လျှို့ဝှက်မှု—အဘယ်ကြောင့် ဤမျှများရသနည်း
“လျှို့ဝှက်ထားရတာလောက် ဝန်လေးပြီးပင်ပန်းတာမရှိ။” ပြင်သစ်စကားပုံတစ်ခုကဆိုသည်။ ယင်းက လျှို့ဝှက်ချက်တစ်ခုကို ကျွန်ုပ်တို့သိရသောအခါ ပျော်ရွှင်သလောက် တစ်ခါတစ်ရံ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့မပြောဆိုနိုင်သောအခါ မချင့်မရဲဖြစ်ရသည်မှာ ရှင်းမနေပေလော။ သို့တိုင် ရာစုနှစ်များတစ်လျှောက် များစွာသောလူတို့သည် လျှို့ဝှက်ထားမှုကို ဝမ်းသာအယ်လဲလက်ခံကာ သာမန်ပန်းတိုင်တစ်ခုကို လိုက်မီရန်အတွက် လျှို့ဝှက်အုပ်စုများအဖြစ် ဖွဲ့စည်းပါဝင်ကြသည်။
ရှေးအကျဆုံးသော ဤလျှို့ဝှက်အသင်းများတွင် အီဂျစ်၊ ဂရိနှင့် ရောမတို့တွင်တွေ့ ရှိရသည့် လျှို့ဝှက်တစ်ယူသန်ဂိုဏ်းများပါဝင်သည်။ နောက်ပိုင်းတွင် ယင်းအုပ်စုများမှအချို့တို့သည် မိမိတို့၏ဘာသာရေးနောက်ခံမှ ကွဲလွင့်ကြကုန်ကာ နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေးအငွေ့အသက်များကို ခံယူလာကြကုန်သည်။ ဥပမာ အလယ်ခေတ်ဥရောပတွင် ကုန်သည်အသင်းများပေါ်ပေါက်လာရာ ယင်းတို့၏အဖွဲ့ဝင်များသည် အဓိကအားဖြင့် စီးပွားရေးကာကွယ်မှုအတွက် လျှို့ဝှက်ကြလေ့ရှိသည်။
ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းအရ ယခုခေတ်ရှိ လျှို့ဝှက်အုပ်စုများသည် “လူမှုရေးနှင့် လူ့အကျိုးပြုရည်ရွယ်ချက်များ” အတွက် ချီးမွမ်းဖွယ်ကောင်းသည့် အကြောင်းများဖြစ်သော “ကောင်းမှုပြုခြင်းနှင့် ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရန်” ဖွဲ့စည်းကြလေ့ရှိသည်။ အချို့သောဝါဒတူအဖွဲ့အစည်းများ၊ လူငယ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားအုပ်စုများသည်လည်း လျှို့ဝှက်ကြသည်၊ သို့မဟုတ် ယုတ်စွအဆုံး တစ်စိတ်တစ်ဒေသအားဖြင့် လျှို့ဝှက်ကြသည်။ ယေဘုယျအားဖြင့် ဤအဖွဲ့အစည်းများသည် အန္တရာယ်ပေးခြင်းမရှိဘဲ ယင်းတို့၏အဖွဲ့ဝင်များသည် လျှို့ဝှက်မှုကို စိတ်လှုပ်ရှားဖွယ်အဖြစ်သာ ခံယူကြသည်။ လျှို့ဝှက်ထုံးတမ်းစဉ်လာအခမ်းအနားများပြုလုပ်ခြင်းက တကယ်ပင်နှစ်သက်ဖွယ်ရာဖြစ်စေပြီး အပေါင်းအဖော်မွန်အဖြစ်ပေါင်းသင်းခြင်းနှင့် စည်းလုံးခြင်း၏နှောင်ကြိုးကို ခိုင်မြဲစေသည်။ အဖွဲ့ဝင်များသည် အသင်းဝင်ဖြစ်သည်ဟူသောခံစားချက်နှင့် ရည်ရွယ်ချက်ရှိသည်ဟူသောအသိကို ရရှိကြသည်။ ဤကဲ့သို့သော လျှို့ဝှက်အသင်းများသည် အဖွဲ့ဝင်မဟုတ်သူများကို အန္တရာယ်ပေးလေ့မရှိချေ။ အဖွဲ့ဝင်မဟုတ်သူများမှာလည်း လျှို့ဝှက်ချက်များကိုမသိရှိခြင်းကြောင့် ဘာမျှထိခိုက်နစ်နာမှုမရှိပါ။
လျှို့ဝှက်ထားမှုက အန္တရာယ်ရှိကြောင်းအချက်ပြသောအခါ
လျှို့ဝှက်အုပ်စုအားလုံးတို့သည် လျှို့ဝှက်မှုအတိုင်းအတာချင်းတူကြသည်မဟုတ်ပေ။ သို့သော် ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းက “လျှို့ဝှက်သူချင်းအပေါ်လျှို့ဝှက်ခြင်း” သည် အထူးသဖြင့် အန္တရာယ်ရှိသည်ဟု ဖော်ပြသည်။ ယင်းက “နာမည်ဝှက်များ၊ ယုံကြည်ချက်အတွက်စမ်းသပ်မှုများ သို့မဟုတ် အကြားအမြင်များကို အသုံးပြုခြင်းဖြင့်” ခေါင်းဆောင်ပိုင်းအလွှာအဖွဲ့ဝင်များသည် “မိမိတို့ကိုယ်ကို သီးခြားခွဲထုတ်ဖို့” စီစဉ်ကြပြီး၊ သို့အားဖြင့် “သာမန်အလွှာ အဖွဲ့ဝင်များကို အထက်လွှာသို့မီရန် ကြိုးစားအားထုတ်ဖို့” လှုံ့ဆော်ပေးသည်ဟု ရှင်းပြသည်။ ထိုသို့သောအုပ်စုများရှိ အန္တရာယ်မှာ သိသာထင်ရှားပါသည်။ ယင်းတို့ထဲရှိ သာမန်အဖွဲ့ဝင်များသည် သိမြင်နိုင်သည့်အဆင့်တိုင် မရောက်ရှိနိုင်သေးသဖြင့် ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်အမှန်ကို လုံးဝမသိရှိနိုင်ပေ။ မိမိတို့၏ပန်းတိုင်များနှင့် နည်းလမ်းများကို သင့်အားလုံးလုံးလျားလျား မရှင်းပြဘဲ ယင်းတို့ကို အနည်းငယ်သာဖော်ပြထားသောအုပ်စုအတွင်းသို့ ဝင်ရောက်ရန်လွယ်ကူပေသည်။ သို့သော် ထိုသို့သောအုပ်စုတစ်ခုအတွင်းသို့ ဆောင်သွင်းခြင်းခံရသူမှန်သမျှသည် နောက်ပိုင်းတွင် လျှို့ဝှက်နှောင်ကြိုးဖြင့် ချည်နှောင်ခြင်းခံရပြီး လွတ်ကင်းဖို့မလွယ်ကူတော့ချေ။
အုပ်စုတစ်ခုခုသည် တရားဥပဒေနှင့်ဆန့်ကျင်သော သို့မဟုတ် ရာဇဝတ်မှုနှင့်မကင်းသော ပန်းတိုင်များရှိကာ မိမိတို့တည်ရှိနေမှုကို ဖုံးကွယ်ရန်ကြိုးစားလျှင် လျှို့ဝှက်မှုသည် သာ၍ကြီးမားသောအန္တရာယ်ကို အချက်ပြသည်။ သို့မဟုတ် ယင်းတို့၏တည်ရှိခြင်းနှင့် ယေဘုယျပန်းတိုင်များကို လူအများသိရှိကြလျှင် ယင်းတို့၏အဖွဲ့ဝင်များနှင့် တဒင်္ဂအကြံအစည်များကို လျှို့ဝှက်ထားရန်ကြိုးစားကြပေမည်။ ယင်းအချက်မှန်ကြောင်း အခါအားလျော်စွာ သူတို့၏အကြမ်းဖက်လုပ်ရပ်များကြောင့် ကမ္ဘာကြီးကိုထိတ်လန့်တုန်လှုပ်စေသော ရက်စက်ခက်ထန်စွာအကြမ်းဖက်ရန် လှုံ့ဆော်ခံရသည့်အုပ်စုများတွင်တွေ့ရသည်။
မှန်ပါသည်၊ လျှို့ဝှက်ထားမှုက တစ်ဦးချင်းစီကိုလည်းကောင်း၊ အသင်းအဖွဲ့တစ်ခုလုံးကိုလည်းကောင်း အန္တရာယ်ဖြစ်စေနိုင်သည်။ အပြစ်မဲ့သောသားကောင်များအပေါ် အကြမ်းဖက်ဖို့အလို့ငှာ ရှာကြံနေကြသော ဆယ်ကျော်သက်လျှို့ဝှက်ဂိုဏ်းများ၊ လျှို့ဝှက်လျက်ရှိသည့်မာဖီးယားကဲ့သို့သော ပြစ်မှုကျူးလွန်သည့်အသင်းအဖွဲ့များ၊ ကူ ကလပ်စ် ကလန်း ကဲ့သို့သော လူဖြူများသာအမြင့်မြတ်ဆုံးဟုခံယူထားသည့်အုပ်စုများ၊a ထို့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ရရှိရန်ကြိုးပမ်းအားထုတ်မှုကို ဆက်၍ဟန့်တားနေသည့် ကမ္ဘာတစ်ဝန်းရှိအကြမ်းဖက်အုပ်စုများစွာကို ထည့်စဉ်းစားကြည့်ပါ။
ယခု သူတို့ ဘာလုပ်နေကြသနည်း
၁၉၅၀ ပြည့်လွန်နှစ်များအတွင်း စစ်အေးတိုက်ပွဲ၏ရလဒ်တစ်ခုအနေဖြင့် အနောက်ဥရောပနိုင်ငံတော်တော်များများတွင် လျှို့ဝှက်အုပ်စုများပေါ်ပေါက်လာသည်။ ဆိုဗီယက်တို့က အနောက်ဥရောပကို သိမ်းပိုက်ခဲ့ပါမူ တော်လှန်ရေးလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုရန်အတွက်ဖြစ်သည်။ ဥပမာ ဖိုးကပ်စ်ခေါ် ဂျာမန်သတင်းမဂ္ဂဇင်းအရ ဩစတြီးယားတွင် ထိုကာလအတွင်းက “လျှို့ဝှက်လက်နက်ထားသည့် ဂိုဒေါင် ၇၉ ခု” ကိုတည်ထောင်ထားသည်။ ဤအုပ်စုများတည်ရှိနေခြင်းကို ဥရောပနိုင်ငံတိုင်းက မသိရှိကြပါ။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်း၌ သတင်းမဂ္ဂဇင်းတစ်အုပ်က– “ယနေ့တွင် ယင်းသို့သောအဖွဲ့အစည်း မည်မျှလှုပ်ရှားနေကြောင်းနှင့် နောက်ဆုံး သူတို့ဘာလုပ်ဆောင်နေခြင်းကို မသိရသေးပါ” ဟုလက်တွေ့ကျကျသတင်းပေးပို့သည်။
အမှန်ပင်။ ကျွန်ုပ်တို့စဉ်းစားမိသည်ထက် ယခုအချိန်တွင် သာ၍ကြီးမားသောခြိမ်းခြောက်မှုကိုဖြစ်စေသည့် လျှို့ဝှက်အုပ်စုများ မည်မျှရှိသည်ကို အမှန်အားဖြင့်မည်သူသိနိုင်သနည်း။
[အောက်ခြေမှတ်ချက်များ]
a ယူ.အက်စ်.ရှိ ဤအုပ်စုသည် မီးလောင်နေသောလက်ဝါးကပ်တိုင်ကို ယင်း၏အထိမ်းအမှတ်အဖြစ် အသုံးပြုခြင်းအားဖြင့် အစောပိုင်းလျှို့ဝှက်အသင်းများ၏ ဘာသာရေးအသွင်အပြင်အချို့ကို ရယူထားကြသည်။ ယခင်က ယင်းတို့သည် ညအချိန်တွင် လျှပ်တစ်ပြက်ဝင်ရောက်တိုက်ခိုက်ခြင်းများပြုလုပ်ကြပြီး၊ ယင်း၏အဖွဲ့ဝင်များသည် ဝတ်ရုံများကိုဝတ်ဆင်၍ ပိတ်ဖြူများကိုခြုံထားကြကာ လူမည်းများ၊ ကက်သလစ်များ၊ ဂျူးများ၊ နိုင်ငံခြားသားများနှင့် အလုပ်သမားအဖွဲ့အစည်းတို့အပေါ် ဒေါသသွန်းလောင်းကြသည်။