သက်ကြီးရွယ်အို မိဘများအား ရိုသေလေးစားခြင်း၏ ဆုကျေးဇူးများ
ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူများသည် မိမိတို့၏သက်ကြီးရွယ်အိုမိဘများကို ချစ်မြတ်နိုးကြသောကြောင့် သူတို့ကိုရိုသေလေးစား၍ ကြည့်ရှုပြုစုကြသည်။ ယင်းသည် သူတို့၏ဝတ်ပြုကိုးကွယ်မှု တစ်စိတ်တစ်ဒေသဖြစ်သည်။ သမ္မာကျမ်းစာက “သားမြေးရှိသောမုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက်၊ မိမိအိမ်ကိုပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်သောအမှုဖြစ်၏” ဟုဖော်ပြထားသည်။ (၁ တိမောသေ ၅:၄) ကျွန်ုပ်တို့ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကျွန်ုပ်တို့၏မိဘများနှင့် ဘိုးဘွားများကို “ကျေးဇူးဆပ်” ခြင်းသည် လျော်ကန်သင့်မြတ်သည်။ ဤနည်းအားဖြင့် သူတို့၏မေတ္တာ၊ သူတို့၏ကြိုးစားအားထုတ်မှုနှင့် ကျွန်ုပ်တို့ကိုနှစ်ပေါင်းများစွာ ကြည့်ရှုစောင့်ရှောက်ခဲ့ခြင်းအတွက် သူတို့ကိုကျေးဇူးတင်ကြောင်း ပြသရာရောက်သည်။ တကယ်ဆိုလျှင် ကျွန်ုပ်တို့၏လက်ရှိအသက်အတွက် မိဘများအပေါ်အကြွေးတင်နေပါသည်!
မိဘဘိုးဘွားများကို ကျေးဇူးဆပ်ခြင်းသည် “ဘုရားသခင်နှစ်သက်သောအမှု” ဖြစ်သည်ကို သတိပြုပါ။ ယင်းသည် “ဘုရားဝတ်၌မွေ့လျော်ခြင်း” နှင့်ဆက်နွှယ်နေသည်။ ထို့ကြောင့် ထိုဆုံးမစကားကိုလိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှစ်သက်သည့်အရာကို ပြုလုပ်နေသည်ကိုသိရှိကာ ဆုချခံရကြသည်။ ယင်းက ကျွန်ုပ်တို့အားရွှင်လန်းစေသည်။
အခြားသူများကိုပေးကမ်းသည့်အခါ အထူးသဖြင့် ကျွန်ုပ်တို့ကိုရက်ရောစွာ ပေးကမ်းခဲ့သူများအား ပေးကမ်းရသည့်အခါ ကျွန်ုပ်တို့ပျော်ရွှင်ကြသည်။ (တမန်တော် ၂၀:၃၅) “မိဘနှစ်ဦးရွှင်လန်း၍ သင့်ကိုမွေးဖွားသောအမိပင် ဝမ်းမြောက်ပါစေ” ဟူသည့် ကျမ်းစာမူများအတိုင်းပြုမူခြင်းသည် အကျိုးကျေးဇူးတစ်ခုပင်တည်း!—သု. ၂၃:၂၅၊ သမ။
ကျွန်ုပ်တို့၏မိဘဘိုးဘွားများကို မည်သို့ကျေးဇူးဆပ်နိုင်သနည်း။ ကာယရေး၊ စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးစသည့် နည်းသုံးနည်းဖြင့်ဖြစ်သည်။ ၎င်းတို့တစ်ခုစီသည် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေသည်။
ကာယရေးအရပေးကမ်းခြင်း
မိသားစုရင်းချာများကို ကာယရေးအရထောက်ပံ့ရန် အရေးကြီးကြောင်း ယေဟောဝါကိုဝတ်ပြုသူများ သိရှိကြပါသည်။ တမန်တော်ပေါလုက ဤသို့သတိပေးဆုံးမခဲ့သည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၈။
တူန်ယီနှင့် ဂျွိုင်သည် အနောက်အာဖရိကတွင် နေထိုင်ကြသည်။ အကြီးအကျယ်ငွေကျပ်တည်းနေသော်လည်း မိမိတို့နှင့်လာရောက်နေထိုင်ရန် ဂျွိုင်၏သက်ကြီးရွယ်အိုမိဘများကို ခေါ်ဖိတ်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဖျားနာ၍ နောက်ဆုံးကွယ်လွန်သွားလေသည်။ တူန်ယီဤသို့ပြောပြသည်– “ဖေဖေဆုံးသွားတဲ့အခါ မေမေကကျွန်တော့်မိန်းမကိုဖက်ပြီး ‘လူသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်သမီးလုပ်ခဲ့ပြီးပြီ။ ဖေဖေဆုံးသွားတာ သမီးအပြစ်ကြောင့်လို့ ဘယ်နည်းနဲ့မှမယူဆသင့်ဘူး’ ဆိုပြီးပြောတယ်။ ကျွန်တော်တို့ဖေဖေ့ကို လွမ်းဆွတ်ကြပေမဲ့ သူ့အတွက်အကောင်းဆုံးဆေးတွေဝယ်ပေးခဲ့ပြီး သူ့ကိုကျွန်တော်တို့ချစ်ခင်လိုလားမှုပြခဲ့ကြပါတယ်; ဘုရားသခင်ပေးတာဝန်ကို ကျွန်တော်တို့အတတ်နိုင်ဆုံး ဖြည့်ဆည်းကြတယ်။ အဲလိုပြုလုပ်ခဲ့ကြတဲ့အတွက် ကျွန်တော်တို့ကျေနပ်မှုရရှိခဲ့ကြတယ်။”
အခြားသူများကို ကာယရေးအရ ကူညီနိုင်သည့်အခြေအနေမျိုး လူတိုင်း၌မရှိသည်မှာ မှန်ပါသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ နေထိုင်သောလူတစ်ဦးက “လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်တောင် မထောက်ပံ့နိုင်ဘူးဆိုရင် တခြားသူကို ဘယ်လိုထောက်ပံ့နိုင်ပါ့မလဲ” ဟုဆိုသည်။ လာမည့်နှစ်များ၌ နိုင်ငံအတော်များများတွင် အခြေအနေမှာ သာ၍ပင်ဆိုးလာနိုင်ပေသည်။ ယူအဲန်၏ခန့်မှန်းချက်အရ မကြာမီ တောင်ပိုင်းဆာဟာရသဲကန္တာရရှိ အာဖရိကလူဦးရေ၏ထက်ဝက်သည် ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေစွာနေထိုင်ရလိမ့်မည်။
သင်သည် စီးပွားရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရပါက ဆင်းရဲနွမ်းပါးသော မုဆိုးမတစ်ဦး၏ဖြစ်ရပ်မှန်မှ စိတ်သက်သာမှုရရှိနိုင်ပေသည်။ ယေရှုမြေကြီးပေါ်ရှိစဉ်အခါက မုဆိုးမတစ်ဦးသည် ဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူငွေအနည်းငယ်သွင်းချခဲ့သည်ကို ကိုယ်တော်သတိပြုမိသည်။ သူမသည် “ကြေးနီဒ င်္ဂါးနှစ်ပြား” ကိုသာသွင်းချခဲ့သည်။ သို့သော် သူမ၏အခြေအနေကို ယေရှုသိတော်မူ၍ “ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြားသောသူအပေါင်းထက် သာ၍သွင်းချပြီ။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏အလိုတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။”—လုကာ ၂၁:၁-၄။
အလားတူစွာ ကျွန်ုပ်တို့၏မိဘများ သို့မဟုတ် ဘိုးဘွားများကို ကာယရေးအရအတတ်နိုင်ဆုံးကြည့်ရှုပြုစုမည်ဆိုလျှင် သေးသေးမွှားမွှားပင်ဖြစ်ပါစေ ယေဟောဝါတွေ့မြင်တော်မူ၍ ယင်းသို့ပြုခြင်းကို ကိုယ်တော်တန်ဖိုးထားပါသည်။ ကျွန်ုပ်တို့တတ်နိုင်သည်ထက် ပို၍ပြုလုပ်ရန် ကိုယ်တော်မတောင်းဆိုပါ။ ကျွန်ုပ်တို့၏မိဘများ သို့မဟုတ် ဘိုးဘွားများလည်း အလားတူသဘောထားရှိပေမည်။
စိတ်ဓာတ်ရေးအရပေးကမ်းခြင်း
ကျွန်ုပ်တို့၏မိဘဘိုးဘွားများကို ထောက်ပံ့ခြင်းတွင် သူတို့၏ကာယရေးလိုအပ်ရာများကို ကြည့်ရှုပြုစုရုံမျှသာမကပါ။ ကျွန်ုပ်တို့အားလုံး စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များ ရှိကြသည်။ အသက်ကြီးသူများအပါအဝင် လူတိုင်းအချစ်ခံလိုသည့်စိတ်၊ ချစ်ခင်လိုလားမှုခံလိုသည့်စိတ်နှင့် အဖိုးတန်မိသားစုအဝင်တစ်ဦး ဖြစ်လိုသည့်ဆန္ဒရှိကြပါသည်။
ကင်ညာနိုင်ငံ၌နေထိုင်သော မာရီသည် သူမ၏သက်ကြီးရွယ်အို ယောက္ခမဖြစ်သူကို သုံးနှစ်ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ မာရီဤသို့ဆိုသည်– “ကာယရေးလိုအပ်ချက်တွေကို ကျွန်မတို့ထောက်ပံ့ပေးတဲ့အပြင် သူမနဲ့အမြဲစကားပြောကြတယ်။ အမေဟာ အိမ်အလုပ်တွေကိုသိပ်မလုပ်နိုင်တော့ပေမဲ့ ကျွန်မတို့စကားလက်ဆုံပြောဆိုကြပြီး ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာကြပါတယ်။ တစ်ခါတလေ ဘုရားသခင်အကြောင်းပြောကြပြီး တစ်ခါတလေကျတော့ ကျွန်မတို့နေခဲ့တဲ့အရပ်က လူတွေအကြောင်းပြောကြတယ်။ သူမအသက် ၉၀ ကျော်ရှိနေပေမဲ့ မှတ်ဉာဏ်သိပ်ကောင်းတာပဲ။ ၁၉၁၄ ခုနှစ်မတိုင်ခင်၊ သူမကလေးဘဝတုန်းကအကြောင်းတွေကို အမှတ်ရပြီးပြောပြတတ်တယ်။”
မာရီဤသို့ဆက်ပြောသည်– “သက်ကြီးရွယ်အိုတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ မလွယ်ကူပေမဲ့ ကျွန်မတို့နဲ့အတူအမေရှိနေခြင်းဟာ အဖိုးတန်ဆုကျေးဇူးတွေကို ရရှိစေပါတယ်။ ကျွန်မတို့မိသားစုထဲမှာ အေးဆေးငြိမ်သက်ပြီး တက်ညီလက်ညီရှိလှပါတယ်။ သူမကိုကျွန်မပေးကမ်းခြင်းဟာ မိသားစုမှာရှိတဲ့တခြားသူတွေကိုလည်း ပေးကမ်းချင်စိတ်ရှိလာအောင် လှုံ့ဆော်ပေးတယ်။ ကျွန်မရဲ့ခင်ပွန်းက ကျွန်မကိုပိုပြီးလေးစားလာတယ်။ ပြီးတော့ တစ်ယောက်ယောက်က ကျွန်မကိုလေသံမာမာနဲ့ပြောတာကို အမေကြားရင် ကျွန်မဘက်ကနေ ချက်ချင်းပြန်ပြောတတ်တယ်။ သူအနားမှာရှိရင် ကျွန်မကိုဘယ်သူမှ ကြမ်းကြမ်းတမ်းတမ်းမပြောရဲဘူး!”
ဝိညာဉ်ရေးအရပေးကမ်းခြင်း
ကာယရေးနှင့် စိတ်ဓာတ်ရေးအရပေးကမ်းခြင်းသည် ပေးကမ်းသူအတွက် ဆုကျေးဇူးဖြစ်စေသကဲ့သို့ ဝိညာဉ်ရေးကိစ္စများ၌လည်း ထိုနည်းအတိုင်းပင်။ ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်ထံသို့ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့ မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်ခြင်းအားဖြင့် အချင်းချင်းအားရသက်သာခြင်းသို့ ရောက်ရမည်အကြောင်းကို ဆိုလိုသတည်း။”—ရောမ ၁:၁၁၊ ၁၂။
ထိုနည်းတူပင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သော သက်ကြီးရွယ်အိုများကို ပေးကမ်းခြင်းကိစ္စနှင့် ပတ်သက်လာသည့်အခါ အားပေးမှုသည် အပြန်အလှန်ဖြစ်လေ့ရှိသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ နေထိုင်သောအိုစွန်ဒူက ဤသို့နောက်ကြောင်းပြန်သည်– “အဘိုးအဘွားတို့နဲ့ပတ်သက်ပြီး ကျွန်တော်စိတ်အဝင်စားဆုံးကတော့ အတိတ်ကအကြောင်းတွေကို ပြန်မြင်ယောင်စေတဲ့အခွင့်အရေးပဲဖြစ်တယ်။ ကျွန်တော့်အဘိုးဆိုရင် ၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်များအတွင်း အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်အဖြစ်နဲ့ သူအမှုဆောင်ခဲ့တဲ့ ရပ်ကွက်တွေအကြောင်းကို တောက်ပတဲ့မျက်လုံးနဲ့ ပြောပြတယ်။ သူသက်သေခံတစ်ဦးဖြစ်ခါစက အသင်းတော်ဖွဲ့စည်းပုံနဲ့ လက်ရှိအသင်းတော်ဖွဲ့စည်းပုံတွေကို နှိုင်းယှဉ်ပြတယ်။ ဒီအတွေ့အကြုံတွေက ကျွန်တော့်ရဲ့ရှေ့ဆောင်လုပ်ငန်းကို အထောက်အကူဖြစ်စေပါတယ်။”
ခရစ်ယာန်အသင်းတော်အတွင်းမှ အခြားသူများလည်း သက်ကြီးရွယ်အိုများကို ပေးကမ်းခြင်းဖြင့် ကူညီနိုင်ပါသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော တူန်ယီက မိမိအသင်းတော်၌ဖြစ်ပျက်ခဲ့သည့်အရာကို ဤသို့ရှင်းပြခဲ့သည်– “လူထုဟောပြောချက်ပေးဖို့ တာဝန်ကျတဲ့ ရှေ့ဆောင်ညီအစ်ကိုလေးတစ်ယောက်က ဖေဖေနဲ့အတူပြင်ဆင်နိုင်ဖို့အတွက် အောက်လိုင်းကိုဖေဖေ့ဆီ ယူလာတယ်။ ကင်းမျှော်စင် သင်တန်းမှူးက လာပြီးဖေဖေ့ကို ‘ညီအစ်ကိုက အတွေ့အကြုံရင့်ကျက်တယ်။ ကျွန်တော်တိုးတက်ဖို့အတွက် အကြံဉာဏ်ပေးနိုင်မလား’ ဆိုပြီးပြောတယ်။ ဖေဖေဟာ အဲဒီအကြီးအကဲကို လက်တွေ့ကျတဲ့အကြံဉာဏ်တချို့ ပေးနိုင်ခဲ့တယ်။ အသင်းတော်လိုက်ဆုတောင်းကြတဲ့အခါ ညီအစ်ကိုတွေက ဖေဖေ့နာမည်ကို မကြာခဏထည့်တတ်ကြတယ်။ ဒီအရာတွေအားလုံးက သူ့ကိုချစ်ခင်လိုလားတယ်လို့ ခံစားရစေပါတယ်။”
အကျင့်ကောင်းများက လူများကိုဘုရားသခင်ထံသို့ဆွဲဆောင်
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏မိဘဘိုးဘွားများကို ရိုသေလေးစားမှုနှင့် မေတ္တာတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် လူများကို ဘုရားသခင့်ထံတော်သို့ ဆွဲဆောင်ကြပါသည်။ တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– ခရစ်ယာန် “သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းကြမည်အကြောင်း၊ သူတို့ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။”—၁ ပေတရု ၂:၁၂။
အနောက်အာဖရိကမှ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ အင်ဒရူးသည် မိုင် ၆၀ အကွာတွင်ရှိသော ဖျားနာနေသည့် မယုံကြည်သူဖခင်ကို တစ်ပတ်လျှင်နှစ်ကြိမ် သွားရောက်ကြည့်ရှုပြုစုသည်။ သူဤသို့နောက်ကြောင်းပြန်သည်– “ကျွန်တော်ယေဟောဝါသက်သေတစ်ဦး ဖြစ်လာတော့ အဖေကအကြီးအကျယ် အတိုက်အခံလုပ်ပါတယ်။ ဒါပေမဲ့ သူနေမကောင်းဖြစ်နေတဲ့ အချိန်အတောအတွင်း ကျွန်တော်သူ့ကိုကြည့်ရှုပြုစုတာကိုတွေ့တဲ့အခါ ကျွန်တော့်ညီလေး၊ ညီမလေးတွေကို ‘မင်းတို့အကိုကြီးရဲ့ ဘာသာကိုဝင်ကြပါ’ ဆိုပြီး ထပ်တလဲလဲတိုက်တွန်းတယ်။ အဲဒီတိုက်တွန်းမှုက သူတို့ကိုလှုံ့ဆော်ပေးပြီး အခုဆိုရင် အဖေရဲ့သားသမီးကိုးယောက်စလုံး ယေဟောဝါသက်သေတွေ ဖြစ်နေကြပြီ။”
အထူးသဖြင့် စီးပွားရေးကျပ်တည်းသောအချိန်တွင် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုမိဘများအား ရိုသေလေးစားခြင်းနှင့် ကြည့်ရှုပြုစုခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါသည်။ သို့ရာတွင် ခရစ်ယာန်များသည် ယင်းသို့ပြုရန်ကြိုးစားကြသည့်အခါ ဆုကျေးဇူးများစွာရရှိကြသည်။ ထို့ထက်ကား မိမိတို့သည် “ခပ်သိမ်းသောငါတို့၏အဘ” ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်နှစ်သက်ရာကို ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရခြင်းမှရသည့် ကျေနပ်မှုနှင့်အတူ ပေးကမ်းခြင်းမှရသောရွှင်လန်းမှုကို သူတို့ခံစားနေရကြပါသည်။—ဧဖက် ၄:၆။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ကြည့် ရှုပြုစုခံရသူနှင့် ကြည့် ရှုပြုစုသူများအတွက် ဘုရားသခင်ရေးရာအကြံဉာဏ်
အားပေးမှုဖြစ်စေပါ– “ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့လိုက်ကြကုန်အံ့။”—ရောမ ၁၅:၂။
မြဲမြံတည်ကြည်ပါ– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်။”—ဂလာတိ ၆:၉။
နှိမ့်ချမှုရှိပါ– “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇော[မှု] ကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။”—ဖိလိပ္ပိ ၂:၃။
ကောင်းမှုပြုသူဖြစ်ပါ– “ကိုယ်အကျိုးကိုအဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ။”—၁ ကောရိန္သု ၁၀:၂၄။
အကျိုးသင့်အကြောင်းသင့်ဖြစ်ပါ– “လူအပေါင်းတို့ရှေ့၌ သင်၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ရှိတော်မူ၏။” —ဖိလိပ္ပိ ၄:၅။
ထောက်ထားစာနာမှုရှိပါ– “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကို လွှတ်ခြင်းရှိကြလော့။”—ဧဖက် ၄:၃၂။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ငယ်ရွယ်သောအကြီးအကဲများသည် သက်ကြီးရွယ်အိုများ၏ အတွေ့အကြုံမှအကျိုးရယူနိုင်