ယေဟောဝါ—နက်နဲရာများကိုဖွင့်ပြတော်မူသော ဘုရားသခင်
“နက်နဲသောအရာတို့ကိုဖွင့်ပြ . . . တော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏။”—ဒံယေလ ၂:၂၈။
၁၊ ၂။ (က) ယေဟောဝါသည် မိမိ၏ရန်သူကြီးနှင့် မည်သို့ကွာခြားသနည်း။ (ခ) ဤကွာခြားချက်ကို လူတို့မည်သို့ရောင်ပြန်ဟပ်ကြသနည်း။
စကြဝဠာ၏ အမြင့်မြတ်ဆုံးသော မေတ္တာရှင်ဘုရားသခင်၊ တစ်ပါးတည်းသော ဖန်ဆင်းရှင် ယေဟောဝါသည် ဉာဏ်ပညာရှိတော်မူ၍ တရားမျှတသော ဘုရားသခင်ဖြစ်တော်မူသည်။ ကိုယ်တော်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ ကိုယ်တော်၏လုပ်ငန်းတော်များနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို လျှို့ဝှက်ထားစရာမလိုပါ။ ကိုယ်တော်သည် မိမိ၏အချိန်နှင့် ဆုံးဖြတ်ပိုင်ခွင့်အတိုင်း မိမိကိုယ်ကိုဖော်ပြတော်မူ၏။ ဤကိစ္စတွင် ကိုယ်တော်သည် မိမိမည်သူမည်ဝါဖြစ်သည်ကိုလည်းကောင်း၊ မိမိ၏ကြံရွယ်ချက်များကိုလည်းကောင်း ကြိုးစားဖုံးဝှက်ထားတတ်သည့် ကိုယ်တော်၏ရန်သူကြီး စာတန်မာရ်နတ်နှင့် ကွာခြားပါသည်။
၂ ယေဟောဝါနှင့် စာတန်သည် ဆန့်ကျင်ဘက်ဖြစ်ကြသကဲ့သို့ပင် သူတို့အား ကိုးကွယ်သူများသည်လည်း ထိုနည်းတူဖြစ်ကြသည်။ စာတန့်နောက်လိုက်သူများ၏ ထူးခြားသောဂုဏ်အင်္ဂါများမှာ လှည့်စားခြင်းနှင့် ကလိမ်ကျခြင်းတို့ဖြစ်သည်။ သူတို့သည် မှောင်မိုက်၏အကျင့်များကို ကျင့်နေကြလျက်ပင် သူတော်ကောင်းပုံဖမ်းတတ်ကြသည်။ ယင်းကို မအံ့သြဖို့ ကောရိန္သုခရစ်ယာန်များ မှာကြားခံခဲ့ကြရသည်။ “အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သောအမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။” (၂ ကောရိန္သု ၁၁:၁၃၊ ၁၄) ခရစ်ယာန်များကမူ သူတို့၏ခေါင်းဆောင် ခရစ်တော်အား မျှော်ကိုးကြသည်။ ကိုယ်တော်သည် ကမ္ဘာပေါ်ရှိတော်မူစဉ် ခမည်းတော်ယေဟောဝါဘုရားသခင်၏ စရိုက်လက္ခဏာတော်ကို ပြည့်ဝစုံလင်စွာ ရောင်ပြန်ဟပ်တော်မူခဲ့သည်။ (ဟေဗြဲ ၁:၁-၃) သို့ဖြင့် ခရစ်ယာန်များသည် ခရစ်တော်၏နောက်လိုက်ခြင်းအားဖြင့် သမ္မာတရား၏ဘုရားသခင်၊ ပွင့်လင်းခြင်းနှင့် အလင်း၏အရှင် ယေဟောဝါအား တုပနေကြပါသည်။ သူတို့သည်လည်း မိမိတို့မည်သူမည်ဝါဖြစ်ကြောင်း၊ မိမိတို့၏လုပ်ငန်းများနှင့် မိမိတို့၏ရည်ရွယ်ချက်များကို လျှို့ဝှက်ထားစရာမလိုကြပါ။—ဧဖက် ၄:၁၇-၁၉; ၅:၁၊ ၂။
၃။ ယေဟောဝါသက်သေဖြစ်လာသူများသည် “လျှို့ဝှက်ဂိုဏ်း” တစ်ခုကိုဝင်ရန် အတင်းအကျပ်စေခိုင်းခံရသည် ဟူသောစွပ်စွဲချက်ကို မည်သို့ငြင်းဆိုနိုင်မည်နည်း။
၃ အကောင်းဆုံးဖြစ်သည်ဟု ယေဟောဝါသိမြင်တော်မူသော အချိန်အခါများတွင် ကိုယ်တော်သည် လူတို့မသိရှိထားသော ကိုယ်တော်၏ရည်ရွယ်တော်မူချက်များနှင့် အနာဂတ်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဖော်ပြတော်မူသည်။ ဤသဘောမျိုးဖြင့် ကိုယ်တော်သည် နက်နဲသောအရာများကို ဖွင့်ပြတော်မူသောဘုရားသခင် ဖြစ်တော်မူသည်။ သို့ဖြင့် ကိုယ်တော့်အမှုတော်ထမ်းလိုသူများအား ဤဖော်ပြထားရာများကို သင်ယူလေ့လာကြရန် ဖိတ်ခေါ်ရုံမက တိုက်တွန်းနှိုးဆော်ပါသည်။ ၁၉၉၄ ခုနှစ်က ဥရောပနိုင်ငံတစ်နိုင်ငံရှိ သက်သေခံ ၁၄၅,၀၀၀ ကျော်ကို စစ်ဆေးချက်တစ်ခုပြုလုပ်ခဲ့ရာ သူတို့တစ်ဦးစီသည် သက်သေခံတစ်ယောက် ဖြစ်လာရန် စိတ်မဆုံးဖြတ်မီ ယေဟောဝါသက်သေများ၏ သွန်သင်ချက်များကို ပျမ်းမျှအားဖြင့် သုံးနှစ်ခန့် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးလေ့လာခဲ့ကြောင်း သိရှိရပါသည်။ သူတို့သည် အတင်းအကျပ်စေခိုင်းမခံရဘဲ ကိုယ်ကိုယ်တိုင်၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့မှာ လွတ်လပ်စွာ ရွေးချယ်ပြုမူခွင့် ဆက်လက်ရှိကြပါသည်။ ဥပမာ၊ ခရစ်ယာန်များအတွက် မြင့်မားသောအကျင့်စံနှုန်းများကို မခံယူနိုင်ကြတော့သည့်အတွက် အချို့တို့က သက်သေခံ ဆက်မဖြစ်လိုတော့ပါဟု ဆုံးဖြတ်ကြသည်။ သို့သော် စိတ်ဝင်စားစရာမှာ လွန်ခဲ့သောငါးနှစ်အတွင်း၌ သက်သေခံဖြစ်ခဲ့ဖူးသူ အတော်များများသည် သက်သေခံများအဖြစ် ပြန်လည်လှုပ်ရှားလာကြခြင်းဖြစ်သည်။
၄။ အဘယ်အကြောင်းက သစ္စာရှိခရစ်ယာန်များကို စိတ်အနှောင့်အယှက် မဖြစ်စေသင့်သနည်း။ အဘယ်ကြောင့်နည်း။
၄ ယခင်သက်သေခံအားလုံး ပြန်မလာကြသည်ကား မှန်သည်။ ဤသူတို့တွင် တစ်ချိန်က ခရစ်ယာန်အသင်းတော်၌ တာဝန်ရှိအနေအထားကို ရရှိဖူးသူများပင် ပါဝင်သည်။ ယင်းသည် အံ့ဩစရာမဖြစ်သင့်။ အကြောင်းမှာ ယေရှု၏အရင်းနှီးဆုံးနောက်လိုက်တစ်ဦးဖြစ်သူ တမန်တော်ယုဒပင်လျှင် သွေဖည်ခဲ့သည်။ (မဿဲ ၂၆:၁၄-၁၆၊ ၂၀-၂၅) သို့သော် ယင်းကြောင့် ခရစ်ယာန်ဘာသာတရားအပေါ် စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းရှိပါသလော။ ယင်းက ယေဟောဝါသက်သေများထမ်းဆောင်နေသည့် ပညာပေးလုပ်ငန်း၏ အောင်မြင်မှုကို ပျက်ပြယ်သွားစေပါသလော။ ယုဒရှကာရုတ်၏ သစ္စာဖောက်မှုက ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို ရပ်တန့်မသွားစေနိုင်သကဲ့သို့ လုံးဝပျက်ပြယ်မသွားစေပါ။
မတိုင်းမဆနိုင်အောင်အနန္တတန်ခိုးရှင်ဖြစ်လျက်ပင်ချစ်ခြင်းမေတ္တာရှင်ဖြစ်
၅။ ယေဟောဝါနှင့်ယေရှုတို့သည် လူသားများကိုချစ်ကြောင်း မည်သို့သိရှိနိုင်သနည်း။ ကိုယ်တော်တို့သည် ဤချစ်ခြင်းမေတ္တာကို မည်သို့ဖော်ပြကြသနည်း။
၅ ယေဟောဝါဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ လူတို့ကို ကိုယ်တော်ဂရုစိုက်တော်မူသည်။ (၁ ယောဟန် ၄:၇-၁၁) ကိုယ်တော်၏အဆင့်အရာသည် မတိုင်းဆနိုင်အောင်မြင့်မားသော်လည်း ကိုယ်တော်သည် လူသားများနှင့်မိတ်ဆွေဖွဲ့ရခြင်းကို နှစ်သက်တော်မူသည်။ ကိုယ်တော်၏ ရှေးခေတ်ကျေးကျွန်တစ်ဦးအကြောင်း ဤသို့ဖတ်ရှုရသည်– “‘အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏’ . . . အာဗြဟံသည်လည်း၊ ‘ဘုရားသခင်၏အဆွေ’ ဟူ၍ခေါ်ဝေါ်ခြင်းကို ခံရ၏။” (ယာကုပ် ၂:၂၃; ၂ ရာဇဝင်ချုပ် ၂၀:၇; ဟေရှာယ ၄၁:၈) လူသားမိတ်ဆွေအချင်းချင်း အတွင်းရေးကိစ္စများ၊ သို့မဟုတ် လျှို့ဝှက်စကားများကို ပြောဆိုတတ်ကြသကဲ့သို့ ယေဟောဝါသည် ကိုယ်တော်၏မိတ်ဆွေများနှင့် ထို့အတူပင်ပြုတော်မူသည်။ ဤကိစ္စတွင် ယေရှုသည် ခမည်းတော်ကို တုပတော်မူခဲ့သည်။ အကြောင်းမူကား ကိုယ်တော်သည် တပည့်တော်များနှင့် မိတ်ဆွေဖွဲ့ပြီး သူတို့အား လျှို့ဝှက်စကားများကို မိန့်မြွက်တော်မူခဲ့သည်။ “ယခုမှစ၍ ငါသည် သင်တို့ကိုကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။” (ယောဟန် ၁၅:၁၅) ယေဟောဝါနှင့် ကိုယ်တော်၏သားတော်အပြင် သူတို့၏မိတ်ဆွေများသာ သိရှိအပ်သောအကြောင်းအရာ သို့မဟုတ် “လျှို့ဝှက်စကားများ” သည် သူတို့ကို ချစ်မြတ်နိုးခြင်းမေတ္တာနှောင်ကြိုးဖြင့် စည်းလုံးစေပါသည်။—ကောလောသဲ ၃:၁၄။
၆။ ယေဟောဝါသည် မိမိ၏ကြံရွယ်ချက်များကို အဘယ်ကြောင့်ဝှက်ထားစရာမလိုသနည်း။
၆ “ကိုယ်တော်ဖြစ်စေတော်မူ၏” ဟူ၍အဓိပ္ပာယ်ရှိသော ယေဟောဝါ ဟူသည့်နာမတော်က ကိုယ်တော်၏ရည်ရွယ်ချက် အောင်မြင်စေရန် ကိုယ်တော်ဖြစ်စေလိုသည့်အရာမှန်သမျှကို ဖြစ်စေနိုင်စွမ်းရှိခြင်းကို တင်ပြပါသည်။ ယေဟောဝါသည် လူသားများနှင့်မတူဘဲ ကိုယ်တော်၏ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်ရေးအား သူတစ်ပါးတားဆီးကောင်းတားဆီးမည်ကို စိုးရိမ်တော်မူသောကြောင့် ၎င်းတို့ကို ထိမ်ဝှက်ထားရသည့်အဖြစ်မှ ကင်းဝေးတော်မူသည်။ မဖြစ်မြောက်နိုင်ဟူ၍ မရှိသောကြောင့် ပြုလုပ်တော်မူမည်ဟု ရည်ရွယ်ထားရာအများအပြားကို ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် အတိအလင်း ဖော်ပြထားတော်မူသည်။ ကိုယ်တော်က “ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟုကတိထားတော်မူသည်။—ဟေရှာယ ၅၅:၁၁။
၇။ (က) ယေဟောဝါသည် ဧဒင်အရပ်တွင် အဘယ်အကြောင်းကို ကြိုတင်ဟောတော်မူသနည်း။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း စာတန်မည်သို့သက်သေထင်ရှားစေသနည်း။ (ခ) ၂ ကောရိန္သု ၁၃:၈ ပါမူသည် မည်သို့အမြဲမှန်ကန်နေသနည်း။
၇ ဧဒင်အရပ်တွင် ပုန်ကန်မှုဖြစ်ပြီးနောက် များမကြာမီအချိန်တွင် ယေဟောဝါသည် မိမိနှင့်မိမိ၏ရန်သူကြီး စာတန်တို့စပ်ကြား မပြီးဆုံးနိုင်သေးသောရန်ငြိုး၏ နောက်ဆုံးအကျိုးဆက်ကို အကြမ်းဖျင်းဖော်ပြတော်မူသည်။ ဘုရားသခင်ကတိထားရာမျိုးစေ့သည် သေလောက်အောင် ပြင်းထန်သောဒဏ်ရာရရှိမည်ဖြစ်သော်လည်း စာတန်မူကား သေသည့်အထိ ထိခိုက်မှုဝေဒနာကို ခံသွားရမည်ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) စီ.အီး. ၃၃ တွင်မာရ်နတ်သည် မျိုးနွယ်တော်ခရစ်တော်ယေရှုအား သေဆုံးစေခြင်းဖြင့် အမှန်ဒဏ်ရာရစေခဲ့သည်။ ဤနည်းဖြင့် စာတန်သည် ကျမ်းစာကိုပြည့်စုံစေခဲ့ရာ ယင်းကြောင့် စာတန်မရည်ရွယ်ဘဲ ယေဟောဝါသည် သမ္မာတရား၏ဘုရားသခင်ဖြစ်ကြောင်း သက်သေထင်ရှားလာလေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားကိုမုန်းတီးသည့် စာတန်၏စိတ်ထားနှင့် သူ၏နောင်တမယူ၊ ထောင်လွှားသောသဘောက ပြုလုပ်လိမ့်မည်ဟု ဘုရားသခင်ကြိုတင်ဟောတော်မူသောအမှုကို သူ့အားပြုလုပ်စေပါသည်။ မှန်ပါသည်၊ “ငါတို့သည် သမ္မာတရားကိုဆီးတားခြင်းငှာ အလျှင်းမတတ်နိုင်ကြ။ သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏” ဟူသောမူသည် စာတန်အပါအဝင် သမ္မာတရားကို အတိုက်အခံပြုသူအားလုံးအတွက်မှန်ကန်သည်။—၂ ကောရိန္သု ၁၃:၈။
၈၊ ၉။ (က) အဘယ်အကြောင်းကို စာတန်သိထားသနည်း။ သူသိထားသည့်အတွက် ယေဟောဝါ၏ရည်ရွယ်ချက်များကို မအောင်မြင်ဘဲ ပျက်စီးသွားစေပါမည်လော။ (ခ) အဘယ်ပြတ်သားသော သတိပေးချက်ကို ယေဟောဝါအား အတိုက်အခံပြုသူများ ဥပေက္ခာပြုကြသနည်း။ အဘယ်ကြောင့်နည်း။
၈ ဘုရားသခင့်နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်တွင် မျက်မြင်မရနည်းဖြင့် တည်ထောင်ခဲ့သည့်အချိန်ကတည်းက ဗျာဒိတ် ၁၂:၁၂ သက်ဆိုင်နေပြီ– “ထို့ကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ စာတန်မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” သူ၏ကာလ တစ်ခဏသာရှိသည်ကိုသိခြင်းက စာတန်အား သူ၏လမ်းစဉ်ကို ပြုပြင်စေပါသလော။ ထိုသို့ပြုပါက ယေဟောဝါသည် သမ္မာတရား၏ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်သည် အုပ်စိုးပိုင်ထိုက်ရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ထိုက်ကြောင်း စာတန်ဝန်ခံရာကျလိမ့်မည်။ သို့ရာတွင် မာရ်နတ်သည် ယင်းတို့ကိုသိထားလျက်နှင့် မိမိရှုံးနိမ့်ပြီဟု ဝန်မခံလိုပါ။
၉ ယေဟောဝါသည် စာတန့်လောကစနစ်ကို ခရစ်တော် တရားစီရင်သည့်အခါ အဘယ်အမှုများဖြစ်ပျက်မည်အကြောင်း အတိအလင်းဖော်ပြထားတော်မူသည်။ (မဿဲ ၂၄:၂၉-၃၁; ၂၅:၃၁-၄၆) ယင်းနှင့်စပ်လျဉ်း၍ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ကမ္ဘာ့အစိုးရမင်းများအကြောင်း ဤသို့ကြေညာသည်– “‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏’ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်” လိမ့်မည်။ (၁ သက်သာလောနိတ် ၅:၃) စာတန်၏ ဦးဆောင်မှုနောက် လိုက်သူများသည် ဤရှင်းလင်းပြတ်သားသော သတိပေးချက်ကို ဥပေက္ခာပြုကြသည်။ သူတို့သည် ဆိုးညစ်သောနှလုံးကြောင့် မျက်စိကွယ်နေကြပြီး၊ ယင်းက သူတို့၏ဆိုးညစ်သောလမ်းစဉ်မှ နောင်တမယူကြဘဲ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကို ဖျက်လိုဖျက်ဆီးပြုမည့် သူတို့၏အကြံအစည်နှင့် နည်းဗျူဟာတို့ကို မပြောင်းလဲရန် တားဆီးပါသည်။
၁၀။ (က) ၁ သက်သာလောနိတ် ၅:၃ ကအဘယ်အတိုင်းအတာအထိ ပြည့်စုံခဲ့ပေမည်နည်း။ သို့သော် ယေဟောဝါ၏လူများသည် မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) နောက်ပိုင်းတွင် ယုံကြည်ခြင်းမရှိသူများသည် ဘုရားသခင်၏လူများကို အဘယ်ကြောင့်ပိုအတင့်ရဲစွာ အတိုက်အခံပြုကြလိမ့်မည်နည်း။
၁၀ အထူးသဖြင့် ယူအဲန်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်ဟု ကြေညာခဲ့သော ၁၉၈၆ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်း တစ်ကမ္ဘာလုံး ပြောဆိုနေကြပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးရှိဖို့ရန် အသေအချာစီစဉ်ပြုလုပ်နေကြရာ အောင်မြင်မှုအနည်းငယ် ရှိပုံပေါက်သည်။ ယင်းက ဤပရောဖက်ပြုချက် လုံးဝပြည့်စုံခြင်းလော။ သို့မဟုတ် အနာဂတ်တွင် ထိတ်လန့်စရာကြေညာချက်တစ်မျိုးမျိုးကို ကြားနာရဦးမည်လော။ အချိန်တန်လျှင် ယင်းကို ယေဟောဝါရှင်းပြတော်မူမည်။ ဤအချိန်အတောအတွင်း “ဘုရားသခင်၏နေ့ ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တလျက်” ဝိညာဉ်ရေးဘက် နိုးနိုးကြားကြား ရှိနေကြစို့။ (၂ ပေတရု ၃:၁၂) ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်း ပြောဆိုနေဆဲကာလ ကုန်ခန်းသွားစဉ် ဤသတိပေးချက်ကို သိရှိထားသော်လည်း ဥပေက္ခာပြုလိုသူအချို့က ယေဟောဝါသည် စကားတည်မည်မဟုတ်၊ သို့မဟုတ် တည်နိုင်မည်မဟုတ်ဟု ယူမှတ်ပြီး ပိုမိုကလန်ကဆန်ပြုမူကြပေမည်။ (ဒေသနာ ၈:၁၁-၁၃; ၂ ပေတရု ၃:၃၊ ၄ နှိုင်းယှဉ်။) သို့သော် ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်ကို ဖြစ်မြောက်အောင်မြင်စေမည်ဟု စစ်မှန်သောခရစ်ယာန်များ သိထားကြသည်။
ယေဟောဝါအသုံးပြုသော ကိုယ်စားလှယ်များကိုလျောက်ပတ်စွာ ရိုသေခြင်း
၁၁။ ဒံယေလနှင့် ယောသပ်တို့သည် ယေဟောဝါအကြောင်း အဘယ်အရာသိရှိခဲ့သနည်း။
၁၁ နီယို-ဗာဗုလုန်အင်ပါယာ၏အုပ်စိုးရှင် နေဗုခဒ်နေဇာမင်းသည် သူမမှတ်မိနိုင်သော စိတ်မအီမသာဖြစ်စေသည့် အိပ်မက်ကို မြင်မက်ခဲ့သောအခါ အကူအညီတောင်းဆိုပါသည်။ သူ၏မှော်ဆရာ၊ ဗေဒင်ဆရာ၊ နတ်ဝိဇ္ဇာဆရာများတို့သည် သူ၏အိပ်မက်ကို မဖော်ပြတတ်၊ အနက်ကိုလည်း မဖွင့်ပြတတ်ကြပါ။ သို့ရာတွင် ဘုရားသခင်၏ကျေးကျွန် ဒံယေလသည် အနက်ကို ဖွင့်ပြနိုင်သည်။ သို့သော် မင်းကြီး၏အိပ်မက်နှင့် ၎င်း၏အနက်ကို ဖွင့်ပြနိုင်သည်ကား သူ၏ကိုယ်ပိုင်ဉာဏ်ပညာကြောင့်မဟုတ်ကြောင်း မဆိုင်းမတွဝန်ခံခဲ့၏။ “နက်နဲသောအရာတို့ကိုဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတ္တံ့သောအရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏” ဟုဒံယေလပြောသည်။ (ဒံယေလ ၂:၁-၃၀) ယေဟောဝါသည် နက်နဲသောအရာတို့ကိုဖွင့်ပြတော်မူသော ဘုရားသခင်ဖြစ်ကြောင်း အစောပိုင်းရာစုနှစ်အနည်းငယ်က ကိုယ်တော်၏အခြားပရောဖက်တစ်ဦးဖြစ်သူ ယောသပ်လည်း ထပ်တူတွေ့ကြုံခဲ့ပါသည်။—ကမ္ဘာဦး ၄၀:၈-၂၂; အာမုတ် ၃:၇၊ ၈။
၁၂၊ ၁၃။ (က) မည်သူသည် ယေဟောဝါ၏အကြီးမြတ်ဆုံးပရောဖက်ဖြစ်ဖူးသနည်း။ ထိုသို့ အဘယ်ကြောင့်ဖြေဆိုရသနည်း။ (ခ) ယနေ့ မည်သူတို့သည် “ဘုရားသခင်၏နက်နဲသောအရာတို့ကို စောင့်သောဘဏ္ဍာစိုးများ” အဖြစ်အမှုထမ်းနေကြသနည်း။ သူတို့ကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။
၁၂ ကမ္ဘာပေါ်အမှုထမ်းခဲ့သော ယေဟောဝါ၏အကြီးမြတ်ဆုံးပရောဖက်သည် သခင်ယေရှုဖြစ်တော်မူသည်။ (တမန်တော် ၃:၁၉-၂၄) ပေါလုက ဤသို့ရှင်းပြသည်– “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည် ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။”—ဟေဗြဲ ၁:၁၊ ၂။
၁၃ ယေဟောဝါသည် အစောပိုင်းခရစ်ယာန်များအား မြင့်မြတ်သောနက်နဲရာများကို ဖွင့်ပြတော်မူခဲ့သော သားတော်ယေရှုမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည်။ ယေရှုက “သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏” ဟုသူတို့အား မိန့်တော်မူ၏။ (လုကာ ၈:၁၀) နောက်ပိုင်းတွင် ပေါလုက ဘိသိက်ခံခရစ်ယာန်များသည် ‘ခရစ်တော်၏အစေအပါနှင့် ဘုရားသခင်၏ နက်နဲသောအရာတို့ကိုစောင့်သောဘဏ္ဍာစိုးများ’ ဖြစ်ကြသည်ဟုဆိုသည်။ (၁ ကောရိန္သု ၄:၁) ယနေ့ ဘိသိက်ခံခရစ်ယာန်များသည် ထိုသို့ပင်ဆက်လက်အမှုဆောင်နေကြကာ သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားအဝင်များအဖြစ် ဖွဲ့စည်းပါဝင်ကြပြီး ယင်း၏အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် အချိန်တန်ဝိညာဉ်အစာကို ကျွေးမွေးနေကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ရှေးလွန်လေပြီးသောအချိန်က ဘုရားသခင်၏မှုတ်သွင်းခံပရောဖက်များနှင့် အထူးသဖြင့် ဘုရားသခင်၏သားတော်ကို ကျွန်ုပ်တို့ အလွန်လေးစားကြမည်ဆိုလျှင် ဤခဲယဉ်းဆိုးယုတ်သောအချိန်တွင် ကိုယ်တော့်လူမျိုး အလွန်လိုအပ်သော ကျမ်းစာအသိပညာကို ဖော်ပြပေးရန် ယနေ့ ယေဟောဝါအသုံးပြုနေတော်မူသော လူသားကိုယ်စားလှယ်ကိုလည်း လေးစားသင့်သည်မဟုတ်ပေလော။
ပွင့်လင်းမှုလော၊ လျှို့ဝှက်မှုလော
၁၄။ ခရစ်ယာန်များသည် အဘယ်အချိန်တွင် လုပ်ငန်းရပ်များကို ပုန်းလျှိုးကွယ်လျှိုး ထမ်းဆောင်ရသနည်း။ သို့ဖြင့် မည်သူ၏ပုံသက်သေကို တုပကြသနည်း။
၁၄ ယေဟောဝါသည် နက်နဲရာများကို ပွင့်လင်းစွာ ဖွင့်ပြတော်မူသည့်အတွက် ခရစ်ယာန်များလည်း သိရှိထားလေသမျှကို အခြေအနေတိုင်းတွင် အမြဲဖော်ပြသင့်သည်ဟု ဆိုလိုပါသလော။ အမှန်မှာ ခရစ်ယာန်များသည် “မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့” ဟူသော တမန်တော်များအား ယေရှုမှာကြားသည့်စကားကို လိုက်နာနေကြပါသည်။ (မဿဲ ၁၀:၁၆) သူတို့၏အသိစိတ်ညွှန်ကြားသည့်အတိုင်း ဘုရားသခင်ကိုဝတ်မပြုရဟု အမိန့်ပေးခံရလျှင် ခရစ်ယာန်များသည် “ဘုရားသခင်၏စကားတော်ကို နားထောင်” ကြပါသည်။ အကြောင်းမှာ မည်သည့်လူ့ကိုယ်စားလှယ်အဖွဲ့မျှ ယေဟောဝါ၏ဝတ်ပြုမှုကို ချုပ်ချယ်ပိုင်ခွင့်မရှိကြောင်း သူတို့သိရှိထားကြသည်။ (တမန်တော် ၅:၂၉) ယင်း၏သင့်တော်အပ်စပ်မှုကို ယေရှုကိုယ်တော်တိုင် လက်တွေ့တင်ပြခဲ့ကြောင်း ဤသို့ဖတ်ရှုရသည်– “ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကိုသတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌လှည့်လည်ခြင်းငှာ အလိုတော်မရှိ။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ယေရှုကလည်း [ကိုယ်တော်၏ မယုံကြည်သူ ညီအစ်ကိုအရင်းတို့အား] ‘. . . ထိုပွဲသို့သင်တို့သွားကြလော့။ ငါမသွားသေး။ ငါ့အချိန်မပြည့်စုံသေး’ ဟုမိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှား ကြွတော်မူ၏။”—ယောဟန် ၇:၁၊ ၂၊ ၆၊ ၈-၁၀။
ဖွင့်ပြောရမည်လော၊ မပြောဘဲနေရမည်လော
၁၅။ တစ်ခါတစ်ရံ အကြောင်းတစ်ခုကို လျှို့ဝှက်ထားခြင်းသည် မေတ္တာပြရာကျကြောင်း ယောသပ် မည်သို့ဖော်ပြသနည်း။
၁၅ အချို့သောဖြစ်ရပ်များတွင် အကြောင်းတစ်ခုကို လျှို့ဝှက်ထားခြင်းသည် ပညာရှိရာကျရုံမက မေတ္တာပြရာလည်းကျသည်။ ဥပမာ၊ ယေရှု၏မွေးစားဖခင်ယောသပ်သည် ထိမ်းမြားဆောင်နှင်းမည့် သတို့သမီးမာရိ၌ ပဋိသန္ဓေစွဲနေကြောင်း သူသိရှိသောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း။ “သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟု အကြံရှိ၏” ဟူ၍ဖတ်ရှုရသည်။ (မဿဲ ၁:၁၈၊ ၁၉) သူမ၏အခြေအနေကို လူသိရှင်ကြားဖြစ်စေခြင်းသည် ကြင်နာမှုမဲ့ရာကျလေခြင်း!
၁၆။ အတွင်းရေးကိစ္စများနှင့်ပတ်သက်၍ အကြီးအကဲများနှင့် အသင်းတော်သားများပါ အဘယ်တာဝန်ရှိသနည်း။
၁၆ အရှက်တကွဲအကျိုးနည်းစရာ၊ သို့မဟုတ် စိတ်ထိခိုက်စရာ ဖြစ်စေနိုင်သော အတွင်းရေးကိစ္စများကို မဆိုင်သူများအား ဖွင့်မပြောသင့်ပါ။ ခရစ်ယာန်အကြီးအကဲများသည် ခရစ်ယာန်ချင်းတို့ကို ဆုံးမပေးရသည့်အခါ၊ သို့မဟုတ် နှစ်သိမ့်ပေးရသည့်အခါ၊ သို့မဟုတ် ယေဟောဝါအပေါ် ကြီးလေးသောအပြစ်ပြုမိခဲ့သူတို့ကို ပဲ့ပြင်ဆုံးမပေးစရာလိုကောင်းလိုသည့်အခါ၌ပင် ယင်းအချက်ကို စွဲမှတ်ထားကြပါသည်။ ဤကိစ္စများကို ကျမ်းစာနည်းလမ်းအတိုင်း ကိုင်တွယ်ရန်လိုသည်; မဆိုင်သူများအား အတွင်းရေးကိစ္စများကို ထုတ်ဖော်ပြခြင်းသည် မလိုအပ်သည့်အပြင် မေတ္တာရှိရာလည်းမရောက်ပါ။ အကြီးအကဲများထံမှ အတွင်းရေးကိစ္စများကိုသိရှိရန် ခရစ်ယာန်အသင်းတော်သားများသည် ကြိုးစားအစ်အောက်လိမ့်မည်မဟုတ်ဘဲ အတွင်းရေးကိစ္စများကို လျှို့ဝှက်ထားရန် အကြီးအကဲများ၏တာဝန်ကို လေးစားကြမည်ဖြစ်သည်။ နယပုံပြင် ၂၅:၉ ကဤသို့သတိပြုသည်– “သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကိုဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။”
၁၇။ များသောအားဖြင့် ခရစ်ယာန်တို့သည် လျှို့ဝှက်ချက်များကို အဘယ်ကြောင့်ဖုံးဝှက်ကာကွယ်ထားကြသနည်း။ သို့သော် ထိုသို့အဘယ်ကြောင့် အခါတိုင်းမပြုလုပ်နိုင်ပါသနည်း။
၁၇ ဤမူသည် မိသားစုအသိုင်းအဝိုင်းတွင်လည်းကောင်း၊ ရင်းနှီးသောမိတ်ဆွေများစပ်ကြားတွင်လည်းကောင်း သက်ဆိုင်ပါသည်။ အထင်လွဲမှားမှုများနှင့် တင်းမာသောဆက်ဆံရေးများ မဖြစ်ပေါ်လာစေရန် အချို့သောကိစ္စများကို လျှို့ဝှက်ထားဖို့ လိုအပ်သည်။ “မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကိုဆောင်တတ်၏။” (သု. ၂၅:၂၃) တစ်ခါတစ်ရံ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သော မူဝါဒများအပေါ် သစ္စာရှိခြင်း၊ ပြစ်မှားသူများကို မေတ္တာပြခြင်းက မိဘများ၊ ခရစ်ယာန်အကြီးအကဲများ၊ သို့မဟုတ် အခြားသက်ဆိုင်သူများအား အတွင်းရေးကိစ္စတို့ကို ဖွင့်ပြောဆိုရန် အကြောင်းရှိစေမည်။a သို့သော် များသောအားဖြင့် ခရစ်ယာန်များသည် မိမိ၏လျှို့ဝှက်ချက်များကို ဖုံးဝှက်ကာကွယ်ထားတတ်သကဲ့သို့ သူတစ်ပါး၏လျှို့ဝှက်ချက်များကိုလည်း ထိုသို့ပြုတတ်ကြသည်။
၁၈။ ဖွင့်ပြောသင့်သည့်အရာဟုတ်မဟုတ် ဆုံးဖြတ်ရန် အဘယ်ခရစ်ယာန်အရည်အချင်းသုံးခုက အကူအညီပေးနိုင်သနည်း။
၁၈ အကျဉ်းချုပ်အားဖြင့် ခရစ်ယာန်တစ်ဦးသည် လိုအပ်သည့်အခါတွင် ကိစ္စအချို့ကို လျှို့ဝှက်ထားခြင်း၊ သင့်တော်သောအခါ၌သာ ယင်းကိုဖွင့်ပြောခြင်းအားဖြင့် ယေဟောဝါကို တုပပါသည်။ မိမိဖွင့်ပြောသင့်သည့်အရာဟုတ်မဟုတ် ဆုံးဖြတ်သည့်အခါ နှိမ့်ချခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏လမ်းပြညွှန်ကြားမှုကို ခံယူပါသည်။ နှိမ့်ချမှုက မိမိသိရှိသမျှကို ဖွင့်ပြောခြင်း၊ သို့မဟုတ် မပြောနိုင်သော လျှို့ဝှက်ချက်များနှင့်ပတ်သက်၍ သူတစ်ပါး၏ သိလိုစိတ်ကို ဆွပေးကာ မချင့်မရဲဖြစ်စေခြင်းအားဖြင့် အထင်ကြီးခံရရန် မိမိ၏အရေးပါမှုကို ပုံကြီးချဲ့မည်မဟုတ်ပါ။ ယေဟောဝါ၏နှုတ်ကပါဌ်တော်နှင့် ခရစ်ယာန်အသင်းတော်ကို ယုံကြည်ခြင်းက အခြားသူအတွက် စိတ်ထိခိုက်စရာဖြစ်စေမည့်စကားကို အစကတည်းက မပြောဆိုမိရန် သတိပြုစဉ် ဘုရားသခင့်အထံတော်မှရသော ကျမ်းစာဆိုင်ရာအကြောင်းအရာများကို ဟောပြောရန် လှုံ့ဆော်ပေးသည်။ မှန်ပါ၏၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင့်ဘုန်းတော် ထင်ရှားစေသည့်အရာများနှင့် အသက်ရရန် လူတို့သိသင့်သိအပ်သောအကြောင်းများကို ပွင့်လင်းစွာ ဖော်ပြပြောဆိုရန် တိုက်တွန်းပေးသည်။ တစ်ဖက်ကကြည့်ပြန်လျှင် များသောအားဖြင့် လျှို့ဝှက်ထားရာ အတွင်းရေးကိစ္စများကို ဖော်ထုတ်ခြင်းသည် ချစ်ခြင်းမေတ္တာမဲ့ရာကျကြောင်း သိရှိထားကာ ယင်းတို့ကိုဖွင့်မပြောဘဲ နှုတ်ပိတ်ထားပေမည်။
၁၉။ စစ်မှန်သောခရစ်ယာန်များကို ခွဲခြားသိမြင်စေသည့်လမ်းစဉ်ကား အဘယ်နည်း။ ယင်းက အဘယ်အကျိုးရလဒ်ရှိစေသနည်း။
၁၉ ဤဟန်ချက်ညီသောစဉ်းစားကိုင်တွယ်ပုံက ခရစ်ယာန်စစ်များကို ခွဲခြားသိမြင်စေသည်။ သူတို့သည် ဘုရားသခင်၏အဖြစ်မှန်ကို အမည်နာမမရှိသည့်အဖြစ်ဖြင့်သော်လည်းကောင်း၊ နက်နဲ၍မရှင်းပြနိုင်သော သုံးပါးတစ်ဆူအယူဝါဒအားဖြင့်သော်လည်းကောင်း ဖုံးကွယ်မထားကြပါ။ မသိသောဘုရားများကိုကိုးကွယ်ခြင်းသည် ဗာဗုလုန်ဘာသာ၏ အမှတ်အသားဖြစ်သည်။ စစ်မှန်သောဘာသာ၏အမှတ်အသား မဟုတ်ပါ။ (တမန်တော် ၁၇:၂၂၊ ၂၃ ရှု။) ယေဟောဝါ၏ဘိသိက်ခံသက်သေများသည် ‘ဘုရားသခင်၏ နက်နဲသောအရာတို့ကိုစောင့်သောဘဏ္ဍာစိုးများ’ ဖြစ်ခွင့်ကို အမှန်တန်ဖိုးထား လေးမြတ်ကြသည်။ ဤနက်နဲရာများကို ပွင့်လင်းစွာ ဖွင့်ပြောခြင်းအားဖြင့် ရိုးသားဖြောင့်မတ်သူများအား ယေဟောဝါနှင့်မိတ်သဟာယဖွဲ့ရန် အကူအညီပေးသည်။—၁ ကောရိန္သု ၄:၁; ၁၄:၂၂-၂၅; ဇာခရိ ၈:၂၃; မာလခိ ၃:၁၈။
[အောက်ခြေမှတ်ချက်များ]
a နိုဝင်ဘာ ၁၅၊ ၁၉၈၆ ကင်းမျှော်စင် ပါ “သူတစ်ပါးအပြစ်နှင့်မဆက်ဆံနှင့်” ရှု။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါသည် မိမိ၏ရည်မှန်းချက်များကို အဘယ်ကြောင့်ဝှက်ထားစရာမလိုသနည်း။
◻ ယေဟောဝါသည် မိမိ၏နက်နဲရာများကို မည်သူတို့အား ဖွင့်ပြတော်မူသနည်း။
◻ အတွင်းရေးကိစ္စများနှင့်ပတ်သက်၍ ခရစ်ယာန်များ၌ အဘယ်တာဝန်ရှိသနည်း။
◻ ဖွင့်ပြောသင့်သည့်အရာဟုတ်မဟုတ် သိရှိရန် အဘယ်အရည်အချင်းသုံးခုက ခရစ်ယာန်များအား အကူအညီပေးမည်နည်း။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်အားဖြင့်နက်နဲရာများကို ဖွင့်ပြတော်မူ၏