့သစ္စာရှိသားချင်းများ
၁၉၇၀ ပြည့်နှစ်မှာ ကျွန်မရဲ့ညီမမေရီနဲ့ကျွန်မဟာ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ သားချင်းတွေဆီကို အမှတ်တရခရီးအနေနဲ့ ပြန်လည်ပတ်ခဲ့တယ်။ ကျွန်မတို့ညီမငယ်တစ်ယောက် ဆုံးသွားပေမဲ့ အခုအချိန်အထိအော်တဲလက်ရွာမှာ နေထိုင်ကြတဲ့ မောင်လေးဂျောန်နဲ့ ညီမလေးလော်ဒိုဗီကာတို့ဆီ အလည်သွားနိုင်ခဲ့တယ်။ ကျွန်မတို့သွားလည်တဲ့အချိန်မှာ အဖေနဲ့အမေတို့ဟာ ယေဟောဝါထံသစ္စာရှိရှိနဲ့ပဲ သေဆုံးသွားကြတယ်။ အဖေဟာ အသင်းတော်ရဲ့ အားထားရာဖြစ်ခဲ့တဲ့အကြောင်း ကျွန်မတို့ကို လူတော်တော်များများပြောပြတယ်။ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ သူ့ရဲ့မြေးမြစ်တချို့တောင် အခုသက်သေခံတွေဖြစ်နေကြပြီ။ ကျမ်းစာသမ္မာတရားဘက်မှာ စွဲစွဲမြဲမြဲရပ်တည်ခဲ့တဲ့ ကျွန်မခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေဆီကိုလည်း အလည်သွားခဲ့တယ်။
၁၉၇၀ ပြည့်နှစ်မှာ ရိုမေးနီးယားနိုင်ငံဟာ ညီကလိုင် ချောင်ဆက်စကူရဲ့ ကြမ်းကြုတ်တဲ့ကွန်မြူနစ်အစိုးရ လက်အောက်ရောက်နေပြီး ယေဟောဝါသက်သေခံတွေဟာ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ခံရကြတယ်။ ကျွန်မရဲ့မောင် ဂျောန်ရဲ့သား ဖလောရဲ၊ တခြားဆွေမျိုးတစ်ယောက်နဲ့ ကျွန်မခင်ပွန်းရဲ့တစ်ဝမ်းကွဲ ဂါဘော် ရိုမိုရှီယဲန်တို့ဟာ သူတို့ရဲ့ခရစ်ယာန်ယုံကြည်ခြင်းကြောင့် ချွေးတပ်စခန်းမှာ နှစ်အတော်ကြာကြာ နေရကြတယ်။ နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနချုပ်ကိုသတင်းယူသွားပေးဖို့ ကျွန်မတို့တာဝန်ပေးခံရတဲ့အခါရိုမေးနီးယန်းညီအစ်ကိုတွေက ကျွန်မတို့အဲဒီနိုင်ငံကနေ ဘေးမသီရန်မခ မထွက်ခွာမချင်း စိုးရိမ်ပူပန်ကြတယ်လို့ ပြောတာအဆန်းမဟုတ်ပါဘူး!
ကျွန်မတို့ရဲ့ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးတဲ့အခါ အိုတဲလက်ရွာက အုပ်ချုပ်ရေးရုံးကိုသွားကြပါတယ်။ အဲဒီအချိန်က သောကြာနေ့မွန်းလွဲပိုင်းဖြစ်ပြီး အရာရှိတစ်ယောက်ပဲရှိနေတယ်။ ကျွန်မတို့ဘယ်သူ့ကိုတွေ့ဖို့လာတာ၊ ကျွန်မတို့တူဟာ ချွေးတပ်စခန်းမှာရှိနေတာတွေကို သိသွားတဲ့အခါ သူက “အမျိုးသမီးတို့၊ ခင်ဗျားတို့ ဒီနိုင်ငံကနေ ချက်ချင်းထွက်သွားကြ!” ဆိုပြီးပြောပါတယ်။
“ဒီနေ့ထွက်မဲ့ရထားမှ မရှိတာ” လို့ကျွန်မညီမကပြန်ပြောတယ်။
“အဲဒါအကြောင်းမဟုတ်ဘူး၊ ဘတ်စကား၊ ရထား၊ တက္ကစီ၊ ခြေလျင် ရတာတစ်ခုခုနဲ့သွားကြ။ အမြန်ဆုံး ဒီကနေထွက်သွားကြ!” ဆိုပြီး အရေးတကြီးနဲ့ပြောတယ်။
အဲဒီနေရာက ကျွန်မတို့ထွက်ခွာခါနီးမှာ အရာရှိက ကျွန်မတို့ကိုပြန်ခေါ်ပြီးတော့ ညနေ ၆:၀၀ နာရီမှာ အချိန်အကန့်အသတ်မရှိတဲ့ စစ်ရထားတစ်စီးဆိုက်ရောက်လာမဲ့အကြောင်း အသိပေးတယ်။ ဘုရားသခင် ကူညီစောင်မနေတယ်ဆိုတာ ထင်ရှားလိုက်တာ! ရိုးရိုးရထားပေါ်မှာဆိုရင် ကျွန်မတို့ရဲ့စာရွက်စာတမ်းတွေကို ထပ်ခါထပ်ခါစစ်ဆေးကြမှာဖြစ်တယ်၊ ဒါပေမဲ့ ဒီရထားကစစ်မှုထမ်းတွေကိုပဲ တင်ဆောင်တာဖြစ်ပြီး အရပ်သားဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲ ရှိတဲ့အတွက် ဘယ်သူမှကျွန်မတို့ရဲ့ နိုင်ငံကူးလက်မှတ်ကို တောင်းမကြည့်ကြပါဘူး။ ကျွန်မတို့ကို အရာရှိတချို့ရဲ့အဘွားတွေလို့ သူတို့ယူဆကြတယ်ထင်ပါတယ်။
နောက်တစ်မနက်မှာ တီမီဆိုရာမြို့ကိုရောက်ပြီး ကျွန်မတို့ဆွေမျိုးတစ်ယောက်ရဲ့ မိတ်ဆွေအကူအညီနဲ့ ပြည်ဝင်ခွင့်ဗီဇာရနိုင်ခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်မတို့အဲဒီနိုင်ငံကနေ ထွက်နိုင်ခဲ့တယ်။ ကျွန်မတို့နဲ့အတူ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ ကျွန်မတို့ရဲ့သစ္စာစောင့်သိသော ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့ ချစ်စရာကောင်းပြီး မေ့ပျောက်လို့မရတဲ့တွေ့ကြုံမှုတွေ ပြန်ပါလာတယ်။
ရိုမေးနီးယားနိုင်ငံကိုလည်ပတ်ပြီး နောက်နှစ်တွေမှာ တင်းကျပ်တဲ့ပိတ်ပင်တားဆီးမှုတွေအောက်က ဟောပြောခြင်းလုပ်ငန်းအကြောင်းကို မကြားရသလောက်ပါဘဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဟာ—ဘယ်လိုအခြေအနေမှာပဲ ရှိနေပါစေ ဘုရားသခင်ကိုသစ္စာစောင့်သိပြီး ရပ်တည်ကြမယ်လို့ ကျွန်မတို့စိတ်ချယုံကြည်မိတယ်။ တကယ်လည်း သူတို့သစ္စာစောင့်သိခဲ့ကြတယ်! ရိုမေးနီးယားနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်၊ ဧပြီလအတွင်း ယေဟောဝါသက်သေတို့ကို တရားဝင်ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာကို သိရတာအရမ်းဝမ်းသာတာပဲ! အဲဒီနွေရာသီမှာ ရိုမေးနီးယားနိုင်ငံမှာကျင်းပတဲ့ စည်းဝေးကြီးမှတ်တမ်းတွေကြောင့် ဝမ်းသာအားရဖြစ်ခဲ့တယ်။ မြို့ရှစ်မြို့မှာ လူပေါင်း ၃၄,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ၂,၂၆၀ ယောက်နှစ်ခြင်းခံခဲ့လို့ပဲ! အခုဆိုရင် ရိုမေးနီးယားနိုင်ငံက ဟောပြောခြင်းလုပ်ငန်းမှာ ၃၅,၀၀၀ ထက်မကပါဝင်နေပြီး ပြီးခဲ့တဲ့နှစ် ခရစ်တော်ရဲ့သေခြင်း သတိရအောက်မေ့ပွဲကို ၈၆,၀၃၄ ယောက်တက်ရောက်ခဲ့တယ်။
ကျွန်မအတွက်အဖိုးထိုက်တန်နေဆဲဖြစ်တဲ့ သမ္မာတရား
နှစ်အနည်းငယ်အကြာလောက် အောက်မေ့ရာအထိမ်းအမှတ်သုံးဆောင်တာကို ကျွန်မရပ်စဲလိုက်တယ်။ အရည်အချင်းတော်တော်ပြည့်မီပေမဲ့ အထိမ်းအမှတ်ကိုမသုံးဆောင်ကြတဲ့ ညီအစ်ကိုတွေကိုကျွန်မသတိထားမိပြီး– ‘ဒီလောက်ကျွမ်းကျွမ်းကျင်ကျင် ဟောပြောတတ်တဲ့တခြားသူတွေရှိလျက်နဲ့ ယေဟောဝါရှင်ဟာ ကိုယ်တော့်သားတော်နဲ့ ပူးတွဲအမွေခံဖြစ်ဖို့အခွင့်ထူးကို ကျွန်မကိုမှဘာလို့ပေးရမှာလဲ’ ဆိုပြီးစဉ်းစားမိတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ကို မသုံးဆောင်တဲ့အခါကျပြန်တော့လည်း ကျွန်မသိပ်စိတ်အနှောင့်အယှက်ဖြစ်တယ်။ တစ်ခုခုကို ငြင်းပယ်ထားသလိုပါပဲ။ လေ့လာမှုများများပြုလုပ်ပြီး စိတ်အားထက်သန်စွာ ဆုတောင်းအသနားခံပြီးတဲ့နောက် တစ်ခါပြန်ပြီးသုံးဆောင်ခဲ့ပါတယ်။ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုကိုပြန်ရခဲ့ပြီး ဆက်ပြီးရရှိနေပါတယ်။
ကျွန်မစာမဖတ်နိုင်တော့ပေမဲ့ သမ္မာကျမ်းစာ၊ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတိတ်ခွေတွေကို နေ့တိုင်းနားထောင်ပါတယ်။ ဟောပြောခြင်းလုပ်ငန်းမှာလည်း ပါဝင်နေဆဲပါပဲ။ တစ်လကိုမဂ္ဂဇင်းအစောင်ရေ ၆၀ ကနေ ၁၀၀ အထိကျွန်မဝေနေကျပဲ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ နိုးလော့! မဂ္ဂဇင်းအထူးကင်ပိန်းမှာ ၃၂၃ စောင်ကျွန်မဝေငှခဲ့တယ်။ ကျွန်မသမီးတွေရဲ့အကူအညီနဲ့ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာလည်း ပါဝင်နိုင်ခဲ့တယ်။ တခြားသူတွေကို ဆက်ပြီးအားပေးနိုင်တဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာရှိတဲ့ လူတွေအားလုံးနီးပါးက ကျွန်မကိုဘွားဘွားလို့ခေါ်ကြတယ်လေ။
ယေဟောဝါကို ဆက်ကပ်အပ်နှံအမှုထမ်းခဲ့တဲ့ နှစ်ပေါင်း ၇၉ နှစ်နီးပါးကိုပြန်ကြည့်လိုက်မယ်ဆိုရင် ကိုယ်တော်ရဲ့အဖိုးထိုက်တန်တဲ့ သမ္မာတရားကိုသိရှိခွင့်နဲ့ ကျွန်မရဲ့ဘဝအသက်တာကို ကိုယ်တော့်လုပ်ငန်းတော်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကိုယ်တော်ကိုနေ့တိုင်းကျေးဇူးတင်မိပါတယ်။ ဒီနောက်ဆုံးနေ့ရက်ကာလမှာ ဘုရားသခင့်သိုးကဲ့သို့သောသူတွေကို စုသိမ်းခြင်းနဲ့ပတ်သက်ပြီး တင်ကူးဟောကြားထားတဲ့ အံ့ချီးဖွယ်ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံလာတာကို ကိုယ်တိုင်တွေ့ရတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။—ဟေရှာယ ၆၀:၂၂; ဇာခရိ ၈:၂၃။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်မညီမမေရီနှင့် အဖေရပ်နေကြ၊ကျွန်မ၊ ဇူးရ်ဇ်နှင့် ကျွန်မတို့သမီး အက်စတာနှင့် အဲန်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယေဟောဝါထံသစ္စာရှိရှိ အမှုထမ်းနေကြသည့် ကျွန်မသမီး ဘက်သ်၊ အိုင်ရီးန်၊ အိုင်ရီးန်းခင်ပွန်းနှင့် သူတို့၏သားနှစ်ယောက်