ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁၅ စာ. ၁၂-၁၇
  • ယနေ့အတွက် အသက်ရှင်နေခြင်းလော၊ ထာဝရအနာဂတ်အတွက်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယနေ့အတွက် အသက်ရှင်နေခြင်းလော၊ ထာဝရအနာဂတ်အတွက်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “စောင့်နေကြလော့”
  • ထာဝရအသက်ရခြင်းကို ယုံကြည်နိုင်သော အခြေခံအကြောင်းများ
  • အလှမ်းကွာသောအနာဂတ်တွင်လော
  • သစ္စာရှိကင်းစောင့်
  • ထာဝရအနာဂတ်အတွက် အသက်ရှင်ခြင်း
  • ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကမ္ဘာမြေပေါ်ထာဝရအသက် —ခရစ်ယာန်မျှော်လင့်ချက်တစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁၅ စာ. ၁၂-၁၇

ယနေ့အတွက် အသက်ရှင်နေခြင်းလော၊ ထာဝရအနာဂတ်အတွက်လော

“ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏။”—ရောမ ၈:၂၄။

၁။ ဧပိကုရုတို့၏သွန်သင်ချက်ကား အဘယ်နည်း။ ထိုအတွေးအခေါ်က ခရစ်ယာန်အချို့ကို မည်သို့ထိခိုက်သနည်း။

တမန်တော်ပေါလုက “သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့်ဆိုရသနည်း” ဟူ၍ ကောရိန္သုမြို့နေ ခရစ်ယာန်များထံစာရေးခဲ့သည်။ (၁ ကောရိန္သု ၁၅:၁၂) ပထမရာစုခရစ်ယာန်များသည် ဂရိပညာရှင် ဧပိကုရုအတွေးအခေါ်၏အဆိပ် မိနေပုံရှိသည်။ ယင်းကြောင့် ပေါလုက “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသောဧပိကုရုသွန်သင်ချက်ကို ဖော်ညွှန်းခဲ့ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၂) သေလွန်ပြီးနောက် အသက်ရှင်ခြင်း မျှော်လင့်ချက်ကို လုံးဝပမာဏမပြုသော ထိုဒဿနပညာရှင်၏တပည့်နောက်လိုက်များသည် အသက်ရှင်ရကျိုးနပ်ဖို့ရန် ကာမဂုဏ်ခံစားခြင်းသည်ပဓာနဟု ခံယူထားကြသည်။ (တမန်တော် ၁၇:၁၈၊ ၃၂) ဧပိကုရုအတွေးအခေါ်သည် ကိုယ့်အရေးကိုသာအဓိကထားပြီး အပြစ်ချည်းမြင်တတ်ရုံမက တကယ်ပင်ယုတ်ညံ့ပါသည်။

၂။ (က) ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ခြင်းသည် အဘယ်ကြောင့် ဤမျှအန္တရာယ်ရှိသနည်း။ (ခ) ကောရိန္သုခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ပေါလုမည်သို့တိုးပွားစေခဲ့သနည်း။

၂ ရှင်ပြန်ထမြောက်ခြင်းကို ဤသို့ငြင်းပယ်ခြင်းသည် လေးနက်သည့်အခြားဆိုလိုချက်များပေါ်ထွက်စေသည်။ ပေါလုက ဤသို့ကျိုးကြောင်းဆင်ခြင်ပြ၏– “သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ။ . . . ငါတို့သည် ခရစ်တော်ကိုအမှီပြု၍ ယခုဘဝ၌သာမျှော်လင့်စရာရှိလျှင်၊ အခြားသောသူအပေါင်းတို့ထက် သာ၍ဆင်းရဲသောသူဖြစ်ကြ၏။” (၁ ကောရိန္သု ၁၅:၁၃-၁၉) မှန်ပါသည်၊ ထာဝရအနာဂတ်အတွက် မျှော်လင့်ချက်မရှိလျှင် ခရစ်ယာန်ဘာသာတရားသည် ‘အကျိုးရှိ’ မည်မဟုတ်။ ရည်ရွယ်ချက်မဲ့နေပေလိမ့်မည်။ ထို့ကြောင့် ဤအယူမှားသောအတွေးအခေါ်လွှမ်းမိုးမှုအောက်ရှိ ကောရိန္သုအသင်းတော်သည် ဤမျှပြဿနာရှုပ်ထွေးနေခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ (၁ ကောရိန္သု ၁:၁၁; ၅:၁; ၆:၁; ၁၁:၂၀-၂၂) သို့ဖြစ်၍ ရှင်ပြန်ထမြောက်ခြင်းကို သူတို့ပိုမိုယုံကြည်လာစေရန် ပေါလုရည်ရွယ်ပါသည်။ ကျမ်းချက်များကိုကိုးကားပြီး ပုံဥပမာများဖြင့် ထိထိမိမိကျိုးကြောင်းဆင်ခြင်ပြကာ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ဒဏ္ဍာရီမဟုတ်၊ တကယ်ဖြစ်မည့်ဖြစ်ရပ်မှန်ဖြစ်ကြောင်းကို သူတင်ပြပါသည်။ ယင်းကြောင့် ယုံကြည်သူချင်းတို့အား သူဤသို့အားပေးတိုက်တွန်းနိုင်ခဲ့သည်– “သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၂၀-၅၈။

“စောင့်နေကြလော့”

၃၊ ၄။ (က) ပေတရု၏စကားအရ နောက်ဆုံးကာလတွင် လူအချို့တို့သည် အဘယ်အန္တရာယ်ရှိသောစိတ်ထား၏လွှမ်းမိုးမှုကို ခံရလိမ့်မည်ဖြစ်သနည်း။ (ခ) အဘယ်အကြောင်းကို အမြဲမှတ်ထားရန် မိမိကိုယ်ကိုသတိပေးဖို့လိုအပ်နေသနည်း။

၃ ယခု လူအများတွင် ယနေ့အတွက်သာအသက်ရှင်ရန်ဟူသော အဆိုးမြင်စိတ်ထားရှိသည်။ (ဧဖက် ၂:၂) တမန်တော်ပေတရု ကြိုတင်ဟောသည့်အတိုင်းပင် ဖြစ်ချေပြီ။ သူက “ပြက်ရယ်ပြုတတ်သောသူတို့သည်၊ . . . ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်” ဟုပြောဆိုခဲ့သည်။ (၂ ပေတရု ၃:၃၊ ၄) စစ်မှန်သောဝတ်ပြုသူများသည် ဤအမြင်မျိုးရှိလာကြမည်ဆိုလျှင် “မလှုပ်မရှား၊ အသီးမသီး” သူများဖြစ်သွားကြပေမည်။ (၂ ပေတရု ၁:၈၊ ကဘ) သို့သော် ဝမ်းသာစရာမှာ ယနေ့ ဘုရားသခင်၏လူအများစုသည် ထိုသို့မဟုတ်ကြခြင်းဖြစ်သည်။

၄ မျက်မှောက်စနစ်ဆိုးကြီး ပျက်စီးမည့်အချိန်ကို စိတ်ဝင်စားခြင်းသည် မမှားပါ။ ယေရှု၏တမန်တော်များကိုယ်တိုင် စိတ်ဝင်တစားဖြင့် “ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” ဟုမေးလျှောက်ခဲ့သည်ကို သတိရပါ။ ယေရှုက “ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” ဟုဖြေဆိုတော်မူခဲ့သည်။ (တမန်တော် ၁:၆၊ ၇) ထိုစကားများက သံလွင်တောင်ပေါ်တွင် ကိုယ်တော်ဟောပြောခဲ့သောဒေသနာ၏ အဓိကသဘောတရားကို ဖော်ပြပါသည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိ။ . . . သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။” (မဿဲ ၂၄:၄၂၊ ၄၄) ထိုဆုံးမစကားကို ကျွန်ုပ်တို့အမြဲမှတ်ထားဖို့ မိမိကိုယ်ကိုသတိပေးရန်လိုပေသည်! အချို့က ‘ငါ နဲနဲအရှိန်လျှော့ပြီး ပိုပြီး အေးအေးဆေးဆေးနေရင် ကောင်းမှာပဲ’ ဟုသဘောပိုက်လိုကြမည်။ ယင်းကား အမှားကြီးမှားမည်ဖြစ်ခြင်း! “မိုးကြိုးသား” ယာကုပ်နှင့်ယောဟန်တို့အကြောင်း ဆင်ခြင်ပါ။—မာကု ၃:၁၇။

၅၊ ၆။ ယာကုပ်နှင့်ယောဟန်တို့၏ ပုံသက်သေများမှ အဘယ်သင်ခန်းစာများ ရနိုင်သနည်း။

၅ ယာကုပ်သည် ဇွဲလုံ့လအလွန်ရှိသောတမန်တော်တစ်ပါးဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (လုကာ ၉:၅၁-၅၅) သူသည် ခရစ်ယာန်အသင်းတော်တည်ထောင်သည်နှင့် တက်ကြွလှုပ်ရှားစွာ တကယ်အမှုဆောင်ခဲ့ပေမည်။ သို့သော် ယာကုပ်သည် အသက်အတော်အတန်ငယ်ရွယ်ချိန်တွင် ဟေရုဒ်အဂြိပ္ပ ၁ ကသူ့ကို သေဒဏ်ပေးခဲ့သည်။ (တမန်တော် ၁၂:၁-၃) မထင်မမှတ်ဘဲ သေရတော့မည်ကိုသိပြီးနောက် မိမိသည် ဤမျှဇွဲရှိရှိ ဓမ္မအမှုဆောင်ရွက်ခဲ့ခြင်းကို ယာကုပ်ဝမ်းနည်းမိသည်ဟု ယူမှတ်စရာအကြောင်းရှိပါသလော။ လုံးဝမရှိပါ! သူ၏တိုတောင်းသောသက်တမ်းမှ အကောင်းဆုံးနှစ်များကို ယေဟောဝါ၏လုပ်ငန်းတော်အတွက် အသုံးချနိုင်ခဲ့သောကြောင့် သူအမှန်ပင် ဝမ်းမြောက်ရွှင်လန်းခဲ့မည်။ ကျွန်ုပ်တို့လည်း မထင်မမှတ်ဘဲ သေမည်၊ မသေမည်ကို မည်သူမျှမသိရှိနိုင်ပါ။ (ဒေသနာ ၉:၁၁; လုကာ ၁၂:၂၀၊ ၂၁ နှိုင်းယှဉ်။) ထို့ကြောင့် ယေဟောဝါ၏အမှုတော်ကို ဇွဲလုံ့လဖြင့်ဆောင်ရွက်နေခြင်းသည် အမှန်ပညာရှိပါသည်။ ဤနည်းဖြင့် ကိုယ်တော့်ရှေ့မှောက်တော်တွင် ကျွန်ုပ်တို့၏နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး ထာဝရအနာဂတ်ကိုရှေ့ရှုကာ ဆက်အသက်ရှင်နိုင်ကြပါလိမ့်မည်။—ဒေသနာ ၇:၁။

၆ “စောင့်နေကြလော့” ဟုယေရှုအရေးတကြီး တိုက်တွန်းတော်မူခဲ့ချိန်တွင် ရှိနေသော တမန်တော်ယောဟန်နှင့်ပတ်သက်၍လည်း လက်တွေ့ကျသင်ခန်းစာတစ်ခုရနိုင်ပါသည်။ (မဿဲ ၂၅:၁၃; မာကု ၁၃:၃၇; လုကာ ၂၁:၃၄-၃၆) ယင်းကို ယောဟန်နှလုံးပိုက်ကျုံးကာ ဆယ်စုနှစ်များစွာတိုင် အားတက်သရော အမှုတော်ထမ်းဆောင်ခဲ့သည်။ အမှန်မှာ အခြားတမန်တော်အားလုံးတို့ထက် သူသည် အသက်ပိုရှည်ခဲ့ပုံရှိသည်။ ယောဟန်သည် အတော်အတန်အိုမင်းရင့်ရော်နေ၍ ဆယ်စုနှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုတော်ထမ်းခဲ့ခြင်းကို ပြန်ပြောင်းစဉ်းစားကြည့်သည့်အခါ မှားလှလေခြင်း၊ လမ်းလွဲပြီး ဟန်ချက်မညီခဲ့လေခြင်းဟူ၍ သူယူမှတ်ပါသလော။ လုံးဝမယူမှတ်ပါ! သူသည် အနာဂတ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေဆဲရှိသည်။ ရှင်ပြန်ထမြောက်နေသော ယေရှုက “ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ဟု” မိန့်တော်မူသောအခါ ယောဟန်က “အာမင်။ သခင်ယေရှုကြွလာတော်မူပါ” ဟုချက်ချင်းဖြေဆိုလိုက်သည်။ (ဗျာဒိတ် ၂၂:၂၀) ယောဟန်သည် အေးဆေးငြိမ်သက်သော ‘ပုံမှန်ဘဝ’ ကိုတမ်းတကာ မျက်မှောက်ကာလအတွက် အသက်ရှင်နေထိုင်နေခြင်းမဟုတ်သည်မှာ အမှန်ပင်။ သခင်အရှင်ကြွလာမည့်အချိန် မရောက်မချင်း အစွမ်းကုန်အမှုတော်ထမ်းဆောင်နေရန် သူစိတ်ဆုံးဖြတ်ထားပါသည်။ ကျွန်ုပ်တို့ကော အသို့နည်း။

ထာဝရအသက်ရခြင်းကို ယုံကြည်နိုင်သော အခြေခံအကြောင်းများ

၇။ (က) ထာဝရအသက်မျှော်လင့်ချက်ကို ‘ရှေးကပ်ကာလမရောက်မီကပင် မည်သို့ကတိထားတော်မူ’ ခဲ့သနည်း။ (ခ) ယေရှုသည် ထာဝရအသက်မျှော်လင့်ချက်အကြောင်း မည်သို့ထပ်ဆင့်ရှင်းပြသနည်း။

၇ ထာဝရအသက်မျှော်လင့်ချက်သည် လူဖန်တီးသောအိပ်မက် သို့မဟုတ် စိတ်ကူးယဉ်ခြင်းမျှမဟုတ်ကြောင်း စိတ်ချပါ။ တိတု ၁:၁-၃ တွင်ဆိုထားသည့်အတိုင်း ဘုရားဝတ်၌ ကျွန်ုပ်တို့မွေ့လျော်နေခြင်းမှာ ‘မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မီက ကတိထားတော်မူသော . . . ထာဝရအသက်မျှော်လင့်ခြင်း’ ကြောင့်သာဖြစ်သည်။ ဘုရားသခင်၏ ကနဦးရည်ရွယ်ချက်မှာ နာခံမှုရှိလူသားအပေါင်း ထာဝရအသက်ရှင်ရန်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) ဤရည်ရွယ်ချက်ကို အာဒံနှင့်ဧဝတို့၏ပုန်ကန်မှုပင်မက အဘယ်အရာကမျှ ပျက်စီးသွားစေနိုင်မည်မဟုတ်ပါ။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း လူသားအပေါင်းခံနေရသော ဒုက္ခအားလုံးကို ဖယ်ရှားပေးမည့် ‘မျိုးနွယ်တော်’ ကိုဘုရားသခင်ချက်ချင်းကတိပြုတော်မူခဲ့သည်။ ထို ‘မျိုးနွယ်တော်’ သို့မဟုတ် မေရှိယဖြစ်သောယေရှု ကြွရောက်လာသည်နှင့် ကိုယ်တော်သည် ထာဝရအသက်မျှော်လင့်ချက်ကို သူ၏အဓိကသွန်သင်ချက်တို့တွင် တစ်ခုအပါအဝင်ဖြစ်စေတော်မူခဲ့သည်။ (ယောဟန် ၃:၁၆; ၆:၄၇၊ ၅၁; ၁၀:၂၈; ၁၇:၃) ခရစ်တော်သည် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကို စွန့်တော်မူခြင်းဖြင့် လူသားအပေါင်းအား ထာဝရအသက်ပေးပိုင်ခွင့် ရရှိလေသည်။ (မဿဲ ၂၀:၂၈) ကိုယ်တော်၏တပည့်တော်အချို့ဖြစ်သော ၁၄၄,၀၀၀ တို့သည် ကောင်းကင်တွင် ထာဝစဉ်အသက်ရှင်ကြလိမ့်မည်။ (ဗျာဒိတ် ၁၄:၁-၄) သို့ဖြင့် တစ်ချိန်က လူဇာတိကိုခံယူခဲ့သူများသည် ‘မသေနိုင်သောအဖြစ်ကို ဝင်စားကြရမည်’ ပါတကား!—၁ ကောရိန္သု ၁၅:၅၃။

၈။ (က) “မသေနိုင်သောအဖြစ်” ကားအဘယ်နည်း။ ယေဟောဝါသည် ယင်းကို ၁၄၄,၀၀၀ အားအဘယ်ကြောင့်ကမ်းလှမ်းသနည်း။ (ခ) ယေရှုသည် “အခြားသိုး” ကိုအဘယ်မျှော်လင့်ချက်ကမ်းလှမ်းသနည်း။

၈ “မသေနိုင်သောအဖြစ်” မည်သည် သေခြင်းနှင့်အစဉ်ကင်းလွတ်ခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ ၎င်းတွင် “အဘယ်အခါ၌မျှ မကုန်မဆုံးနိုင်သည့် အသက်၏တန်ခိုးအာနုဘော်” ရှိသည်။ (ဟေဗြဲ ၇:၁၆; ဗျာဒိတ် ၂၀:၆ နှိုင်းယှဉ်။) သို့သော် ဤမျှထူးမြတ်သောဆုကျေးဇူးကို ပေးသနားတော်မူခြင်းဖြင့် အဘယ်အကျိုးကို ဘုရားသခင်ဖြစ်ထွန်းစေတော်မူသနည်း။ ဘုရားသခင်၏ အဘယ်သတ္တဝါကိုမျှ ယုံကြည်စိတ်ချနိုင်သည်မဟုတ်ဟူသော စာတန်၏စိန်ခေါ်ချက်ကို သတိရပါ။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ၁၄၄,၀၀၀ အားမသေနိုင်သောအဖြစ်ကို ဝင်စားစေခြင်းဖြင့် စာတန်၏စိန်ခေါ်ချက်ကို ထိုမျှထူးခြားစွာဖြေဆိုခဲ့သော ဤလူစုအပေါ် ဘုရားသခင်၏ယုံကြည်စိတ်ချမှု အပြည့်အဝရှိကြောင်း ကိုယ်တော်တင်ပြပါသည်။ သို့သော် ကျန်ကြွင်းသောလူသားများကော အသို့နည်း။ ယေရှုက ဘုရားသခင့်နိုင်ငံတော်အမွေခံဖြစ်သော ဤ “သိုးစုငယ်” ၏ကနဦးအဖွဲ့ဝင်တို့အား “သင်တို့သည် . . . တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်” ရှိမည်ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၃၂; ၂၂:၃၀) ယင်းက ကိုယ်တော်၏နိုင်ငံတော်လက်အောက်ခံများအဖြစ် ကမ္ဘာပေါ်တွင် ထာဝရအသက်ရကြမည့် အခြားသူများရှိလိမ့်မည်ဖြစ်ကြောင်း ဆိုလိုနေပါသည်။ ဤ “အခြားသိုး” တို့သည် မသေနိုင်သောအဖြစ်ကိုမရကြသော်လည်း သူတို့သည် “ထာဝရအသက်” ရသည်။ (ယောဟန် ၁၀:၁၆; မဿဲ ၂၅:၄၆) သို့ဖြင့် ခရစ်ယာန်အားလုံးတို့၏ မျှော်လင့်ချက်မှာ ထာဝရအသက်ရရန်ဖြစ်သည်။ ယင်းသည် စိတ်ကူးယဉ်ခြင်းမျှမဟုတ်ပါ။ “မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်” ကိုယ်တော်တိုင်ပေးသော ကတိတော်ဖြစ်ပြီး ယေရှု၏တန်ဖိုးဖြတ်မရသောအသွေးတော်နှင့် အခပေး ဝယ်ယူထားတော်မူသည့်အရာဖြစ်သည်။—တိတု ၁:၁။

အလှမ်းကွာသောအနာဂတ်တွင်လော

၉၊ ၁၀။ အဆုံးနီးနေကြောင်း အဘယ်ရှင်းလင်းသောတင်ပြချက်များရှိသနည်း။

၉ ကျွန်ုပ်တို့သည် “နောက်ဆုံးအချိန်” တွင်ရောက်ရှိနေကြောင်း “ခဲယဉ်းသောကာလ” ကသက်သေထူလိမ့်မည်ဟု တမန်တော်ပေါလုကြိုတင်ဟောပြောခဲ့သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးသည် မေတ္တာခေါင်းပါးကြ၊ လောဘကြီးကြ၊ ကိုယ်ကျိုးရှာကြ၊ မတရားသောအမှုကိုပြုကြသည့်အဖြစ်သို့ ပျက်စီးယိုယွင်းနေစဉ် ဤဆိုးသွမ်းသောလောကစနစ်ကို ဘုရားသခင်တရားစီရင်မည့် ယေဟောဝါ၏နေ့ကြီးသည် အလျင်အမြန်ချဉ်းကပ်လာနေကြောင်း ကျွန်ုပ်တို့သိကြသည် မဟုတ်ပေလော။ အကြမ်းဖက်မှုနှင့်မုန်းတီးမှု တိုးပွားများပြားလာလေ “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား . . . ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်” ဟူသောပေါလုထပ်ဆင့်ပြောသည့်စကားများ ပြည့်စုံနေသည်ကို နေရာအနှံ့တွေ့မြင်ရကြသည်မဟုတ်ပေလော။ (၂ တိမောသေ ၃:၁-၅၊ ၁၃) အချို့က “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏” ဟုအကောင်းမြင်ပြီး ကြွေးကြော်ကြမည်မှန်သော်လည်း “ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိကြ” ရတော့မည်ဖြစ်သောကြောင့် ငြိမ်းချမ်းဖို့ရန်အလားအလာအားလုံး ပျောက်ပျက်သွားပါလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိတို့ခေတ်ကာလ၏ အနက်အဓိပ္ပာယ်ကိုမသိရသည့်အဖြစ်မျိုးတွင် မရှိကြပါ။ ထို့ကြောင့် “အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။”—၁ သက်သာလောနိတ် ၅:၁-၆။

၁၀ ထို့ပြင် နောက်ဆုံးကာလသည် “ကာလတစ်ခဏသာ” ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၁၂; ၁၇:၁၀ နှိုင်းယှဉ်။) ထို “တစ်ခဏသာတည်” သောအချိန်သည် အတော်အတန်ကုန်ဆုံးနေပုံရှိသည်။ ဥပမာ၊ ဒံယေလ၏ပရောဖက်ပြုချက်က ဤရာစုခေတ်တိုင်အောင် ဖြစ်ပွားနေသော “တောင်ရှင်ဘုရင်” နှင့် “မြောက်ရှင်ဘုရင်” တို့၏ပဋိပက္ခကို တိကျစွာဖော်ပြထားသည်။ (ဒံယေလ ၁၁:၅၊ ၆) ပြည့်စုံရန်ကျန်ရှိသည့်အရာမှာ ဒံယေလ ၁၁:၄၄၊ ၄၅ တွင်ဖော်ပြထားသည့် “မြောက်ရှင်ဘုရင်” ၏နောက်ဆုံးတိုက်ခိုက်မှုသာဖြစ်သည်။—ဤပရောဖက်ပြုချက်၏ ဆွေးနွေးတင်ပြချက်ကို ၁၉၈၈၊ ဇူလိုင် ၁ နှင့် ၁၉၉၃၊ နိုဝင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင် ရှု။

၁၁။ (က) မဿဲ ၂၄:၁၄ သည်အဘယ်အတိုင်းအတာအထိ ပြည့်စုံနေပြီနည်း။ (ခ) မဿဲ ၁၀:၂၃ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများက အဘယ်အရာကို တင်ပြသနည်း။

၁၁ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီ [လောက]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူသောယေရှု၏ကြိုတင်ဟောပြောချက်လည်းရှိသေးသည်။ (မဿဲ ၂၄:၁၄) ယနေ့ ယေဟောဝါသက်သေများသည် တိုင်းနိုင်ငံနှင့်ကျွန်းစုများအပြင် အရပ်ဒေသ ၂၃၃ ခုတို့တွင် သူတို့၏လုပ်ငန်းကို ထမ်းဆောင်နေကြပါသည်။ မှန်ပေသည်၊ လုံးဝမရောက်ရှိရသေးသည့် နယ်မြေဒေသများ ကျန်ရှိသည်ဖြစ်၍ ယေဟောဝါ၏အချိန်တန်လျှင် ဆောင်ရွက်စရာလုပ်ငန်းတော်တံခါးကြီးတစ်ခု ပွင့်လာကောင်း ပွင့်လာပါလိမ့်မည်။ (၁ ကောရိန္သု ၁၆:၉၊ ကဘ) သို့တိုင် မဿဲ ၁၀:၂၃ တွင်မှတ်တမ်းတင်ထားသော “ဣသရေလမြို့ရွာရှိသမျှတို့ကို သင်တို့လှည့်လည်၍မကုန်မီ လူသားသည် ကြွလာလိမ့်မည်” ဟူသောစကားကား လေးနက်စွာစဉ်းစားစရာပင်ဖြစ်သည်။ သတင်းကောင်းကို မြေကြီးတစ်ဝန်းတွင် အမှန်တကယ်ကြေညာကြရလိမ့်မည်ဖြစ်သော်လည်း တရားစီရင်သူအဖြစ် ယေရှု ‘ကြွရောက်’ မလာမီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြင့် ကမ္ဘာ့ဒေသအရပ်တိုင်းသို့ ကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကျ ရောက်လိမ့်မည်မဟုတ်ပါ။

၁၂။ (က) ဗျာဒိတ် ၇:၃ တွင်အဘယ် ‘တံဆိပ်ခတ်ခြင်း’ အကြောင်း ဖော်ပြထားသနည်း။ (ခ) ကမ္ဘာပေါ်တွင် ဘိသိက်ခံများ၏အရေအတွက် လျော့နည်းနေခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၂ “ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌တံဆိပ်မခတ်မီတိုင်အောင်” ဖျက်ဆီးခြင်း “လေးမျက်နှာလေတို့” ကိုကိုင်ထားကြောင်း ဗျာဒိတ် ၇:၁၊ ၃ ပါကျမ်းပိုဒ်ကို သုံးသပ်ကြည့်ပါ။ ယင်းသည် ၁၄၄,၀၀၀ မှသူတို့ ကောင်းကင်ခေါ်တော်မူခြင်းခံရချိန်တွင် ကနဦးတံဆိပ်ခတ်ခြင်းကို ရည်ညွှန်းနေသည်မဟုတ်ပါ။ (ဧဖက် ၁:၁၃) “ငါတို့ဘုရားသခင်၏ကျွန်တို့” အဖြစ်စမ်းသပ်ခံရ၍ သစ္စာရှိကြောင်း အမှန်စင်စစ်တင်ပြပြီးသည့် နောက်ဆုံးတံဆိပ်ခတ်ခံရခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ကမ္ဘာပေါ်ကျန်ကြွင်းသည့် ဘုရားသခင်၏ဘိသိက်ခံသားစစ်များ၏အရေအတွက်သည် အလွန်လျော့နည်းနေပါပြီ။ ထို့ပြင် သမ္မာကျမ်းစာက ကြီးစွာသောဒုက္ခကာလ၏အစပိုင်းကို “ရွေးချယ်သောသူတို့အဖို့အလို့ငှာ” ‘တိုစေလိမ့်မည်’ ဟု ရှင်းလင်းပြတ်သားစွာဖော်ပြထားသည်။ (မဿဲ ၂၄:၂၁၊ ၂၂) ဘိသိက်ခံဟုအမည်ခံသူ မြောက်မြားစွာတို့သည် အတော်အိုမင်းနေကြပြီ။ ယင်းကလည်း အဆုံးနီးပြီဟု ထင်ရှားစေသည်မဟုတ်ပေလော။

သစ္စာရှိကင်းစောင့်

၁၃၊ ၁၄။ ကင်းစောင့်အတန်းအစား၏တာဝန်ကား အဘယ်နည်း။

၁၃ ဤအချိန်အတောအတွင်း ‘သစ္စာရှိကျေးကျွန်’ ၏ညွှန်ကြားချက်ကိုလိုက်နာနေသင့်သည်။ (မဿဲ ၂၄:၄၅) မျက်မှောက်ခေတ် “ကျေးကျွန်” သည် “ကင်းစောင့်” အဖြစ် နှစ်ပေါင်းတစ်ရာကျော်တိုင် သစ္စာရှိရှိအမှုဆောင်ခဲ့ပြီ။ (ယေဇကျေလ ၃:၁၇-၂၁) ၁၉၈၅၊ ဇန်နဝါရီ ၁၊ ကင်းမျှော်စင်က ဤသို့ရှင်းပြသည်– “ဤကင်းစောင့်သည် ကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံချက်အရ မြေကြီးပေါ်တွင် ဖြစ်ပျက်လေသမျှကိုသတိပြုကာ ‘ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ’ ရောက်လုဆဲဖြစ်ကြောင်း သတိပေးနှိုးဆော်ပါသည်။ ‘သာ၍ကောင်းသောအရာ၏သတင်းကောင်း’ ကိုလည်း ကြေညာနေပါသည်။”—မဿဲ ၂၄:၂၁; ဟေရှာယ ၅၂:၇။

၁၄ ကင်းစောင့်၏အလုပ်တာဝန်မှာ “မြင်သည်အတိုင်းပြော” ဆိုရန်ဖြစ်ကြောင်းကို သတိရပါ။ (ဟေရှာယ ၂၁:၆-၈) ကျမ်းစာခေတ်တွင် ကင်းစောင့်တစ်ဦးသည် ဝေးလွန်း၍ မသဲမကွဲဖြစ်သော စိုးရိမ်စရာတစ်ခုခုကို မြင်သောအခါ၌ပင် သတိပေးတတ်ပါသည်။ (၄ ဓမ္မရာဇဝင် ၉:၁၇၊ ၁၈) ထိုစဉ်က အချက်ပေးမှားသည့်အခါများ ရှိခဲ့ဖူးသည်။ သို့သော် ကင်းစောင့်ကောင်းတစ်ဦးသည် အရှက်တကွဲဖြစ်မည်စိုးရိမ်သောကြောင့် အချက်မပေးဘဲနေခြင်းမရှိပါ။ သင့်အိမ်မီးလောင်နေစဉ် မီးသတ်တို့က အချက်ပေးမှားသည်အထင်နှင့် မရောက်လာကြလျှင် သင်မည်သို့ခံစားရမည်နည်း။ ထိုမီးသတ်တို့သည် အန္တရာယ်အရိပ်အယောင်ကိုမြင်သည်နှင့် ချက်ချင်းတုံ့ပြန်ကြမည်ဟု ကျွန်ုပ်တို့မျှော်လင့်တတ်ကြ၏! ထပ်တူပင် ကင်းစောင့်အတန်းအစားသည် အလျဉ်းသင့်တိုင်း သတိပေးခဲ့ကြပြီ။

၁၅၊ ၁၆။ (က) ပရောဖက်ပြုချက်များအပေါ် သဘောပေါက်နားလည်မှုကို အဘယ်ကြောင့်ပြုပြင်ပေးခဲ့ရသနည်း။ (ခ) ပရောဖက်ပြုချက်အချို့အပေါ် သဘောပေါက်နားလည်မှု လွဲမှားနေသော ဘုရားသခင်၏သစ္စာရှိကျေးကျွန်များထံမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။

၁၅ သို့သော် အဖြစ်အပျက်များတိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ ပရောဖက်ပြုချက်များကို ကျွန်ုပ်တို့ပိုမိုသဘောပေါက်နားလည်လာကြပြီ။ မြင့်မြတ်သောပရောဖက်ပြုချက်များ မပြည့်စုံမီ ယင်းတို့ကို အပြည့်အဝနားလည်လေ့မရှိကြောင်း သမိုင်းကဖော်ပြပါသည်။ မျိုးနွယ်တော်သည် နှစ်ပေါင်း ၄၀၀ တိုင် “သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်” လိမ့်မည်ဟု ဘုရားသခင်က အာဗြံကို အတိအကျမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၅:၁၃) သို့ရာတွင် မောရှေက အချိန်မကျမီ ကယ်နုတ်ရှင်ဖြစ်လိုခဲ့သည်။—တမန်တော် ၇:၂၃-၃၀။

၁၆ မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်များကိုလည်း သုံးသပ်ကြည့်ပါ။ အသေအချာပြန်စဉ်းစားကြည့်ရာတွင် မေရှိယ၏သေခြင်းနှင့် ထမြောက်ခြင်းကို ကြိုတင်ဟောထားကြောင်း အလွန်ရှင်းပုံရှိသည်။ (ဟေရှာယ ၅၃:၈-၁၀) သို့တိုင် ယေရှု၏တပည့်တော်ရင်းများပင် ဤအဖြစ်မှန်ကို သဘောမပေါက်ခဲ့ကြပါ။ (မဿဲ ၁၆:၂၁-၂၃) ဒံယေလ ၇:၁၃၊ ၁၄ သည်ခရစ်တော်၏ အနာဂတ်ပါရိုစီးယား သို့မဟုတ် “ရောက်ရှိနေခြင်း” တွင်ပြည့်စုံလိမ့်မည်ဟု သူတို့နားမလည်ခဲ့ပေ။ (မဿဲ ၂၄:၃) ထို့ကြောင့် သူတို့က “သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” ဟုမေးလျှောက်ကြစဉ် သူတို့၏တွက်ချက်မှုသည် နှစ်ပေါင်း ၂,၀၀၀ နီးပါးချော်နေသည်။ (တမန်တော် ၁:၆) ခရစ်ယာန်အသင်းတော်၏အုတ်မြစ်သည် အတော်အတန်ခိုင်မြဲနေပြီးနောက်တွင်ပင် အယူအဆအမှားများနှင့် လွဲမှားသောမျှော်လင့်ချက်များ ဆက်လက်ပေါ်ထွက်လာနေဆဲပင်။ (၂ သက်သာလောနိတ် ၂:၁၊ ၂) တစ်ခါတစ်ရံ အချို့သူများသည် မှားယွင်းသောအယူအဆများ ရှိခဲ့သော်လည်း ထိုပထမရာစုမှ ယုံကြည်သူများ၏လုပ်ငန်းကို ယေဟောဝါသည် ကောင်းချီးပေးတော်မူခဲ့ကြောင်း မငြင်းဆိုနိုင်ပါတကား!

၁၇။ သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့၏နားလည်မှုကို ပြုပြင်ရခြင်းတို့နှင့်ပတ်သက်၍ အဘယ်သဘောထားရှိသင့်သနည်း။

၁၇ ယခုခေတ်ကင်းစောင့်အတန်းအစားသည်လည်း ရံဖန်ရံခါ ၎င်း၏ရှုမြင်ချက်ကို ရှင်းလင်းခဲ့ကြရသည်။ သို့တိုင် ‘သစ္စာရှိကျေးကျွန်’ ကိုယေဟောဝါကောင်းချီးပေးနေတော်မူကြောင်း မည်သူသံသယဝင်မည်နည်း။ ထို့ပြင် ရှေ့ဖြစ်နောက်ဖြစ်တို့ကို ထောက်ရှုလျှင် ပြုပြင်ချက်အများစုတို့မှာ မဖြစ်စလောက်သာ မဟုတ်ပေလော။ အခြေခံသဘောအရ သမ္မာကျမ်းစာကို ကျွန်ုပ်တို့နားလည်ထားပုံသည် မပြောင်းလဲပါ။ နောက်ဆုံးကာလတွင် အသက်ရှင်နေရသည်ဟူသော ကျွန်ုပ်တို့၏ခံယူချက်သည် ယခင်ကထက် ပိုမိုခိုင်မာနေသည်တကား!

ထာဝရအနာဂတ်အတွက် အသက်ရှင်ခြင်း

၁၈။ မျက်မှောက်အချိန်အတွက်သာ အသက်ရှင်ခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်ရှောင်သင့်သနည်း။

၁၈ လောကအနေနှင့် ‘စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်’ ဟုဆိုကြပေမည်။ သို့သော်လည်း ယင်းသည် ကျွန်ုပ်တို့၏စိတ်ထားမဖြစ်ရပါ။ ထာဝရအနာဂတ်အတွက် ကြိုးပမ်းနိုင်သည်ဖြစ်ရာ ယခုအသက်တာမှရရှိနိုင်သောပျော်ပါးမှုအတွက် အဘယ်ကြောင့် အချည်းနှီးကြိုးပမ်းလုပ်ဆောင်ရမည်နည်း။ ထိုအနာဂတ်မျှော်လင့်ချက်သည် ကောင်းကင်တွင် မသေနိုင်သောအသက်ရခြင်းပင်ဖြစ်စေ၊ ကမ္ဘာပေါ်တွင် ထာဝရအသက်ရခြင်းပင်ဖြစ်စေ အိပ်မက်မျှမဟုတ်၊ စိတ်ကူးယဉ်ခြင်းသက်သက်မဟုတ်ပါ။ ယင်းသည် “မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်” ကတိထားတော်မူသည့် တကယ့်ဖြစ်ရပ်မှန်ဖြစ်သည်။ (တိတု ၁:၁) ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း ဖြစ်ပျက်လာမည့်အချိန်သည် အလွန်နီးနေကြောင်း သက်သေအထောက်အထား ဒုနှင့်ဒေးရှိသည်တကား! “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်” ပါသည်။—၁ ကောရိန္သု ၇:၂၉။

၁၉၊ ၂၀။ (က) ဘုရားသခင့်နိုင်ငံတော်အတွက် အနစ်နာခံခြင်းတို့ကို ယေဟောဝါမည်သို့သဘောထားတော်မူသနည်း။ (ခ) ထာဝရကာလကိုမျှော်၍ အဘယ်ကြောင့်အသက်ရှင်ရမည်နည်း။

၁၉ မှန်ပါ၏၊ ဤစနစ်သည် လူအများထင်သည်ထက် ကြာမြင့်စွာတည်ရှိနှင့်ပြီ။ အချို့က ယင်းကိုသာကြိုတင်သိခဲ့မည်ဆိုလျှင် တစ်စုံတစ်ရာသောဆုံးရှုံးနစ်နာမှုခံခဲ့မည်မဟုတ်ဟု ယခုယူမှတ်နေကြမည်။ သို့သော် ထိုသို့ပြုမူခဲ့သောကြောင့် ဝမ်းမနည်းသင့်ပါ။ အမှန်မှာ အနစ်နာခံခြင်းသည် ခရစ်ယာန်တစ်ဦး၏ အခြေခံအစိတ်အပိုင်းဖြစ်သည်။ ခရစ်ယာန်များသည် ‘ကိုယ်ကိုကိုယ်ငြင်းပယ်ရကြ၏။’ (မဿဲ ၁၆:၂၄) ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများသည် အချည်းနှီးဖြစ်ခဲ့ပြီဟု ဘယ်သောအခါမျှ မယူမှတ်သင့်ပါ။ ယေရှုက “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏၊ ထိုသူသည်အဆတစ်ရာသောအကျိုး . . . နှင့်နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့” ဟုကတိထားတော်မူခဲ့ပြီ။ (မာကု ၁၀:၂၉၊ ၃၀) ယခုအချိန်မှ အနှစ်တစ်ထောင်ကြာလျှင် သင့်လုပ်ငန်း၊ အိမ်ရာ သို့မဟုတ် စည်းစိမ်ဥစ္စာသည် မည်မျှအရေးပါမည်နည်း။ ယေဟောဝါအတွက် သင်အနစ်နာခံခဲ့ခြင်းများမူကား နောင်နှစ်ပေါင်းတစ်သန်းမက သန်းတစ်ထောင်ကြာကာလတိုင်အောင် အဓိပ္ပာယ်ရှိမည်တကား! ‘အကြောင်းမူကား . . . ဘုရားသခင်သည် သင်တို့ပြုသောအလုပ်ကို မေ့လျော့သည်တိုင်အောင် [မတရားသော] အမှုကို ပြုတော်မူသည်မဟုတ်။’—ဟေဗြဲ ၆:၁၀။

၂၀ ထို့ကြောင့် “မျက်မှောက်၌ထင်ရှားသောအရာတို့သည် ခဏသာတည်၍၊ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက်၊ ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြ” ပြီးထာဝရကာလကိုမျှော်၍ အသက်ရှင်ကြစို့။ (၂ ကောရိန္သု ၄:၁၇၊ ၁၈) ပရောဖက်ဟဗက္ကုတ်က “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကိုဆိုလို၏။ မုသားနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ဟုရေးသားခဲ့သည်။ (ဟဗက္ကုတ် ၂:၃) အဆုံးကို ‘မျှော်လင့်နေခြင်း’ သည် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာနှင့် မိသားစုတာဝန်များ ထမ်းဆောင်ပုံကို မည်သို့အကျိုးသက်ရောက်စေမည်နည်း။ နောက်ဆောင်းပါးတွင် ယင်းတို့ကို ဆွေးနွေးတင်ပြပါမည်။

ပြန်လည်သုံးသပ်ရန်အချက်များ

◻ ဤအစီအစဉ်စနစ်၏အဆုံးတိုင်ဖို့ရန် နောက်ကျနေပုံရှိခြင်းက ယနေ့ အချို့သူများကို မည်သို့ဖြစ်စေခဲ့ပြီနည်း။

◻ ထာဝရအသက်ရရန် ကျွန်ုပ်တို့မျှော်လင့်နေခြင်း၏ အခြေခံကားအဘယ်နည်း။

◻ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ကျွန်ုပ်တို့အနစ်နာခံမှုများကို မည်သို့ ရှုမြင်သင့်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အဆုံးမတိုင်မီ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ပြီးစီးရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ