ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
“ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကိုရသောသူတို့အား ကြားလိုက်ပါ၏။”—၂ ပေတရု ၁:၁။
၁။ ယေရှုသည် တမန်တော်များကို သတိပေးသည့်အနေနှင့် မည်သို့မိန့်တော်မူခဲ့သနည်း။ သို့တိုင် ပေတရုက မည်သို့ကြွားဝါခဲ့သနည်း။
တမန်တော်အားလုံးသည် မိမိကိုစွန့်ပယ်ကြလိမ့်မည်ဟု ယေရှုမသေမီတစ်ညတွင် မိန့်တော်မူခဲ့သည်။ သူတို့တွင်တစ်ဦးဖြစ်သူ ပေတရုက “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ” ဟုကြွားဝါခဲ့သည်။ (မဿဲ ၂၆:၃၃) သို့သော် ထိုအတိုင်းဖြစ်မည်မဟုတ်ကြောင်း ယေရှုကြိုတင်သိတော်မူ၏။ ယင်းကြောင့် ထိုအချိန်တွင်ပင် ကိုယ်တော်က ပေတရုကို ဤသို့မိန့်တော်မူခဲ့သည်– “သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့။”—လုကာ ၂၂:၃၂။
၂။ ပေတရုသည် ကိုယ်ကိုကိုယ်စိတ်ချလွန်းသော်လည်း သူ၏ယုံကြည်ခြင်းအားနည်းကြောင်း သူ၏အဘယ်အပြုအမူများက ဖော်ပြသနည်း။
၂ မိမိ၏ယုံကြည်ခြင်းကိုစိတ်ချလွန်းသော ပေတရုသည် ထိုညတွင်ပင် ယေရှုအားငြင်းပယ်ခဲ့သည်။ ခရစ်တော်ကိုပင်မသိဟု သုံးကြိမ်တိုင် သူငြင်းပယ်၏! (မဿဲ ၂၆:၆၉-၇၅) သူသည် “သတိရပြန်သောအခါ” သူ၏သခင်မိန့်တော်မူခဲ့သည့် “သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့” ဟူသောစကားကို ရှင်းလင်းကျယ်လောင်စွာ ကြားယောင်ခဲ့ပေမည်။ ထိုဆုံးမစကားသည် နောက်ပိုင်းတွင် ပေတရုကို များစွာအကျိုးပြုခဲ့ကြောင်း ကျမ်းစာစောင်တို့တွင်ပါဝင်သည့် သူရေးသားခဲ့သောစာစောင်နှစ်စောင်က သက်သေဖြစ်သည်။
ထိုစာစောင်များကို ပေတရုအဘယ်ကြောင့်ရေးခဲ့ရကြောင်း
၃။ ပေတရုသည် သူ၏ပထမစာစောင်ကို အဘယ်ကြောင့်ရေးသားခဲ့သနည်း။
၃ ယေရှုသေဆုံးပြီးနောက် နှစ်ပေါင်း ၃၀ ခန့်တွင် ပေတရုသည် သူ၏ပထမစာစောင်ကို ယနေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းတူရကီနိုင်ငံဝင် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ ဗိသုနိပြည်တို့တွင်ရှိသော ညီအစ်ကိုများထံ ရေးသားခဲ့ပါသည်။ (၁ ပေတရု ၁:၁၊ ၂) ပေတရု၏စာကို လက်ခံရရှိသူတို့တွင် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ ခရစ်ယာန်များဖြစ်လာခဲ့ကြမည့် ဂျူးအချို့ အမှန်ပါဝင်ပေမည်။ (တမန်တော် ၂:၁၊ ၇-၉) ရန်ဘက်ပြုသူများကြောင့် အပြင်းအထန်စုံစမ်းနှောင့်ယှက်ခံနေကြရသော တစ်ပါးအမျိုးသား မြောက်မြားစွာလည်းပါဝင်ပါသည်။ (၁ ပေတရု ၁:၆၊ ၇; ၂:၁၂၊ ၁၉၊ ၂၀; ၃:၁၃-၁၇; ၄:၁၂-၁၄) ထို့ကြောင့် ညီအစ်ကိုများကို အားပေးတိုက်တွန်းလို၍ ပေတရုစာရေးခဲ့ခြင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ “[သူတို့၏] စိတ်ဝိညာဉ်ကိုကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကိုခံရကြ” စေရန်ဖြစ်သည်။ သို့ဖြင့် သူ၏နိဂုံးချုပ်အမှာစကားတွင် သူက “ယုံကြည်ခြင်း၌တည်၍ မာရ်နတ် [စာတန်] ကိုဆီးတားကြလော့” ဟုတိုက်တွန်းခဲ့သည်။—၁ ပေတရု ၁:၉; ၅:၈-၁၀။
၄။ ပေတရုသည် သူ၏ဒုတိယစာစောင်ကို အဘယ်ကြောင့်ရေးသားခဲ့သနည်း။
၄ နောက်ပိုင်းတွင် ပေတရုသည် ဤခရစ်ယာန်များထံ ဒုတိယစာတစ်စောင်ကို ရေးသားလိုက်လေသည်။ (၂ ပေတရု ၃:၁) အဘယ်ကြောင့်နည်း။ အကြောင်းမူကား သာ၍ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ အကျင့်ယိုယွင်းသူများသည် ယုံကြည်သူတို့ဘောင်တွင် သူတို့၏ညစ်ညမ်းသောအကျင့်များကို ကြိုးစားသွတ်သွင်းပြီး အချို့သူတို့ကို လှည့်ဖြားကြလိမ့်မည်တည်း! (၂ ပေတရု ၂:၁-၃) ထို့ပြင် ပေတရုက ပြစ်တင်ကဲ့ရဲ့မည့်သူများပေါ်လာမည်ဟု သတိပေးခဲ့သည်။ “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်” ဟုသူ၏ပထမစာစောင်တွင် ရေးသားခဲ့ရာ အချို့သူများသည် ယင်းကိုယခုပြက်ရယ်ပြုနေဟန်တူသည်။ (၁ ပေတရု ၄:၇; ၂ ပေတရု ၃:၃၊ ၄) ပေတရု၏ဒုတိယစာစောင်ကိုစစ်ဆေး၍ ယုံကြည်ခြင်း၌ မြဲမြံတည်ကြည်ကြရန် ညီအစ်ကိုများကို မည်သို့ခွန်အားပေးခဲ့ကြောင်း သတိပြုကြစို့။ ဤပထမဆောင်းပါးတွင် ၂ ပေတရုအခန်းကြီး ၁ ကိုသုံးသပ်ကြပါမည်။
အခန်းကြီး ၁ ၏ရည်ရွယ်ချက်
၅။ ပြဿနာများကို ဆွေးနွေးရန် သူ၏စာရှုသူများကို ပေတရုမည်သို့အသင့်ရှိစေခဲ့သနည်း။
၅ ကြီးလေးသောပြဿနာများကို ပေတရု ချက်ချင်းမကိုင်တွယ်ခဲ့ပါ။ ယင်းအစား ခရစ်ယာန်ဖြစ်လာစဉ်က စာရှုသူများရရှိခဲ့သော ဆုကျေးဇူးများကို တန်ဖိုးထားလေးစားမှု တိုးပွားစေပြီးနောက် ထိုပြဿနာများကိုဆွေးနွေးရန် လမ်းခင်းပေးပါသည်။ ဘုရားသခင်၏အံ့ဖွယ်ကတိတော်များနှင့် သမ္မာကျမ်းစာပရောဖက်ပြုချက်များကို ယုံကြည်စိတ်ချနိုင်ကြောင်း သတိပေးခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ဘုန်းဝင်စားသောခရစ်တော်အား ကိုယ်ယောင်ထွန်းလင်းခြင်း အဆင်းအာရုံတွင် ကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်း ပြောပြခြင်းဖြင့် ထိုသို့ပြုပါသည်။—မဿဲ ၁၇:၁-၈; ၂ ပေတရု ၁:၃၊ ၄၊ ၁၁၊ ၁၆-၂၁။
၆၊ ၇။ (က) ပေတရု၏နိဒါန်းစကားမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရနိုင်ပါသနည်း။ (ခ) ဆုံးမပေးဖို့လိုမည်ဆိုလျှင် အဘယ်အရာကိုဝန်ခံခြင်းသည် အထောက်အကူဖြစ်မည်နည်း။
၆ ပေတရု၏နိဒါန်းစကားမှ ကျွန်ုပ်တို့သင်ခန်းစာ ရယူနိုင်ပါသလော။ ကောင်းမြတ်သောဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို တန်ဖိုးထားသူချင်းတို့နှင့် ယင်းမျှော်လင့်ချက်အကြောင်းကို ဦးစွာပြန်လည်သုံးသပ်ကြမည်ဆိုလျှင် ဆုံးမစကားကို သူတို့လက်ခံရန် ပိုလွယ်ကူမည်မဟုတ်ပေလော။ ကိုယ်ပိုင်တွေ့ကြုံမှုတစ်ခုကို ထည့်အသုံးပြုလျှင်ကော။ ယေရှုသေဆုံးပြီးနောက် ပေတရုသည် ဘုရားသခင့်နိုင်ငံတော်ဘုန်းဝင်စားသော ခရစ်တော်အား အဆင်းအာရုံတွင်တွေ့ကြောင်း မကြာခဏပြန်ပြောပြခဲ့ပေမည်။—မဿဲ ၁၇:၉။
၇ သူ၏ဒုတိယစာစောင်ကို ပေတရုရေးသားချိန်တွင် မဿဲ၏ခရစ်ဝင်ကျမ်းနှင့် တမန်တော်ပေါလု၏ ဂလာတိစာစောင်တို့သည် ကျယ်ပြန့်စွာ ဖြန့်ချိထားနှင့်ပြီဖြစ်နိုင်ကြောင်းကိုလည်း သတိရပါ။ ထို့ကြောင့် ပေတရု၏သွေးသားအားနည်းမှုများနှင့် ယုံကြည်ခြင်းမှတ်တမ်းကိုပါ သူနှင့်တစ်ခေတ်တည်းသားတို့သည် ကောင်းစွာကြားသိထားကြပေမည်။ (မဿဲ ၁၆:၂၁-၂၃; ဂလာတိ ၂:၁၁-၁၄) သို့ရာတွင် ယင်းကြောင့် သူသည်ရဲရင့်စွာ မပြောမဟောဝံ့ဘဲမနေပါ။ အမှန်မှာ မိမိတို့၏အားနည်းချက်များကို အသိအမှတ်ပြုသူတို့အတွက် သူ၏စာစောင်သည် ပိုစိတ်ဝင်စားစရာဖြစ်ပေမည်။ ထို့ကြောင့် ပြဿနာရင်ဆိုင်နေသူများကို ကူညီပေးသည့်အခါ ကျွန်ုပ်တို့ကိုယ်တိုင်လည်း မှားတတ်ကြောင်း ဝန်ခံမည်ဆိုလျှင် ပိုထိရောက်မည်မဟုတ်ပေလော။—ရောမ ၃:၂၃; ဂလာတိ ၆:၁။
အားရှိစေသော နှုတ်ခွန်းဆက်စကား
၈။ ပေတရုသည် “ယုံကြည်ခြင်း” ဟူသောစကားလုံးကို အဘယ်သဘောမျိုးဖြင့် အသုံးပြုခဲ့ပုံရှိသနည်း။
၈ ယခုပေတရု၏နှုတ်ခွန်းဆက်စကားကို သုံးသပ်ကြည့်ပါ။ သူသည် ယုံကြည်ခြင်းအကြောင်း ချက်ချင်းတင်ပြပြီး စာရှုသူများအား “ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကိုရသောသူတို့” ဟူ၍လိပ်တပ်ခေါ်ခဲ့သည်။ (၂ ပေတရု ၁:၁) ဤတွင် ‘ယုံကြည်ခြင်း’ ဟုသုံးထားသည့် အသုံးအနှုန်း၏အဓိပ္ပာယ်မှာ “ခိုင်လုံသောယုံကြည်ချက်” ဖြစ်ပြီး ကျမ်းစာတွင် “သမ္မာတရား” ဟုတစ်ခါတစ်ရံခေါ်ဆိုထားသည့် ခရစ်ယာန်ယုံကြည်ချက်များ သို့မဟုတ် သွန်သင်ချက်အပေါင်းကို ရည်ညွှန်းနေခြင်းဖြစ်မည်။ (ဂလာတိ ၅:၇; ၂ ပေတရု ၂:၂; ၂ ယောဟန် ၁၊ ၂) “ယုံကြည်ခြင်း” ဟူသောစကားလုံးကို လူတစ်ဦး သို့မဟုတ် အရာတစ်ခုကို ကိုးစားခြင်း၊ သို့မဟုတ် ယုံကြည်စိတ်ချခြင်းဖြစ်သည့် ယေဘုယျသဘောမျိုးမဟုတ်ဘဲ အထက်ပါသဘောမျိုးဖြင့် အသုံးပြုလေ့ရှိသည်။—တမန်တော် ၆:၇; ၂ ကောရိန္သု ၁၃:၅; ဂလာတိ ၆:၁၀; ဧဖက် ၄:၅; ယုဒ ၃။
၉။ ပေတရု၏နှုတ်ခွန်းဆက်စကားသည် အထူးသဖြင့် တစ်ပါးအမျိုးသားများအတွက် အဘယ်ကြောင့်လှိုက်လှဲပျူငှာသည့် သဘောကိုဆောင်သည်ဟု ပြောနိုင်သနည်း။
၉ ပေတရု၏နှုတ်ခွန်းဆက်စကားသည် အထူးသဖြင့် တစ်ပါးအမျိုးသားဖြစ်သော စာရှုသူများအတွက် လှိုက်လှဲပျူငှာသည့်သဘောကို ဆောင်နေပေမည်။ ဂျူးများသည် တစ်ပါးအမျိုးသားတို့နှင့် အဆက်အသွယ်မပြုကြ၊ ရွံမုန်းကြသည်အထိဖြစ်ကြရာ ခရစ်ယာန်များဖြစ်လာခဲ့ကြသောဂျူးများတွင်လည်း တစ်ပါးအမျိုးသားများကို စိတ်စွန်းကွက်တတ်ကြသည်။ (လုကာ ၁၀:၂၉-၃၇; ယောဟန် ၄:၉; တမန်တော် ၁၀:၂၈) သို့တိုင် ဇာတိဂျူးတစ်ဦးဖြစ်သူ ယေရှုခရစ်၏တမန်တော်တစ်ပါးဖြစ်သောပေတရုက သူ၏စာရှုသူ ဂျူးနှင့်တစ်ပါးအမျိုးသားများပါ မိမိနည်းတူယုံကြည်ကြပြီး အခွင့်အရေးတန်းတူရှိသည်ဟုပြောဆိုခဲ့ပါသည်။
၁၀။ ပေတရု၏နှုတ်ခွန်းဆက်စကားမှ အဘယ်သင်ခန်းစာများ ရနိုင်သနည်း။
၁၀ ယနေ့ ပေတရု၏နှုတ်ခွန်းဆက်စကားမှ ကျွန်ုပ်တို့ရရှိသော သင်ခန်းစာကောင်းများကို စဉ်းစားကြည့်ပါ။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ; လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးထက် ပါစားပေးခြင်းမရှိပါ။ (တမန်တော် ၁၀:၃၄၊ ၃၅; ၁၁:၁၊ ၁၇; ၁၅:၃-၉) ယေရှုကိုယ်တော်တိုင် သွန်သင်ပေးတော်မူသည့်အတိုင်း ခရစ်ယာန်အားလုံးသည် ညီအစ်ကိုများဖြစ်ကြရာ ကျွန်ုပ်တို့တစ်ယောက်မျှ မိမိသာလွန်သည်ဟု ကိုယ်ကိုကိုယ်မထင်သင့်ပါ။ ထို့ပြင် ပေတရုနှင့် သူ၏တမန်တော်ချင်းတို့ “နည်းတူမြတ်စွာသောယုံကြည်ခြင်းကိုရ” သော ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်း အမှန်ဖြစ်ကြောင်း ပေတရု၏နှုတ်ခွန်းဆက်စကားက အလေးအနက်ဖော်ပြပါသည်။—မဿဲ ၂၃:၈; ၁ ပေတရု ၅:၉။
အသိပညာနှင့် ဘုရားသခင့်ကတိတော်များ
၁၁။ နှုတ်ခွန်းဆက်ပြီးနောက် ပေတရုသည် အဘယ်အရေးပါလှသည့်အရာများကို အလေးအနက်ဖော်ပြသနည်း။
၁၁ နှုတ်ခွန်းဆက်ပြီးနောက် ပေတရုက “ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော” ဟုရေးသားခဲ့သည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၌ မည်သို့များပြားလာမည်နည်း။ “ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း၊ သိသောဉာဏ်အားဖြင့်” ဟုပေတရုအဖြေပေးသည်။ ထို့နောက်သူက “အသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရား [သခင်၏] တန်ခိုးတော်သည် ပေးသနားတော်မူပြီ” ဟုဆိုသည်။ သို့သော် ဤအရေးပါလှသည့်အရာများကို ကျွန်ုပ်တို့မည်သို့ရရှိကြသနည်း။ “ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရား[သခင်]ကို သိသောဉာဏ်အားဖြင့်” ဖြစ်သည်။ သို့ဖြင့်ပေတရုသည် ဘုရားသခင်နှင့်သားတော်အား သိကျွမ်းခြင်းဆိုင်ရာတိကျသောအသိပညာလိုအပ်ကြောင်း နှစ်ကြိမ်တိုင် အလေးအနက်ဖော်ပြ၏။—၂ ပေတရု ၁:၂၊ ၃; ယောဟန် ၁၇:၃။
၁၂။ (က) ပေတရုသည် တိကျသောအသိပညာရှိဖို့အရေးကြီးကြောင်း အဘယ်ကြောင့်အလေးအနက်ဖော်ပြသနည်း။ (ခ) ဘုရားသခင့်ကတိတော်များကို ခံစားရရန် အဘယ်အမှုကို ပြုလုပ်နေနှင့်ပြီးသားဖြစ်သင့်သနည်း။
၁၂ အခန်းကြီး ၂ တွင် ပေတရုသတိပေးသော “မိစ္ဆာ [အယူမှား]ဆရာတို့” သည် ခရစ်ယာန်များကိုလှည့်ဖြားရန် “ချော့မော့သောစကား” ကိုအသုံးပြုကြသည်။ သူတို့သည် ထိုနည်းကိုအသုံးပြုကာ ကင်းလွတ်ခဲ့သည့် လောကီညစ်ညူးခြင်းတွင် တစ်ဖန်ပြန်ကျော့မိစေရန် ဖြားယောင်းသွေးဆောင်နေကြသည်။ “ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်” ကယ်တင်ခံရပြီးနောက်မှ လှည့်ဖြားခံသူ မည်သူမဆိုအတွက် အကျိုးရလဒ်သည် ဘေးအန္တရာယ်ကြီးမားလှသည်။ (၂ ပေတရု ၂:၁-၃၊ ၂၀) ပေတရုသည် ယင်းပြဿနာကို ဆက်ဆွေးနွေးလို၍ သူ့စာ၏နိဒါန်း၌ပင် ဘုရားသခင့်ရှေ့မှောက် သန့်ရှင်းသူတစ်ဦးဖြစ်လျက်နေရန် တိကျသောအသိပညာ၏ကဏ္ဍကို အလေးအနက်ဖော်ပြပေးခြင်းဖြစ်မည်။ ဘုရားသခင်သည် “အလွန်ကြီးမြတ်၍အဖိုးထိုက်သော ကတိတော်များကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုကတိတော်များကိုအမှီပြု၍ သင်တို့သည် . . . ဘုရား[သခင်]ပကတိကိုဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း” ဟုပေတရုဖော်ပြပါသည်။ ထိုသို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့ယုံကြည်ခြင်း၏အခြေခံ ထိုကတိတော်များကို ကိုယ်တိုင်ခံစားနိုင်ဖို့ရန် ကျွန်ုပ်တို့သည် ‘လောကီတပ်မက်ခြင်း အညစ်အကြေးနှင့်ကင်းလွတ်’ ပြီးသားဖြစ်ကြရမည်ဟု ပေတရုပြောပြပါသည်။—၂ ပေတရု ၁:၄။
၁၃။ ဘိသိက်ခံခရစ်ယာန်များနှင့် “အခြားသိုး” တို့သည် အဘယ်အရာကို မြဲမြံစွာခံယူထားဖို့ စိတ်ပိုင်းဖြတ်ထားကြသနည်း။
၁၃ ဘုရားသခင့်ကတိတော်များကို သင်မည်သို့သဘောထားသနည်း။ ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန် သဘောထားသည့်အတိုင်းလော။ ၇၅ နှစ်ကျော် အချိန်ပြည့်[ခရစ်ယာန်] ဓမ္မအမှုဆောင်ခဲ့သော ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဖရက်ဒရစ် ဖရန့်ဇ်က ခရစ်တော်နှင့်အတူ အုပ်စိုးရန် မျှော်လင့်သူများ၏ သဘောထားကို ၁၉၉၁ ခုနှစ်က ဤသို့အကျဉ်းချုပ်ဖော်ပြခဲ့သည်– “ဤအချိန်နာရီအထိ ကျွန်ုပ်တို့ မြဲမြံတည်ကြည်နေကြပြီ။ ဘုရားသခင်သည် ကိုယ်တော်၏ ‘အလွန်ကြီးမြတ်၍အဖိုးထိုက်သော ကတိများကို’ အမှန်ပြည့်စုံစေသည်တိုင်အောင် ကျွန်ုပ်တို့သည် ဆက်လက်၍ မြဲမြံတည်ကြည်ကြပါမည်။” ညီအစ်ကိုဖရန့်ဇ်သည် သူသေဆုံးခဲ့သော ၉၉ နှစ်အရွယ်တိုင်အောင် ဘုရားသခင့်ကတိတော်ဖြစ်သည့် ကောင်းကင်ဆိုင်ရာထမြောက်ခြင်းကို ယုံကြည်စိတ်ချစွာဖြင့် သူ၏ယုံကြည်ခြင်းကို မြဲမြံစွာခံယူထားပါသည်။ (၁ ကောရိန္သု ၁၅:၄၂-၄၄; ဖိလိပ္ပိ ၃:၁၃၊ ၁၄; ၂ တိမောသေ ၂:၁၀-၁၂) ထိုနည်းထပ်တူ သန်းပေါင်းများစွာသောသူတို့သည် ယုံကြည်ခြင်းကို မြဲမြံစွာခံယူထားကြပြီး ပျော်ရွှင်စွာဖြင့် ထာဝစဉ်အသက်ရှင်နိုင်မည့် ဘုရားသခင်ကတိထားရာ မြေကြီးပရဒိသုကို မျက်ခြည်မပြတ်စေကြပါ။ ဤသူတို့တွင် သင်တစ်ဦးပါဝင်သလော။—လုကာ ၂၃:၄၃; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။
ဘုရားသခင့်ကတိတော်များကို တုံ့ပြန်ခြင်း
၁၄။ ယုံကြည်ခြင်း၌ ထပ်ဆင့်ရန် ပထမဦးဆုံးအရည်အချင်းအနေနှင့် မွန်မြတ်သောအကျင့်ကို ပေတရုအဘယ်ကြောင့်တင်ပြထားသနည်း။
၁၄ ဘုရားသခင့်ကတိတော်များကို ကျေးဇူးတင်ကြပါသလော။ ကျေးဇူးတင်လျှင် ကျွန်ုပ်တို့ဖော်ပြသင့်သည်ဟု ပေတရုကဆိုသည်။ “ထိုသို့အလိုငှာ” (ဘုရားသခင်သည် အလွန်အဖိုးကြီးသောကတိတော်များပေးထားသောကြောင့်) ကျွန်ုပ်တို့စိတ်ထက်သန်နေသင့်သည်။ ယုံကြည်ခြင်း၌ရှိရုံရှိခြင်း၊ သို့မဟုတ် ကျမ်းစာသမ္မာတရားကို သိထားရုံသိထားခြင်းနှင့် ကျေနပ်မနေနိုင်ပါ။ ထိုသို့နှင့် မလုံလောက်ပေ! ပေတရုခေတ်တွင် အသင်းတော်သားအချို့သည် ယုံကြည်ခြင်းအကြောင်း အကြီးအကျယ်ပြောဆိုကြလျက်နှင့် အကျင့်ယိုယွင်းသွားခဲ့ပေမည်။ သူတို့၏အပြုအမူသည် မွန်မြတ်ဖို့လိုနေသောကြောင့် ပေတရုက “ယုံကြည်ခြင်း၌သီလ [“မွန်မြတ်သောအကျင့်၊” ကဘ] ကို . . . ထပ်ဆင့်ကြလော့” ဟုတိုက်တွန်းပါသည်။—၂ ပေတရု ၁:၅၊ ၇; ယာကုပ် ၂:၁၄-၁၇။
၁၅။ (က) ယုံကြည်ခြင်း၌ ထပ်ဆင့်ရန် အရည်အချင်းအဖြစ် မွန်မြတ်သောအကျင့်ပြီးနောက် အသိပညာကို အဘယ်ကြောင့်ဆက်တင်ပြခဲ့သနည်း။ (ခ) ယုံကြည်ခြင်းကို မြဲမြံစွာခံယူထားနိုင်ကြရန် အခြားအဘယ်အရည်အချင်းများက အထောက်အကူပြုမည်နည်း။
၁၅ ပေတရုသည် မွန်မြတ်သောအကျင့်ပြီးနောက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသို့ ထပ်ဆင့်ဖြည့်စွက်ပေးရန်လိုသော အခြားအရည်အချင်းခြောက်ခုကို စာရင်းတင်ပြပါသည်။ “ယုံကြည်ခြင်း၌တည်ကြ” ရန်၎င်းတို့တစ်ခုစီကိုလိုအပ်၏။ (၁ ကောရိန္သု ၁၆:၁၃) အယူဖောက်ပြန်သူများသည် ‘ကျမ်းစာ၏အနက်ကို မှောက်လှန်နေကြ’ ပြီး ‘မှားယွင်းသောသွန်သင်ချက်များ’ ကိုဝါဒဖြန့်နေကြသောကြောင့် ‘သီလ [အကျင့်]၌ပညာကို [ထပ်ဆင့်] လော့’ ဟုဆို၍ အသိပညာရှိဖို့အရေးကြီးကြောင်း ပေတရုက ဆက်တင်ပြပါသည်။ ထို့နောက် ဆက်လက်၍ “ပညာ၌ ကာမဂုဏ်ချူပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ချူပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့” ဟုပြောသည်။—၂ ပေတရု ၁:၅-၇; ၂:၁၂၊ ၁၃; ၃:၁၆။
၁၆။ ပေတရုစာရင်းတင်ပြသည့် အရည်အချင်းများကို ယုံကြည်ခြင်း၌ထပ်ဆင့်သည့်အခါ မည်သို့ဖြစ်မည်နည်း။ သို့သော် ယင်းတို့ကို မထပ်ဆင့်ပါက မည်သို့ဖြစ်မည်နည်း။
၁၆ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသို့ ဤအရာခုနစ်ခုကို ထပ်ဖြည့်စွက်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ “ထိုပါရမီတို့သည် သင်တို့၌ရှိ၍ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို [“တိကျမှန်ကန်စွာ၊” ကဘ] သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏” ဟုပေတရုကဖြေဆိုသည်။ (၂ ပေတရု ၁:၈) တစ်ဖက်မှကြည့်ပြန်လျှင် “ထိုပါရမီနှင့်ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏” ဟုပေတရုပြောသည်။ (၂ ပေတရု ၁:၉) ပေတရုသည် “သင်တို့” နှင့် “ငါတို့” ဟူသောအသုံးအနှုန်းမှ “သူ” နှင့် “မိမိ” ဟူ၍ပြောင်းလဲအသုံးပြုလိုက်သည်ကို သတိပြုပါ။ အချို့သူတို့သည် မျက်စိကန်း၊ မေ့လျော့၍ မဆေးကြောဘဲနေကြသည် မှန်သော်လည်း စာရှုသူသည် ထိုသို့သောသူစားဖြစ်သည်ဟူ၍ အကြင်နာကင်းမဲ့စွာ ပေတရုမဆိုပါ။—၂ ပေတရု ၂:၂။
သူ၏ညီအစ်ကိုများကို အားရှိစေခြင်း
၁၇။ ဤ “သို့ပြု” ရန် မေတ္တာရှိရှိ ပေတရုအားပေးခဲ့ရခြင်းကား အဘယ်ကြောင့်ဖြစ်မည်နည်း။
၁၇ အထူးသဖြင့် လူသစ်များသည် လွယ်လင့်တကူ လိမ်လည်လှည့်ဖြားခံရကြမည်ဖြစ်ကြောင်းကို အသိအမှတ်ပြုကာ ပေတရုသည် ကရုဏာရှိရှိဤသို့အားပေးပါသည်– “ညီအစ်ကိုတို့၊ သင်တို့ခံရသောခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲတည်စေခြင်းငှာ သာ၍ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်” လိမ့်မည်။ (၂ ပေတရု ၁:၁၀; ၂:၁၈) ပေတရုက “ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့” ဟုဆိုထားသည့်အချက်နှင့်အညီ မိမိတို့၏ယုံကြည်ခြင်းကို ဤအရာခုနစ်ခုဖြင့် ထပ်ဆင့်သော ဘိသိက်ခံခရစ်ယာန်များအတွက်အကျိုးသည် ကြီးမားပါသည်။ (၂ ပေတရု ၁:၁၁) “အခြားသိုး” တို့သည် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးပိုင်နက်တွင် ထာဝရအမွေကို ခံစားကြရလိမ့်မည်။—ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၃၊ ၃၄။
၁၈။ ပေတရုသည် မိမိ၏ညီအစ်ကိုများအား အဘယ်ကြောင့် “အစဉ်မပြတ်သတိပေး” လိုသည့်သဘောရှိရသနည်း။
၁၈ ပေတရုသည် မိမိ၏ညီအစ်ကိုများအား ဤကြီးမြတ်သောဆုကျေးဇူးကို အမှန်ခံစားစေလိုပါသည်။ “ထို့ကြောင့်၊ ယခုဟောပြောသောသမ္မာတရားကို သင်တို့သည်နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သောစကားများနှင့် သင်တို့အား အစဉ်မပြတ်သတိပေးမည်အမှုကို ငါမမေ့မလျော့” ဟုသူရေးခဲ့သည်။ (၂ ပေတရု ၁:၁၂) ဤတွင် “တည်ကြည်ခြင်းရှိ” ဟုပြန်ဆိုထားသော်လည်း ၎င်းမတိုင်မီတွင် ယေရှုက “သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့” ဟုပေတရုကို မိန့်တော်မူစဉ် “တည်ကြည်စေလော့” ဟုပြန်ဆိုထားသည့် ဂရိစကားလုံး စတီရီဇိုကို ပေတရုအသုံးပြုပါသည်။ (လုကာ ၂၂:၃၂) ထိုစကားလုံးကို ပေတရုအသုံးပြုခြင်းက သခင်ထံမှ သူရရှိခဲ့သော ထိရောက်လှသည့်ဆုံးမစကားကို သူမှတ်မိကြောင်း ယူမှတ်စေမည်။ ယခုပေတရုက “ငါတည်းခိုရာတဲ [လူ့ခန္ဓာကိုယ်] ကို မကြာမမြင့်မီ ငါစွန့်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ရှိစဉ်ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏” ဟုဆိုသည်။—၂ ပေတရု ၁:၁၃၊ ၁၄။
၁၉။ ယနေ့ အဘယ်အကူအညီများ လိုအပ်သနည်း။
၁၉ ပေတရုက မိမိ၏စာရှုသူများသည် ‘သမ္မာတရား၌ တည်ကြည်ခြင်းရှိ’ သည်ဟု ကြင်နာစွာပြောဆိုခဲ့သော်လည်း သူတို့၏ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးနိုင်ကြောင်း သူအသိအမှတ်ပြုပါသည်။ (၁ တိမောသေ ၁:၁၉) မကြာမီ မိမိသေဆုံးရတော့မည်ကို သူသိရှိသဖြင့် ညီအစ်ကိုများသည် ဝိညာဉ်ရေးခွန်အားရှိနေနိုင်ရန် နောင်တွင်ပြန်သတိရနိုင်မည့် အကြောင်းအရာများကို သူတို့အားပြောပြပြီး မြဲမြံတည်ကြည်စေခဲ့ပါသည်။ (၂ ပေတရု ၁:၁၅; ၃:၁၂၊ ၁၃) ထိုနည်းတူ ယနေ့ကျွန်ုပ်တို့လည်း ယုံကြည်ခြင်း၌မြဲမြံတည်ကြည်ရန် အမြဲသတိပေးခံရဖို့လိုပါသည်။ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်စေ၊ သမ္မာတရားတွင် အချိန်မည်မျှတိုင်ရှိနေသည်ဖြစ်စေ ကျမ်းစာကိုမှန်မှန်ဖတ်ရှုခြင်း၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းနှင့် အသင်းတော်အစည်းအဝေးများ တက်ခြင်းကို လျစ်လျူရှုမထားနိုင်ပါ။ အစည်းအဝေးများမတက်ရခြင်းမှာ မောပန်းလွန်း၍၊ သို့မဟုတ် အစည်းအဝေးပါအကြောင်းအရာများသည် အထပ်ထပ်ဖြစ်နေ၍၊ သို့မဟုတ် စိတ်ဝင်စားစရာမကောင်းပါဟူ၍ အချို့ကဆင်ခြေပေးကြမည်ဖြစ်သော်လည်း မည်သူမဆို ကိုယ်ကိုကိုယ်စိတ်ချလွန်းမည်ဆိုလျှင် မည်မျှလျင်မြန်စွာ ယုံကြည်ခြင်းအားနည်းသွားနိုင်ကြောင်းကို ပေတရုကောင်းစွာသိထားပါသည်။—မာကု ၁၄:၆၆-၇၂; ၁ ကောရိန္သု ၁၀:၁၂; ဟေဗြဲ ၁၀:၂၅။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် မြဲမြံသောအခြေခံ
၂၀၊ ၂၁။ ကိုယ်ယောင်ပြောင်းတော်မူခြင်းက ပေတရုနှင့် ယနေ့ကျွန်ုပ်တို့အပါအဝင် သူ၏စာစောင်များကို ဖတ်ရှုသူများ၏ယုံကြည်ခြင်းကို မည်သို့မြဲမြံခိုင်ခံ့စေသနည်း။
၂၀ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကြံဖန်တီထွင်ထားသောပုံပြင်များအပေါ်သာ အခြေခံပါသလော။ “ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်တို့အားကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သူဖြစ်ကြ၏” ဟုပေတရုက အလေးအနက်ဖြေဆိုပေးပါသည်။ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ရူပါရုံ၌ ယေရှုထင်ရှားချိန်တွင် ကိုယ်တော်နှင့်အတူ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ ရှိနေကြသည်။ “‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည်၊ ထူးမြတ်သောအရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသောအခါ ကြားရ၏” ဟုပေတရုကရှင်းပြပါသည်။—၂ ပေတရု ၁:၁၆-၁၈။
၂၁ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ထိုရူပါရုံကိုမြင်ကြသောအခါ ဘုရားသခင့်နိုင်ငံတော်သည် အမှန်တည်ရှိသောအရာအဖြစ် သိမြင်ခံစားလာကြရပေသည်! “ထိုမှတစ်ပါး၊ သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ . . . ထိုအနာဂတ္တိစကားတော်ကို [သင်တို့] မှတ် . . . ကြ၏။” ယနေ့ကျွန်ုပ်တို့ပါအပါအဝင် ပေတရု၏စာကိုဖတ်ရှုသူများသည် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ပရောဖက်ပြုချက်များကို အာရုံစိုက်ကြရန် အကြောင်းကောင်းရှိသည်။ အဘယ်နည်းဖြင့် အာရုံစိုက်ကြရမည်နည်း။ ပေတရုက ဤသို့ဖြေဆိုပေးပါသည်– “ထိုမှတစ်ပါး၊ သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည်အမှီပြုသင့်ကြ၏။”—၂ ပေတရု ၁:၁၉; ဒံယေလ ၇:၁၃၊ ၁၄; ဟေရှာယ ၉:၆၊ ၇။
၂၂။ (က) အဘယ်အရာအပေါ် ကျွန်ုပ်တို့စိတ်နှလုံးနိုးကြားလျက်ရှိနေရန်လိုသနည်း။ (ခ) ထိုအနာဂတ္တိစကားတော်ကို ကျွန်ုပ်တို့မည်သို့အာရုံစိုက်မည်နည်း။
၂၂ အနာဂတ္တိစကားတော်၏ အလင်းကြောင့်သာမဟုတ်လျှင် ကျွန်ုပ်တို့၏စိတ်နှလုံးသည် မှောင်မိုက်နေပါလိမ့်မည်။ သို့သော် ခရစ်ယာန်များသည် ၎င်းကိုအာရုံစိုက်ကြခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ဘုန်းထင်ရှားမည့် “မိုးသောက်ကြယ်” ယေရှုခရစ်၏အရုဏ်တက်ချိန်ကို စိတ်နှလုံးနိုးကြားလျက်ရှိနေခဲ့ကြပြီ။ (ဗျာဒိတ် ၂၂:၁၆) ထိုအနာဂတ္တိစကားတော်ကို ယနေ့ကျွန်ုပ်တို့ မည်သို့အာရုံစိုက်ကြမည်နည်း။ ကျမ်းစာလေ့လာခြင်း၊ အစည်းအဝေးများအတွက် ပြင်ဆင်၍ ပါဝင်ဖြေဆိုခြင်း၊ ‘ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်ခြင်း’ အားဖြင့်ဖြစ်သည်။ (၁ တိမောသေ ၄:၁၅) ထိုအနာဂတ္တိစကားတော်သည် “မှောင်မိုက်အရပ်” (ကျွန်ုပ်တို့၏နှလုံး) ၌ထွန်းသောဆီမီးကဲ့သို့ ဖြစ်စေလိုလျှင် ကျွန်ုပ်တို့၏စိတ်ဆန္ဒများ၊ စိတ်လှုပ်ရှားမှုများ၊ လှုံ့ဆော်တိုက်တွန်းမှုများနှင့် ပန်းတိုင်များတို့ကို ယင်း၏သြဇာ လွှမ်းမိုးစေရမည်။ ကျွန်ုပ်တို့သည် ကျမ်းစာကျောင်းသားများဖြစ်ကြရန် လိုပါသည်။ အကြောင်းမှာ အခန်းကြီး ၁ ကို ပေတရုက ဤသို့နိဂုံးချုပ်၏– “ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေးဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။”—၂ ပေတရု ၁:၂၀၊ ၂၁။
၂၃။ ၂ ပေတရုအခန်းကြီးတစ်သည် စာရှုသူများကို အဘယ်အရာအတွက် အသင့်ရှိစေသနည်း။
၂၃ ပေတရု၏ဒုတိယစာစောင်၏အဖွင့်စကားတွင် သူသည် ကျွန်ုပ်တို့၏ မွန်မြတ်လှသောယုံကြည်ခြင်းကို မြဲမြံစွာခံယူထားကြရန် အလွန်ထိရောက်စွာ လှုံ့ဆော်တိုက်တွန်းပေးပါသည်။ ယခု ဆက်ဆင်ခြင်သုံးသပ်မည့် လေးနက်သောအကြောင်းများကို သဘောပေါက်ရန် ကျွန်ုပ်တို့အသင့်ရှိနေကြပေပြီ။ နောက်ဆောင်းပါးတွင် ၂ ပေတရု အခန်းကြီး ၂ ကိုဆွေးနွေးကြပါလိမ့်မည်။ ထိုတွင် တမန်တော်က အသင်းတော်များအတွင်း စိမ့်ဝင်ခဲ့သော အကျင့်ယိုယွင်းစေသည့် ဩဇာလွှမ်းမိုးမှုများ၏စိန်ခေါ်ချက်ကို ဆွေးနွေးထားပါသည်။
သင်မှတ်မိသလော
◻ ပေတရုသည် တိကျသောအသိပညာရှိဖို့အရေးကြီးကြောင်း အဘယ်ကြောင့်အလေးအနက်ဖော်ပြခဲ့သနည်း။
◻ ယုံကြည်ခြင်း၌ ထပ်ဆင့်ရန် ပထမဦးဆုံးအရည်အချင်းအနေနှင့် မွန်မြတ်သောအကျင့်ကို ပေတရုအဘယ်ကြောင့်တင်ပြထားခြင်း ဖြစ်မည်နည်း။
◻ ပေတရုသည် ညီအစ်ကိုများကို အဘယ်ကြောင့်အစဉ်သတိပေးလိုပါသနည်း။
◻ ပေတရုသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် အဘယ်ခိုင်လုံသောအခြေခံပေးထားသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပေတရု၏အားနည်းချက်များက သူ၏ယုံကြည်ခြင်းကို မစွန့်ပယ်စေခဲ့ပါ