ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁၅ စာ. ၂၀-၂၃
  • သင့်ကလေး၏ အသက်ကို ကယ်ဆယ်လေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကလေး၏ အသက်ကို ကယ်ဆယ်လေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရင်းနှီးသောမိတ်ဆွေဖြစ်ပါ
  • ဘုရားသခင်ကိုချစ်ခြင်း
  • ဘုရားသခင်အားကြောက်ရွံ့ခြင်း
  • ဝမ်းမြောက်ဖွယ်ဆုလာဘ်များ
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁၅ စာ. ၂၀-၂၃

သင့်ကလေး၏ အသက်ကို ကယ်ဆယ်လေ!

မိုက်ကယ်နှင့်အယ်လ်ဖီးနာတို့သည် တောင်အာဖရိကနိုင်ငံ၏ စိမ်းလန်းသော ကဝါဇူလူနေတယ်လ်တောင်တန်းရှိ တောင်ကြားကျေးရွာတစ်ရွာတွင် နေထိုင်ကြသည်။ သားသမီးခုနစ်ယောက်ကို မွေးမြူခြင်း၌ သူတို့သည် စိန်ခေါ်ချက်များစွာကို ရင်ဆိုင်ကြရသည်။ ဇနီးသည်၏ အပြည့်အဝထောက်မမှုဖြင့် မိုက်ကယ်သည် “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းညှိခြင်းနှင့်အညီ သူတို့ကိုမွေးမြူကြလော့” ဟူသည့်ဖခင်များထံကျမ်းစာအမိန့်ကိုနာခံရန် အတတ်နိုင်ဆုံးလုပ်ဆောင်သည်။ (ဧဖက် ၆:၄၊ ကဘ) သို့သော် တစ်ခါတစ်ရံ ပြဿနာများပေါ်လာသည်။

ဥပမာအနေနှင့်၊ အာဖရိကန်နွားကျောင်းသားများသည် အတူတကွကစားချိန်ပိုရရန် သူတို့မိသားစု၏နွားအုပ်နှင့် အခြားမိသားစု၏နွားအုပ်များကို စုပေါင်းလိုက်ခြင်းသည် ပြုနေကျအရာတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံသူတို့သည် အန္တရာယ်သင့်ရောက်ကြပြီး သူတို့မပြောဆိုမဆွေးနွေးသင့်သော အရာများကို ပြောဆိုကြသည်။ မိုက်ကယ်၏သားများ မိသားစုနွားများကိုကျောင်းရန်သွားသောအခါ တချို့ကလေးများနှင့်မပေါင်းသင်းရန် သူတို့အား တင်းကျပ်သောညွှန်ကြားချက်ကိုပေးသည်။ (ယာကုပ် ၄:၄) အလုပ်မှအိမ်သို့ ပြန်လာကြသောအခါ သူတို့သည် ထိုကလေးများနှင့် ပေါင်းသင်းသည်ကို တစ်ခါတစ်ရံသူသိရှိရသည်။ ရလဒ်အနေနှင့် သူတို့အား သူဆုံးမရသည်။—သု. ၂၃:၁၃၊ ၁၄။

မိုက်ကယ်သည် သူ့ကလေးများအပေါ် တင်းကျပ်လွန်းသည်ဟု သင်ထင်သလော။ အများစုကထိုသို့ပင်ယူမှတ်ကြပေမည်။ သို့သော် ယေရှုက “ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကိုထင်ရှားစေသည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၁:၁၉၊ သမ္မာ) မိုက်ကယ်နှင့်အယ်လ်ဖီးနာတို့သည် သူတို့အိမ်ကိုမေတ္တာရှိသော ဝန်းကျင်ဖြစ်အောင်ဖန်တီးပြီး အချိန်ကို သူတို့ကလေးများနှင့်အသုံးပြုကာ ကျမ်းစာပါမှတ်တမ်းများနှင့် အမှန်တရားများကို သူတို့အားသင်ကြားပေးသည်။

မိုက်ကယ်နှင့်အယ်လ်ဖီးနာ၌ တင်ဘကီလီ၊ စဖီးဝယ်၊ တိုလကဲလီနှင့် တင်ဘကာနီဆိုသူသမီးလေးယောက်ရှိသည်။ သူတို့အားလုံးသည် အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသူများ ဖြစ်ကြသည်။ သူတို့၏သားနှစ်ယောက်သည် ယေဟောဝါသက်သေများ၏ အသင်းတော်၌ ဦးစီးကြီးကြပ်မှူးများအဖြစ် အမှုထမ်းနေကြသည်။ သူတို့၏တတိယသားသည် ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦးဖြစ်ကာ သူ့ဇနီးသည်လည်း အချိန်ပြည့်ဧဝံဂေလိဟောပြောသူဖြစ်သည်။

ကြီးမားသောမိသားစုရှိ ခရစ်ယာန်မိဘများစွာတို့သည် သူတို့၏သားသမီးများကိုမွေးမြူခြင်း၌ အောင်မြင်မှုရရှိခြင်းဖြင့် ကောင်းချီးရကြသည်။ သို့သော် မိဘ၏ကောင်းစွာပြုစုပျိုးထောင်မှုရရှိသော သားသမီးတချို့သည် သမ္မာတရားမှလွဲသွားကြသည်။ သူတို့၏မိဘများသည် ယေရှု၏ဖြုန်းတီးသောသားပုံဥပမာကို စိတ်တွင်အမြဲမှတ်ထားပြီး သူတို့၏သား သို့မဟုတ် သမီးသည် နောင်တရကာ နောက်ဆုံးကယ်တင်ခြင်းရမည်ဟု မျှော်လင့်နေမည်ဖြစ်ကြောင်း သံသယဖြစ်စရာအကြောင်းမရှိပါ။—လုကာ ၁၅:၂၁-၂၄။

ဝမ်းနည်းစရာမှာ ခရစ်ယာန်မိဘတချို့တို့သည် သူတို့၏သားသမီးအားလုံးကို လောကတွင် အဆုံးရှုံးခံကြရသည်။ ယင်းသည် ကလေးများသူတို့၏ ဆယ်ကျော်သက်အရွယ်တိုင်အောင် ကောင်းဟန်ရှိသော အာဖရိကဒေသတချို့တွင် အထူးစိုးရိမ်ဖွယ်အကြောင်းတစ်ရပ်ဖြစ်သည်။ ထို့နောက်လူငယ့်ပွင့်လန်းစအရွယ်၌ သူတို့သည် စာတန်လောက၏ ကိုယ်ကျင့်ယိုယွင်းသောလမ်းစဉ်ဖြင့် သွေးဆောင်ခံရကြသည်။ (၁ ယောဟန် ၅:၁၉) ရလဒ်အနေနှင့် ဖခင်အများသည် အသင်းတော်အကြီးအကဲများအဖြစ် အမှုထမ်းရန် အရည်အချင်းမပြည့်မီတော့ချေ။ (၁ တိမောသေ ၃:၁၊ ၄၊ ၅) ရှင်းနေသည်မှာ ခရစ်ယာန်ဖခင်တစ်ဦးသည် မိမိအိမ်ထောင်၏ ကယ်တင်ခြင်းကို အလွန်အရေးကြီးသောကိစ္စတစ်ခုအဖြစ် ရှုမြင်သင့်ခြင်းဖြစ်သည်။ သို့ဖြစ်လျှင် မိမိတို့ကလေး၏အသက်ကိုကယ်တင်ရန် မိဘများ အဘယ်အရာကိုပြုနိုင်သနည်း။

ရင်းနှီးသောမိတ်ဆွေဖြစ်ပါ

ယေရှုသည် စုံလင်သည်သာမက အသိပညာနှင့်အတွေ့အကြုံလည်း အခြားမည်သည့်လူသားထက်မဆို များစွာသာလွန်ကြီးမြတ်သည်။ သို့သော်လည်း ကိုယ်တော်သည် မိမိ၏မစုံလင်သောတပည့်တော်များကို ရင်းနှီးသောမိတ်ဆွေများအဖြစ် ဆက်ဆံခဲ့သည်။ (ယောဟန် ၁၅:၁၅) ထိုအကြောင်းကြောင့် သူတို့သည် ကိုယ်တော်နှင့်အတူနေ၍ ကိုယ်တော့်ရှေ့၌ တိုးတက်ကြီးထွားလိုကြသည်။ (ယောဟန် ၁:၁၄၊ ၁၆၊ ၃၉-၄၂; ၂၁:၇၊ ၁၅-၁၇) ဤအချက်မှ မိဘများသင်ခန်းစာယူနိုင်သည်။ အပင်ငယ်ကလေးများ၏ အခက်အလက်များသည် ပူနွေးသောနေရောင်ခြည်ဘက်သို့ ဆန့်ထွက်လာသကဲ့သို့ မေတ္တာနှင့်ခင်မင်ရင်းနှီးသော အခြေအနေရှိအိမ်တွင် ကလေးများတိုးတက်ကြီးထွားကြသည်။

မိဘတို့၊ သင်တို့၏ကလေးများသည် သူတို့၏အရေးကိစ္စအားလုံးအတွက် သင့်ထံသို့ လွတ်လွတ်လပ်လပ်ချဉ်းကပ်နိုင်သည်ဟု ခံစားရကြပါသလော။ သူတို့ကိုနားထောင်ပေးပါသလော။ ဆုံးဖြတ်ချက်များမချမီ အခြေအနေကို သာ၍ရှင်းလင်းပြည့်စုံစွာသိရှိရန် သူတို့၏ထင်မြင်ချက်များနှင့် ခံစားချက်များကို နှိုက်ထုတ်ပါသလော။ သူတို့နှင့်အတူ ကျမ်းစာစာပေများတွင် ရှာဖွေလေ့လာမှုပြုလုပ်ခြင်းအားဖြင့် တစ်စုံတစ်ရာသောမေးခွန်း၏အဖြေကိုရှာတတ်ရန် သူတို့အားစိတ်ရှည်စွာအကူအညီပေးပါသလော။

တောင်အာဖရိကရှိမိခင်တစ်ဦး ဤသို့ရှင်းပြသည်– “ကျောင်းမှာ တစ်နေ့တာအဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ ကျွန်မတို့ရဲ့သမီးကို သူကျောင်းစတက်တဲ့ပထမနေ့ကစပြီး အမြဲတမ်းအားပေးလာခဲ့တယ်။ ဥပမာ၊ ‘နေ့လယ်စာစားချိန်မှာ ဘယ်သူနဲ့အတူရှိနေသလဲ။ သမီးရဲ့ဆရာမအသစ်အကြောင်း ပြောပြပါ။ သူမဟာဘာနဲ့တူသလဲ။ တစ်ပတ်တာအတွင်း ဘာတွေလုပ်ကြဖို့အစီအစဉ်ရှိသလဲ’ ဆိုပြီးကျွန်မမေးတယ်။ တစ်ခါက ကျွန်မတို့သမီးဟာ အိမ်ကိုပြန်လာပြီး အင်္ဂလိပ်ဆရာမက နောက်ပိုင်းမှာ ကလေးတွေပြန်ရေးသားသုံးသပ်ရမယ့်အရာနဲ့ပက်သက်တဲ့ ရုပ်ရှင်ကိုကြည့်ဖို့ အတန်းသားတွေကိုခေါ်သွားမယ့်အကြောင်းပြောပြတယ်။ ရုပ်ရှင်နာမည်က ဒွိဟမကင်းစရာဖြစ်နေတယ်။ ဆန်းစစ်လိုက်တဲ့အခါ အဲဒါဟာ ခရစ်ယာန်တစ်ယောက်အတွက် မသင့်လျော်ဘူးဆိုတာ ကျွန်မတို့တွေ့ရတယ်။ အဲဒါကိုမိသားစုလိုက်ဆွေးနွေးကြတယ်။ နောက်တစ်နေ့မှာ ကျွန်မတို့သမီးဟာ ဆရာမဆီချဉ်းကပ်ပြီး တင်ဆက်ပြသမယ့်စာရိတ္တပိုင်းတွေဟာ သူမရဲ့ခရစ်ယာန်ယုံကြည်ချက်များနဲ့ ကိုက်ညီမှာမဟုတ်တဲ့အတွက် အဲဒီရုပ်ရှင်ကိုသူမ မကြည့်လိုကြောင်း ရှင်းပြခဲ့တယ်။ ဆရာမကအကြောင်းအရာကို ပြန်လည်စဉ်းစားပြီး သူမစိတ်မကောင်းဖြစ်ရမယ့် အရာတစ်ခုခုကိုကြည့်ဖို့ အတန်းကိုခေါ်မသွားလိုကြောင်းပြောပြီး ကျွန်မတို့သမီးကို ကျေးဇူးတင်ခဲ့တယ်။” ဤမိဘနှစ်ပါးတို့က သမီး၏ကယ်တင်ခြင်းအတွက် တစ်သမတ်တည်းပြသလာခဲ့သော မေတ္တာပါသည့်စိတ်ဝင်စားမှုသည် ကောင်းကျိုးဖြစ်ထွန်းခဲ့သည်။ သူမတွင်ပျော်ရွှင်သော ပင်ကိုအပြုသဘောရှိကာ ယခုတွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ တောင်အာဖရိကဌာနခွဲတွင် စေတနာ့ဝန်ထမ်းအဖြစ် အမှုထမ်းနေပါသည်။

ယေရှုသည် အခြားသူတို့၏ကလေးများနှင့်ဆက်ဆံရာတွင် အလွန်ကောင်းသောပုံနမူနာကို ချမှတ်ခဲ့သည်။ ကိုယ်တော်သည် သူတို့နှင့်ပေါင်းဖော်ရခြင်းကို ပျော်ရွှင်ခဲ့သည်။ (မာကု ၁၀:၁၃-၁၆) မိဘများသည် မိမိတို့၏ရင်သွေးများနှင့်အတူလုပ်ဆောင်ရခြင်း၌ အလွန်ရွှင်လန်းသင့်ပါသည်တကား! အာဖရိက၏ အချို့ဒေသများ၌ ဖခင်တစ်ဦးသည် သူ၏သားများနှင့်အတူ ဘောလုံး သို့မဟုတ် အခြားကစားနည်းများဖြင့်ကစားရန် ရှက်လေ့ရှိသည်။ သို့သော် ခရစ်ယာန်ဖခင်တစ်ဦးသည် သူ၏ကလေးများနှင့်အတူလုပ်ဆောင်ရခြင်းကို အမြင်ခံရရန်မဖြစ်နိုင်သည့်အထိ မိမိသည် အလွန်အရေးကြီးသည်ဟု မည်သည့်အခါမျှမယူမှတ်သင့်ပေ။ ငယ်ရွယ်သူများသည် သူတို့နှင့်အတူတကွရှိနေခြင်းကို မွေ့လျော်သော မိဘကိုလိုအပ်ကြသည်။ ယင်းက မိမိတို့၏အရေးကိစ္စများကို ကလေးများထုတ်ဖော်ပြောဆိုရန်အတွက် လွယ်ကူစေသည်။ ယင်းသို့သောစိတ်လှုပ်ရှားမှုလိုအပ်ရာများ မရရှိသောအခါ၊ အထူးသဖြင့် သူတို့အမြဲတမ်းပဲ့ပြင်ခံရသောအခါ ကလေးများသည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းဖြစ်လာသည်။

မိသားစုဆက်ဆံရေးနှင့်ပက်သက်၍ ကောလောသဲသို့ရေးသားရာ၌ ပေါလုဤသို့ဆိုသည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) ယင်းက တစ်ခါတစ်ရံတွင် ဆုံးမမှုများပြီး ရင်းနှီးမှုမဆိုစလောက်သာရှိသည့် မမျှတမှုရှိနိုင်ကြောင်း ပြသသည်။ အချစ်ခံရ၍ တန်ဖိုးထားခံရသော ဆယ်ကျော်သက်အပါအဝင်ကလေးများသည် လိုအပ်သောဆုံးမသွန်သင်မှုကို သာ၍တုံ့ပြန်ပုံရသည်။

ဘုရားသခင်ကိုချစ်ခြင်း

သားသမီးများအား မိဘများပေးနိုင်သည့် တန်ဖိုးအရှိဆုံးအမွေကား သူတို့ကိုယ်တိုင်၏ မေတ္တာပြခြင်းပုံသက်သေဖြစ်သည်။ မိဘများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်ကြောင်းပြသမှုနှင့်ပြောဆိုမှုကို ကလေးများမြင်ရကြားရရန်လိုအပ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ တောင်အာဖရိကဌာနခွဲတွင် အမှုထမ်းနေသောလူငယ်တစ်ဦးက ဤသို့ရှင်းပြသည်– “ကျွန်တော်ငယ်ငယ်တုန်းက အိမ်ရဲ့တောက်တိုမယ်ရအလုပ်တွေမှာ အဖေ့ကိုဝိုင်းကူလေ့ရှိတယ်။ ကျွန်တော်လုပ်တဲ့ သေးငယ်တဲ့အရာလေးတွေကို အဖေအမှန်တကယ်တန်ဖိုးထားတဲ့အတွက် သူ့ကိုကူညီရတာကျွန်တော်ပျော်တယ်။ ယေဟောဝါနဲ့ပက်သက်တဲ့ အရာမြောက်မြားစွာကို ကျွန်တော့်ကိုပြောပြဖို့အချိန်ကိုသူသုံးလေ့ရှိတယ်။ ဥပမာ၊ ကျွန်တော်တို့ ကြိုးစားပမ်းစား မြက်ရိတ်ကြတဲ့ တစ်ခုသောစနေနေ့ကို ပြန်အမှတ်ရမိတယ်။ တကယ့်ကိုပူတဲ့နေ့တစ်နေ့ပဲ။ အဖေ့ကိုယ်မှာချွေးတွေစီးကျနေတယ်။ ကျွန်တော်ရေနှစ်ခွက်ပြေးယူပြီး ရေခဲထည့်လိုက်တယ်။ အဖေက ‘သား ယေဟောဝါရဲ့ဉာဏ်ပညာ ဘယ်လောက်ရှိတယ်ဆိုတာမြင်လား။ ရေခဲကရေပေါ်ပေါလောပေါ်နေတယ်။ တကယ်လို့အဲဒါဟာ နစ်မြုပ်ခဲ့ရင် ရေကန်ကြီးတွေနဲ့အိုင်ငယ်တွေအောက်မှာရှိတဲ့ သက်ရှိတွေအားလုံး သေကုန်မှာပဲ။ အဲဒီအစား ရေခဲကအကာခြုံလွှာအဖြစ် လုပ်ဆောင်တယ်! အဲဒါက ယေဟောဝါကိုပိုသိအောင် တို့ကိုအကူအညီပေးတယ်မဟုတ်ဘူးလား’a ဆိုပြီးပြောတယ်။ နောက်ပိုင်းတစ်ချိန်မှာ ကြားနေခြင်းကိုကိုင်စွဲထားလို့ ကျွန်တော်ထောင်ကျနေတဲ့အခါ စဉ်းစားဖို့အချိန်ရတယ်။ ကျွန်တော့်အကျဉ်းခန်းလေးထဲ စိတ်ဓာတ်ကျနေတဲ့တစ်ညမှာ အဖေ့ရဲ့အဲဒီစကားတွေကို ပြန်အမှတ်ရနေခဲ့တယ်။ အဓိပ္ပာယ်ရှိလိုက်တဲ့စကားတွေပါလား! ဖြစ်နိုင်မယ်ဆိုရင် ယေဟောဝါကို ကျွန်တော်ထာဝစဉ်ဝတ်ပြုသွားပါမယ်။”

မှန်ပါသည်၊ ကလေးများသည် သူတို့မိဘများ၏ လုပ်ဆောင်သမျှအရာအားလုံး၌ ဘုရားသခင်အားချစ်သည့်မေတ္တာရောင်ပြန်ဟပ်သည်ကို မြင်ရရန်လိုအပ်ပါသည်။ ဘုရားသခင်ကိုချစ်သောမေတ္တာနှင့် ကိုယ်တော်အားနာခံလိုသောသဘောသည် ခရစ်ယာန်စည်းဝေးများ၌ ရောက်ရှိနေခြင်း၊ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ခြင်း၊ မိသားစုကျမ်းစာဖတ်ခြင်းနှင့် ကျမ်းစာသင်အံမှုတို့နောက်၌ အထူးသဖြင့်လှုံ့ဆော်သော စွမ်းအားဖြစ်သင့်သည်။ (၁ ကောရိန္သု ၁၃:၃) အရေးကြီးဆုံးကား ဘုရားသခင်အားချစ်သောမေတ္တာသည် နှလုံးအပြည့်ဖြင့် မိသားစုလိုက်ဆုတောင်းခြင်း၌ ရောင်ပြန်ဟပ်သင့်သည်။ သင့်ကလေးများအား ယင်းကဲ့သို့သောအမွေပေးခြင်း၏ အရေးကြီးမှုကို ပေါ့ပေါ့တန်တန်သဘောထားနိုင်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင် ဣသရေလလူများသည် “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကိုသင်၏သားသမီးတို့အားကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်” ဟုမိန့်မှာခံခဲ့ရသည်။—တရားဟောရာ ၆:၅-၇; မဿဲ ၂၂:၃၇-၄၀ နှိုင်းယှဉ်။

ဘုရားသခင်အားချစ်ရန်နှင့် နာခံရန် ကြီးမားသောအတားအဆီးကား ကျွန်ုပ်တို့အမွေရထားသော အပြစ်ပြုလိုသည့်သဘောသဘာဝဖြစ်သည်။ (ရောမ ၅:၁၂) ထို့ကြောင့် ကျမ်းစာက “ထာဝရဘုရားကိုချစ်သောသူတို့၊ မကောင်းသောအမှုကိုရွံရှာကြလော့” ဟုလည်းမိန့်မှာထားသည်။ (ဆာလံ ၉၇:၁၀) မကောင်းသောစဉ်းစားတွေးတောမှုများသည် မကောင်းသောလုပ်ရပ်များသို့ ဦးတည်သွားစေလေ့ရှိသည်။ ဤအရာများကိုရှောင်ရန် ကလေးတစ်ဦးသည် အခြားအရေးပါသောအရည်အသွေးတစ်ခုတွင်လည်း ဖွံ့ဖြိုးတိုးတက်ရမည်။

ဘုရားသခင်အားကြောက်ရွံ့ခြင်း

ယေဟောဝါစိတ်တော်နှင့်မတွေ့မည်ကို စိုးရွံ့ခြင်းနှင့်ပေါင်းစပ်ထားသောမေတ္တာသည် အလွန်နှစ်လိုဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်။ ယေရှုခရစ်ကိုယ်တော်တိုင် ‘ယေဟောဝါကို ကြောက်ရွံ့ခြင်း၌’ မွေ့လျော်သူတစ်ဦးအဖြစ် စုံလင်သောစံနမူနာကို ကျွန်ုပ်တို့အတွက်ချထားပေးခဲ့သည်။ (ဟေရှာယ ၁၁:၁-၃) ကလေးတစ်ဦး လူငယ့်ပွင့်လန်းစအရွယ်သို့ရောက်လာ၍ ပြင်းထန်သောလိင်ဆိုင်ရာစေ့ဆော်မှုကို စတင်တွေ့ကြုံရသောအခါ ထိုသို့သောကြောက်ရွံ့ခြင်းသည် အရေးပါလှသည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်ကျင့်ယိုယွင်းသောအကျင့်အကြံသို့ပို့ဆောင်နိုင်သည့် လောက၏ဖိအားပေးမှုကို ခုခံတွန်းလှန်ရန် လူငယ်တစ်ဦးအား အကူအညီဖြစ်စေနိုင်သည်။ (သု. ၈:၁၃) အချို့သောအသိုင်းအဝိုင်းများ၌ မိဘများသည် သူတို့၏ကလေးများအား လိင်ဆိုင်ရာသွေးဆောင်မှုကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သင်ပေးရန်ရှက်တတ်ကြသည်။ အမှန်မှာ အများက ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးရန် မသင့်တော်ဟုထင်မှတ်ကြသည်။ သို့သော် ဤသို့သောမိဘဝတ္တရားပျက်ကွက်မှုကြောင့် အဘယ်အကျိုးရလဒ်ရခဲ့ပြီနည်း။

ဆေးဘက်ဆိုင်ရာ ပါရဂူသုံးဦးဖြစ်သည့် ဘူဂါ၊ အမိုကိုနှင့်စာရီယာနာတို့သည် တောင်အာဖရိက ထရန်စကေနယ်ရှိကျေးလက်ဒေသများမှ မိန်းကလေး ၁၇၀၂ ယောက်နှင့် ယောက်ျားကလေး ၉၀၃ ယောက်တို့ကို လူတွေ့မေးမြန်းခဲ့သည်။ တောင်အာဖရိက ဆေးဘက်ဆိုင်ရာ ဂျာနယ်က “ဤစစ်ဆေးမှု၌ မိန်းကလေး ၇၆%နှင့် ယောက်ျားကလေး ၉၀.၁%တို့သည် လိင်ဆိုင်ရာအတွေ့အကြုံရှိပြီးသူများဖြစ်ကြသည်” ဟုအစီရင်ခံခဲ့သည်။ မိန်းကလေးများ၏ ပျမ်းမျှအသက်မှာ ၁၅ နှစ်ဖြစ်ပြီး အများစုသည် လိင်ဆက်ဆံရန် အတင်းအကျပ်ပြုခံရကြသည်။ ၂၅၀ ကျော်တို့သည် တစ်ကြိမ် သို့မဟုတ် ထိုထက်မက ကိုယ်ဝန်ရှိခဲ့ဖူးကြသည်။ အခြားအကျိုးဆက်မှာ လိင်ဆိုင်ရာကူးစက်ရောဂါများ များပြားစွာဖြစ်ပွားခြင်းဖြစ်သည်။

မိဘများစွာတို့သည် သူတို့ကလေးများအား လက်မထပ်မီသံဝါသပြုခြင်းကို မည်သို့ရှောင်ရှားရမည်အကြောင်းသင်ပေးရန်လိုအပ်မှုကို သဘောမပေါက်ကြောင်းထင်ရှားသည်။ ယင်းအစား အထက်တွင်ဖော်ပြခဲ့သည့်ဂျာနယ်က ဤသို့ရှင်းပြသည်– “သားသမီးမွေးဖွားခြင်းနှင့် မိခင်ဖြစ်ခြင်းတို့သည် ထရန်စကေကျေးလက်အသိုင်းအဝိုင်းတွင် အလွန်တန်ဖိုးထားခြင်းခံရသော ဂုဏ်အင်္ဂါရပ်များဖြစ်ရာ လူလားမြောက်စမိန်းကလေးများသည် ယင်းအဖြစ်ကိုအလျင်အမြန်ခံယူလိုက်ကြသည်။” အလားတူပြဿနာသည် ကမ္ဘာ့အခြားအစိတ်အပိုင်းများ၌ ဖြစ်ပျက်နေသည်။

အာဖရိကရှိလူငယ်များစွာသည် သူတို့၏လိင်သဘာဝကိုနားလည်ရန် အကူအညီမပေးသောကြောင့် သူတို့၏မိဘများကို အပြစ်တင်ကြသည်။ အချို့ခရစ်ယာန်မိဘများသည် လူငယ့်ဘဝအနှစ်သာရ စာအုပ်ကိုအသုံးပြုရန်အလွန်ရှက်ကြသည်။b စာမျက်နှာ ၂၆-၉ တွင် လိင်အင်္ဂါများကို ဂုဏ်အသရေရှိရှိအသုံးပြုခြင်းနှင့် လူလားမြောက်အရွယ်၌ဖြစ်တတ်သည့်အပြောင်းအလဲတို့ကို ရှင်းလင်းတင်ပြထားသည်။

သူတို့၏သားသမီးများနှင့်အတူ လိင်နှင့်ပက်သက်သည့်ဘုရားသခင့်အမြင်ကို ပြောဆိုဆွေးနွေးရန်စိန်ခေါ်ချက်ကိုရင်ဆိုင်သော ခရစ်ယာန်မိဘများသည် ချီးမွမ်းခံထိုက်ပါသည်။ အကြောင်းအရာအပေါ် ကလေး၏နားလည်နိုင်စွမ်းနှင့်အညီ အဆင့်ဆင့်လုပ်ဆောင်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကလေး၏အသက်အရွယ်ကဲ့သို့သော အကြောင်းအပေါ်မူတည်၍ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ၎င်းတို့၏အသုံးဝင်မှုတို့ကို တင်ပြပြောဆိုရာ၌ မိဘတို့သည်တိကျမှုရှိရန်လိုအပ်သည်။ ထိုသို့မဟုတ်ပါက အတွေ့အကြုံနည်းသောလူငယ်သည် ဘာကိုပြောကြောင်း နားမလည်နိုင်ဘဲဖြစ်သွားနိုင်သည်။—၁ ကောရိန္သု ၁၄:၈၊ ၉။

တောင်အာဖရိကရှိ သမီးနှစ်ယောက်နှင့်သားတစ်ယောက်တို့၏ ဖခင်တစ်ဦးက ဤသို့ရှင်းပြသည်။ “ကျွန်တော်ဟာမကြာခဏဆိုသလို မိန်းကလေးတွေနဲ့တောင် သိမ်မွေ့တဲ့လိင်ကိစ္စအကြောင်းအရာတွေကို ပြောဆိုဆွေးနွေးဖို့ အခွင့်အရေးရတယ်။ ကျွန်တော့်ဇနီးသည်ကလည်း လူငယ့်ဘဝအနှစ်သာရစာအုပ်ကိုသုံးပြီး ကျွန်တော်တို့ရဲ့သမီးတွေကို အထူးဂရုစိုက်ပေးတယ်။ [စာမျက်နှာ ၃၄-၄၁ ကိုကြည့်ပါ။] ကျွန်တော့်သားအသက် ၁၂ နှစ်အရွယ်ရောက်တဲ့အခါ တောင်ပေါ်ခရီးရှည်ထွက်ဖို့အတွက် သူ့ကိုခေါ်သွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ ယောက်ျားကလေးခန္ဓာကိုယ်ရဲ့တိုးတက်ကြီးထွားမှုနဲ့ အဲဒါကနောက်ပိုင်းမှာ အိမ်ထောင်မှာအသုံးချဖို့ အထူးရည်ရွယ်ထားကြောင်း အသေးစိတ်ဆွေးနွေးကြတယ်။ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းဆိုတဲ့ သိမ်ဖျင်းတဲ့အလေ့အထကိုရှောင်ဖို့လိုအပ်ကြောင်းနဲ့ သူ့ရဲ့အမေနဲ့ညီမတွေကိုရှုမြင်သလို မိန်းကလေးတွေကို ဂုဏ်တင်လေးစားမှုနဲ့ရှုမြင်ဖို့အကြောင်းတွေကိုလည်း ကျွန်တော်သူနဲ့အတူဆွေးနွေးခဲ့တယ်။”

ဝမ်းမြောက်ဖွယ်ဆုလာဘ်များ

ယခုတင်ပြခဲ့သော ဖခင်နှင့်မိခင်တို့သည် ကြိုးစားလုပ်ဆောင်ခဲ့ကြရာ သူတို့၏သားသမီးသုံးယောက်တို့ကို မွေးမြူခြင်း၌ ကောင်းသောရလဒ်များကိုရရှိသောကြောင့် ပျော်ရွှင်ကြသည်။ ယခုအခါ သုံးယောက်စလုံးတို့သည် သစ္စာရှိခရစ်ယာန်များနှင့် အိမ်ထောင်ပြုထားသော လူကြီးများဖြစ်နေကြပြီ။ သူတို့၏သားနှင့်သားမက်အားလုံးတို့သည် ခရစ်ယာန်အသင်းတော်တွင်အကြီးအကဲများအဖြစ် အမှုထမ်းနေကြပြီး မောင်နှံစုံနှစ်စုံတို့သည် အချိန်ပြည့်ဧဝံဂေလိဟောပြောခြင်းလုပ်ငန်း၌ နှစ်များစွာပါဝင်ခဲ့ကြသည်။

မှန်ပါသည်၊ နယပုံပြင် ၂၃:၂၄၊ ၂၅ က “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကိုဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်” ဟုပြောထားသည့်အတွက် မိမိတို့၏အိမ်ထောင်ကယ်တင်ခြင်းအတွက် ကြိုးစားလုပ်ဆောင်သောမိဘတို့သည် ထိုသို့သောကျမ်းစာသွန်သင်ချက်ကို တုံ့ပြန်ရန်ရွေးချယ်သောသားသမီးများထံမှ ဝမ်းမြောက်ဖွယ်ဆုလာဘ်တစ်ခုကို မျှော်လင့်နိုင်ပါသည်။ ဤဆောင်းပါး၏နိဒါန်းတွင်ဖော်ပြခဲ့သော မိသားစုကြီးကို စဉ်းစားကြည့်ပါ။ အယ်လ်ဖီးနာက “ကျွန်မကလေးတွေရဲ့ ဝိညာဉ်ရေးတိုးတက်မှုကို စဉ်းစားတဲ့အခါ ကျွန်မနှလုံးဟာ ပျော်ရွှင်မှုနဲ့ပြည့်လျှံနေတယ်” ဟုပြောဆိုသည်။ ခရစ်ယာန်မိဘအားလုံးတို့သည် ဤပျော်ရွှင်ဖွယ်ဆုလာဘ်အတွက် လုပ်ဆောင်နိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်များ]

a ရေသည် ရေခဲမှတ်သို့နီးလာသည်နှင့်အမျှ သိပ်သည်းမှုလျှော့နည်းလာပြီး မျက်နှာပြင်အပေါ်သို့တက်လာသည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း နယူးယောက်မှထုက်ဝေသော အသက်မည်သို့ရောက်ရှိလာသနည်း၊ ဆင့်ကဲအားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်စာမျက်နှာ ၁၃၇-၈ တွင်ကြည့်ပါ။

b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း မြန်မာမှထုတ်ဝေသည့် လူငယ်များအမေး–တာသွားသည့်အဖြေ ကိုလည်းကြည့်ပါ။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဖခင်တစ်ဦးသည် အသက်နှင့်ဆိုင်သောအမှန်တရားကို ရှင်းပြရန် သင့်တော်သောဇာတ်အိမ်အတွက်စီစဉ်နိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ