သူတို့ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
ခွင့်လွှတ်ရန်အသင့်ရှိသော ဖခင်တစ်ဦး
ယင်းသည် ရေးခဲ့သမျှထဲတွင် အထင်ရှားဆုံးဇာတ်လမ်းတိုဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းသည်လည်း အကြောင်းခိုင်လုံသည်။ ပျောက်သောသားအပေါ် ဖခင်၏မေတ္တာကိုသရုပ်ဖော်သည့် ယေရှု၏ပုံဥပမာသည် နောင်တရသောအပြစ်သားများအပေါ် ဘုရားသခင်၏ထောက်ထားကြင်နာမှုဆိုင်ရာ ခမ်းနားထည်ဝါသောမြင်ကွင်းကို မြင်နိုင်သည့်ပြတင်းပေါက်နှင့်တူသည်။
ပျောက်ဆုံးခြင်းနှင့် ပြန်လည်တွေ့ ရှိခြင်း
လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။ သားငယ်က ‘အဘကွယ်လွန်သည့်အထိ အကျွန်ုပ်မစောင့်နိုင်ပါ၊ ကျွန်ုပ်၏အမွေဥစ္စာကို ယခုလိုချင်ပါသည်’ ဟုသူ့အားပြောဆို၏။ ဖခင်သည် သားငယ်ကိုလိုက်လျော၍ သူပိုင်ဆိုင်သမျှမှသုံးပုံတစ်ပုံ—သားနှစ်ယောက်တွင် သားငယ်၏တရားဝင်ရပိုင်သောဝေစုကို ပေးလိုက်ပုံပေါ်သည်။ (တရားဟောရာ ၂၁:၁၇) ထိုလူငယ်သည် သူ့ဥစ္စာများကိုအလောတကြီးသိမ်းယူ၍ ဝေးစွာသောပြည်သို့ ထွက်သွားကာ ထိုပြည်၌ ကာမဂုဏ်လွန်ကျူးသောဘဝအသက်တာနှင့် ရှိသမျှငွေအားလုံးကို ဖြုန်းတီးလိုက်လေသည်။—လုကာ ၁၅:၁၁-၁၃။
ထိုအချိန်တွင် ကြီးစွာသောအစာခေါင်းပါးဘေး ဆိုက်ရောက်လေသည်။ ကြံရာမရဖြစ်သည့်အဆုံး၌ ထိုလူငယ်သည် ဂျူးလူမျိုးတစ်ဦးအတွက် ရွံရှာဖွယ်အလုပ်တစ်ခုဖြစ်သည့် ဝက်ကျောင်းသည့်အလုပ်ကို လက်ခံလိုက်သည်။ (ဝတ်ပြုရာ ၁၁:၇၊ ၈) ဝက်တို့ကိုကျွေးသည့် ပဲတောင့်ကိုပင် စားချင်လောက်အောင် အစာရှားပါးလှ၏! နောက်ဆုံး ထိုလူငယ်သည် အမြင်မှန်ရလာသည်။ သူက ‘ငါ့အဘ၏ကျေးကျွန်များမှာ ငါ့ထက်သာ၍ဝစွာစားရကြ၏! အိမ်သို့ပြန်၍ အပြစ်များကိုဝန်ချတောင်းပန်ပြီး အဘ၏သူရင်းငှားတစ်ဦးအဖြစ်ထားရန် အသနားခံမည်’ ဟုစဉ်းစားမိသည်။a—လုကာ ၁၅:၁၄-၁၉။
ထိုလူငယ်သည် အိမ်သို့ပင်ပန်းလေးကန်စွာဖြင့် ပြန်သွားလေသည်။ သူ့အသွင်အပြင်မှာ အတော်အတန်ပြောင်းလဲသွားသည်ကို သံသယရှိစရာမလိုပါ။ သို့သော်လည်း သူ၏ဖခင်သည် သူ့ကို “အဝေး၌ပင်ရှိနေစဉ်” မှတ်မိလေသည်။ သနားကြင်နာကရုဏာဖြင့် သူ့သားထံသို့ပြေးသွား၍ ဖက်ပြီးလျှင် “နမ်းရှုပ်လေ၏။”—လုကာ ၁၅:၂၀၊ သမ။
ဤသို့လှိုက်လှဲနွေးထွေးစွာ ကြိုဆိုလက်ခံမှုကြောင့် လူငယ်သည် ရင်ဖွင့်ပြောဆိုရန် လွယ်ကူသွားသည်။ သူက “အဘ၊ ကျွန်တော်သည် ထာဝရဘုရားကိုလည်းကောင်း၊ အဘကိုလည်းကောင်း ပြစ်မှားမိပါပြီ။ သို့ဖြစ်၍ အဘ၏သားဟူ၍ပင် အခေါ်မခံထိုက်တော့ပါ။ [“သူရင်းငှားတစ်ယောက်ကဲ့သို့ ထားပါ၊” သမ]” ဟုဆိုလေသည်။ ဖခင်ဖြစ်သူသည် သူ့ကျွန်များကို ဆင့်ခေါ်လိုက်သည်။ သူဤသို့စေခိုင်းသည်– “အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့အားဝတ်ပေးကြ။ သူ၏လက်၌ လက်စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။ ဆူဖြိုးအောင်ကျွေးထားသည့် နွားကလေးကိုသတ်ကြ။ ငါတို့ပျော်ရွှင်စွာ စားကြကုန်အံ့။ ငါ့သားသည် ယခင်ကသေသော်လည်း ယခုပြန်၍အသက်ရှင်လာပြီ၊ ယခင်ကပျောက်ဆုံးသော်လည်း ယခုပြန်၍တွေ့ ပြီ။”—လုကာ ၁၅:၂၁-၂၄၊ သတင်းကောင်း။
တေးဂီတနှင့် အကအခုန်ပါဝင်သည့် ခမ်းနားကြီးကျယ်သော စားသောက်ပွဲကိုကျင်းပလေသည်။ သားကြီးသည် လယ်မှပြန်လာစဉ်တွင် ဆူဆူညံညံအသံများကို ကြားရသည်။ သူ၏ညီဖြစ်သူသည် အိမ်ပြန်ရောက်နေပြီး ယင်းကြောင့် ပျော်ပွဲရွှင်ပွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသောအခါ သူသည် မခံမရပ်နိုင်ဖြစ်၍ အမျက်ဒေါသထွက်လာသည်။ သားကြီးက ဖခင်အား ‘ကျွန်တော်သည် နှစ်ပေါင်းများစွာ အဘ၏အစေကို ခံခဲ့ပါ၏။ အဘ၏အမိန့်ကို အဘယ်အခါကမျှ မလွန်ဆန်ခဲ့ဖူးပါ။ သို့ရာတွင် သူငယ်ချင်းများနှင့်အတူ ကျွန်တော်ပျော်ပွဲစားရန် အဘသည် အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ပါ။ သို့သော် ယခုအဘ၏ဥစ္စာပစ္စည်းများကို ဖြုန်းတီးပစ်သည့်သား ပြန်လာသောအခါ၌မူ သူ့အတွက်စားသောက်ပွဲကို ကျင်းပပါသည်တကား’ ဟုမကျေမနပ်ဆိုလေသည်။ သူ့ဖခင်က ‘ငါ့သား၊ သင်သည် ငါနှင့်အတူအမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကို သင်ပိုင်၏။ သင့်ညီသည် ယခင်ကသေသော်လည်း ယခုပြန်၍အသက်ရှင်လာ၏။ ယခင်က သူ့ကိုပျောက်ဆုံးခဲ့သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ ငါတို့သည် ဝမ်းမြောက်လျက် ပျော်ပွဲကိုဆင်နွှဲရကြ၏’ ဟုကြင်နာစွာပြန်၍ဖြေလေသည်။—လုကာ ၁၅:၂၅-၃၂၊ သတင်းကောင်း။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
ယေရှု၏ဥပမာထဲမှဖခင်ဖြစ်သူမှာ သနားကြင်နာခြင်းကရုဏာကြွယ်ဝလှသော ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို ပုံဆောင်သည်။ ပျောက်သောသားကဲ့သို့ပင် အချို့သူများသည် ဘုရားသခင့်မိသားစု၌ရှိသောလုံခြုံမှုကို စွန့်သွားကြသော်လည်း နောက်ပိုင်းပြန်လာကြသည်။ ထိုသို့သောသူများကို ယေဟောဝါမည်သို့ ရှုမြင်သနည်း။ စစ်မှန်သောနောင်တနှင့် ယေဟောဝါထံတော်သို့ပြန်လာသူများအနေနှင့် ကိုယ်တော်သည် “အစဉ်မပြတ် အပြစ်တင်ခြင်း၊ ကာလအစဉ် အမျက်ထားခြင်းပြုတော်မူမည်မဟုတ်” ကြောင်းကို စိတ်ချနိုင်ပါသည်။ (ဆာလံ ၁၀၃:၉၊ သမ္မာ) ပုံဥပမာတွင် ဖခင်ဖြစ်သူသည် သူ့သားကိုပြေး၍ ကြိုဆိုခဲ့သည်။ ထိုနည်းထပ်တူ ယေဟောဝါသည် နောင်တရသည့်အပြစ်သားများကို ခွင့်လွှတ်ရန်ဆန္ဒရှိရုံမက စိတ်အားထက်သန်သည်။ ကိုယ်တော်သည် “ခွင့်လွှတ်ရန်အသင့်ရှိ” ၍ “ကြွယ်ဝစွာခွင့်လွှတ်” တော်မူ၏။—ဆာလံ ၈၆:၅; ဟေရှာယ ၅၅:၇၊ ကဘ; ဇာခရိ ၁:၃။
ယေရှု၏ပုံဥပမာတွင် ဖခင်၏စစ်မှန်သောမေတ္တာက သားဖြစ်သူအနေနှင့် အိမ်သို့ပြန်ရန် အားတင်းဖို့လွယ်ကူစေသည်။ သို့သော် စဉ်းစားစရာမှာ ဖခင်ကသူ့အား သားအဖြစ်မှစွန့်လွှတ်ခဲ့မည် သို့မဟုတ် ဒေါသပေါက်ကွဲ၍ မည်သည့်အခါမျှပြန်မလာဖို့ ပြောဆိုခဲ့မည်ဆိုလျှင်ကော မည်သို့ဖြစ်မည်နည်း။ ယင်းသို့သော သဘောထားမျိုးက သူ့အားထာဝစဉ်နာကြည်းသွားစေနိုင်ဖို့ အကြောင်းရှိသည်။—၂ ကောရိန္သု ၂:၆၊ ၇ နှိုင်းယှဉ်။
တစ်နည်းအားဖြင့်ဆိုလျှင် သားဖြစ်သူထွက်သွားချိန်တွင် ဖခင်သည် သားပြန်လာဖို့ လမ်းခင်းထားပေးခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ယနေ့ခရစ်ယာန်အကြီးအကဲများသည် နောင်တမယူသည့်အပြစ်သားများကို အသင်းတော်မှနှင်ထုတ်ပစ်ရမည်။ (၁ ကောရိန္သု ၅:၁၁၊ ၁၃) ယင်းသို့ပြုခြင်းဖြင့် သူတို့သည် လာမည့်အချိန်တွင် ပြန်လည်လက်ခံမှုရရှိနိုင်ဖို့ လုပ်ဆောင်ရမည့်အရာများကို အပြစ်သားအားမေတ္တာပါပါထောက်ပြခြင်းဖြင့် အပြစ်သားပြန်လာရန် လမ်းခင်းပေးထားနိုင်သည်။ ယင်းသို့ လှိုက်လှိုက်လှဲလှဲတောင်းဆိုခံရသည်ဟူသောအသိက ဝိညာဉ်ရေးအရ ပျောက်ဆုံးနေသူများစွာတို့အား နောက်ပိုင်းတွင် နောင်တယူ၍ ဘုရားသခင့်အိမ်တော်သို့ပြန်လာရန် လှုံ့ဆော်ပေးသည်။—၂ တိမောသေ ၄:၂။
ဖခင်သည် သူ့သားပြန်လာသောအခါ ထောက်ထားစာနာမှုကိုလည်း ပြသခဲ့သည်။ လူငယ်၏စစ်မှန်သောနောင်တကို သူချက်ချင်းရိပ်မိခဲ့သည်။ ထို့နောက် သူ့သားမည်သည့်အပြစ်များကျူးလွန်ခဲ့ကြောင်းကို ခရေစေ့တွင်းကျမရမက ပြောပြခိုင်းမည့်အစား သူ့အားကြိုဆိုလက်ခံ၍ ယင်းသို့ပြုရခြင်းကို အလွန်ပျော်ရွှင်ကြောင်းတင်ပြခဲ့သည်။ အဆိုပါပုံဥပမာကို ခရစ်ယာန်များတုပနိုင်ပါသည်။ ပျောက်ဆုံးသောသူတစ်ဦးအား ပြန်လည်တွေ့ ရှိခြင်းကို သူတို့ဝမ်းမြောက်သင့်သည်။—လုကာ ၁၅:၁၀။
ထင်ရာစိုင်းသောသားပြန်အလာကို ရှည်ကြာစွာကတည်းက မျှော်လင့်စောင့်စားနေခဲ့ကြောင်း ဖခင်၏အပြုအမူက ရှင်းလင်းစွာတင်ပြနေပါသည်။ အမှန်မှာ ကိုယ်တော်၏မိသားစုကို စွန့်ခွာသွားသူများအားလုံးကို ယေဟောဝါတမ်းတနေတော်မူသည့်အရာ၏ အရိပ်မျှသာဖြစ်သည်။ ကိုယ်တော်သည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ (၂ ပေတရု ၃:၉) ထို့ကြောင့် မိမိတို့၏အပြစ်ကို နောင်တရသူများသည် “ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလရောက်လာ” သောအခါ ကောင်းချီးရရှိမည်ကို စိတ်ချနိုင်ပါသည်။—တမန်တော် ၃:၁၉။
[အောက်ခြေမှတ်ချက်များ]
a ကျွန်တစ်ဦးမှာ မိသားစုဝင်တစ်ဦးအဖြစ် ယူမှတ်ခံရသော်လည်း သူရင်းငှားမှာ အချိန်မရွေးထုတ်ပစ်ခံရနိုင်သော နေ့စားအလုပ်သမားတစ်ဦးဖြစ်သည်။ ထိုလူငယ်သည် သူ့အဘ၏အိမ်၌ အနိမ့်ကျဆုံးနေရာကိုပင် လိုလိုလားလားလက်ခံမည်ဟု သူဆင်ခြင်တွေးတောမိသည်။