စိတ်ဓာတ်ကျသည့်ကြားမှ မျှော်လင့်ချက် တွေ့ရှိနိုင်ပုံ
အောက်ပါအတိုင်း သင်တွေ့ကြုံရသည်ဟု စိတ်ကူးကြည့်ပါ– သင့်ကိုယ်ပိုင်ပစ္စည်းအားလုံးဆုံးရှုံးသွားသည့်အတွက် မွဲတေနေပြီ။ ဘဝတွင် ပျော်ရွှင်စရာဖြစ်သော သင့်ကလေးများမရှိတော့ချေ။ သင့်ဇနီးသည် သင့်ကိုစိတ်ဓာတ်ရေးအရ အားမပေးတော့ချေ။ သင့်ကျန်းမာရေးအခြေအနေသည် လုံးဝကျဆင်းနေပြီ။ ခံပြင်းနာကြည်းဖွယ်အတွေ့အကြုံကို နေ့စဉ်နေ့တိုင်း ခံစားနေရပြီ။
ထိုအတွေ့အကြုံသည် သင့်ဘဝတွင် ဖြစ်လာခဲ့သော် ဆက်လက်အသက်ရှင်လိုဦးမည်လော။ စိတ်ဓာတ်ကျကာ လက်လျော့အရှုံးပေးလိုက်မည်လော။
ဖော်ပြထားသောဝမ်းနည်းဖွယ်အခြေအနေသည် သမ္မာကျမ်းစာခေတ်က အသက်ရှင်ခဲ့သည့် ယောဘအမည်ရှိသောသူ၏ ဘဝဖြစ်ရပ်မှန်ဖြစ်သည်။ (ယောဘအခန်းကြီး ၁၊ ၂) အလွန်စိတ်ဓာတ်ကျနေသောကြောင့် ဤသို့ ယောဘသည် ဝမ်းနည်းကြေကွဲစွာဖြင့် ဖော်ပြသည်– “ငါ့ဝိညာဉ်သည် အသက်ကို ငြီးငွေ့၏။” သူသည် စိတ်သက်သာမှုအတွက် သေခြင်းတရားကို တောင့်တနေခြင်းဖြစ်သည်။ (ယောဘ ၁၀:၁; ၁၄:၁၃) ယောဘသည် ကြီးမားပြင်းထန်သည့် ဆင်းရဲဒုက္ခကြားမှ ဘုရားသခင်အပေါ် မိမိ၏သမာဓိကို ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ယောဘ၏ “ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက်၊ နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေးတော်မူ” သည်။ ဤသို့အားဖြင့် သူသည် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့်ကြွယ်ဝ” ကာအေးချမ်းစွာ သေဆုံးခဲ့လေသည်။—ယောဘ ၄၂:၁၂၊ ၁၇။
ယနေ့အချိန်အထိ ချီးမွမ်းခံရသည့် ခံနိုင်ရည်နှင့်ပတ်သက်သော ပုံသက်သေတစ်ခုကို ယောဘတင်ပြခဲ့သည်။ သူတွေ့ကြုံရသောစမ်းသပ်မှုများသည် သူ၏ပင်ကိုစရိုက်လက္ခဏာကို တိုးတက်ကောင်းမွန်စေပြီး အခြားသူများအတွက်လည်း ကောင်းသောအကျင့်များကျင့်ရန် လှုံ့ဆော်မှုဖြစ်စေသည်။ (ယာကုပ် ၅:၁၀၊ ၁၁) အရေးအကြီးဆုံးမှာ ယောဘ၏အပြစ်ဆိုဖွယ်မရှိသော သမာဓိကြောင့် ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေခြင်းဖြစ်သည်။ (သု. ၂၇:၁၁) ဤသို့အားဖြင့် ဒုက္ခခံစားရသော အခြေအနေ၏အိပ်မက်ဆိုးတစ်ခုသည် နောက်ဆုံးတွင် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ သစ္စာရှိခြင်း၊ သမာဓိရှိခြင်းတို့၏ ကြီးမားသောအောင်ပွဲဖြစ်လာသည်။ ထိုအရာတို့သည် ယောဘနှင့် သူ့ပုံသက်သေကို လိုက်လျှောက်ဖို့ လှုံ့ဆော်ခံရသောသူအားလုံးအတွက် ကောင်းချီးဖြစ်စေသည်။
စမ်းသပ်မှုအမျိုးမျိုးကြားမှ မျှော်လင့်ချက်
ယောဘတွေ့ကြုံခဲ့ရသော စမ်းသပ်မှုမျိုး သင်ခံစားရနိုင်သည်။ ချစ်မြတ်နိုးသူတစ်ဦးသေဆုံးသွားသောအခါ စိတ်ထိခိုက်ဝမ်းနည်းပေမည်။ အသည်းအသန်ဖျားနာမှုသည် သင့်ဘဝအတွက် ခံပြင်းနာကြည်းဖွယ် အတွေ့အကြုံတစ်ခုဖြစ်ပေမည်။ ရင်နင့်ဖွယ်ကွာရှင်းပြတ်စဲမှုကြောင့် သင့်ဘဝတစ်လျှောက်လုံး ကမောက်ကမဖြစ်ဖွယ် အကြောင်းရှိနိုင်သည်။ စီးပွားပျက်မှုသည် သင့်ကို ဆင်းရဲမွဲတေစေမည်။ သင်သည် စစ်မှန်သောဝတ်ပြုရေးကို မနှစ်မြို့သောဆန့်ကျင်သူများ၏ ရက်စက်သောနှိပ်စက်ညှဉ်းပန်းမှု ပစ်မှတ်ဖြစ်ပေမည်။ စမ်းသပ်မှုများကို ကျော်လွှားနိုင်ရန် ရုန်းကန်နေခြင်းသည် အနာဂတ်မျှော်လင့်ချက်မရှိဟု ခံစားရစေနိုင်သည်။—၁ ပေတရု ၁:၆။
စိတ်ဓာတ်ကျဆင်းမှုကို လက်လျှော့အရှုံးပေးမည့်အစား ‘ငါဘာကြောင့် ဆင်းရဲဒုက္ခခံစားနေရတာလဲ’ ဟုမိမိကိုယ်ကိုမေးပါ။ “ဆိုးညစ်သူ (စာတန်မာရ်နတ်) ၏တန်ခိုးဩဇာအောက်တွင် ရောက်နေ” သောလောက၌ နေထိုင်နေသောကြောင့် ဒုက္ခခံစားနေရခြင်းဖြစ်သည်။ (၁ ယောဟန် ၅:၁၉၊ ကဘ) ရလဒ်အနေနှင့် လူတိုင်း ဒုက္ခခံစားရမည်ဖြစ်၏။ စာတန်၏သွေးထိုးမှုအားဖြင့်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကိုမုန်းတီးမှု၊ အခြားသူတို့၏မေတ္တာမဲ့သောစကားများ သို့မဟုတ် ဤ “နောက်ဆုံးကာလ” တွင် ရွံရှာဖွယ်ကောင်းသော ဘုရားတရားမဲ့သည့်အကျင့်များက ကျွန်ုပ်တို့အားလုံးကို တစ်နည်းနည်းဖြင့် ထိခိုက်နေသည်။—၂ တိမောသေ ၃:၁-၅။
သင့်အသက်တာတွင် ကြေကွဲဖွယ်အဖြစ်မျိုး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက သင်သည် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” ၏သားကောင် ဖြစ်ခဲ့ပေမည်။ (ဒေသနာ ၉:၁၁၊ ကဘ) နောက်တစ်ချက်အနေနှင့် အပြစ်တရားကို အမွေဆက်ခံထားသောကြောင့် အသက်တာတွင် လွဲမှားသောအခါများရှိသည်။ (ရောမ ၅:၁၂) သင်သည် ကြီးလေးသောအပြစ်လုပ်မိသည့်တိုင် နောင်တယူခဲ့၍ ဝိညာဉ်ရေးအကူအညီကို ကြိုးစားရှာဖွေခဲ့ပါက ဘုရားသခင်သည် မိမိကို ပစ်ပယ်ထားခဲ့ပြီဟု မယူမှတ်ပါနှင့်။ (ဆာလံ ၁၀၃:၁၀-၁၄; ယာကုပ် ၅:၁၃-၁၅) ကိုယ်တော်သည် ကျွန်ုပ်တို့ကို အခြားသူများထက် ဂရုစိုက်တော်မူ၏။ (၁ ပေတရု ၅:၆၊ ၇) “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏” ဟူသောအချက်ကို သင်စိတ်ချယုံကြည်နိုင်သည်။ (ဆာလံ ၃၄:၁၈) သင်တွေ့ကြုံရသောစမ်းသပ်မှုသည် မည်မျှပင်ဆိုးရွားပြင်းထန်ပါစေ ယင်းကို ရင်ဆိုင်နိုင်ရန် သင့်အား ယေဟောဝါဉာဏ်ပညာပေးနိုင်တော်မူသည်။ (ယာကုပ် ၁:၅-၈) ယေဟောဝါသည် ထိခိုက်နာကျင်မှုအားလုံးကို ဖျောက်ဖျက်ပေးနိုင်ကြောင်း အမြဲသတိရပါ။ ကိုယ်တော်၏မျက်နှာသာ သင်ရရှိသောအခါ အသက်ဆုကျေးဇူးကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ချေ။—ရောမ ၈:၃၈၊ ၃၉။
စမ်းသပ်ခံရခြင်းများမှ အကျိုးတစ်စုံတစ်ခု ရရှိနိုင်သလော
“တိမ်သားတိုင်းမှာ ငွေရောင်အနားသားရှိသည်” ဟူသော ရှေးရိုးစကားတစ်ခုရှိသည်။ ယင်းသည် အခြေအနေမည်မျှပင်ဆိုးရွားပါစေ၊ မျှော်လင့်နိုင်စရာတစ်ခု ရှိစမြဲဖြစ်ကြောင်း ရိုးရိုးလေးတင်ပြထားသော နည်းဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ရေးသားထားသော အရာမှန်သမျှ၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၌ “မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ” ဖြစ်သည်။ (ရောမ ၁၅:၄) သင့်အခြေအနေ မည်မျှပင်ဆိုးရွားပါစေ၊ ကျမ်းစာကတိတော်များနှင့်မူများသည် သင့်အား သစ်လန်းသောပျော်ရွှင်ခြင်းနှင့်မျှော်လင့်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ဘုရားသခင်ကို ချစ်မြတ်နိုးသောသူများရှေ့တွင် ချထားသောထာဝရကောင်းချီးများနှင့် နှိုင်းယှဉ်လိုက်သောအခါ “ခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခ” ဖြစ်သည်ဟု ကျမ်းစာက ပြသထား၏။ (၂ ကောရိန္သု ၄:၁၆-၁၈) ထို့အပြင် စုံစမ်းမှုကြားမှ ဘုရားရေးရာအရည်အသွေးများ တိုးတက်ကြီးပွားခြင်းသည် ကျော်ကြားခြင်း၊ ဥစ္စာကြွယ်ဝခြင်းတို့ထက် များစွာတန်ဖိုးရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ (၁ ယောဟန် ၂:၁၅-၁၇) ဤသို့အားဖြင့် ဆင်းရဲဒုက္ခပင်လျှင် ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်သည်။ (ဟေဗြဲ ၅:၈) အမှန်မှာ စမ်းသပ်ခံရစဉ်အတွင်း သိရှိခဲ့သည့်အရာများကို အသုံးချခြင်းသည် မမျှော်လင့်သောကောင်းချီးများကို ဖြစ်ပေါ်စေနိုင်သည်။
ခက်ခဲသောစမ်းသပ်မှုများသည် သင့်ကို ပိုမိုရင့်ကျက်တည်ငြိမ်လာစေမည်။ တစ်ချိန်က သင်သည် အခြားသူများကို အနှောင့်အယှက်ဖြစ်စေကာ မိမိ၏ဝိညာဉ်ရေးတိုးတက်မှုကိုပင် ဟန့်တားမှုဖြစ်စေသည့်ဉာဉ်ရှိကြောင်း သင်ဝန်ခံပေမည်။ ယင်းသည် မိမိကိုယ်ကို အလွန်အမင်းအထင်ကြီးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ ဘေးဒုက္ခကို ခံစားရပြီးနောက်မှ သင်သည် မည်မျှအားနည်းနေပြီး အခြားသူများကို သင်မည်မျှလိုအပ်နေကြောင်း ချက်ချင်းသိမြင်လာမည်။ ယင်းစမ်းသပ်ခံရခြင်းမှ သင်ခန်းစာရယူခဲ့၍ လိုအပ်သောပြောင်းလဲမှုများပြုလုပ်ခဲ့လျှင် ၎င်းမှအကျိုးရရှိခဲ့သည်။
ယခင်က သင့်စိတ်ကို မချုပ်တည်းနိုင်သောကြောင့် သင်နှင့်ဆက်ဆံသည့်အခါ ခက်ခဲမှုရှိကြောင်း အခြားသူများတွေ့ရှိလျှင်ကော အသို့နည်း။ ယင်းသည် ကျန်းမာရေးနှင့်ပတ်သက်သော ဖိစီးမှုအချို့ကိုပင် ဖြစ်ပေါ်နိုင်ပေမည်။ (သု. ၁၄:၂၉၊ ၃၀) သို့သော် ယခုအခါ ချုပ်တည်းနိုင်ဖို့ အကူအညီအတွက် ဘုရားသခင့်ဝိညာဉ်တော်ကို မှီခိုအားထားသဖြင့် သင့်အခြေအနေ ပိုမိုကောင်းမွန်လာပေမည်။—ဂလာတိ ၅:၂၂၊ ၂၃။
အခြားသူများနည်းတူ တစ်ချိန်က သင်သည် အပြစ်ပြုလုပ်သူများကို ကရုဏာပြသဖို့အလိုငှာ ထောက်ထားစာနာမှု ပျက်ကွက်ကောင်းပျက်ကွက်နိုင်သည်။ သို့ရာတွင် သင်ကိုယ်တိုင် ဂရုဏာပြသခံရရန် အကြီးအကျယ်လိုအပ်သည့်အခြေအနေမျိုးရောက်ရှိပြီးနောက် အခြားသူများကို ကရုဏာပြသဖို့ စိတ်ဆန္ဒပိုရှိလာနိုင်ဖွယ်ရှိသည်။ လှိုက်လှိုက်လှဲလှဲ စာနာထောက်ထားမှု၊ အရေးစိုက်မှုနှင့် ကရုဏာတို့ကို သင်ခံစားရပြီးနောက် နောင်တရသည့်မှားယွင်းသူများကို အလားတူအရည်အသွေးများ ပြသင့်သည်ဟုသဘောပေါက်လာမည်။ သင်ခံရသောဆင်းရဲဒုက္ခသည် သင့်ပင်ကိုစရိုက်ပါ အားနည်းချက်များကို ပြုပြင်ပြောင်းလဲဖို့ သင့်ကို လှုံ့ဆော်လျှင် ယင်းသည် သင့်အတွေ့အကြုံမှ ရရှိသောအကျိုးကျေးဇူးတစ်ခုဖြစ်သည်။ “[ကြင်နာခြင်း] ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ ဝါကြွားတတ်၏” ဟူသည့်အချက်ကို သင်နားလည်သွားပြီဖြစ်သည်။—ယာကုပ် ၂:၁၃; မဿဲ ၅:၇။
အကယ်၍ ခရစ်ယာန်အသင်းတော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရကာ သင်မြတ်နိုးသော အခွင့်အရေးများနှင့် အခြားသူများ၏လေးစားမှုတို့ကို ဆုံးရှုံးလျှင်ကော အသို့နည်း။ လက်မှိုင်မချလိုက်ပါနှင့်။ အရေးယူဆုံးမခြင်းသည် အသင်းတော်သန့်ရှင်းရေးအတွက် အကူအညီဖြစ်စေသည်၊ သို့သော် ၎င်း၏ဦးတည်ချက်သည် မှားယွင်းသူများကိုဝိညာဉ်ရေးအရ ပြုပြင်ပြောင်းလဲစေရန်အတွက် ပါဝင်သည်။ “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏” ဟူသည့်အချက်ကို ဝန်ခံရပေမည်။ (ဟေဗြဲ ၁၂:၁၁) ဆုံးမပဲ့ပြင်မှုသည် အကြီးအကျယ်စိတ်ပျက်စေနိုင်သော်လည်း နှိမ့်ချစွာနောင်တယူသူအတွက် မျှော်လင့်ချက်မဲ့မသွားစေပါ။ ရှေးဣသရေလဘုရင်ဒါဝိဒ်သည် မှားယွင်းမှုအတွက် အကြီးအကျယ်ဆုံးမခံခဲ့ရသော်လည်း နောင်တယူသောကြောင့် နောက်ဆုံးတွင် ထူးကဲသောယုံကြည်ခြင်းရှိသူအဖြစ် အထူးချီးကျူးခံခဲ့ရသည်။—၂ ဓမ္မရာဇဝင် ၁၂:၇-၁၂; ဆာလံ ၃၂:၅; ဟေဗြဲ ၁၁:၃၂-၃၄။
စမ်းသပ်ခြင်းသည် သင့်အမြင်အပေါ် နက်ရှိုင်းစွာအကျိုးသက်ရောက်နိုင်သည်။ ဤလောကတွင် အသိအမှတ်ပြုခံရဖို့၊ လူမှုရေးအဆင့်အတန်းရရှိဖို့အတွက် ရုပ်ဝါဒပန်းတိုင်များနှင့် အောင်မြင်ကျော်ကြားမှုတို့ကိုသာ သင်ယခင်က အာရုံစိုက်ခဲ့ပေမည်။ စီးပွားပျက်မှု၊ ရုပ်ပစ္စည်းဆုံးရှုံးမှုနှင့်ဆက်နွှယ်နေသည့်ဆင်းရဲဒုက္ခက သင့်ကို သာ၍အရေးကြီးသည့်အရာများအပေါ် အာရုံစိုက်စေပေမည်။ (ဖိလိပ္ပိ ၁:၁၀ နှိုင်းယှဉ်။) ယခုအခါ ဝိညာဉ်ရေးဆိုင်ရာအရည်အသွေးများနှင့် မြင့်မြတ်သောလုပ်ငန်းတော်ဆိုင်ရာပန်းတိုင်များကသာလျှင် စစ်မှန်သောပျော်ရွှင်မှုနှင့် တည်မြဲသောကျေနပ်ရောင့်ရဲမှုတို့ကို ဖြစ်စေမည်ဟု သင်သဘောပေါက်လာပေမည်။
ယေဟောဝါကို ယုံကြည်ကိုးစားပါ
ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတော်ကို လုပ်ဆောင်ခြင်းသည် ခရစ်ယာန်ယုံကြည်ချက်ကို ဆန့်ကျင်သူများ၏လက်ထဲတွင် နှိပ်စက်ညှဉ်းပန်းခြင်းနှင့်ဆင်းရဲဒုက္ခ ခံစားရစေနိုင်ပေမည်။ ယင်းစမ်းသပ်မှုကြောင့် ဖိနှိပ်ခံရသည်ဟု ခံစားနိုင်သော်လည်း ၎င်းမှအကျိုးထွက်ပေါ်လာနိုင်သည်။ ဤစမ်းသပ်မှုသည် သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပေမည်။ ထို့အပြင် နှိပ်စက်ညှဉ်းပန်းခြင်းခံစားနေရသောအခြားသူများသည် သင်၏တည်ကြည်မှုကို တွေ့မြင်ခြင်းဖြင့် အားပေးမှုနှင့်ခွန်အားကို ရရှိနိုင်မည်။ သင်၏အမူအကျင့်ကောင်းများကို တပ်အပ်တွေ့မြင်သူများသည် ဘုရားသခင်ကိုချီးမွမ်းဖို့ လှုံ့ဆော်ခံရမည်။ သင့်ကို ဆန့်ကျင်သူများပင် ရှက်ကြောက်ခြင်းရှိပြီး သင်၏ကောင်းသောအလုပ်များကို အသိအမှတ်ပြုလာနိုင်သည်။—၁ ပေတရု ၂:၁၂; ၃:၁၆။
နှိပ်စက်ညှဉ်းပန်းမှုခံရသောအခါ စိတ်ဓာတ်ကျမှုကို ရှောင်ရှားနိုင်ရန် ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လိုအပ်သည်။ စမ်းသပ်ခြင်းမှ သက်သာမှုမုချရရှိမည်ကို ကိုယ်တော့်နှုတ်ကပါဌ်တော်က ဖော်ပြထားသော်လည်း မျှော်လင့်ထားသည့်အတိုင်း ချက်ချင်းဖြစ်လာမည်တော့မဟုတ်ချေ။ ထိုအတောအတွင်း “အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကိုကျင့်ကြလော့။” (၂ သက်သာလောနိတ် ၃:၁၃) စမ်းသပ်မှုများကို ရင်ဆိုင်နိုင်ဖို့နှင့် ခံနိုင်ရည်ရှိဖို့အတွက် နည်းလမ်းများကို ဆက်လက်ရှာဖွေပါ။ မျှော်လင့်ချက်မဲ့ဟန်ရှိသည့်အခါ၌ပင် “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) မိမိကိုယ်ကို သနားစိတ်တွင် နစ်မွန်းနေမည့်အစား ယေဟောဝါကိုသိလာခြင်း၊ ကိုယ်တော်၏လူမျိုးအလယ်တွင် နေထိုင်ရခြင်း၊ ထာဝရအသက်ကို ပိုင်ဆိုင်ရခြင်းတို့ကြောင့် သင်ကောင်းချီးမည်မျှခံစားရကြောင်းကို စဉ်းစားပါ။—ယောဟန် ၃:၁၆၊ ၃၆။
အဓိကလိုအပ်ရာများအပေါ် အာရုံစိုက်ထားပါ။ နေ့စဉ် ယေဟောဝါထံ ဆုတောင်းချဉ်းကပ်ပါ၊ ခံနိုင်ရည်အတွက် ခွန်အားတောင်းလျှောက်ပါ။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ဆင်းရဲဒုက္ခဖြစ်ပေါ်စေသူများကို လက်တုန့်ပြန်မည့် မည်သည့်အတွေးအခေါ်ကိုမဆို ဖျောက်ဖျက်လိုက်ပါ။ ယေဟောဝါထံတွင် ကိစ္စမှန်သမျှကို အပ်နှံထားပါ။ (ရောမ ၁၂:၁၉) သင့်ပင်ကိုစရိုက် တိုးတက်ကောင်းမွန်လာစေဖို့ နည်းလမ်းများကို ဆက်လက်ရှာဖွေပါ၊ ခရစ်ယာန်အရည်အသွေးများကို ပြုစုပျိုးထောင်ပါ။ (၂ ပေတရု ၁:၅-၈) ဝိညာဉ်ရေးလိုအပ်ရာများကို မေတ္တာနှင့် ဂရုစိုက်ပေးသော အသက်ကြီးသူများအပါအဝင် အခြားသူများ သင့်အတွက် ပြုလုပ်ပေးသောအရာတိုင်းအတွက် ကျေးဇူးတင်ပါ။ (ဟေဗြဲ ၁၃:၇၊ ၁၇) ဘုရားသခင်အပေါ် သစ္စာတည်ကြည်ပါ၊ အသက်ဆုကို မျက်ခြည်မပြတ်ပါစေနှင့်၊ ယင်းကို သေခြင်းတရားကပင် မဖျောက်ဖျက်နိုင်ကြောင်း ယုံကြည်စိတ်ချပါ။—ယောဟန် ၅:၂၈၊ ၂၉; ၁၇:၃။
သင်သည် ကြီးကျယ်သောဝမ်းနည်းမှုများ၊ ပြင်းထန်သောစမ်းသပ်မှုများကို ယခု တွေ့ကြုံခံစားနေရသော် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစား” ပါ၊ နောက်ဆုံးတွင် ဝမ်းမြောက်မှုအလျှံပယ်သည် ဝမ်းနည်းမှုနှင့်ဆင်းရဲဒုက္ခကို နေရာယူပါလိမ့်မည်။ (သု. ၃:၅၊ ၆; ယောဟန် ၁၆:၂၀) ယောဘနည်းတူ သင့်ကို ဘုရားသခင်ကောင်းချီးပေးသောအချိန်တွင် ပျော်ရွှင်မှုသည် စိတ်ဆင်းရဲမှုနေရာ၌ အစားထိုးခံရပါလိမ့်မည်။ သင်ရမည့်ဆုနှင့်နှိုင်းယှဉ်လိုက်သောအခါ မျက်မှောက်ကာလ၌ ခံစားနေရသော ဆင်းရဲဒုက္ခသည် ဘာမျှမဟုတ်တော့ချေ။ (ရောမ ၈:၁၈ နှိုင်းယှဉ်။) သင်၏သစ္စာရှိ ခံနိုင်ရည်သည် အခြားသူများကို အားပေးမှုဖြစ်စေနိုင်ပြီး “လူသစ်” နှင့်ဒွန်တွဲလာသည့် ကောင်းမြတ်သောခရစ်ယာန်အရည်အသွေးများကို ပျိုးထောင်ဖို့ အကူအညီဖြစ်စေသည်။ (ဧဖက် ၄:၂၃၊ ၂၄; ကောလောသဲ ၃:၁၀၊ ၁၂-၁၄) တမန်တော်ပေတရု၏ အောက်ပါပညာရှိအကြံဉာဏ်မှ အားယူပါ– “ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသောအသက်သခင်ကဲ့သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့အသက်ဝိညာဉ်ကိုအပ်နှံကြစေ။”—၁ ပေတရု ၄:၁၉။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယောဘကဲ့သို့ဖြစ်ပါ။ ဘယ်တော့မျှ လက်မှိုင်မချပါနှင့်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့