စာရှုသူများထံမှမေးခွန်းလွှာ
မဿဲ ၂၄:၃၄ ပါ ‘ဤလူမျိုးဆက်’ ဟူသည့်စကားလုံးနှင့်ပတ်သက်၍ မကြာမီက သိရှိခဲ့သောအချက်အလက်များသည် အစီအစဉ်စနစ်၏ဆုံးခန်းတိုင်ဖို့ လိုသေးသည်ဟု ယူမှတ်စေနိုင်ပါသလော။
ထိုသို့လုံးဝမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် ဤအကြောင်းအရာနှင့်ပတ်သက်၍ မကြာသေးမီက တိုး၍သိရှိနားလည်ရာတို့က အဆုံးကိုဆက်လက်စောင့်မျှော်နေစေရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေသင့်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ ‘ဤလူမျိုး’ ဟူသောစကားကို ယေရှုက တစ်ခေတ်တည်းသားလူဆိုးများနှင့်ပတ်သက်၍ အသုံးပြုတော်မူခဲ့ကြောင်း ၁၉၉၅၊ နိုဝင်ဘာ ၁ ကင်းမျှော်စင်က ရှင်းပြထားသောကြောင့်ဖြစ်သည်။ (မဿဲ ၁၁:၇၊ ၁၆-၁၉; ၁၂:၃၉၊ ၄၅; ၁၇:၁၄-၁၇; တမန်တော် ၂:၅၊ ၆၊ ၁၄၊ ၄၀) ယင်းက ရက်စွဲအတိအကျနှင့်စသော သတ်မှတ်ထားသည့် အချိန်ကာလပိုင်းတစ်ခုကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။
အမှန်မှာ ထိုလထုတ် ကင်းမျှော်စင် ၌ “စာရှုသူများထံမှမေးခွန်းလွှာ” တွင် “လူမျိုးတစ်ဆက်ဟုဆိုရာတွင် . . . နှစ်အရေအတွက်သတ်မှတ်ထားသည့် အချိန်ကာလပိုင်းတစ်ခုအဖြစ် မရှုမြင်နိုင်” ကြောင်းနှင့်၊ “လူမျိုးတစ်ဆက်မှ လူများသည် အတော်အတန် တိုတောင်းသောကာလပိုင်းမျှသာ အသက်ရှင်ကြ” ကြောင်းဟူ၍ အဓိကအကြောင်းနှစ်ခုကို အာရုံပြုစေသည်။
အဆိုပါသဘောမျိုးဖြင့် “လူမျိုးဆက်” ဟူသောစကားလုံးကို ကျွန်ုပ်တို့ မကြာခဏအသုံးပြုတတ်ကြသည်။ ဥပမာအနေဖြင့်၊ ‘နပိုလီယန်၏လူမျိုးဆက်ရှိ စစ်သားများသည် လေယာဉ်ပျံများနှင့် အဏုမြူဗုံးများအကြောင်း ဘာမျှမသိကြပါ’ ဟုကျွန်ုပ်တို့ပြောကြပေမည်။ နပိုလီယန်မွေးသည့်နှစ်တွင်ပင် မွေးဖွားခဲ့သောစစ်သားများကိုမျှသာ ကျွန်ုပ်တို့ဆိုလိုနေခြင်းဖြစ်သလော။ နပိုလီယန်မသေမီ သေဆုံးခဲ့သောပြင်သစ်စစ်သားများကိုသာ ဆိုလိုနေခြင်းလော။ လုံးဝမဟုတ်ပါ; ကျွန်ုပ်တို့သည်လည်း “လူမျိုးဆက်” ဟူသောစကားလုံးကို ဤသို့အသုံးပြုခြင်းအားဖြင့် နှစ်ကာလပိုင်းတစ်ခုအား သတ်မှတ်ရန် ကြိုးစားနေခြင်းကို ပြုလုပ်မည်မဟုတ်ပေ။ ယင်းအစား ကျွန်ုပ်တို့သည် နပိုလီယန်၏ခေတ်အချိန်မှ အနာဂတ်အချိန်အထိတိုင် နှစ်ပေါင်းရာကျော်သောအချိန်ကို ဆိုလိုနေခြင်းမဟုတ်ဘဲ အတော်အတန် တိုတောင်းသော ကာလပိုင်းကို ဆိုလိုနေခြင်းဖြစ်မည်။
ယင်းမှာ သံလွင်တောင်ပေါ်တွင် ယေရှုပေးခဲ့သည့် ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့နားလည်ပုံနှင့်ပတ်သက်၍လည်း ထပ်တူပင်ဖြစ်သည်။ ထိုပရောဖက်ပြုချက်ပါ အသွင်အပြင်အမျိုးမျိုးတို့၏ ပြည့်စုံချက်များက ဤအစီအစဉ်၏အဆုံးသည် အလွန်နီးပြီဖြစ်ကြောင်း သက်သေထူသည်။ (မဿဲ ၂၄:၃၂၊ ၃၃) ဗျာဒိတ် ၁၂:၉၊ ၁၀ အရ ၁၉၁၄ ခုနှစ်၌ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တည်ထောင်ခြင်းနှင့်အတူ စာတန်သည် မြေကြီးဝန်းကျင်သို့နှင်ချခံခဲ့ရကြောင်း သတိရပါ။ ယခုတွင် စာတန်သည် အမျက်ကြီးစွာထွက်နေကြောင်းကို ဗျာဒိတ်ကျမ်းက ထပ်ပြောလိုက်သေးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူသည် “မိမိကာလ တစ်ခဏ သာရှိသည်ကိုသိ” သောကြောင့်ဖြစ်သည်။—ဗျာဒိတ် ၁၂:၁၂။
ယင်းကြောင့် နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် ၌ “သတိနှင့်စောင့်နေကြလော့!” ဟူသည့် ခေါင်းစဉ်ငယ်ပါရှိခြင်းသည် အလွန်သင့်လျော်ပေသည်။ ဆက်၍လိုက်ပါလာသောအပိုဒ်က ဤသို့လျောက်ပတ်စွာဆိုသည်– “ကျွန်ုပ်တို့သည် ဖြစ်ပျက်လာမည့်အချိန်ကို အတိအကျသိရန် မလိုအပ်ပါ။ ယင်းအစား ကျွန်ုပ်တို့သည် သတိနှင့်စောင့်နေခြင်း၊ ယုံကြည်ခြင်းကို ခိုင်မာအောင်ပြုစုပျိုးထောင်ပေးခြင်းနှင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းတို့အပေါ်တွင် အာရုံစိုက်နေရမည်—နေ့ရက်တွက်ချက်ခြင်းအပေါ်တွင်မဟုတ်။” ထို့နောက် ယင်းက ယေရှု၏စကားများကို ကိုးကားပါသည်– “ထိုနေ့ရက်ကာလသည် အဘယ်အခါကျရောက်မည်ကို သင်တို့မသိကြသဖြင့် သတိနှင့်စောင့်နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။ သင်တို့အားသတိပေးသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့။”—မာကု ၁၃:၃၃၊ ၃၇၊ သတင်းကောင်း။