သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို မည်သို့လေ့ကျင့်ပေးနိုင်
“ကြည်လင်သည့် ကိုယ်ကိုကိုယ်သိသောစိတ်သည် အကောင်းဆုံးခေါင်းအုံးဖြစ်သည်။” ဤဆိုရိုးစကားသည် အရေးကြီးသောအချက်တစ်ချက်ကို ပေါ်လွင်စေသည်– ကိုယ်ကိုကိုယ်သိသောစိတ်ကို ဂရုစိုက်လျှင် စိတ်၏ငြိမ်သက်မှုနှင့် သင့်မြတ်မှုရှိစေသည်။
သို့ရာတွင် အားလုံးက ထိုသို့ပြုရန် မရွေးချယ်ကြပါ။ ကိုယ်ကိုကိုယ်သိသောစိတ်ခေါ် သိမ်ဖျင်းသောစိတ်ထင်၏ ကျွန်ဘဝမှ လူကိုလွတ်မြောက်စေရန် သူတာဝန်ယူထမ်းဆောင်နေသည်ဟု အဒေါ့ဖ်ဟစ်တလာက ကြေညာခဲ့သည်။ လူသည် မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ဂရုမစိုက်သည့်အခါ မည်မျှထိတိုင် ရက်စက်နိုင်ကြောင်း ကျောချမ်းစရာ သူ၏ကြမ်းကြုတ်သည့်စိုးမိုးချိန်က အရိပ်အမြွက်ဖော်ပြပါသည်။ မျက်မှောက်အချိန်တွင် အရှက်အကြောက်မရှိ ဗလက္ကာရပြု၊ လူ့အသက်သတ်ကြသော အကြမ်းဖက်နေသည့် ရာဇဝတ်သားများစွာတို့သည်လည်း ထိုနည်းအတိုင်းပင် သနားကြင်နာမှု ကင်းမဲ့ကြသည်။ ဤသို့ပြစ်မှုကျူးလွန်သူတို့တွင် အလွန်ငယ်ရွယ်သူများ၏အရေအတွက်သည် တိုးများလာနေပါသည်။ သို့ဖြင့် ဤမျက်မြင်ထင်ရှားထူးခြားချက်ကို လေ့လာနေသောစာအုပ်တစ်အုပ်ပါ ခေါင်းစဉ်ငယ်တစ်ခုက ကိုယ်ကိုကိုယ်သိသောစိတ်မရှိသည့် ကလေးငယ်များဟူ၍ဖြစ်သည်။
လူအများစုသည် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုတစ်ခုပြုရန် စဉ်းစားလိမ့်မည်မဟုတ်သော်လည်း လိင်စာရိတ္တယိုယွင်းခြင်း၊ မုသားသုံးခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းတို့ကိုကျူးလွန်ကာ အဘယ်နည်းဖြင့်မျှ စိတ်မသိုးမသန့် မဖြစ်သူများစွာရှိသည်။ စာရိတ္တစံနှုန်းများသည် ကမ္ဘာတစ်ဝန်းကျဆင်းနေ၏။ စစ်မှန်သောဝတ်ပြုရေးမှ အယူဖောက်ပြန်ခြင်းအကြောင်းကို တမန်တော်ပေါလု တင်ပြပြောဆိုရာတွင် ခရစ်ယာန်အချို့သည် လောက၏သြဇာလွှမ်းမိုးမှုကို ခံကြခြင်းဖြင့် သူတို့၏ ‘ဩတ္တပ္ပ [ကိုယ်ကိုကိုယ်သိသော] စိတ်သံပူခတ်ခံ’ ကြလိမ့်မည်ဟု ရေးသားခဲ့သည်။ (၁ တိမောသေ ၄:၂) ဤ “နောက်ဆုံးအချိန်” အတွင်း အဂတိလိုက်စားမှု၏အန္တရာယ်သည် ယနေ့သာ၍ပင် ကြီးမားနေပါသည်။ (၂ တိမောသေ ၃:၁၊ ကဘ) ထို့ကြောင့် ခရစ်ယာန်များသည် သူတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ကြိုးစားပြီး စောင့်ရှောက်ကာကွယ်ထားကြရမည်။ ၎င်းကိုလေ့ကျင့်ပြီး ပြုစုပျိုးထောင်ခြင်းအားဖြင့် ထိုသို့ပြုလုပ်နိုင်ကြပါသည်။
စိတ်နှလုံးနှင့် သင်၏ကိုယ်ကိုကိုယ်သိသောစိတ်
တမန်တော်ပေါလုက “ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသောဝိညာဉ်နှင့်တကွ ငါ့ဘက်၌သက်သေခံလျက်၊ ငါသည်မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာပြောသည်” ဟုဆို၏။ (ရောမ ၉:၁) ယင်းကြောင့် ကိုယ်ကိုကိုယ်သိသောစိတ်သည် သက်သေခံဖြစ်နိုင်ပါသည်။ ၎င်းသည် လမ်းစဉ်တစ်ခုကို စစ်ဆေးပြီး ယင်းကို သဘောတူနိုင်၏၊ သို့မဟုတ် အပြစ်တင်နိုင်၏။ ကျွန်ုပ်တို့၏အမှားအမှန်ခွဲခြားသိမြင်စိတ်ကို ကျွန်ုပ်တို့တွင် ဖန်ဆင်းရှင်က ထည့်သွင်းပေးထားတော်မူသည်။ သို့တိုင် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ပုံသွင်းပြီး လေ့ကျင့်ပေးနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ တိကျသောအသိပညာကို ဆည်းပူးလေ့လာခြင်းအားဖြင့်ဖြစ်သည်။ “သင်တို့သည် လောကီ [လောက]ပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သိနိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။” (ရောမ ၁၂:၂) သင့်စိတ်ထဲ ဘုရားသခင်၏အကြံအစည်များနှင့် အလိုတော်ကိုထည့်သွင်းစဉ် သင်၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ဘုရားသခင်၏နည်းလမ်းတော်အတိုင်း ပို၍ကျနပီပြင်စွာ စတင်လှုပ်ရှားလာလေသည်။
ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသောသူတို့ကို ‘ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အား သိကျွမ်းခြင်းပညာ’ ကိုဆည်းပူးရန် ကူညီပေးခဲ့ကြပြီ။ (ယောဟန် ၁၇:၃) သူတို့၏ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု အစီအစဉ်အားဖြင့် စိတ်နှလုံးရိုးဖြောင့်သူများကို လိင်ကိစ္စ၊ အရက်ယမကာ၊ အိမ်ထောင်ရေး၊ စီးပွားရေးဆက်ဆံမှုများနှင့် အခြားအကြောင်းအရာ မြောက်မြားစွာတို့နှင့်ပတ်သက်သော ယေဟောဝါဘုရားသခင်၏ စံနှုန်းများကို သွန်သင်ပေးနေကြပါသည်။a (သု. ၁၁:၁; မာကု ၁၀:၆-၁၂; ၁ ကောရိန္သု ၆:၉၊ ၁၀; ဧဖက် ၅:၂၈-၃၃) ဤ ‘တိကျသောအသိပညာ’ ကိုဆည်းပူးခြင်းသည် ဘုရားသခင်ရေးရာဆိုင်ရာ ကိုယ်ကိုကိုယ်သိသောစိတ်ကို ပြုစုပျိုးထောင်ရာတွင် အရေးကြီးသောခြေလှမ်းတစ်လှမ်းဖြစ်သည်။ (ဖိလိပ္ပိ ၁:၉) ခရစ်ယာန်တစ်ဦးသည် သမ္မာကျမ်းစာကို ရင့်ကျက်စွာသဘောပေါက် နားလည်ထားပြီးနောက်၌ပင်လျှင် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျန်းခံ့စွာ ရှိမြဲရှိနေစေရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်လက်၍ မှန်မှန်ဆည်းပူးလေ့လာ နေရမည်ဖြစ်သည်။—ဆာလံ ၁:၁-၃။
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများပါဝင်သည့် ပုံဆောင်နှလုံးကို ကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဆက်စပ်ထားသည်။ (ရောမ ၂:၁၅) ကိုယ်ကိုကိုယ်သိသောစိတ်သည် ကောင်းစွာလုပ်ဆောင်နိုင်ရန် စိတ်နှင့်နှလုံးသည် တညီတညွတ်တည်းရှိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်ဦးနှောက်ထဲ သိသင့်သိအပ်ရာများကို ထည့်သွင်းရုံထက်မက ပြုလုပ်ဖို့ရန်လိုအပ်သည်။ သင့်နှလုံး—သင့်အတွင်းကျကျခံစားချက်များ၊ သင့်စိတ်ဆန္ဒများနှင့် သင့်တောင့်တရာများတို့—ကိုလည်း ပုံသွင်းပေးရန်လိုသည်။ သို့ဖြင့် နယပုံပြင်ကျမ်းက “စိတ်နှလုံးကိုညွှတ်ကြလော့၊” “စိတ်နှလုံးစွဲလမ်းလော့၊” နှင့် “စိတ်နှလုံးအား လမ်းပြလော့” အစရှိသည့်အသုံးအနှုန်းများကို အသုံးပြုထားခြင်းဖြစ်သည်။ (သု. ၂:၂; ၂၃:၁၉; ၂၇:၂၃၊ ကဘ) ထိုသို့ပြုလုပ်ရန်နည်းတစ်နည်းမှာ ကျမ်းစာကို ဆင်ခြင်သုံးသပ်၍ ပြန်လည်တွေးတောခြင်းဖြစ်သည်။ “ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်” ဟုဆာလံ ၇၇:၁၂ ကဆိုသည်။ ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့၏အတွင်းအကျဆုံး ခံစားချက်များနှင့် ရည်မှန်းချက်များကို ထိမိရန် ကူညီပေးပါသည်။
ဥပမာ၊ ဆေးလိပ်စွဲခြင်း အစရှိသော မသန့်ရှင်းသည့်အကျင့်တစ်ခုခု သင့်မှာရှိသည်ဆိုပါစို့။ လူအများနည်းတူ ၎င်းကြောင့် သင့်ကျန်းမာရေးထိခိုက်နိုင်ကြောင်း သင်ကောင်းစွာသိထားပေမည်။ သို့တိုင် မိတ်ဆွေများနှင့် မိသားစု၏တိုက်တွန်းပေးမှုများကြား ဆေးလိပ်မဖြတ်နိုင်ဘဲ ဖြစ်နေပေမည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကျမ်းစာ၏သတင်းတရားကို ဆင်ခြင်သုံးသပ်ခြင်းက သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို မည်သို့ခိုင်ခံ့စေနိုင်မည်နည်း။
ဥပမာအနေနှင့် ၂ ကောရိန္သု ၇:၁ ပါတမန်တော်ပေါလု၏စကားကို ဆင်ခြင်သုံးသပ်ကြည့်ပါ– “ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုကတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။” ဤစကား၏အနက်ကိုရရန် ကြိုးစားအားထုတ်ပါ။ ဤတွင် ‘ပေါလုညွှန်းသော “ထိုကတိတော်များ” ကားအဘယ်နည်း’ ဟုကိုယ်ကိုကိုယ်မေးမြန်းပါ။ ရှေ့နောက်စကားကို ဖတ်ကြည့်ခြင်းအားဖြင့် ယခင်အခန်းငယ်များက ဤသို့ဆိုထားကြောင်း သတိပြုမိမည်– “ထာဝရဘုရား[သခင်]မိန့်တော်မူပြန်သည်ကား၊ ‘သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်’ ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား[သခင်] မိန့်တော်မူ၏။”—၂ ကောရိန္သု ၆:၁၇၊ ၁၈။
“အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ရမည်ဟူသော ပေါလု၏ပညတ်သည် ယခုပိုအရေးပါသည်တကား! ထိုသို့ပြုရန် အစွမ်းတန်ခိုးရှိသော တိုက်တွန်းမှုတစ်ခုအဖြစ် ဘုရားသခင်က ‘ကျွန်ုပ်တို့ကိုလက်ခံမည်’ ဟုကတိပြုတော်မူသည်။ ဆိုလိုသည်ကား ကိုယ်တော်၏ကာကွယ်စောင့်ရှောက်မှုအောက် ရှိစေမည်ဖြစ်သည်။ ‘အဖေနှင့်သား၊ သို့မဟုတ် အဖေနှင့်သမီးကဲ့သို့ ရင်းနှီးသောဆက်ဆံရေးမျိုးဖြင့် အကျွန်ုပ်သည် ကိုယ်တော်နှင့် ဆက်ဆံနိုင်မည်လောဟု မိမိကိုယ်ကိုမေးမြန်းကြည့်နိုင်သည်။ ပညာရှိသော မေတ္တာကရုဏာရှင် ဘုရားသခင်က ကျွန်ုပ်တို့ကို ‘လက်ခံထားခြင်း’ သို့မဟုတ် ချစ်ခြင်းသည်နှစ်မြို့ဖွယ်ရာ မဟုတ်ပေလော။ ထိုအတွေးမျိုးကို သင်နားလည်ရခက်မည်ဆိုလျှင် မေတ္တာရှိသောဖခင်များအနေနှင့် သူတို့၏သားသမီးများအပေါ် မေတ္တာပြပုံကို သတိပြုပါလေ။ ထို့နောက် သင်နှင့်ယေဟောဝါစပ်ကြား ထိုသို့သောနှောင်ကြိုးရှိသည် ဆိုပါစို့! ယင်းကို သင်ဆင်ခြင်သုံးသပ်ကြည့်လေ ထိုဆက်ဆံရေးမျိုးကို သင်ပို၍တလိုတလားရှိလေဖြစ်မည်။
သို့သော် ဂရုပြုပါလေ– “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့” မှသာ သင်သည် ဘုရားသခင်နှင့် တရင်းတနှီး ရှိနိုင်မည်ဖြစ်သည်။ ‘“မစင်ကြယ်သောအရာ” ဟုဘုရားသခင်ရှုတ်ချပြစ်တင်ထားရာတို့တွင် ဆေးလိပ်စွဲခြင်းလည်း ပါဝင်မည်မဟုတ်ပေလော။ ယင်းကိုမှီဝဲခြင်းဖြင့် ‘ကိုယ်ခန္ဓာကိုညစ်ထည်း’ စေရာ နည်းအမျိုးမျိုးဖြင့် ကျန်းမာရေးချို့တဲ့စေမည် မဟုတ်ပေလော။ ယေဟောဝါသည် “သန့်ရှင်း” စင်ကြယ်တော်မူသောဘုရားသခင် ဖြစ်တော်မူသောကြောင့် ဤနည်းဖြင့် ကိုယ်ကိုကိုယ် တမင်တကာညစ်ပတ်စေခြင်းကို ကိုယ်တော်နှစ်သက်ပါမည်လော’ ဟုမိမိကိုယ်ကိုမေးမြန်းကြည့်ပါ။ (၁ ပေတရု ၁:၁၅၊ ၁၆) စိတ်သဘော သို့မဟုတ် ‘စိတ်ဝိညာဉ်၏အညစ်အကြေး’ ကိုဂရုစိုက်ရန် ပေါလုသတိပေးခဲ့ကြောင်းကိုလည်း ဂရုပြုပါ။ ‘ဤသို့စွဲနေခြင်းက ကျွန်ုပ်အတွေးကို လွှမ်းမိုးနေသလော။ အာသာပြေရန် အကျွန်ုပ်၏ကျန်းမာရေး၊ အကျွန်ုပ်၏မိသားစု၊ ထို့ပြင် ဘုရားသခင်ရှေ့ အကျွန်ုပ်၏အခြေအနေကိုပင် ထိခိုက်သည့်အထိ အစွမ်းကုန်ပြုလုပ်မည်လော။ ဆေးလိပ်စွဲခြင်းကြောင့် အကျွန်ုပ်ဘဝကို အဘယ်အထိပျက်စီးစေခဲ့ပြီနည်း’ ဟုမိမိကိုယ်ကိုမေးမြန်းပါ။ ဤစိတ်ထိခိုက်စရာမေးခွန်းများကို မေးမြန်းဖြေဆိုခြင်းဖြင့် ဆေးလိပ်ဖြတ်ရန် သတ္တိပေါ်လာနိုင်ပေသည်!
ဆေးလိပ်သောက်ခြင်းကို သင်အနိုင်ယူနိုင်ရန် အခြားသူများထံမှ အကူအညီလိုပေမည်။ သို့တိုင် သမ္မာကျမ်းစာကိုဆင်ခြင်သုံးသပ်ခြင်းသည် ဆေးလိပ်စွဲခြင်းကို ဖြတ်နိုင်သည့်တိုင် သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ပေးပြီး သန်မာစေရန် များစွာအကျိုးပြုနိုင်ပါသည်။
ကျွန်ုပ်တို့မှားသောအခါ
မှန်ကန်ရာကို အတတ်နိုင်ဆုံးကြိုးစားပြုလုပ်သည့်ကြားမှပင် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏မစုံလင်မှုများ၏ လွှမ်းမိုးမှုကိုခံရပြီး မှားတတ်ကြသည်။ ထိုအခါ ကိုယ်ကိုကိုယ်သိသောစိတ်က သတိပေးမည်ဖြစ်သော်လည်း ယင်းကိုဥပေက္ခာပြုရန် သွေးဆောင်ခံရပေမည်။ သို့မဟုတ် စိတ်ဓာတ်ကျလွန်းသဖြင့် ဘုရားသခင့်အမှုတော်ကို မဆောင်ရွက်တော့ဘဲ နေလိုပေမည်။ သို့ရာတွင် ဒါဝိဒ်မင်းကြီး၏ အဖြစ်အပျက်ကို ပြန်သတိရပါ။ ဗာသရှေဘနှင့် သူမတရားမေထုန်ပြုပြီးနောက်တွင် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်သည် သူ့အား ဒုက္ခပေးသည်။ သူခံစားခဲ့ရသောဝေဒနာကို ဤသို့ဖော်ပြ၏– “နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။” (ဆာလံ ၃၂:၄) နာကျင်ပါသလော။ အမှန်နာကျင်သည်တကား! သို့တိုင် ဒါဝိဒ်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဤသို့ဝမ်းနည်းခဲ့ခြင်းကြောင့် နောင်တယူပြီး ဘုရားသခင်နှင့် တစ်ဖန်ပြန်မိတ်သဟာယဖွဲ့နိုင်လေသည်။ (၂ ကောရိန္သု ၇:၁၀ နှိုင်းယှဉ်။) ဒါဝိဒ်သည် ခွင့်လွှတ်ခံရရန် အပြင်းအထန်အသနားခံခြင်းဖြင့် သူ၏စိတ်ရင်းမှန်သောနောင်တကို ထင်ရှားစေသည်။ ဒါဝိဒ်သည် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်၏တိုက်တွန်းမှုကို ခံခဲ့သောကြောင့် ပြောင်းလဲရန် အကူအညီရရှိပြီး တဖြည်းဖြည်း ပြန်ပျော်ရွှင်နိုင်ခဲ့သည်။—ဆာလံ ၅၁။
ယနေ့လည်း ထိုနည်းထပ်တူ ဖြစ်ပျက်နိုင်ပါသည်။ အချို့သူများသည် ယေဟောဝါသက်သေများနှင့် ယခင်က သမ္မာကျမ်းစာသင်အံခဲ့ရာ သူတို့၏ဘဝပုံစံသည် ဘုရားသခင်၏မြင့်မားသောစံနှုန်းများနှင့် မကိုက်ညီကြောင်း သိရှိလာသည့်အခါ ရပ်စဲခဲ့ကြ၏။ သူတို့သည် လိင်ခြားသူတစ်ဦးနှင့် အိမ်ထောင်မပြုဘဲနေပေလိမ့်မည်၊ သို့မဟုတ် မသန့်ရှင်းသောအကျင့်များ ရှိနေပေမည်။ သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်က သူတို့အား ထိုးနှက်လေခြင်း!
ဤသို့သောအခြေအနေမျိုးတွင် သင်ရှိနေမည်ဆိုလျှင် ပင်တေကုတ္တေပွဲနေ့၌ တမန်တော်ပေတရုပြောဆိုခဲ့သော စကားများကို ဆင်ခြင်သုံးသပ်ပါ။ သူ၏ယုဒပြည်သား အချင်းချင်းတို့၏ အပြစ်တို့ကို ဖော်ပြသောအခါ “သူတို့သည် ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ” ကြ၏။ လက်မြှောက်အရှုံးပေးကြမည့်အစား နောင်တယူကြပါဟူသော ပေတရု၏စကားကို သူတို့နာခံကြပြီး ဘုရားသခင့်မျက်နှာသာတော် ရရှိခဲ့ကြသည်။ (တမန်တော် ၂:၃၇-၄၁) သင်သည်လည်း ထပ်တူပြုလုပ်နိုင်၏! ကိုယ်ကိုကိုယ်သိသောစိတ်၏ နှောင့်ယှက်မှု ခံရသည့်အတွက် သမ္မာတရားကို စွန့်လွှတ်မည့်အစား “နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်ကြ” ရန် သင်၏ကိုယ်ကိုကိုယ်သိသောစိတ်၏ တိုက်တွန်းမှုကိုခံယူပါ။ (တမန်တော် ၃:၁၉၊၂၀) ခိုင်မာသောဆုံးဖြတ်ချက်နှင့် ကြိုးစားအားထုတ်မှုဖြင့် ဘုရားသခင့်မျက်နှာသာတော် ပြန်ရရှိရန် လိုအပ်သလို သင်ပြုပြင်ပြောင်းလဲနိုင်ပါလိမ့်မည်။
“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လော့”
သင်သည် ယေဟောဝါ၏နည်းလမ်းတော်များကို စတင်သင်ကြားနေသူဖြစ်စေ၊ ရင့်ကျက်သောခရစ်ယာန်တစ်ဦးအဖြစ် နှစ်ချီရှိနေပြီဖြစ်စေ ပေတရု၏ဆုံးမစကားသည် လျောက်ပတ်ပေသည်– “ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်လျက် နေကြလော့။” (၁ ပေတရု ၃:၁၆) ယင်းသည် အဖိုးတန်အရာဖြစ်သည်၊ ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင်ပါသော ဉာဏ်ပညာကို သင့်စိတ်နှလုံးဖြင့် မှီဝဲခြင်းအားဖြင့် ယင်းကိုလေ့ကျင့်ပေးပါ။ ကိုယ်ကိုကိုယ်သိသောစိတ်က သင့်အား သတိပေးသည့်အခါ လိုက်နာပါ။ ကိုယ်ကိုကိုယ်သိသောစိတ်ကို နာခံခြင်းမှရရှိသော စိတ်၏ငြိမ်သက်မှုကို ခံစားလိုက်ပါ။
သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ပုံသွင်းခြင်းသည် လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်သည်ကား အမှန်ပင်။ သို့ရာတွင် ယေဟောဝါဘုရားသခင်၏ ကူညီမစမှုကို ဆုပတ္ထနာပြု တောင်းဆိုနိုင်ပါသည်။ ကိုယ်တော်၏အကူအညီဖြင့် “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ မှန်သောယုံကြည်ခြင်းနှင့်လည်းကောင်း” ဘုရားသခင်၏အမှုတော်ကို သင်ထမ်းဆောင်နိုင်ပါလိမ့်မည်။—၁ တိမောသေ ၁:၅။
[အောက်ခြေမှတ်ချက်များ]
a သင်သည် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို စိတ်ဝင်စားမည်ဆိုလျှင် ဒေသခံ ယေဟောဝါသက်သေများ၏ အသင်းတော်နှင့်ဆက်သွယ်ပါ၊ သို့မဟုတ် ဤမဂ္ဂဇင်း ထုတ်ဝေသူများထံ စာရေးအကြောင်းကြားပါ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်းက ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ပေးရန် အထောက်အကူပြုသည်