ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁၅ စာ. ၄-၈
  • ဝင်စားခြင်းကိုသင်ယုံကြည်သင့်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝင်စားခြင်းကိုသင်ယုံကြည်သင့်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရင်းအမြစ်နှင့် အခြေခံကိုဖော်ထုတ်ခြင်း
  • စိုးလ်သည် မသေနိုင်သည့်အရာလော
  • အဘယ့်ကြောင့် ဒုက္ခခံစားရကြသနည်း
  • ငြိမ်းချမ်းသာယာသည့်အနာဂတ်
  • လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တမလွန်ဘဝ—သမ္မာကျမ်းစာက ဘာပြောသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အတိတ်ဘဝမှာ သင်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လူဝင်စားခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁၅ စာ. ၄-၈

ဝင်စားခြင်းကိုသင်ယုံကြည်သင့်ပါသလော

ဂရိဒဿနပညာရှင် ပလေတိုသည် မေတ္တာမျှခြင်းကို ဝင်စားခြင်းအယူအဆနှင့် ဆက်စပ်ခဲ့သည်။ ခန္ဓာသေပြီးသည့်နောက် မသေနိုင်သောစိုးလ်သည် “စင်ကြယ်သောသဏ္ဌာန်ရှိရာဘုံ” ဆိုရာသို့ဘဝကူးပြောင်းသည်ဟု သူယုံကြည်ထားသည်။ ၎င်းဘုံတွင် ရုပ်ခန္ဓာမရှိဘဲ အချိန်အတော်ကြာကြာ တည်ရှိနေပြီး သဏ္ဌာန်အကြောင်း တွေးတောဆင်ခြင်နေသည်။ နောက်ပိုင်းတွင် အခြားရုပ်ခန္ဓာသို့ ဘဝကူးပြောင်းသွားသည့်အခါ စိုးလ်သည် သဏ္ဌာန်ရှိရာဘုံကို မသိစိတ်နှင့်သတိရကာ တမ်းတပြန်သည်။ ပလေတို၏အဆိုအရ လူတို့သည် သူတို့ရေးရေးလေးသတိရပြီး ရှာဖွေနေသည့်အလှကို မိမိတို့ချစ်မြတ်နိုးရသူ၌ တွေ့ရှိသွားခြင်းကြောင့် မေတ္တာမျှကြခြင်းဖြစ်သည်။

အရင်းအမြစ်နှင့် အခြေခံကိုဖော်ထုတ်ခြင်း

ဝင်စားခြင်းဆိုင်ရာသွန်သင်ခြင်းအတွက် စိုးလ်သည် မသေနိုင်သည့်အရာဖြစ်ရမည်။ သို့ဖြစ်လျှင် အဆိုပါယုံကြည်ချက်ကိုလက်ခံထားသည့်သူများ သို့မဟုတ် နိုင်ငံများတွင် ဝင်စားခြင်းအယူဝါဒ၏ဇာစ်မြစ်ကို ခြေရာကောက်ရမည်။ ထို့ကြောင့် အချို့က ရှေးအီဂျစ်နိုင်ငံမှ စတင်ပေါ်ပေါက်လာသည်ဟုယူဆကြသည်။ အခြားသူတို့က ရှေးဟောင်းဗာဗုလုန်နိုင်ငံမှ အစပြုသည်ဟုယုံကြည်ကြသည်။ ဗာဗုလုန်ဘာသာတရား ဂုဏ်တက်စေရန်အတွက် သူ၏ယဇ်ပုရောဟိတ်အဖွဲ့တို့က စိုးလ်သည် ဘဝပြောင်းလဲနိုင်သည်ဟူသည့် အယူဝါဒကို ပေါ်ပေါက်စေခဲ့သည်။ သို့ဖြစ်သောကြောင့် သူတို့၏ဘာသာရေးသူရဲကောင်းများမှာ ကြာမြင့်စွာကတည်းကသေလွန်ခဲ့သော ထင်ပေါ်ကျော်ကြားသည့်ဘိုးဘွားများက ဝင်စားခြင်းဖြစ်သည်ဟု သူတို့ဆိုနိုင်ခြင်းဖြစ်သည်။

သို့သော် ဝင်စားခြင်းအယူဝါဒသည် အိန္ဒိယနိုင်ငံတွင် လုံးလုံးလျားလျား ထွန်းကားပျံ့နှံ့လာသည်။ ဟိန္ဒူဘာသာရေးအကြီးအကဲများသည် ဆိုးသွမ်းမှုနှင့် လူသားများကြားတွင် ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခဆိုင်ရာ ကမ္ဘာ့ပြဿနာများနှင့် နပန်းလုံးနေကြရသည်။ ‘ယင်းတို့သည် ဖြောင့်မတ်သောဖန်ဆင်းရှင်၏ အယူအဆနှင့် မည်သို့ကိုက်ညီနိုင်မည်နည်း’ ဟူ၍ သူတို့မေးကြသည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် လောကမှကြို၍မမြင်နိုင်သည့် ဘေးဒုက္ခများ၊ မမျှတမှုများ၏ ဆန့်ကျင်ဘက်သဘောကို ဖြေရှင်းရန်ကြိုးစားကြသည်။ အချိန်တန်လေသော်၊ အကြောင်းကြောင့် အကျိုးဖြစ်သည့်တရား—‘လူတစ်ဦးကြဲသည့်အတိုင်း ရိတ်ရမည်’—ကိုသူတို့တီထွင်ကြသည်။ သူတို့သည် အသေးစိတ် ‘စာရင်းရှင်းတမ်း’ တစ်ခုကိုဖြစ်စေသည်၊ လူတစ်ဦးသည် သူ၏ကောင်းမှု၊ မကောင်းမှုနှင့်အညီ နောင်ဘဝတွင် ကောင်းကျိုး သို့မဟုတ် ဆိုးပြစ်ကိုခံရသည်။ “ကမ္မ” ဆိုသည်မှာ “ပြုမူခြင်း” ကိုဆိုလိုခြင်းသာဖြစ်သည်။ ဟိန္ဒူဘာသာဝင်တစ်ဦးသည် လူမှုရေးနှင့် ဘာသာရေးစံနှုန်းများနှင့်အညီနေထိုင်လျှင် ကုသိုလ်ကံ၊ မနေထိုင်လျှင် အကုသိုလ်ကံဟုဆိုသည်။ ဘဝကူးပြောင်းသည့်အခါတိုင်း သူ၏အနာဂတ်ကို သူ၏လုပ်ရပ် သို့မဟုတ် ကံကအဆုံးအဖြတ်ပေးသည်။

“ကာယရေးဆိုင်ရာ အရည်အသွေးကို မျိုးရိုးဗီဇနှင့်အဆုံးအဖြတ်ပေးသော်လည်း စရိုက်လက္ခဏာမှာ ယခင်ဘဝကပြုလုပ်ခဲ့သည့်အရာဖြင့် ပြင်ဆင်ထားသောပုံစံပြာနှင့် လူသားအားလုံးမွေးဖွားလာသည်၊ [ထို့ကြောင့်] လူတစ်ဦးသည် မိမိကံကြမ္မာ၏ ဗိသုကာ၊ မိမိအနာဂတ်အလားအလာကို ကြိုတင်စီမံသူဖြစ်သည်” ဟုဒဿနပညာရှင် နီခီလန်းနတ်ကဆိုသည်။ သို့သော်လည်း ခရီးလမ်းဆုံးမှာ ဘဝသံသရာမှလွတ်မြောက်၍ ဗြဟ္မာန်—အမြင့်ဆုံးသောအဖြစ်အနေ—နှင့်ပေါင်းစည်းရန်ဖြစ်သည်။ ၎င်းကို လူမှုရေးအရလက်ခံဖွယ်လုပ်ရပ်နှင့် အထူးဟိန္ဒူအသိပညာကို အားထုတ်ကြိုးစားခြင်းဖြင့် ရရှိလာသည်ဟုယုံကြည်ကြသည်။

ထို့ကြောင့် ဝင်စားခြင်းဆိုင်ရာသွန်သင်ချက်သည် စိုးလ်မသေနိုင်ဟူသည့်အယူဝါဒပေါ် အခြေခံ၍ ကံတရားကိုအသုံးပြုကာ အကောင်အထည်ဖော်ထားသည်။ ဤအယူအဆများနှင့်စပ်လျဉ်း၍ ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော် သမ္မာကျမ်းစာက မည်သို့ဆိုသည်ကို သုံးသပ်ကြည့်ကြပါစို့။

စိုးလ်သည် မသေနိုင်သည့်အရာလော

ဤမေးခွန်းကိုဖြေဆိုရန် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အခိုင်မာဆုံးကိုးကားရင်းမြစ်ဖြစ်သည့် ဖန်ဆင်းရှင်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကို ကြည့်ကြဦးစို့။ သမ္မာကျမ်းစာ၏ ပထမဦးဆုံးစာစောင်ဖြစ်သော ကမ္ဘာဦးကျမ်းတွင် “စိုးလ်” ၏ တိကျမှန်ကန်သောအဓိပ္ပာယ်ကို ကျွန်ုပ်တို့သိရှိရသည်။ ပထမလူသား၊ အာဒံကိုဖန်ဆင်းခြင်းနှင့် ပတ်သက်၍သမ္မာကျမ်းစာက “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည်အသက်ရှင်သောသတ္တဝါဖြစ်လေ၏” ဟုဆိုထားသည်။ (ကမ္ဘာဦး ၂:၇) ရှင်းနေသည်မှာ စိုးလ်ဟူသည် လူတစ်ဦး၌ ရှိသည့်အရာမဟုတ်ဘဲ သူပင်ဖြစ်သည်။ ဤနေရာတွင် စိုးလ်အတွက်အသုံးပြုသည့် ဟေဗြဲစကားလုံးမှာ နီဖက်ရှ် ဖြစ်သည်။ ထိုစကားလုံးကို သမ္မာကျမ်းစာ၌ အကြိမ်ပေါင်း ၇၀၀ တွေ့ရှိရပြီး လူတစ်ဦး၌ကိုင်တွယ်၍မရနိုင်သည့် သီးခြားအစိတ်အပိုင်းတစ်ခုအဖြစ် မည်သည့်အခါမျှမရည်ညွှန်းဘဲ အကောင်အထည်ရှိသည့် ရုပ်ခန္ဓာကိုသာ အမြဲရည်ညွှန်းလေ့ရှိသည်။—ယောဘ ၆:၇; ဆာလံ ၃၅:၁၃; ၁၀၇:၉; ၁၁၉:၂၈။

သေသောအခါ စိုးလ်ဘာဖြစ်သွားသနည်း။ အာဒံသေသောအခါ သူဘာဖြစ်သွားသည်ကို စဉ်းစားကြည့်ပါလေ။ သူအပြစ်ပြုသောအခါ ဘုရားသခင်က ‘သင်သည်မြေမှုန့်မှဖြစ်လာသောကြောင့် မြေမှုန့်သို့ ပြန်လိမ့်[မည်]။’ “အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၉) အဘယ်အဓိပ္ပာယ်ရှိသည်ကို စဉ်းစားကြည့်ပါ။ မြေမှုန့်မှ သူ့ကိုဘုရားသခင်မဖန်ဆင်းမီ အာဒံမတည်ရှိခဲ့ပါ။ သူသေဆုံးပြီးနောက် အာဒံသည် ယခင်အတိုင်း မတည်ရှိသောအဖြစ်သို့ ပြန်ရောက်သွားလေသည်။

ရိုးရိုးပြောရလျှင် သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သည်ဟု သမ္မာကျမ်းစာက သွန်သင်ပေးသည်။ ဒေသနာ ၉:၅၊ ၁၀ တွင် “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏; သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်းမေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှတို့ကို ကြိုးစားအားထုတ်၍ဆောင်ရွက်ကြလော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟူ၍ကျွန်ုပ်တို့ဖတ်ရသည်။

သို့ဖြစ်၍ သေလွန်သူတို့သည် အဘယ်အရာကိုမျှ မလုပ်ကိုင်နိုင်၊ မခံစားနိုင်ပါ။ သူတို့၌ မည်သည့်အကြံအစည်မျှမရှိတော့ဘဲ အဘယ်အရာကိုမျှ မမှတ်မိတော့ချေ။ ဆာလံဆရာက “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟုဆိုထားသည်။—ဆာလံ ၁၄၆:၃၊ ၄။

သေလွန်သောအခါ စိုးလ်သည် အခြားကိုယ်ခန္ဓာတစ်ခုသို့ ကူးပြောင်းမသွားဘဲ သေဆုံးသွားသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ “ပြစ်မှားသောစိုးလ်သည်—သူကိုယ်တိုင်အသက်သေရမည်” ဟုသမ္မာကျမ်းစာက အလေးအနက်ဖော်ပြထားသည်။ (ယေဇကျေလ ၁၈:၄၊ ၂၀၊ ကဘ; တမန်တော် ၃:၂၃; ဗျာဒိတ် ၁၆:၃) ထို့ကြောင့် စိုးလ်မသေနိုင်ဟူသည့်အယူဝါဒ—ဝင်စားခြင်းအယူအဆ၏ အခြေခံအုတ်မြစ်—ကို ထောက်ခံသည့်အချက်တစ်ချက်မျှ သမ္မာကျမ်းစာ၌ မတွေ့ရပါ။ ယင်းအယူဝါဒမရှိလျှင် ဤအယူအဆလည်း ပျက်ပြားသွားမည်သာ။ သို့ဖြစ်လျှင် ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့တွေ့ကြုံနေရသည့် ဆင်းရဲဒုက္ခများကော အသို့နည်း။

အဘယ့်ကြောင့် ဒုက္ခခံစားရကြသနည်း

လူသားများ ဒုက္ခရောက်ရကြသည့် အခြေခံအကြောင်းရင်းမှာ အပြစ်သားအာဒံထံမှ မစုံလင်မှုကို ကျွန်ုပ်တို့အမွေခံရသောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုဆိုထားသည်။ (ရောမ ၅:၁၂) ကျွန်ုပ်တို့အားလုံး အာဒံမှဆင်းသက်လာသောကြောင့် ဖျားနာ၍ အိုရ၊ သေရကြသည်။—ဆာလံ ၄၁:၁၊ ၃; ဖိလိပ္ပိ ၂:၂၅-၂၇။

ထို့ပြင် ဖန်ဆင်းရှင်၏ ခိုင်မာသောစာရိတ္တဆိုင်ရာ ပညတ်ချက်က “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်; မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်” ဟုဆိုထားသည်။ (ဂလာတိ ၆:၇၊ ၈) ထို့ကြောင့် တွေ့ကရာလူနှင့် ကာမစပ်ယှက်သည့်အနေအထိုင်မျိုးက စိတ်ကျဝေဒနာ၊ မလိုချင်သောကိုယ်ဝန်များနှင့် လိင်ဆိုင်ရာကူးစက်ရောဂါများကို ရသွားစေနိုင်သည်။ “အံ့ဩစရာတစ်ခုမှာ [အမေရိကန်ပြည်ထောင်စု၌] သေစေနိုင်သည့်ကင်ဆာရောဂါဖြစ်ပွားမှု ၃၀ ရာခိုင်နှုန်းသည် အဓိကအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟု ပြောနိုင်သကဲ့သို့ စားသောက်နေထိုင်ပုံ၊ အထူးသဖြင့် အစာစားပုံစားနည်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်လည်းဖြစ်သည်” ဟုဆိုင်းယင်းတစ်ဖစ်ခ်အမေရိကန် မဂ္ဂဇင်းကဆိုသည်။ ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေသည့် အချို့သောဘေးဒုက္ခများမှာ ကမ္ဘာ့သယံဇာတများကို လူများအလွဲသုံးစားပြုခြင်း၏ အကျိုးဆက်ကြောင့်ဖြစ်သည်။—ဗျာဒိတ် ၁၁:၁၈ နှိုင်းယှဉ်။

မှန်ပါသည်၊ ဘေးဒုက္ခအများစုအတွက် လူတို့တွင်တာဝန်ရှိသည်။သို့သော်လည်း စိုးလ်သည် မသေနိုင်သောအရာမဟုတ်သောကြောင့် လူသားများ၏ဒုက္ခဆင်းရဲခြင်းကို ကံ—ယခင်ဘဝကကျင့်ခဲ့သည်ဟုဆိုသောအကျင့်—နှင့်ဆက်စပ်ရန် ‘ကြဲသည့်အတိုင်းရိတ်ရမည်’ ဟူသည့်တရားကိုအသုံးပြု၍မရချေ။ သမ္မာကျမ်းစာက “သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏” ဟုဆိုသည်။ (ရောမ ၆:၇၊ ၂၃) ထို့ကြောင့် အပြစ်တရား၏အကျိုးသည် နောင်တမလွန်ဘဝအထိပါမသွားပါ။

ဒုက္ခဆင်းရဲများစွာကို ဖြစ်ပေါ်စေရာတွင် စာတန်မာရ်နတ်လည်း ပါဝင်သည်။ အမှန်ဆိုလျှင် စာတန်သည် ဤလောကကိုအစိုးရသည်။ (၁ ယောဟန် ၅:၁၉) ထို့အပြင် ယေရှုခရစ်တင်ကူးမိန့်ဆိုခဲ့သကဲ့သို့ပင် မိမိ၏တပည့်တော်များသည် ‘ကိုယ်တော့်နာမတော်ကြောင့် လူအပေါင်းတို့၏မုန်းတီးခြင်းကိုခံရမည်’ ဖြစ်သည်။ (မဿဲ ၁၀:၂၂) အကျိုးဆက်အနေနှင့် ဖြောင့်မတ်သောသူတို့သည် ဆိုးသွမ်းသူများထက် ပြဿနာများကိုပို၍ ရင်ဆိုင်ရလေ့ရှိသည်။

ဤကမ္ဘာပေါ်တွင် အချို့သောဖြစ်ရပ်များမှာ အဘယ်အကြောင်းကြောင့်ဖြစ်ရသည်ကို အလွယ်တကူမသိနိုင်ချေ။ အမြန်ဆုံးပြေးနိုင်သည့် အပြေးသမားတစ်ဦးသည် ချော်လဲ၍ ပြိုင်ပွဲတွင်ရှုံးနိမ့်သွားနိုင်သည်။ အင်အားကြီးမားသောစစ်တပ်တစ်ခုသည် အရည်အချင်းညံ့သောတပ်ရှေ့ ရှုံးနိမ့်သွားနိုင်သည်။ ပညာရှိသူတစ်ဦးသည် ကောင်းမွန်သောအလုပ်အကိုင်တစ်ခု မရရှိနိုင်သောကြောင့် ဆာလောင်ခြင်းကို ခံစားရနိုင်သည်။ စီးပွားရေးကျွမ်းကျင်သူများလည်း အခြေအနေအရပ်ရပ်ကြောင့် သူတို့၏အသိပညာကို အသုံးမပြုနိုင်ကြသည့်အတွက် ဖြူခါပြာခါကျနေပေမည်။ အသိပညာကြွယ်ဝသော ပုဂ္ဂိုလ်များသည် ဩဇာအာဏာရှိသူတို့၏ ဒေါသအမျက်နှင့် ငြိုငြင်မှုကိုခံရနိုင်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်သည်ကို ငါမြင်၏” ဟုပညာရှိရှောလမုန်ဘုရင်က ဖြေဆိုခဲ့သည်။—ဒေသနာ ၉:၁၁။

အဘယ့်ကြောင့် ဆင်းရဲဒုက္ခတည်ရှိရကြောင်းကို ဟိန္ဒူဘာသာရေးအကြီးအကဲများ ရှင်းပြရန်ကြိုးစားခြင်းမတိုင်မီ ကြာမြင့်စွာကတည်းက လူသားတို့သည် ဒုက္ခခံခဲ့ရကြပြီ။ သို့သော်လည်း သာ၍ကောင်းသည့် အနာဂတ်မျှော်လင့်ချက်ရှိပါသလော။ ၎င်းပြင် သမ္မာကျမ်းစာ၌ သေလွန်သူများအတွက် အဘယ်အလားအလာကောင်းကို ဖော်ပြထားသနည်း။

ငြိမ်းချမ်းသာယာသည့်အနာဂတ်

ဖန်ဆင်းရှင်သည် စာတန့်လက်အောက်တွင်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့လူ့ဘောင်အဖွဲ့အစည်းကို မကြာမီအဆုံးတိုင်စေမည်ဟု ကတိပြုထားသည်။ (သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄) ထိုအခါ ဖြောင့်မတ်သောလူ့ဘောင်သစ်—မြေကြီးသစ်—သည် အမှန်တကယ်ဖြစ်လာတော့မည်။ (၂ ပေတရု ၃:၁၃) ထိုအချိန်၌ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) သေခြင်းတရားကြောင့်ခံစားရသည့် ပြင်းထန်သောဝေဒနာပင် ပပျောက်သွားမည်၊ အကြောင်းမှာ ဘုရားသခင်သည် “သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။

ဘုရားသခင့်ကတိထားရာ ကမ္ဘာသစ်တွင်နေထိုင်သူများနှင့် ပတ်သက်၍ ဆာလံဆရာက “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်” ဟုတင်ကူးပြောကြားခဲ့သည်။ (ဆာလံ ၃၇:၂၉၊ ကဘ) ထို့အပြင်၊ စိတ်နှိမ့်ချသောသူတို့သည် “ပြည်တော်ကိုအပိုင်ရ၍ များပြားသောငြိမ်သက်ခြင်းချမ်းသာ၌ မွေ့ပျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ကဘ။

ရှေ့ဆောင်းပါးတွင်ဖော်ပြထားသော မူခန်းဗိုင်သည် ဘုရားသခင်၏အံ့ဖွယ်သော ကတိတော်များကိုမသိလိုက်ရဘဲ သေခြင်းတွင်အိပ်မောကျနေသည်။ သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟုကတိပြုထားသောကြောင့် ဘုရားသခင်ကိုမသိဘဲ သေလွန်ခဲ့ကြသည့် သန်းပေါင်းများစွာသောသူတို့သည် ငြိမ်းချမ်းသာယာသည့် ကမ္ဘာသစ်တွင် ပြန်လည်နိုးထလာဖို့ မျှော်လင့်ချက်ရှိသည်။—တမန်တော် ၂၄:၁၅; လုကာ ၂၃:၄၃။

ဤတွင် “ရှင်ပြန်ထမြောက်ခြင်း” ဟူသည့်စကားလုံးကို စာသားအရ “ပြန်၍မတ်တပ်ရပ်ခြင်း” ဟုအဓိပ္ပာယ်ရသော ဂရိစကားလုံး အနားစတာစစ်မှ ပြန်ဆိုထားသည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းဆိုသည် လူတစ်ဦးတစ်ယောက်၏ ဘဝပုံစံတစ်ဖန်ပြန်၍ သက်ဝင်လှုပ်ရှားခြင်းဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသည့်အရှင်သည် အဆုံးအစမရှိသော ဉာဏ်ပညာရှင်ဖြစ်တော်မူသည်။ (ယောဘ ၁၂:၁၃) သေလွန်သူများ၏ဘဝပုံစံများကို အမှတ်ရခြင်းသည် ကိုယ်တော်အတွက်မခက်ခဲပါ။ (ဟေရှာယ ၄၀:၂၆ နှိုင်းယှဉ်။) ယေဟောဝါဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်လည်း ပြည့်ဝတော်မူသည်။ (၁ ယောဟန် ၄:၈) ထို့ကြောင့် သူတို့ပြုလုပ်ခဲ့သောဆိုးသွမ်းမှုအတွက် အပြစ်ဒဏ်ပေးဖို့မဟုတ်ဘဲ သူတို့မသေဆုံးမီကရှိခဲ့သည့် ဥပဓိရုပ်နှင့် ပရဒိသုမြေကြီးပေါ် အသက်ပြန်ရှင်လာဖို့ မိမိ၏စုံလင်သောမှတ်ဉာဏ်ကို ကိုယ်တော်အသုံးပြုနိုင်ပါသည်။

မူခန်းဗိုင်ကဲ့သို့ သန်းပေါင်းများစွာသောသူတို့အတွက် ရှင်ပြန်ထမြောက်ခြင်းဟူသည် သူတို့ချစ်မြတ်နိုးရသောသူများနှင့် တစ်ဖန်ပြန်လည်အတူနေရခြင်းဖြစ်မည်။ သို့သော် ယခုအသက်ရှင်နေကြသောသူများအတွက်မူ အဘယ်အဓိပ္ပာယ်ရှိနိုင်သည်ကို တွေးကြည့်ပါလေ။ ဘုရားသခင်၏ အံ့ချီးဖွယ်အမှန်တရားနှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း သိရှိလာသည့် မူခန်းဗိုင်၏သားကို နမူနာအနေနှင့်ကြည့်ပါ။ မိမိ၏ဖခင်သည် ဆိုးသွမ်းမှုနှင့် ဆင်းရဲဒုက္ခများဖြင့်ဝိုင်းရံထားသည့် အဆုံးမဲ့နီးပါးဘဝသံသရာတွင် မလူးသာမလွန့်သာဖြစ်နေခြင်းမရှိကြောင်း သိရခြင်းသည် မည်မျှစိတ်သက်သာစရာပါတကား! သူ့ဖခင်သည် ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်လျက် သေခြင်း၌အိပ်ပျော်နေခြင်းသာဖြစ်သည်။ သူကိုယ်တိုင်သမ္မာကျမ်းစာမှ သင်ယူခဲ့ရသည့်အရာများကို သူ့ဖခင်အားဝေမျှနိုင်မည့်နေ့တစ်နေ့ကို စောင့်မျှော်ရခြင်းသည် သူ့အတွက်မည်မျှအားရကျေနပ်ဖွယ်ပါတကား!

ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်သည်။ (၁ တိမောသေ ၂:၃၊ ၄) ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်နေကြသည့် သန်းပေါင်းများစွာသောအခြားသူများနှင့်အတူ ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ် မည်ကဲ့သို့ အသက်ရှင်နိုင်သည်ကို သင်ယူရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်သည်။—ယောဟန် ၁၇:၃။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဘုရားသခင့်ဥပဓိရုပ်တော်နှင့် ကံတရား

“ကံတရားဟူသည် ပြောင်းလဲ၍မရနိုင်သကဲ့သို့ ရှောင်ကွင်း၍လည်းမရပေ။ ထို့ကြောင့် ဘုရားသခင် ဝင်ရောက်စွက်ဖက်စရာမလိုပါ။ ဘုရားသခင်သည် ၎င်းကံတရားကို ပြဋ္ဌာန်းပြီးနောက် အငြိမ်းစားယူသွားသကဲ့သို့ဖြစ်သည်” ဟုမိုဟန်းဒတ်စ် ကေ. ဂန္ဒီကရှင်းပြသည်။ ၎င်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းကြောင်း ဂန္ဒီတွေ့မြင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ၊ ဘုရားသခင်သည် မိမိ၏ဖန်ဆင်းရာများကို အလွန်စိတ်ဝင်စားကြောင်း ရှင်ပြန်ထမြောက်ခြင်းကတိတော်က ဖော်ပြသည်။ သေလွန်သူတစ်ဦးကို ပရဒိသုမြေကြီးပေါ် ပြန်ရှင်လာစေဖို့ ဘုရားသခင်သည် ထိုပုဂ္ဂိုလ်အကြောင်းကို ဂဃနဏသိထားပြီး အားလုံးကိုမှတ်မိရန်လိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ယောက်စီတိုင်းကို အမှန်ပင်ဂရုစိုက်တော်မူသည်။—၁ ပေတရု ၅:၆၊ ၇။

[စာမျက်နှ ၇ ပါ အကျဉ်းဖော်ပြချက်]

“ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်သည်။”—ဒေသနာ ၉:၁၁

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဟိန္ဒူအယူဖြစ်သည့်သံသရာစက်ဝန်း

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဘုရားသခင့်နှုတ်ကပါဌ်တော်က ရှင်ပြန်ထမြောက်ခြင်းအကြောင်း သွန်သင်ပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ