စစ်မှန်သောပျော်ရွှင်မှု—သော့ချက်ကားအဘယ်နည်း
လူသားများကို ပျော်ရွှင်ဖို့ရည်စူးခဲ့သည်။ ယင်းကို ကျွန်ုပ်တို့အဘယ့်ကြောင့် သေချာနိုင်သနည်း။ လူ့အစကို စဉ်းစားကြည့်ပါလေ။
ယေဟောဝါသည် ပထမလူသားမောင်နှံစုံကို ပျော်ရွှင်မှုခံစားနိုင်စွမ်းဖြင့် ဖန်ဆင်းခဲ့သည်။ အာဒံနှင့်ဧဝတို့သည် ဧဒင်ဟုခေါ်သည့် ပျော်မွေ့စရာဥယျာဉ်တစ်ခုဖြစ်သော ပရဒိသုတွင် နေရာချထားခံခဲ့ရသည်။ ဖန်ဆင်းရှင်သည် ဘဝတွင်လိုအပ်သော ကာယရေးလိုအပ်ချက်များအားလုံးနှင့် သူတို့ကိုထောက်ပံ့ပေးခဲ့သည်။ ထိုဥယျာဉ်၌ “အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုး” ရှိသည်။ (ကမ္ဘာဦး ၂:၉) အာဒံနှင့်ဧဝတို့သည် ကျန်းမာသန်စွမ်း၍ လှပကာ စုံလင်ပြီး အမှန်ပျော်ရွှင်ခဲ့ကြ၏။
သို့သော် သူတို့၏ ပျော်ရွှင်မှုသော့ချက်ကားအဘယ်နည်း။ သူတို့၏ပရဒိသုစံအိမ်လော သို့မဟုတ် ကာယရေးဘက်စုံလင်မှုလော။ ဘုရားသခင်ထံမှ ဤလက်ဆောင်များက သူတို့၏ဘဝကိုမွေ့လျော်စေသည့် အကြောင်းများတွင် အပါအဝင်ဖြစ်သည်အမှန်။ သို့ရာတွင် သူတို့၏ပျော်ရွှင်မှုသည် ယင်းသို့သော ထိတွေ့ကိုင်တွယ်နိုင်သည့်အရာပေါ်၌ မမူတည်ပါ။ ဧဒင်ဥယျာဉ်သည် လှပသောပန်းခြံတစ်ခုမျှသာမကပါ။ ယင်းသည် ဘုရားသခင်ကိုဝတ်ပြုရန်နေရာ၊ အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။ သူတို့၏ထာဝစဉ်ပျော်ရွှင်မှုသော့ချက်မှာ ဖန်ဆင်းရှင်နှင့် မေတ္တာပါသောဆက်ဆံရေးတစ်ခုကို တည်ထောင်၍ ဆက်လက်ထိန်းသိမ်းနိုင်စွမ်းဖြစ်၏။ ပျော်ရွှင်ချမ်းမြေ့လိုသော် သူတို့သည် ဦးစွာဝိညာဉ်ရေးလူများဖြစ်ရမည်။—မဿဲ ၅:၃ နှိုင်းယှဉ်။
ဝိညာဉ်ရေးရာက ပျော်ရွှင်မှုကိုဖြစ်စေ
ပထမတွင် အာဒံသည် ဘုရားသခင်နှင့် ဝိညာဉ်ရေးအရဆက်ဆံရေးရှိခဲ့သည်။ ယင်းသည် ဖခင်နှင့် သားစပ်ကြား၌ရှိသည့် မေတ္တာပါ၍ ကြင်နာသည့် ဆက်ဆံရေးမျိုးဖြစ်၏။ (လုကာ ၃:၃၈) ဧဒင်ဥယျာဉ်တွင် ဝတ်ပြုကိုးကွယ်လိုသော မိမိတို့၏ဆန္ဒကိုဖြည့်ဆည်းပေးမည့် အကောင်းဆုံးအခြေအနေမျိုး အာဒံနှင့်ဧဝတို့၌ရှိသည်။ ယေဟောဝါအား စိတ်လိုကိုယ်လျောက် မေတ္တာရှိစွာ နာခံမှုရှိခြင်းအားဖြင့် သူတို့သည် ဖန်ဆင်းခံတိရစ္ဆာန်များထက် ဘုရားသခင်အားဂုဏ်တင်၍ ချီးမွမ်းနိုင်ပေမည်။ သူတို့သည် ကိုယ်တော်၏ အံ့ချီးဖွယ်အရည်အချင်းများကို အသိဉာဏ်ရှိရှိချီးမွမ်းနိုင်ပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို ထောက်မနိုင်ကြသည်။ ယေဟောဝါ၏မေတ္တာနှင့် ကြင်နာယုယသောစောင့်ရှောက်မှုကိုလည်း သူတို့ဆက်လက်ရရှိနိုင်ကြသည်။
ဖန်ဆင်းရှင်နှင့် ဤသို့မိတ်သဟာယဖွဲ့ခြင်းနှင့် ကိုယ်တော်၏ပညတ်များကိုနာခံခြင်းက ကျွန်ုပ်တို့၏ကနဦးမိဘများကို စစ်မှန်သောပျော်ရွှင်မှုရရှိစေသည်။ (လုကာ ၁၁:၂၈) အာဒံနှင့်ဧဝတို့သည် ပျော်ရွှင်မှု၏သော့ချက်ကို နှစ်ပေါင်းများစွာကြာ နည်းအမျိုးမျိုးနှင့်စမ်းသပ်ပြီးမှရရှိဖို့ ရည်ရွယ်ခြင်းမခံရပါ။ သူတို့သည် ဖန်ဆင်းခံရပြီးကတည်းက ပျော်ရွှင်ခဲ့ကြ၏။ ဘုရားသခင်နှင့် ငြိမ်သက်မှုရရှိပြီး ကိုယ်တော့်အခွင့်အာဏာကို လက်အောက်ခံခြင်းက သူတို့ကိုပျော်ရွှင်စေသည်။
သို့သော် ယင်းပျော်ရွှင်မှုသည် ဘုရားသခင်ကိုသူတို့မနာခံသည့် အချိန်မှစ၍အဆုံးသတ်သွားလေသည်။ အာဒံနှင့်ဧဝတို့သည် တော်လှန်ပုန်ကန်ခြင်းအားဖြင့် ယေဟောဝါနှင့် မိမိတို့၏ဝိညာဉ်ရေးရာဆက်ဆံရေးကို ပြတ်တောက်သွားစေခဲ့၏။ သူတို့သည် ဘုရားသခင်၏မိတ်ဆွေများ မဟုတ်တော့ပေ။ (ကမ္ဘာဦး ၃:၁၇-၁၉) ဥယျာဉ်အတွင်းမှ နှင်ထုတ်ခံရသည့်နေ့မှစ၍ ယေဟောဝါသည် သူတို့နှင့်ဆက်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည်။ သူတို့၏စုံလင်မှု၊ ထာဝစဉ်အသက်ရှင်ရမည့်အလားအလာနှင့် ဥယျာဉ်စံအိမ်ကို သူတို့လက်လွှတ်ဆုံးရှုံးခဲ့လေသည်။ (ကမ္ဘာဦး ၃:၂၃) သို့သော် သာ၍အရေးကြီးသည်ကား သူတို့သည် ဘုရားသခင်နှင့်ဆက်ဆံရေး ဆုံးရှုံးခဲ့သောကြောင့် ပျော်ရွှင်မှု၏သော့ချက်ကိုလည်း ဆုံးရှုံးခဲ့ကြသည်။
ကျွန်ုပ်တို့၏ရွေးချယ်နိုင်စွမ်း
အာဒံနှင့်ဧဝတို့မသေဆုံးမီ မိမိတို့၏သားစဉ်မြေးဆက်များကို လူသားကြန်အင်လက္ခဏာများ၊ မွေးရာပါကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဝိညာဉ်ရေးရာစွမ်းရည်များကို လက်ဆင့်ကမ်းခဲ့သည်။ လူသားမျိုးနွယ်သည် တိရစ္ဆာန်များအဆင့်သို့ နိမ့်ကျမသွားပါ။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်နှင့် ပြန်လည်သင့်မြတ်နိုင်ပါသည်။ (၂ ကောရိန္သု ၅:၁၈) အသိဉာဏ်ရှိသောသတ္တဝါများအနေနှင့် လူသားများသည် ဘုရားသခင်အား နာခံမည်၊ မခံမည်ကို ရွေးချယ်နိုင်စွမ်းရှိနေဆဲပင်။ ရာစုနှစ်များကုန်လွန်ပြီးသည့်နောက် ဖွဲ့စည်းခါစဣသရေလလူမျိုးကို အသက်ရှင်ခြင်းနှင့် သေခြင်းကိုရွေးချယ်ခွင့် ယေဟောဝါပေးခဲ့စဉ်က ယင်းအချက်ထင်ရှားသည်။ မိမိ၏ပြောရေးဆိုခွင့်ရှိသူ မောရှေမှတစ်ဆင့် ဘုရားသခင်က “အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ငါထား၏” ဟုမိန့်တော်မူသည်။—တရားဟောရာ ၃၀:၁၅-၁၈။
မူလပရဒိသုပျောက်ဆုံးပြီး နှစ်ထောင်ချီကြာညောင်းခဲ့ပြီဖြစ်သော ယခုအချိန်၌ပင် ကျွန်ုပ်တို့လူသားများသည် မှန်ကန်သောရွေးချယ်မှုပြုနိုင်စွမ်းရှိနေဆဲပင်။ ကျွန်ုပ်တို့၌ အလုပ်လုပ်နေသည့် ကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဘုရားသခင့်ပညတ်တော်များကိုနာခံတတ်သည့် အခြေခံအရည်အသွေးများရှိကြသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ “အတွင်း” လူအကြောင်းဖော်ပြထားသည်။ (၂ ကောရိန္သု ၄:၁၆; ရောမ ၇:၂၂) ထိုဖော်ပြချက်များက ကျွန်ုပ်တို့အားလုံး ဘုရားသခင့်ဂုဏ်ရည်တော်များကို ရောင်ပြန်ဟပ်ရန်၊ ကိုယ်တော်တွေးသကဲ့သို့တွေးရန်၊ ဝိညာဉ်ရေးလူများဖြစ်ရန် ကျွန်ုပ်တို့၏မွေးရာပါအရည်အသွေးနှင့် ဆက်စပ်သည်။
ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “သာသနာပလူတို့သည် ပညတ်တရားကိုမသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုသိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြပြီ။”—ရောမ ၂:၁၄၊ ၁၅။
ဘုရားရေးရာဉာဏ်ပညာနှင့် နာခံခြင်း—သော့ချက်
သို့သော် ‘ကျွန်ုပ်တို့အားလုံး၌ ဘုရားသခင်ကိုဝတ်ပြုရန် ပင်ကိုသဘောပါလာသည့်အတွက်ကြောင့် စစ်မှန်သောပျော်ရွှင်မှုကို ခံစားရမည်ဆိုပါက စိတ်မချမ်းသာမှုများ အဘယ့်ကြောင့်ဤမျှပျံ့နှံ့နေရသနည်း’ ဟုတစ်ဦးတစ်ယောက်က မေးကောင်းမေးပေမည်။ အကြောင်းမှာ ပျော်ရွှင်နိုင်ရန်အတွက် ကျွန်ုပ်တို့တစ်ဦးစီသည် ဝိညာဉ်ရေးအရဖွံ့ဖြိုးရမည်။ ဘုရားသခင်၏ပုံဏ္ဌာန်တော်နှင့်အညီ မူလကဖန်ဆင်းခံရသော်လည်း လူသည် မိမိ၏ဖန်ဆင်းရှင်နှင့် ကင်းကွာလာခဲ့သည်။ (ဧဖက် ၄:၁၇၊ ၁၈) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်နှင့် ဝိညာဉ်ရေးရာဆက်ဆံရေးကို တည်ထောင်၍ဆက်လက်ထိန်းသိမ်းရန် တိကျသည့်ခြေလှမ်းလှမ်းရမည်။ ယင်းသို့သောဆက်ဆံရေးကို အလိုအလျောက်ရရှိလာမည်မဟုတ်ပါ။
ဝိညာဉ်ရေးဖွံ့ဖြိုးစေရာတွင် အရေးပါသောမူနှစ်ခုကို ယေရှုအကြမ်းဖျင်းဖော်ပြခဲ့သည်။ မူတစ်ခုမှာ ဘုရားသခင်နှင့်ပတ်သက်သော တိကျမှန်ကန်သောအသိပညာကို ဆည်းပူးရယူရန်နှင့် အခြားတစ်ခုမှာ ကိုယ်တော်၏အလိုတော်ကို နာခံမှုရှိရှိခံယူရန်ဖြစ်သည်။ (ယောဟန် ၁၇:၃) ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုကိုးကား၍ ယေရှုက “လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု” မိန့်တော်မူခဲ့သည်။ (မဿဲ ၄:၄) အခြားတစ်ချိန်၌ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟုဆိုသည်။ (ယောဟန် ၄:၃၄) ကျွန်ုပ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ နည်းအမျိုးမျိုးနှင့်စမ်းသပ်ပြီးမှ ပျော်ရွှင်မှုကိုရရှိဖို့မဟုတ်။ တွေ့ကြုံမှုများခြင်းသည် ပျော်ရွှင်မှု၏သော့ချက်မဟုတ်ပေ။ ယင်းသို့ဖြစ်မည့်အစား ဘုရားရေးရာဉာဏ်ပညာနှင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကိုနာခံခြင်းကသာ ဘဝတွင်စစ်မှန်သောရွှင်လန်းမှုကို ဖြစ်ပေါ်စေနိုင်သည်။—ဆာလံ ၁၉:၇၊ ၈; ဒေသနာ ၁၂:၁၃။
ရှင်းနေသည်မှာ၊ ဘုရားရေးရာဉာဏ်ပညာကိုတင်ပြပြီး ဘုရားသခင့်ရှေ့ကောင်းသောရပ်တည်မှုရှိခြင်းအားဖြင့် ရရှိလာသောပျော်ရွှင်မှုသည် ကျွန်ုပ်တို့လက်လှမ်းမမီနိုင်သည့်အရာမဟုတ်ပါ။ (တမန်တော် ၁၇:၂၆၊ ၂၇) ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်နှင့်ပတ်သက်သော အသိပညာကို လူတိုင်းရရှိနိုင်ပါသည်။ ဘာသာစကားပေါင်းများစွာနှင့် အရေအတွက်သန်းပေါင်းများစွာဖြင့်ရရှိနိုင်သော သမ္မာကျမ်းစာသည် ကမ္ဘာတွင်အဖြန့်ချိရဆုံးသောစာအုပ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်မိတ်ဆွေဖြစ်လာပြီး စစ်မှန်သောပျော်ရွှင်မှုကို ခံစားနိုင်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်သည်၊ အကြောင်းမှာ ကျမ်းစာက “ယေဟောဝါကိုမိမိဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုးသည်ရွှင်လန်းဝမ်းမြောက်၏” ဟုဆိုထားသောကြောင့်ပင်။—ဆာလံ ၁၄၄:၁၅၊ ကဘ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ပျော်ရွှင်မှုသို့ ဦးတည်သည့်ခြေလှမ်း
၁။ ဝိညာဉ်ရေးရာကို တန်ဖိုးထားလေးမြတ်ပြီး ပြုစုပျိုးထောင်ပါ။ ယေရှုက “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြားနာ၍ စောင့်ရှောက်သောသူတို့သည် ပျော်ရွှင်ကြ၏!” ဟုမိန့်တော်မူခဲ့သည်။—လုကာ ၁၁:၂၈၊ ကဘ။
၂။ ဘုရားသခင့်စိတ်တော်နှင့်တွေ့ခြင်းသည် စည်းစိမ်ချမ်းသာ သို့မဟုတ် ဇိမ်ခံပစ္စည်းများထက် သာ၍အရေးကြီးကြောင်း အသိအမှတ်ပြုပါ။ ပေါလုဤသို့ရေးသားခဲ့သည်– “ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ . . . စားရန်၊ ဝတ်ရန် ရှိသမျှနှင့်ရောင့်ရဲလျက်နေကြကုန်အံ့။”—၁ တိမောသေ ၆:၆-၈။
၃။ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်ကို ပြုစုပျိုးထောင်ကာ ယင်းကိုတုံ့ပြန်ရန် ကြိုးစားအားထုတ်ပါ။—ရောမ ၂:၁၄၊ ၁၅။
၄။ ယေဟောဝါဘုရားသခင်အား နာခံရန်စိတ်ပိုင်းဖြတ်ပါ၊ သို့ဖြင့်ကိုယ်တော်၏လူတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီလာမည်။ ရှေးအချိန်မှ ဒါဝိဒ်က “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သော လူမျိုးသည်ရွှင်လန်းဝမ်းမြောက်၏!” ဟုရေးသားခဲ့သည်။—ဆာလံ ၁၄၄:၁၅၊ ကဘ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။”—မဿဲ ၅:၃၊ ကဘ