ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“အလွန်အဖိုးထိုက်သောပုလဲ” ကိုသူတွေ့ ရှိခဲ့
“ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသောကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သောပုလဲကို တွေ့သောအခါ၊ သွား၍ မိမိရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်၏။” ထိုစကားများဖြင့် ဘုရားသခင့်နိုင်ငံတော်၏တန်ဖိုးကြီးမားမှုကို ယေရှုဖော်ပြခဲ့သည်။ (မဿဲ ၁၃:၄၅၊ ၄၆) ဘုရားသခင့်နိုင်ငံတော်၏တန်ဖိုးကို အသိအမှတ်ပြုသူများသည် ၎င်းကိုစွဲကိုင်နိုင်ဖို့ များစွာကိုယ်ကျိုးစွန့်ရလေ့ရှိသည်။ တိုင်ဝမ်ကျွန်းရှိ ပီဒိုခရိုင်မှ အောက်ပါတွေ့ ကြုံမှုက ယင်းကိုဖော်ပြသည်။
၁၉၉၁ ခုနှစ်တွင် မစ္စတာနှင့်မစ္စစ်လင်းတို့သည် ယေဟောဝါသက်သေများနှင့် စတင်ကျမ်းစာလေ့လာခဲ့သည်။ ဒေသခံဓမ္မဆရာတစ်ဦးသိရှိသောအခါ မိမိချာ့ချ်နှင့်ဆက်သွယ်ရန် သူတို့အားကြိုးပမ်းခဲ့သည်။ ထိုလင်းမောင်နှံတို့သည် ဒေသခံစျေးတွင် ဝက်နှင့်ဘဲသွေးရောင်းဝယ်ရေးလုပ်ငန်းရှိခဲ့သည့်အတွက် ယင်းကိစ္စအပေါ် ဓမ္မဆရာ၏ထင်မြင်ချက်တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ “ဘုရားသခင်ပြုလုပ်ပေးတဲ့အရာတိုင်းဟာ လူ့အစားအစာအဖြစ် စားသုံးနိုင်တယ်” ဟုသူပြန်ဖြေခဲ့သည်။ တစ်ဖက်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့မိန့်ဆိုထားသည်ကို စဉ်းစားဆင်ခြင်ရန် သက်သေခံများက သူတို့ကိုအားပေးခဲ့သည်။ “သတ္တဝါ၏အသက်သည် အသွေး” ဖြစ်သည့်အတွက် ယေဟောဝါဘုရားသခင်သည် အသွေးကို မြင့်မြတ်သောအရာအဖြစ် ရှုမြင်ကြောင်း သူတို့သိရှိခဲ့သည်။ (ဝတ်ပြုရာ ၁၇:၁၀၊ ၁၁၊ The New English Bible) ထို့ကြောင့် ခရစ်ယာန်စစ်များသည် ‘အသွေးကို ကြဉ်ရှောင်’ ကြရသည်။ (တမန်တော် ၁၅:၂၀) သွေးရောင်းခြင်းသည် ဝင်ငွေများစွာရရှိသော်လည်း ဤအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာကို ဆန်းစစ်ခြင်းအားဖြင့် ယင်းအလုပ်ကိုရပ်ပစ်ဖို့ လင်းမောင်နှံတို့ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် အချိန်တိုလေးအတွင်းတွင် သာ၍ကြီးမားသောစုံစမ်းခြင်းတစ်ခုကို သူတို့ရင်ဆိုင်ကြရသည်။
သမ္မာတရားမသင်ယူခင်က လင်းမောင်နှံတို့သည် မိမိတို့ပိုင်မြေကွက်တွင် ကွမ်းသီးအပင်ပေါင်း ၁,၃၀၀ ကိုစိုက်ပျိုးထားသည်။ အကျိုးအမြတ်ရရှိဖို့ အပင်များကို ငါးနှစ်တာအချိန်ယူရသော်လည်း အပြည့်အဝအသီးသီးခဲ့သော် နှစ်စဉ်ဒေါ်လာ ၇၇,၀၀၀ ရရှိဖို့ လင်းမောင်နှံတို့ မျှော်လင့်နိုင်ခဲ့ကြသည်။ ဦးဆုံးအကြိမ် ကွမ်းသီးခူးချိန်နီးလာသောအခါ လင်းမောင်နှံတို့သည် အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရသည်။ ခရစ်ယာန်များသည် ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးများကိုသောက်သုံးခြင်းနှင့် ကွမ်းသီးဝါးခြင်းစသည့် ယင်းသို့သောညစ်ညမ်းသည့်အကျင့်များကို ကျင့်သုံးခြင်း သို့မဟုတ် အားပေးခြင်းတို့ကို ရှောင်ရှားခြင်းအားဖြင့် “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်” မိမိတို့ကိုယ်ကို ကင်းရှင်းစေရမည်ဟု ကျမ်းစာလေ့လာခြင်းမှ သူတို့သိရှိခဲ့သည်။ (၂ ကောရိန္သု ၇:၁) သူတို့ဘာလုပ်ကြမည်နည်း။
ကိုယ်ကိုကိုယ်သိသောစိတ်ပူပန်မှုဖိစီးသောကြောင့် မစ္စတာလင်းသည် မိမိသင်အံမှုကို ရပ်စဲဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအတောအတွင်း မစ္စစ်လင်းသည် အပင်ကြီးအချို့မှ ကွမ်းသီးများကို ရောင်းခဲ့ပြီး အမြတ်အစွန်း ဒေါ်လာ ၃,၀၀၀ ကျော်ရရှိခဲ့သည်။ ယင်းသည် အပင်များကိုဆက်လက်ပိုင်ဆိုင်ထားပါကရရှိမည့် ငွေအတိုင်းအတာ၏ပဏာမသာဖြစ်သည်။ သို့သော် မစ္စတာလင်း၏ကိုယ်ကိုကိုယ်သိသောစိတ်က သူ့ကိုဆက်လက်ထိုးနှက်ခဲ့သည်။
တစ်နေ့တွင် မိမိအတွက် ကွမ်းသီးပင်များခုတ်လှဲပေးဖို့ ဒေသခံသက်သေခံများအား တောင်းဆိုသည့်အထိ ထိုပြဿနာကို တိုက်လှန်ခဲ့ရသည်။ ယင်းသည် မိမိကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း သက်သေခံများက ရှင်းပြခဲ့သည်; ထို့ကြောင့် ‘ကိုယ့်ဝန်ကိုယ်ထမ်း’ ပြီးအပင်များကို သူကိုယ်တိုင်ခုတ်လှဲရမည်ဖြစ်သည်။ (ဂလာတိ ၆:၄၊ ၅) ၁ ကောရိန္သု ၁၀:၁၃ ပါမိန့်ဆိုထားသော အောက်ပါကတိတော်ကို သတိရဖို့ သူ့ကို အားပေးခဲ့သည်– “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” သက်သေခံများသည် သူ နှင့်ကျိုးကြောင်းဆင်ခြင်မှုလည်းပြုခဲ့ပြီး ဤသို့ပြောခဲ့သည်– “တကယ်လို့ ခင်ဗျားရဲ့အပင်တွေကို ကျွန်တော်တို့က ခုတ်ပေးလိုက်ရင် ဆုံးရှုံးမှုအတွက် ခင်ဗျားနှမြောပြီး ကျွန်တော်တို့ကို အပြစ်ပြန်တင်နိုင်တယ်။” နောက်များမကြာမီ နံနက်ခင်းတစ်ခုတွင် မစ္စစ်လင်းသည် ချိန်းကြိုးတပ်လွှသံကြားလိုက်သည့်အတွက် အိပ်ရာမှနိုးခဲ့သည်။ သူမ၏ခင်ပွန်းနှင့်ကလေးများက ကွမ်းသီးပင်များကို လှဲချနေကြပါသည်တကား!
ယေဟောဝါသည် ကတိတည်သူဖြစ်ကြောင်း မစ္စတာလင်းတွေ့ရှိခဲ့သည်။ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်စွာဖြင့် လုပ်နိုင်သောအလုပ်ကိုရရှိပြီး ယေဟောဝါအား ချီးမွမ်းသူတစ်ဦးဖြစ်လာနိုင်သည်။ ၁၉၉၆ ခုနှစ် ဧပြီလတွင် ယေဟောဝါသက်သေများ၏တိုက်နယ်အစည်းအဝေးတစ်ခု၌ သူနှစ်ခြင်းခံခဲ့သည်။
မှန်ပါသည်၊ မစ္စတာလင်းသည် “မိမိရတတ်သမျှကိုရောင်း” ပြီး “အလွန်အဖိုးထိုက်သောပုလဲ” ကိုဝယ်ယူခဲ့သည်။ ယခုအခါ ယေဟောဝါဘုရားသခင်နှင့်နှစ်ဦးချင်းဆက်ဆံရေးရရှိခြင်း၊ ကိုယ်တော့်နိုင်ငံတော်အကျိုးစီးပွားတွင် အမှုထမ်းဆောင်ခွင့်ရရှိခြင်းစသော တန်ဖိုးမဖြတ်နိုင်သည့် အခွင့်ထူးကို သူရရှိပါပြီ။