ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင် ယေဟောဝါအားသိကျွမ်းပါလေ
ဘုရားသခင်နှင့်ပတ်သက်သော ဟိန္ဒူဘာသာဝင်တို့၏အယူအဆနှင့် အခြားဘာသာရေးနည်းစနစ်များကို နှိုင်းယှဉ်ရာတွင် အိန္ဒိယမှ ဒေါက်တာ အက်စ်. ရာဒါခရစ်ရှ်နန်က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်မှာ တစ်မျိုးတစ်ဘာသာဖြစ်သည်။ ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်၍ သမိုင်းတွင် တက်တက်ကြွကြွပါဝင်ကာ ဤဖွံ့ဖြိုးနေသောကမ္ဘာကြီး၏ အပြောင်းအလဲနှင့် ဖြစ်ပျက်မှုများကို စိတ်ဝင်စားတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အဆက်အသွယ်ပြုသည့် သက်ရှိတစ်ပါးဖြစ်တော်မူ၏” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မာကျမ်းစာတွင်ပါသော ဘုရားသခင်၏ဟေဗြဲနာမတော်မှာ יהוה ဖြစ်ပြီး “ယေဟောဝါ” ဟူ၍ ဘာသာပြန်ဆိုလေ့ရှိသည်။ ကိုယ်တော်သည် အခြားဘုရားအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူသည်။ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့မည်သည့်အရာကို သိရှိရသနည်း။ ကျမ်းစာခေတ်ကလူတို့နှင့် ကိုယ်တော်မည်သို့ဆက်ဆံခဲ့သနည်း။
ယေဟောဝါနှင့် မောရှေ “မျက်နှာချင်းဆိုင်”
မောရှေသည် ဘုရားသခင်ကိုပကတိအတိုင်း မမြင်နိုင်သော်လည်း ယေဟောဝါနှင့် ကိုယ်တော်၏ကျေးကျွန်မောရှေတို့ကြား “မျက်နှာချင်းဆိုင်” ရင်းနှီးသောဆက်ဆံရေး တည်ရှိခဲ့သည်။ (တရားဟောရာ ၃၄:၁၀-၁၂၊ သမ္မာ; ထွက်မြောက်ရာ ၃၃:၂၀) လူငယ်ဘဝအချိန်၌ မောရှေ၏နှလုံးသည် ထိုအချိန်က အီဂျစ်ပြည်တွင်ကျွန်ခံနေရသော ဣသရေလလူမျိုးတို့နှင့်အတူရှိသည်။ ဖာရောဘုရင်၏ အိမ်သားတစ်ဦးဖြစ်ရသောအခွင့်ကိုငြင်းပယ်၍ “ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရခြင်းကို သာ၍အလိုရှိ” ခဲ့သည်။ (ဟေဗြဲ ၁၁:၂၅) ရလဒ်အနေနှင့် ယေဟောဝါသည် မောရှေအား အထူးအခွင့်အရေးများစွာ ပေးတော်မူခဲ့သည်။
ဖာရော၏အိမ်သားတစ်ဦးအနေနှင့် “မောရှေသည်လည်း အဲဂုတ္တုအတတ်ပညာအလုံးစုံတို့ကိုသင်” ယူခဲ့ရသည်။ (တမန်တော် ၇:၂၂) သို့ရာတွင် ဣသရေလလူမျိုးတို့ကိုဦးဆောင်ရန် နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းစသည့် အရည်အချင်းများကိုမွေးမြူဖို့လည်း လိုအပ်သည်။ မိဒျန်ပြည်တွင် သိုးထိန်းအဖြစ် အနှစ် ၄၀ နေခဲ့သည့်အတောအတွင်း ယင်းကို သူသင်ယူခဲ့သည်။ (ထွက်မြောက်ရာ ၂:၁၅-၂၂; တောလည်ရာ ၁၂:၃) ယေဟောဝါသည် မျက်မြင်မရဖြစ်နေစေကာမူ ကိုယ်တော်တိုင်နှင့် မိမိ၏ရည်ရွယ်ချက်များကို မောရှေအားထင်ရှားပြခဲ့ပြီး ဘုရားသခင်သည် ကောင်းကင်တမန်များအားဖြင့် ပညတ်တော်ဆယ်ပါးကို ပေးအပ်ခဲ့သည်။ (ထွက်မြောက်ရာ ၃:၁-၁၀; ၁၉:၃–၂၀:၂၀; ဟေဗြဲ ၁၁:၂၇) သမ္မာကျမ်းစာက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့်မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်” မူကြောင်း ကျွန်ုပ်တို့အားဖော်ပြသည်။ (ထွက်မြောက်ရာ ၃၃:၁၁) အမှန်ပင် “နှုတ်ခွန်းဆိုင်လျက်အထင်အရှားဗျာဒိတ်” ပေးကြောင်း ယေဟောဝါကိုယ်တော်တိုင် ဖော်ပြခဲ့သည်။ မမြင်နိုင်သော်လည်း ပုဂ္ဂိုလ်တစ်ပါးဖြစ်သောဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကို မောရှေရရှိခဲ့ခြင်းသည် မည်မျှအဖိုးထိုက်လှပါသည်တကား!—တောလည်ရာ ၁၂:၈၊ သမ။
မောရှေသည် ဣသရေလလူမျိုးတို့၏ အစောပိုင်းသမိုင်းအပြင် ပညတ်ပေါင်းချုပ်နှင့်အတူ ယင်းနှင့်သက်ဆိုင်သော စည်းမျဉ်းအားလုံးတို့ကို မှတ်တမ်းတင်ခဲ့သည်။ သူသည် တန်ဖိုးဖြတ်မရသော အခြားအခွင့်အရေးတစ်ခုဖြစ်သည့်—ကမ္ဘာဦးကျမ်းကို ရေးသားရခြင်းတာဝန်လည်း ပေးအပ်ခံခဲ့ရသည်။ ထိုကျမ်းစောင်၏ နောက်ဆုံးအပိုင်းမှာ သူ့မိသားစုအတွင်း အတိအကျသိရှိထားသော သမိုင်းဖြစ်သောကြောင့် မှတ်တမ်းတင်ရန် အတော်အသင့်လွယ်ကူသည်။ သို့ရာတွင် မောရှေသည် အစောဆုံးလူ့သမိုင်း၏ အသေးစိတ်အချက်အလက်များကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။ ရည်ညွှန်းကိုးကားချက်အဖြစ်အသုံးပြုရန် မောရှေသည် သူ၏ဘိုးဘေးများထိန်းသိမ်းထားခဲ့သော ရှေးခေတ်လက်ရေးစာမူများကို ပိုင်ဆိုင်ထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ဖက်တွင်မူ အသေးစိတ်အချက်အလက်များကို နှုတ်တိုက်လက်ဆင့်ကမ်းခြင်း သို့မဟုတ် ယေဟောဝါထံတော်မှ မြင့်မြတ်သောဖွင့်ဆိုချက်ကို တိုက်ရိုက်ဖော်ပြခြင်းအားဖြင့် သူရရှိနိုင်ခဲ့သည်။ ဤကိစ္စတွင် မောရှေသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့ကြောင်းကို ရိုသေလေးစားထိုက်သူ ကြီးငယ်မဟူသည် ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့ကြသည်။
ယေဟောဝါ—ဧလိယ၏ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်
ပရောဖက်ဧလိယသည်လည်း ယေဟောဝါကို ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်တစ်ပါးအဖြစ် သိကျွမ်းခဲ့သည်။ ဧလိယသည် စင်ကြယ်သောဝတ်ပြုရေးအတွက် စိတ်အားထက်သန်ပြီး ခါနာန်လူမျိုးတို့၏အကြီးဆုံးနတ်ဘုရား ဗာလကိုဝတ်ပြုကိုးကွယ်သူများ၏ ခါးသီးသောမုန်းတီးမှုနှင့် ဆန့်ကျင်မှု၏အဓိကပစ်မှတ်ဖြစ်လာသည့်ကြားမှ ယေဟောဝါအားဝတ်ပြုခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၈:၁၇-၄၀။
ဣသရေလဘုရင်အာဟပ်နှင့် မိဖုရားယေဇဗေလတို့သည် ဧလိယကိုသတ်ပစ်ရန်ကြိုးစားကြသည်။ မိမိ၏အသက်အတွက်စိုးရိမ်သောကြောင့် ဧလိယသည် ပင်လယ်သေအနောက်ဘက် ဗေရရှေဘအရပ်သို့ထွက်ပြေးလေသည်။ ထိုနေရာတွင် တောထဲသို့ဝင်၍ သေဖို့ဆုတောင်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၁-၄) ယေဟောဝါသည် ဧလိယကိုစွန့်ပစ်ခဲ့ပြီလော။ မိမိ၏သစ္စာရှိကျေးကျွန်ကို ကိုယ်တော်စိတ်မဝင်စားတော့ပြီလော။ ဧလိယ ယင်းသို့ပင်တွေးခဲ့ပေမည်၊ သို့သော် မှားလိုက်လေခြင်း! နောက်ပိုင်းတွင် ယေဟောဝါက “ဧလိယ၊ သင်သည် ဤအရပ်၌အဘယ်သို့ပြုလျက်နေသနည်း” ဟုသူ့ကိုတိတ်တဆိတ် မေးလေသည်။ ထူးခြားလှသော သဘာဝလွန်အစွမ်းတန်ခိုးကို ဖော်ပြပြီးသည့်နောက် “ထာဝရဘုရား၏နှုတ်ကပါဌ်တော် ရောက်လာသည်ကား၊ ‘ဧလိယ၊ သင်သည် ဤအရပ်၌အဘယ်သို့ပြုလျက်နေသနည်း’ ဟု [တစ်ဖန်] မေးတော်မူ၏။” ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်ကို အားပေးရန်အလို့ငှာ ဧလိယအပေါ် ဤကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်စားမှုကို တင်ပြခဲ့၏။ ဘုရားသခင်သည် သူ့ကိုစေခိုင်းစရာများစွာရှိပြီး ဧလိယသည် ထိုကမ်းလှမ်းချက်ကို လိုလိုလားလားလက်ခံခဲ့ပါသည်တကား! ဧလိယသည် မိမိ၏တာဝန်များကို သစ္စာရှိစွာကျေပွန်ခြင်းအားဖြင့် မိမိ၏ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင် ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၉:၉-၁၈။
ဣသရေလလူမျိုးများကို စွန့်ပယ်ပြီးနောက် ယေဟောဝါသည် မိမိ၏မြေကြီးပေါ်ရှိ ကျေးကျွန်များကို ကိုယ်တိုင်ကိုယ်ကျ စကားမပြောတော့ပေ။ ယင်းက ကိုယ်တော်သည် သူတို့ကိုကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်စားမှုလျော့နည်းသွားပြီဟု မဆိုလိုပါ။ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိ၏အမှုတော်တွင် လမ်းညွှန်၍ ခိုင်ခံ့မြဲမြံစေတုန်းပင်ဖြစ်သည်။ ဥပမာအနေနှင့် ယခင်ကရှောလုအဖြစ်လူသိများခဲ့သော ပေါလုကိုကြည့်ပါလေ။
သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပေါလုလမ်းညွှန်ခံရခြင်း
ရှောလုသည် ကိလိကိပြည်၏ ထင်ရှားသောမြို့တစ်မြို့ဖြစ်သည့် တာရှုမြို့မှဖြစ်သည်။ သူ့မိဘများမှာ ဟေဗြဲလူမျိုးများဖြစ်သော်လည်း သူသည် ရောမနိုင်ငံသားတစ်ဦးအဖြစ် မွေးဖွားလာသည်။ သို့သော် ရှောလုသည် ဖာရိရှဲတို့၏ တင်းကျပ်သောယုံကြည်ချက်များကြား၌ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယေရုရှလင်မြို့၌ ထင်ရှားသောဥပဒေသဆရာတစ်ဦးဖြစ်သည့် “ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌” ပညာရင်နို့သောက်စို့ခွင့်ရရှိခဲ့သည်။—တမန်တော် ၂၂:၃၊ ၂၆-၂၈။
ဂျူးထုံးတမ်းစဉ်လာနှင့်ပတ်သက်၍ ရှောလု၏လွဲမှားသောဇွဲကြောင့် သူသည် ယေရှုခရစ်၏နောက်လိုက်များကို ရက်စက်စွာဆန့်ကျင်တိုက်ခိုက်သည့်အဖွဲ့တွင် ပါဝင်လာသည်။ သူသည် ပထမဆုံးသောခရစ်ယာန်အာဇာနည် သတေဖန်ကို ကွပ်မျက်သည့်အမှု၌ပင် သဘောတူခဲ့သည်။ (တမန်တော် ၇:၅၈-၆၀; ၈:၁၊ ၃) ယခင်က သူသည် ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ခဲ့သော်လည်း “ထိုသို့ [သူ] ပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲပြုသောကြောင့်၊ ကရုဏာတော်ကို [သူ] ခံရပြီ” ဟုနောက်ပိုင်း၌ သူဝန်ခံခဲ့သည်။—၁ တိမောသေ ၁:၁၃။
ရှောလုသည် ဘုရားသခင်ကို အမှန်တကယ်ဝတ်ပြုလိုသည့်ဆန္ဒဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ဒမာသက်မြို့သို့သွားသည့်လမ်းပေါ် ရှောလု၏ပြောင်းလဲခြင်းနောက်ပိုင်းတွင် သူ့ကိုယေဟောဝါထူးထူးခြားခြား အသုံးပြုတော်မူခဲ့သည်။ သူ့ကိုကူညီရန် ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် အာနနိအမည်ရှိသော အစောပိုင်းခရစ်ယာန်တပည့်တော်တစ်ဦးကို ညွှန်ကြားခဲ့သည်။ ထို့နောက်တွင် ပေါလု (ခရစ်ယာန်တစ်ဦးအဖြစ် ရှောလုအားသိလာသော ရောမအမည်) သည် ဥရောပနှင့် အာရှမိုင်းနားဒေသတစ်လျှောက် ရှည်လျားပြီးအကျိုးဖြစ်ထွန်းသော ခရစ်ယာန်ဓမ္မအမှုခရီးစဉ်ကို အောင်မြင်ရန် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ညွှန်ကြားခံခဲ့ရသည်။—တမန်တော် ၁၃:၂-၅; ၁၆:၉၊ ၁၀။
ယနေ့ ထိုကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကို ခွဲခြားသိမြင်နိုင်ပါသလော။ အမှန်ပင် သိမြင်နိုင်ပါသည်။
ဘုရားသခင်မဲ့ဝါဒီက တစ်ဦးချင်းအပေါ် ယေဟောဝါ၏စိတ်ဝင်စားမှုကို မဟန့်တားနိုင်
ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်သည် ကင်းမျှော်စင်အသင်း၏ ဒုတိယမြောက်ဥက္ကဋ္ဌဖြစ်သည်။ သူသည် ၁၉၀၆ ခုနှစ်တွင် ထိုအချိန်က ကျမ်းစာကျောင်းသားများဟုသိကြသော ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံပြီး နောက်တစ်နှစ်၌ အဖွဲ့အစည်း၏တရားရေးအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခံရကာ ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်လာသည်။ သို့သော်လည်း တစ်ချိန်က ဤလူငယ်ရှေ့နေလေးမှာ ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်သည်။ သူသည် တက်ကြွသော ယေဟောဝါ၏ခရစ်ယာန်ကျေးကျွန်တစ်ဦး မည်သို့ဖြစ်လာသနည်း။
ရပ်သဖော့ဒ်သည် ၁၉၁၃ ဇူလိုင်လတွင် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများ စည်းဝေးကြီးတွင် သဘာပတိတာဝန် ထမ်းဆောင်ခဲ့သည်။ ဒေသခံသတင်းစာ သည်ဟုမ်းစတက် ၏သတင်းထောက်တစ်ဦးက ရပ်သဖော့ဒ်ကိုတွေ့ဆုံမေးမြန်းခဲ့ပြီး ယင်းအကြောင်းအရာကို ထိုစည်းဝေးကြီး၏ အမှတ်တရမှတ်တမ်းတွင် ပြန်လည်ပုံနှိပ်ခဲ့သည်။
ရပ်သဖော့ဒ်က သူလက်ထပ်ရန်စီစဉ်ချိန်တွင် သူ၏ဘာသာရေးအမြင်မှာ နှစ်ခြင်းအသင်း၏အမြင်ဖြစ်သော်လည်း သူ့ဇနီးလောင်းကမူ ပရက်စ်ဘီတီးရီးယန်းဖြစ်ကြောင်း ရှင်းပြသည်။ ရပ်သဖော့ဒ်၏ပါစတာက “သူမသည် နှစ်ခြင်းမခံထားသောကြောင့် မီးငရဲသို့သွားမည်ဖြစ်ပြီး သူမှာမူ နှစ်ခြင်းခံယူပြီးဖြစ်သည့်အတွက် ကောင်းကင်သို့တန်းသွားမည်ဟုပြောသည့်အခါ သူ၏စဉ်းစားဆင်ခြင်နိုင်စွမ်းက ရွံရှာစွာလှည့်ထွက်သွားကာ ဘုရားသခင်မဲ့ဝါဒီတစ်ဦး ဖြစ်လာတော့သည်။”
ရပ်သဖော့ဒ်သည် ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်၌ သူ၏ယုံကြည်ခြင်းကို တစ်ဖန်ပြန်တည်ဆောက်ရန် နှစ်ပေါင်းများစွာ ဂရုတစိုက်ရှာဖွေမှုပြုလုပ်ခဲ့ရသည်။ “စိတ်ကိုကျေနပ်မှုမပေးနိုင်သောအရာသည် နှလုံးကိုလည်းကျေနပ်မှုမပေးနိုင်” ဟူသောယူဆချက်ဖြင့် သူဆင်ခြင်ခဲ့သည်။ ရပ်သဖော့ဒ်က ခရစ်ယာန်များသည် “မိမိတို့ယုံကြည်သောကျမ်းစာသည် မှန်ကန်ကြောင်း သေချာစေရမည်၊ မိမိတို့ရပ်တည်နေသောအုတ်မြစ်ကို မိမိတို့သိရမည်” ဟုရှင်းပြခဲ့သည်။—၂ တိမောသေ ၃:၁၆၊ ၁၇ ကိုရှု။
မှန်ပါသည်၊ ယနေ့ ဘုရားသခင်မဲ့ဝါဒီတစ်ဦး သို့မဟုတ် မသိဝါဒီတစ်ဦးပင် ကျမ်းစာကိုစူးစမ်းကာ ယုံကြည်ခြင်းတည်ဆောက်လျက် ယေဟောဝါဘုရားသခင်နှင့် ခိုင်မြဲသောဆက်ဆံရေးတိုးပွားအောင် ပြုနိုင်သည်။ ထာဝရအသက်ရစေသောအသိပညာ ဟူသည့် ကင်းမျှော်စင်စာပေအကူအညီဖြင့် သမ္မာကျမ်းစာကို ဂရုတစိုက်လေ့လာပြီးနောက် လူငယ်တစ်ဦးဤသို့ဝန်ခံခဲ့သည်– “ကျွန်တော်စလေ့လာတုန်းက ဘုရားသခင်ကိုကျွန်တော်မယုံဘူး၊ ဒါပေမဲ့ အခုသမ္မာကျမ်းစာအသိပညာက ကျွန်တော့်ရဲ့အတွေးအခေါ်ကို လုံးဝပြောင်းလဲသွားစေတယ်။ ယေဟောဝါကိုကျွန်တော်စသိလာပြီး ကိုယ်တော်ကို ယုံကြည်ကိုးစားလာတယ်။”
“မိုက်သောသူ” နှင့်ဘုရားသခင်
“ဓဟ [ဟေဗြဲကျမ်းစောင်များ] ကိုရေးသူမည်သူမျှ ဘုရားသခင်တည်ရှိမှုကို သက်သေထူရသည် သို့မဟုတ် အငြင်းပွားရသည်ဟူ၍ မရှိခဲ့ဖူးပါ” ဟုကျမ်းစာအဘိဓာန်တွင် ဒေါက်တာ ဂျိမ်းစ် ဟေစတင်းကဖော်ပြသည်။ “ဘုရားသခင်တည်ရှိသည့်အဖြစ်ကို ငြင်းပယ်ခြင်း သို့မဟုတ် ယင်းကိုသက်သေထူရန် ငြင်းခုံခြင်းတို့သည် ရှေးခေတ်လူ့အသိုင်းအဝိုင်း၏ ယေဘုယျစိတ်ထားနှင့်မညီပေ။ ထိုယုံကြည်ချက်သည် လူ့ပင်ကိုစိတ်ထား၊ လူအားလုံးယုံကြည်ထားသည့်အရာဖြစ်သည်။” ယင်းက ထိုအချိန်ရှိ လူသားအားလုံး ဘုရားသခင်အားကြောက်ရွံ့ကြသည်ဟု မဆိုလိုပါ။ ဝေးလေစွ။ စိတ်ထဲတွင် “ယေဟောဝါ [ကဘ] မရှိ” ဟူ၍ပြောသော “ဉာဏ်မဲ့သူ” [ကဘ] သို့မဟုတ် ယုဒသန်ဘာသာပြန်ကျမ်းအရ “မိုက်သောသူ” ကို ဆာလံ ၁၄:၁ နှင့် ဆာလံ ၅၃:၁ ကျမ်းချက်နှစ်ချက်စလုံးက ဖော်ပြထားသည်။
ဘုရားသခင်တည်ရှိသည်ကိုငြင်းပယ်သည့် မိုက်သောသူသည် မည်ကဲ့သို့သောလူစားနည်း။ သူသည် တွေးတောဆင်ခြင်ဉာဏ်မရှိသူမဟုတ်။ ပို၍တိတိကျကျပြောရလျှင် ဟေဗြဲစကားလုံး နာဗဲလ်က အကျင့်အကြံယိုယွင်းမှုကို ညွှန်ပြသည်။ ပါမောက္ခ အက်စ်. အာရ်. ဒရစ်ဗာက ပယ်ရလဲလ် စော်လ်တာစာအုပ်၌ မှတ်ချက်ရေးသားရာတွင် ထိုမှားယွင်းမှုသည် “စဉ်းစားဆင်ခြင်နိုင်စွမ်း ပျော့ညံ့မှုမဟုတ်ဘဲ အကျင့်အကြံနှင့် ဘာသာရေးဆိုင်ရာတို့တွင် အာရုံထုံထိုင်းမှု၊ အသိဉာဏ် သို့မဟုတ် သိမြင်နိုင်စွမ်းလုံးလုံးကင်းမဲ့မှု” ဖြစ်သည်ဟုဆိုသည်။
ယင်းသို့သောသဘောထား၏ရလဒ်ဖြစ်သည့် အကျင့်ပျက်ပြားခြင်းကို ဆာလံဆရာဤသို့ဖော်ပြခဲ့သည်– “ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သောအမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။” (ဆာလံ ၁၄:၁) ဒေါက်တာ ဟေစတင်းက “ဘုရားသခင်သည် ဤလောကတွင်မရှိခြင်းနှင့် အပြစ်ပေးမှုမရှိခြင်းပေါ်မူတည်၍ လူတို့သည် ဖောက်ပြန်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကို ပြုလာကြသည်” ဟုအကျဉ်းချုပ်ဖော်ပြသည်။ သူတို့သည် ဘုရားတရားမဲ့မူဝါဒများကို ပြောင်ပြောင်တင်းတင်း လက်ခံယုံကြည်ကြပြီး သူတို့စာရင်းမရှင်းလိုသည့် ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်အား ပမာမထားဘဲနေကြသည်။ သို့သော် ယင်းအတွေးအခေါ်သည် ဆာလံကျမ်းရေးသားခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်အချိန်ကကဲ့သို့ ယနေ့လည်းမိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်ထံမှ သတိပေးချက်များ
ကျွန်ုပ်တို့၏အဖွင့်ဆောင်းပါး၌ ဖော်ပြထားသောမေးခွန်းများကို ယခုပြန်လည်သုံးသပ်ကြည့်ကြစို့။ များစွာသောသူတို့သည် ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်နှင့် ယနေ့လောက၌ပျံ့နှံ့နေသော ဆင်းရဲဒုက္ခကို အဘယ်ကြောင့်စပ်ဟပ်၍မရနိုင်သနည်း။
သမ္မာကျမ်းစာ၌ “သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ” သောသူများထံမှ သတင်းအချက်အလက်များကို ရေးသားထားသည်။ (၂ ပေတရု ၁:၂၁) ယင်းကသာ ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင် ယေဟောဝါအကြောင်းကို ကျွန်ုပ်တို့အားဖော်ပြသည်။ ယင်းက လူ့အတွေးအခေါ်ကို ညွှန်ကြားထိန်းချုပ်ရာတွင် တန်ခိုးကြီးသော၊ လူသားတို့မျက်စိဖြင့်မမြင်နိုင်သည့် ဆိုးညစ်သောပုဂ္ဂိုလ်—စာတန်မာရ်နတ်အကြောင်းကိုလည်း ကျွန်ုပ်တို့ကိုသတိပေးထားသည်။ ဆင်ခြင်တုံတရားအရ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင်အားမယုံကြည်လျှင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော စာတန် သို့မဟုတ် မာရ်နတ် ရှိသည်ကိုလည်း မည်သို့ယုံကြည်နိုင်မည်နည်း။
မှုတ်သွင်းခံရခြင်းအားဖြင့် တမန်တော်ယောဟန်က ‘မာရ်နတ် စာတန်သည် တစ်လောကလုံးကိုလှည့်ဖြားနေသည်’ ဟုရေးသားခဲ့သည်။ (ဗျာဒိတ် ၁၂:၉၊ သမ္မာ) နောက်ပိုင်းတွင် ယောဟန်က “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ် ၏လက်၌ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏” ဟုဆိုခဲ့သည်။ (၁ ယောဟန် ၅:၁၉) ဤဖော်ပြချက်များက ယောဟန်ကိုယ်တိုင် မိမိ၏ခရစ်ဝင်ကျမ်း၌ မှတ်တမ်းတင်ထားသော ယေရှု၏ဤစကားများကို ထင်ဟပ်ပေါ်လွင်စေသည်– “ဤလောကကိုအစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရ။”—ယောဟန် ၁၄:၃၀။
ဤကျမ်းစာသွန်သင်ချက်သည် ယနေ့လူတို့ယုံကြည်နေသည့်အရာနှင့် ကွာခြားလိုက်သည့်ဖြစ်ခြင်း! “မာရ်နတ် အကြောင်းပြောဆိုခြင်းသည် ယနေ့ခေတ်မမီတော့သည်မှာ အထင်းသားပင်။ ကျွန်ုပ်တို့၏သံသယလွှမ်းမိုးသော သိပ္ပံခေတ်သည် စာတန်ကို အငြိမ်းစားပေးလိုက်ပြီ” ဟုကက်သလစ်ဟဲယ်ရယ်လ်သတင်းစာကဆိုသည်။ သို့သော် ယေရှုသည် မိမိအားသတ်ရန်ကြံစည်နေကြသောသူများကို ဤသို့ပြင်းပြင်းထန်ထန် မိန့်တော်မူခဲ့သည်– “သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ် [စာတန်] မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်းလိုက်တတ်ကြ၏။”—ယောဟန် ၈:၄၄။
စာတန့်တန်ခိုးနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ရှင်းလင်းချက်သည် ဆင်ခြင်တုံတရားနှင့်ညီသည်။ လူအများစုတို့သည် အေးဆေးငြိမ်သက်စွာ နေထိုင်လိုသည့်ကြားမှ ကမ္ဘာကြီးသည် မုန်းတီးမှု၊ စစ်ပွဲများနှင့် ဒန်ဘလင်မြို့ (စာမျက်နှာ ၃ နှင့် ၄ တွင်ဖော်ပြထား) ၌ဖြစ်ပျက်ခဲ့သကဲ့သို့ အဓိပ္ပာယ်မဲ့အကြမ်းဖက်မှုများနှင့် အဘယ်ကြောင့်ကပ်သင့်ရကြောင်း ယင်းကရှင်းပြသည်။ ထို့ပြင် ကျွန်ုပ်တို့ဆိုင်ပြိုင်တိုက်လှန်ရမည့် ရန်သူမှာ စာတန်တစ်ဦးတည်းမဟုတ်ပေ။ လူသားတို့ကို လမ်းလွဲစေရန် လှည့်စားဖို့အတွက် ရှေးယခင်ကတည်းက စာတန်နှင့်ပူးပေါင်းသော နာမ်ဝိညာဉ်ဆိုးများဖြစ်သော မာရ်နတ်များ သို့မဟုတ် နတ်ဆိုးများအကြောင်းကို ကျမ်းစာကထပ်၍သတိပေးသေးသည်။ (ယုဒ ၆) ယေရှုခရစ်သည် ဤနတ်ဆိုးများသြဇာနှင့် ကြိမ်ဖန်များစွာကြုံတွေ့ခဲ့ရပြီး ကိုယ်တော်သည် သူတို့ကိုအောင်နိုင်ခဲ့သည်။—မဿဲ ၁၂:၂၂-၂၄; လုကာ ၉:၃၇-၄၃။
စစ်မှန်သောဘုရားသခင် ယေဟောဝါသည် ဤလောကရှိ ဆိုးညစ်မှုများကိုသန့်စင်ပေးပြီး နောက်ဆုံးတွင် စာတန်လုပ်ရပ်များသာမက နတ်ဆိုးများ၏လုပ်ရပ်များကိုလည်း ရှင်းလင်းသုတ်သင်ပစ်ရန် ရည်ရွယ်တော်မူသည်။ ယေဟောဝါနှင့်ပတ်သက်သော ကျွန်ုပ်တို့၏အသိပညာပေါ်အခြေပြု၍ ခိုင်ခံ့သောယုံကြည်ခြင်းကို ရရှိနိုင်ပြီး ကိုယ်တော့်ကတိတော်များကို ယုံကြည်ကိုးစားနိုင်ကြပါသည်။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှမရှိရာ။ ငါတစ်ပါးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၍၊ ငါမှတစ်ပါးကယ်တင်သောသူမရှိ။” ကိုယ်တော်အားသိကျွမ်း၍ ဝတ်ပြုကိုးကွယ်သူများအားလုံးအတွက် ယေဟောဝါသည် အမှန်ပင် ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင်တစ်ပါးဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ကိုယ်တော်နှင့် ကိုယ်တော်တစ်ပါးတည်းကိုသာ မျှော်ကိုးနိုင်ပါသည်။—ဟေရှာယ ၄၃:၁၀၊ ၁၁။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မှုတ်သွင်းခံရခြင်းအားဖြင့် ကမ္ဘာဦးကျမ်း ၁:၁ ကို မောရှေရေးသားနေခြင်းအား ပုံဖော်သည့် ၁၈ ရာစုမှကမ္ပည်းစာ
[Credit Line]
From The Holy Bible by J. Baskett, Oxford
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေရှုခရစ်သည် နတ်ဆိုးများကို ကြိမ်ဖန်များစွာအောင်နိုင်ခဲ့