သင်မှတ်မိသလော
များမကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များတွင် သင့်အတွက် လက်တွေ့ကျတန်ဖိုးကို သင်တွေ့ ရှိသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ။
◻ အာမဂေဒုန်သည် အဘယ်အရာနှင့်တူမည်နည်း။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆)
ယင်းသည် နျူကလီးယား ကမ္ဘာပျက်ကပ်တစ်မျိုးမျိုး သို့မဟုတ် လူ့ပယောဂကြောင့်ဖြစ်ပျက်သော ကပ်ဘေးတစ်မျိုးမျိုးမဟုတ်ပါ။ ၎င်းသည် လူလူချင်းတိုက်ခိုက်သည့် စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်အပြင် စစ်မှုကို အားပေးအားမြှောက်ပြုသူအားလုံးကို ပယ်ရှင်းပစ်၍ ငြိမ်းချမ်းရေးမြတ်နိုးသူများအတွက် စစ်မှန်သောငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမည့် ဘုရားသခင်၏စစ်ပွဲဖြစ်သည်။ နောက်ကျလိမ့်မည်မဟုတ်ပါ။ (ဟဗက္ကုတ် ၂:၃)—၄/၁၅၊ စာမျက်နှာ ၁၇။
◻ မည်ကဲ့သို့သော ထိမ်းမြားမင်္ဂလာပွဲမျိုးက ယေဟောဝါကို ဂုဏ်တင်သနည်း။
လောကဆန်မည့်အစား ဝိညာဉ်ရေးလွှမ်းမိုးသည့် ထိမ်းမြားမင်္ဂလာပွဲတစ်ခုသည် ယေဟောဝါအား အမှန်ဂုဏ်တင်ပါလိမ့်မည်။ ယုတ်ညံ့သောလောကဓလေ့ထုံးစံများ၊ အယူသီးမှုများနှင့် အပျော်ကြူးမှုများကိုရှောင်ရှားပါက; ပုံမှန်လုပ်နေကျသီအိုကရက်တစ်လုပ်ငန်းများကို မပျက်စေပါက; ဂုဏ်ပကာသနအစား တော်သင့်ရုံပြုမူပါက ခရစ်ယာန်များပျော်ရွှင်နိုင်ကြပေမည်။—၄/၁၅၊ စာမျက်နှာ ၂၆။
◻ သမာဓိစောင့်သိသူတစ်ဦး၏ အရည်အသွေးများကား အဘယ်နည်း။
သမာဓိစောင့်သိသူတစ်ဦးသည် သူ့အပေါင်းအဖော်၏ယုံကြည်စိတ်ချမှုကိုသာမက သာ၍အရေးကြီးသည့် ဘုရားသခင်၏ယုံကြည်စိတ်ချမှုကိုပါရရှိနိုင်သည်။ ယင်းကဲ့သို့ လူတစ်ဦး၏စိတ်နှလုံးဖြူစင်မှုကို လုပ်ဆောင်မှုများတွင် မြင်တွေ့ရသည်။ သူသည် ဟန်ဆောင်ခြင်းမှ ကင်းဝေးပါသည်။ သူ့တွင် မရိုးသားခြင်း သို့မဟုတ် အကျင့်ယိုယွင်းခြင်းမရှိပါ။ (၂ ကောရိန္သု ၄:၂)—၅/၁၊ စာမျက်နှာ ၆။
◻ ယေရမိက “လူသည်အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏” ဟုအဘယ်ကြောင့်ဆိုခဲ့သနည်း။ (မြည်တမ်းစကား ၃:၂၇)
ငယ်ရွယ်စဉ် စမ်းသပ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းက အသက်ကြီးရင့်လာသောအခါ ရင်ဆိုင်ရသည့်စိန်ခေါ်ချက်များကို အသင့်ဖြစ်စေရန်ကူညီပေးသည်။ (၂ တိမောသေ ၃:၁၂) သစ္စာရှိခြင်း၏အကျိုးကျေးဇူးသည် အလျှော့ပေးလိုက်လျောခြင်းကြောင့် ရရှိစေမည့် အဘယ်ယာယီသက်သာရာထက်မဆို သာလွန်လှပါသည်။—၅/၁၊ စာမျက်နှာ ၃၂။
◻ ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံတွင် မောရှေနှင့်ဧလိယတို့ထင်ရှားခြင်းက မည်သည့်ရှေ့ပြေးနမူနာဖြစ်ခဲ့သနည်း။
ကိုယ်ယောင်ထွန်းလင်းခြင်းအဖြစ်အပျက်တွင် မောရှေနှင့်ဧလိယသည် ယေရှု၏ဘိသိက်ခံညီတော်များကို လျောက်ပတ်စွာပုံဆောင်သည်။ သူတို့ ယေရှုနှင့် “ဘုန်းအသရေနှင့်ထင်ရှား” ခြင်းသည် သစ္စာရှိဘိသိက်ခံခရစ်ယာန်များလည်း ကောင်းကင်နိုင်ငံတော်အစီအစဉ်တွင် ‘ကိုယ်တော်နှင့်အတူဘုန်းဝင်စား’ ရမည့်အဖြစ်ကို ပုံဆောင်သည်။ (လုကာ ၉:၃၀၊ ၃၁; ရောမ ၈:၁၇; ၂ သက်သာလောနိတ် ၁:၁၀)—၅/၁၅၊ စာမျက်နှာ ၁၂၊ ၁၄။
◻ ဘုရားသခင်၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” ကားအဘယ်နည်း။ (၁ ကောရိန္သု ၂:၇၊ ကဘ)
ဘုရားသခင်၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” သည်ယေရှုခရစ်အပေါ်အခြေပြုသည်။ (ဧဖက် ၁:၉၊ ၁၀၊ ကဘ) သို့သော် ယေရှုသည် ကတိထားရာမေရှိယဖြစ်တော်မူကြောင်း ခွဲခြားသိမြင်ခြင်းမျှသာမဟုတ်ပါ။ ဤတွင် ကောင်းကင်အစိုးရတည်းဟူသော ဘုရားသခင့်မေရှိယနိုင်ငံတော်ပါဝင်ပြီး ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ကိုယ်တော်ထမ်းဆောင်ရမည့် အခန်းကဏ္ဍလည်းပါဝင်နေသည်။—၆/၁၊ စာမျက်နှာ ၁၃။
◻ ခရစ်ယာန်တစ်ဦးသည် အသက်အရွယ်ကြီးလာခြင်း သို့မဟုတ် ဖျားနာခြင်းတို့ကို မည်သို့သဘောထားသင့်သနည်း။
ထိုကဲ့သို့သောစမ်းသပ်မှုကြောင့် ယေဟောဝါ၏အမှုဆောင်ခြင်း၌ အကန့်အသတ်ဖြစ်သွားရသည်ဟု သဘောထားမည့်အစား ယင်းတို့ကြောင့် ကိုယ်တော့်အပေါ်တိုး၍မှီခိုအားထားဖို့ အခွင့်အရေးတစ်ခုရသွားစေသည်ဟု သူသဘောထားသင့်သည်။ ခရစ်ယာန်တစ်ဦး၏တန်ဖိုးကို သူလုပ်ဆောင်နိုင်သည့်အဆင့်နှင့် မတိုင်းတာဘဲ သူ၏ယုံကြည်ခြင်းနှင့် မေတ္တာတို့၏အတိမ်အနက်အားဖြင့် တိုင်းတာကြောင်းကိုလည်း သူသတိရသင့်သည်။ (မာကု ၁၂:၄၁-၄၄)—၆/၁၊ စာမျက်နှာ ၂၆။
◻ သမ္မာကျမ်းစာကိုရေးသားရန် ကောင်းကင်တမန်များအစား လူသားများအား ယေဟောဝါအသုံးပြုခြင်းက ကိုယ်တော်၏ကြီးမားတော်မူသောဉာဏ်ပညာတော်ကို မည်သို့ထင်ရှားပြသသနည်း။
လူသား၏ဝိသေသလက္ခဏာတစ်ခုမျှမပါခဲ့လျှင် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏သတင်းစကားကို နားလည်ရန်အလွန်ခက်ခဲပေမည်။ ထို့အပြင် သမ္မာကျမ်းစာတွင် လူသား၏ဝိသေသလက္ခဏာများဖြစ်သော တက်ကြွလှိုက်လှဲမှုနှင့် ဆွဲဆောင်မှုတို့ပါဝင်နေသည်။—၆/၁၅၊ စာမျက်နှာ ၈။
◻ မိသားစုအတွက် စစ်မှန်သောပျော်ရွှင်မှု၏လျှို့ဝှက်ချက်ကားအဘယ်နည်း။
လျှို့ဝှက်ချက်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာနှင့် ချုပ်တည်းခြင်း၊ ဦးစီးမှုကိုအသိအမှတ်ပြုခြင်း၊ ကောင်းသောဆက်ဆံရေးရှိခြင်းနှင့် ချစ်ခြင်းကဲ့သို့သော ၎င်း၏ကျင့်စဉ်မူများကို လက်တွေ့ကျင့်သုံးခြင်းအပေါ် အခြေပြုသည်။—၆/၁၅၊ စာမျက်နှာ ၂၃၊ ၂၄။
◻ ယေရှုပြုလုပ်ပေးခဲ့သောကုသခြင်းသည် ယနေ့တွင် ကုသနိုင်စွမ်းရှိသည်ဟုဆိုသူများ၏ ကုသမှုနှင့် မည်သို့အခြားကြီးခြားသနည်း။
ယေရှုအနေနှင့် သွေးရူးသွေးတန်းဖြင့်အမူအရာပိုလွန်းခြင်း မဖြစ်ခဲ့သကဲ့သို့၊ လူအုပ်များအနေဖြင့်လည်း ပြင်းထန်သောစိတ်လှုပ်ရှားမှုကို ဖော်ပြခြင်းမရှိခဲ့ကြပေ။ ထို့အပြင် မစွမ်းမသန်မကျန်းမာသူတို့သည် များစွာမပေးကမ်းနိုင်သောကြောင့် သို့မဟုတ် ယုံကြည်ခြင်းမရှိသောကြောင့်ဟု ဆင်ခြေပေးကာ ပျောက်ကင်းအောင်ကုသပေးရန် ယေရှု မည်သည့်အခါကမျှမပျက်ကွက်ခဲ့ချေ။—၇/၁၊ စာမျက်နှာ ၅။
◻ ယေဟောဝါသည် မိမိ၏နာမတော်နှင့် နိုင်ငံတော်နှင့်ပတ်သက်သော မဟာရည်ရွယ်တော်မူချက်တွင် မိမိ၏လူမျိုးတို့နေရာရရှိထားရန် မည်သို့ကူညီပေးတော်မူသနည်း။
ပထမတစ်နည်းမှာ ယေဟောဝါသည် မိမိ၏လူမျိုးတော်အား သမ္မာတရားကို အပ်နှင်းထားခဲ့သည်။ ဒုတိယနည်းမှာ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့အား ပေးသနားထားတော်မူခဲ့သည်။ တတိယနည်းမှာမူ ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုများ အသင်းအပင်းနှင့် ဝတ်ပြုမှုအတွက် ယေဟောဝါဖွဲ့စည်းစီစဉ်ထားသည့် အစီအစဉ်ဖြစ်ပါသည်။—၇/၁၊ စာမျက်နှာ ၁၉၊ ၂၀။
◻ မွန်မြတ်သောအကျင့်ကားအဘယ်နည်း။
မွန်မြတ်သောအကျင့်ဟူသည် အကျင့်အထူးကောင်းမွန်ခြင်း၊ ကောင်းမြတ်ခြင်း၊ ဖြောင့်မှန်သောအပြုအမူနှင့် အတွေးအခေါ်တို့ဖြစ်သည်။ ယင်းသည် အားအင်၊ ဆန္ဒကင်းမဲ့သည့် အရည်အသွေးမဟုတ်၊ ပြတ်သား၊ တက်ကြွသောအရည်အသွေးဖြစ်သည်။ မွန်မြတ်သောအကျင့်တွင် အပြစ်ကိုရှောင်ရှားခြင်းထက်မကပါဝင်၏; ကောင်းမွန်သည့်အရာကို ကျင့်ကြံအားထုတ်ခြင်းဖြစ်သည်။ (၁ တိမောသေ ၆:၁၁)—၇/၁၅၊ စာမျက်နှာ ၁၄။
◻ သားသမီးများအား မိဘများပေးနိုင်သည့် တန်ဖိုးအရှိဆုံးအမွေကား အဘယ်နည်း။
တန်ဖိုးအရှိဆုံးအမွေကား အခြားသူများကို သူတို့ကိုယ်တိုင်၏ မေတ္တာပြခြင်းဆိုင်ရာပုံသက်သေဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်ကြောင်း မိဘတို့ပြောဆိုတင်ပြမှုများသည် မိမိတို့လုပ်လေသမျှတွင် ကလေးများထင်ထင်ရှားရှားတွေ့မြင်ရန် လိုအပ်သည်။—၇/၁၅၊ စာမျက်နှာ ၂၁။
◻ ထိရောက်သောမိသားစုကျမ်းစာသင်အံမှု၏ အခြေခံလိုအပ်ရာအချို့ကားအဘယ်နည်း။
မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ရမည်။ သင်အံမှုအတွက် “အချိန်ကိုရွေးနုတ်” ရမည်။ (ဧဖက် ၅:၁၅-၁၇) သမ္မာကျမ်းစာကို အသက်ဝင်စေခြင်းအားဖြင့် ကလေးများအတွက် သင်အံမှုအချိန်များကို ရွှင်ရွှင်လန်းလန်းရှိစေပါ။ ကလေးများကို သင်အံမှုတွင် ပျော်မွေ့စေရန် မိမိတို့ ပါဝင်ပတ်သက်နေကြောင်း ခံစားရမိဖို့လည်းလိုသည်။—၈/၁၊ စာမျက်နှာ ၂၆၊ ၂၈။