ကျင့်ဝတ်မူကို ပိုင်းခြားသိမြင်ခြင်းက ရင့်ကျက်မှုကိုထင်ဟပ်
မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။ သင်စိုက်သည့်အတိုင်း သင်ရိတ်ရသည်။ (၁ ကောရိန္သု ၁၅:၃၃; ဂလာတိ ၆:၇) ကာယရေးအရဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ အဆိုပါဖော်ပြချက်တစ်ခုစီသည် အခြေခံအမှန်တရား—ကျင့်ဝတ်မူတစ်ခု—အတွက်နမူနာဖြစ်ပြီး တစ်ခုစီသည် ပညတ်ဥပဒေများအတွက် အခြေခံကိုချမှတ်ပေးသည်။ သို့သော် ပညတ်ဥပဒေများသည် ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြစ်နိုင်ပြီး ယင်းကို အတိအကျဖော်ပြတတ်ကြသည်။ အခြားတစ်ဖက်တွင် ကျင့်ဝတ်မူများသည် ကျယ်ပြန့်ပြီး ထာဝစဉ်တည်ရှိနိုင်သည်။ ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား ဖြစ်နိုင်သည့်အခါတိုင်း ကျင့်ဝတ်မူများနှင့်ဆက်စပ်၍ စဉ်းစားဆင်ခြင်ရန်တိုက်တွန်းသည်။
တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဝက်ဘ်စတားအဘိဓာန်သစ်က ကျင့်ဝတ်မူကို “ယေဘုယျ သို့မဟုတ် အခြေခံအမှန်တရား– အခြားအရာများ အခြေပြုသည့် သို့မဟုတ် အခြားအရာများကို ဆင်းသက်ဖြစ်ပေါ်လာစေသည့် ကျယ်ပြန့်ပြီး အခြေခံကျသောပညတ်ဥပဒေ၊ အယူဝါဒ သို့မဟုတ် အယူအဆ” ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဥပမာ၊ ကလေးတစ်ယောက်ကို “မီးဖိုကိုမထိရ” ဟူ၍ ဥပဒေထုတ်ပေမည်။ သို့သော် လူကြီးတစ်ဦးကိုကား “မီးဖိုသည် ပူသည်” ဟူ၍ဆိုရုံနှင့်လုံလောက်ပေမည်။ နောက်ဖော်ပြချက်သည် ပို၍အခြေခံကျသောဖော်ပြချက်ဖြစ်သည်ကို သတိပြုပါ။ အကြောင်းမှာ ယင်းသည် လူတစ်ဦးလုပ်ဆောင်နိုင်မည့်အရာများ—ချက်ပြုတ်ခြင်း၊ မီးဖုတ်ခြင်း သို့မဟုတ် မီးဖိုကိုပိတ်လိုက်ခြင်း—ကိုလမ်းညွှန်ပေးမည်ဖြစ်ပြီး ယင်းသည် တစ်နည်းအားဖြင့် ကျင့်ဝတ်မူတစ်ခုဖြစ်လာသောကြောင့်ဖြစ်သည်။
အမှန်တကယ် ဘဝ၏အရေးပါသောကျင့်ဝတ်မူများမှာ ဝိညာဉ်ရေးနှင့်ဆိုင်သည်; ယင်းတို့သည် ဘုရားသခင်အား ကျွန်ုပ်တို့၏ဝတ်ပြုမှုနှင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုတို့ကိုထိန်းချုပ်သည်။ သို့သော် အချို့တို့သည် ကျင့်ဝတ်မူများကို ဆင်ခြင်သုံးသပ်ရန် တွန့်ဆုတ်ကြသည်။ သူတို့သည် ဆုံးဖြတ်ချက်တစ်ခုနှင့်ရင်ဆိုင်ရသောအခါ စည်းမျဉ်း၏အဆင်ပြေမှုကို ပို၍နှစ်သက်ကြသည်။ ယင်းက ပညာရှိရာမကျဘဲ ကျမ်းစာခေတ်က သစ္စာရှိသူများချမှတ်ခဲ့သည့်ပုံသက်သေနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။—ရောမ ၁၅:၄။
ဘုရားရေးရာမူကိုကျင့်သုံးသူများ
မစုံလင်သောလူသားများတွင် အာဗေလသည် ဘုရားရေးရာမူကို ပထမဦးဆုံးကျင့်သုံးသူဟု ဆိုနိုင်သည်။ သူသည် ‘မျိုးနွယ်တော်’ နှင့်စပ်လျဉ်းသည့်ကတိတော်ကို များစွာဆင်ခြင်သုံးသပ်ခဲ့ပြီး အပြစ်မှရွေးနုတ်ခြင်းတွင် အသွေးပါသည့်ပူဇော်သကာလိုမည်ကို သဘောပေါက်ခဲ့ဖွယ်ရှိသည်။ (ကမ္ဘာဦး ၃:၁၅) ထို့ကြောင့် ဘုရားသခင်အား “မိမိသိုးစုတွင်အဦးဖွားသော သားအချို့” ကိုပူဇော်ခဲ့သည်။ “သိုးထီးဆီဥ” ဟူသည့်စကားစုက အာဗေလသည် ယေဟောဝါအား အကောင်းဆုံးပေးဆက်ခဲ့ကြောင်းပြသည်။ သို့တိုင် ဘုရားသခင်သည် အာဗေလသေပြီးနောက် နှစ်ပေါင်းနှစ်ထောင်ကျော်တွင် ပူဇော်သကာနှင့်စပ်လျဉ်းသည့် အသေးစိတ်တောင်းဆိုချက်များကို ပထမဦးဆုံးအကြိမ်ရှင်းလင်းဖော်ပြခဲ့သည်။ ဘုရားသခင်ကိုကြောက်ရွံ့ပြီး ကျင့်ဝတ်မူကိုကျင့်သုံးသူအာဗေလနှင့်ကွာခြားလျက် သူ၏အကိုကာဣနသည် ဘုရားသခင်အား ဝတ်ကျေတမ်းကျေပူဇော်ခဲ့သည်။ သို့သော် သူ၏သဘောထားမှာ မပြည့်ဝဘဲ သူ၏ပူဇော်သကာက ကျင့်ဝတ်မူကင်းမဲ့သည့်နှလုံးကို ဖော်ပြသည်။—ကမ္ဘာဦး ၄:၃-၅။
နောဧသည်လည်း ဘုရားရေးရာမူကိုကျင့်သုံးသူတစ်ဦးဖြစ်သည်။ သင်္ဘောဆောက်ရန် သူ့အား ဘုရားသခင် အတိအကျအမိန့်ပေးခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြသော်လည်း အခြားသူများအားဟောပြောရန် အမိန့်ပေးသည်ဟု ကျွန်ုပ်တို့မဖတ်ရပါ။ သို့ဖြစ်လျက်ပင် နောဧသည် ‘ဖြောင့်မတ်ခြင်းတရားကိုဟောသူ’ ဟုအခေါ်ခံရသည်။ (၂ ပေတရု ၂:၅) ဘုရားသခင်သည် နောဧအား ဟောပြောရန်ညွှန်ကြားခဲ့ဖွယ်ရှိသော်လည်း ကျင့်ဝတ်မူကိုကျင့်သုံးလိုသည့်သူ၏သဘောထားနှင့် အိမ်နီးချင်းကိုချစ်သည့်မေတ္တာတို့ကလည်း ထိုသို့လုပ်ဆောင်ရန် သူ့အားလှုံ့ဆော်ပေးသည်။ နောဧအချိန်နှင့်တူသောအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရသောကြောင့် သူ၏မွန်မြတ်သည့်သဘောထားနှင့် ပုံသက်သေကို တုပကြစို့။
ယေရှုသည် မိမိအချိန်တွင်ရှိသည့်ဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ လူတို့အား ကျင့်ဝတ်မူများနှင့်ဆက်စပ်၍ စဉ်းစားဆင်ခြင်ရန် သင်ကြားတော်မူသည်။ သူ၏တောင်ပေါ်ဒေသနာသည် နမူနာတစ်ခုဖြစ်သည်။ ဒေသနာတစ်ခုလုံးသည် ကျင့်ဝတ်မူကိုကျင့်သုံးကြရန် ဆွဲဆောင်ထားသည်။ (မဿဲ အခန်းကြီး ၅-၇) မိမိမတိုင်မီအချိန်က အာဗေလနှင့်နောဧတို့ကဲ့သို့ ကိုယ်တော်သည် ဘုရားသခင်ကိုအမှန်တကယ်သိသောကြောင့် ယေရှု ဤသို့သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ လူငယ်တစ်ဦးဖြစ်စဉ်ကပင် ကိုယ်တော်သည် ဤအခြေခံအမှန်တရားကို ကြည်ညိုလေးမြတ်ခဲ့သည်– “လူသည် မုန့်အားဖြင့်သာ . . . မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်။” (တရားဟောရာ ၈:၃; လုကာ ၂:၄၁-၄၇) မှန်ပါသည်၊ ဘုရားရေးရာမူကိုကျင့်သုံးသူတစ်ဦးဖြစ်ရန်သော့ချက်မှာ ယေဟောဝါ၊ ကိုယ်တော်နှစ်သက်သောအရာ၊ မနှစ်သက်သောအရာနှင့် ရည်ရွယ်ချက်များကို အမှန်တကယ်သိရှိထားခြင်းဖြစ်သည်။ ဘုရားသခင်နှင့်စပ်လျဉ်းသည့် ဤအခြေခံတရားများသည် ကျွန်ုပ်တို့၏အသက်တာကို လွှမ်းမိုးသောအခါ ယင်းတို့သည် သက်ရှင်လှုပ်ရှားသောကျင့်ဝတ်မူများဖြစ်လာသည်။—ယေရမိ ၂၂:၁၆; ဟေဗြဲ ၄:၁၂။
ကျင့်ဝတ်မူများနှင့်နှလုံး
ပညတ်ဥပဒေတစ်ခုကိုနာခံရာတွင် မနာခံခြင်းအတွက် အပြစ်ဒဏ်ခံရမည်ကိုစိုး၍ စိတ်မပါဘဲနာခံခြင်းမျှဖြစ်နိုင်သည်။ သို့ရာတွင် ကျင့်ဝတ်မူတစ်ခုကိုလိုက်နာခြင်းတွင် ထိုသို့သောသဘောထားမပါပေ၊ အကြောင်းမှာ ကျင့်ဝတ်မူများ၏ထိန်းချုပ်မှုကိုခံရခြင်းသည် နှလုံးမှအလိုအလျောက်တုံ့ပြန်ခြင်းဟူသည့် ကျင့်ဝတ်မူသဘောသက်ရောက်သောကြောင့်ဖြစ်သည်။ မောရှေ၏ပညတ်ပဋိညာဉ်ကို မပြဋ္ဌာန်းမီ အသက်ရှင်ခဲ့သော အာဗေလနှင့်နောဧတို့နှင့်တူသော ယောသပ်ကို သုံးသပ်ကြည့်ပါ။ ပေါတိဖာ၏ဇနီးက သူ့အား ဖြားယောင်းရန်ကြိုးစားသောအခါ ယောသပ်က “အပြစ်ကြီးသော ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟူ၍တုံ့ပြန်ခဲ့သည်။ မှန်ပါသည်၊ လင်နှင့်မယားသည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်သည်ဟူသောကျင့်ဝတ်မူကို ယောသပ်သိထားပါသည်။—ကမ္ဘာဦး ၂:၂၄; ၃၉:၉။
ယနေ့ လောကတွင် ဖြောင့်မတ်သောကျင့်ဝတ်မူများကင်းမဲ့လျက်ရှိသည်။ လောကသည် အကြမ်းဖက်မှုနှင့် အကျင့်ယိုယွင်းမှုတို့တွင် အစားကြူးသူတစ်ဦးကဲ့သို့ အလွန်အကျွံမှီဝဲသည်။ ခရစ်ယာန်တစ်ဦးသည် ရုပ်ရှင်၊ ဗီဒီယို သို့မဟုတ် စာပေတည်းဟူသော—အလားတူအကျိုးမဲ့အစာကို ပုန်းလျှိုးကွယ်လျှိုးဖြင့် တစ်စတစ်စသုံးဆောင်ရန် သွေးဆောင်ခံရနိုင်သည့်အန္တရာယ်ရှိသည်။ လာမည့် “ကြီးစွာသောဒုက္ခ” ကာလတစ်လျှောက် သစ္စာစောင့်သိသူများကိုသာ ဘုရားသခင်ကာကွယ်တော်မူမည်ကိုစွဲမှတ်လျက် ကျွန်ုပ်တို့သည် ယောသပ်ကဲ့သို့ ကျင့်ဝတ်မူအရ မကောင်းမှုကိုငြင်းပယ်လျှင် အလွန်ချီးမွမ်းစရာပင်။ (မဿဲ ၂၄:၂၁) မှန်ပါသည်၊ လူအများရှေ့တွင်မဟုတ်ဘဲ မမြင်ကွယ်ရာတွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုမှာ အဓိကဖြစ်သည်၊ ယင်းက ကျွန်ုပ်တို့သည် အမှန်တကယ်မည်သည့်လူစားမျိုးဖြစ်သည်ကို ဖော်ပြသည်။—ဆာလံ ၁၁:၄; သု. ၁၅:၃။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာကျင့်ဝတ်မူများ၏လမ်းညွှန်မှုကိုခံယူပါက ဘုရားသခင့်ပညတ်ဥပဒေများတွင် လွတ်ပေါက်ဟုယူဆသည့်အချက်များကို ရှာမည်မဟုတ်ပါ; ချမှတ်ထားသည့်ဥပဒေတစ်ခုကို အမှန်တကယ်မချိုးဖောက်ဘဲ မည်မျှထိလျှောက်လှမ်းနိုင်သည်ကိုသိမြင်ရန်လည်း ကြိုးစားမည်မဟုတ်ပါ။ ထိုသဘောထားမျိုးသည် ကိုယ့်ကိုယ်ကိုရှုံးနိမ့်စေ၏; အဆုံးတွင် ကျွန်ုပ်တို့ကို ထိခိုက်စေ၏။
ပညတ်ဥပဒေနောက်ကွယ်ကို ဆန်းစစ်ခြင်း
ပညတ်ဥပဒေများသည် ခရစ်ယာန်တစ်ဦး၏အသက်တာတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်မှာအမှန်။ ယင်းတို့သည် ကျွန်ုပ်တို့အကာအကွယ်ရရန် ကူညီပေးသည့် ကင်းစောင့်တပ်သားများနှင့်တူပြီး ၎င်းတို့၏အရင်းအမြစ်တွင် အရေးကြီးသောကျင့်ဝတ်မူများစွာရှိသည်။ ဤကျင့်ဝတ်မူများကို သဘောပေါက်နားလည်ထားခြင်းမရှိပါက ဆက်စပ်နေသောပညတ်ဥပဒေများကို ကျွန်ုပ်တို့နှစ်သက်မြတ်နိုးမှုလျော့နည်းလာပေမည်။ ရှေးဣသရေလလူမျိုးသည် ထိုကဲ့သို့ဖြစ်ပျက်ခဲ့ကြသည်။
ဘုရားသခင်သည် ဣသရေလလူမျိုးကို ပညတ်တော်ဆယ်ပါးပေးခဲ့သည်၊ ပထမဦးဆုံးပညတ်က ယေဟောဝါမှတစ်ပါး အခြားဘုရားကို မကိုးကွယ်ရန်တားမြစ်သည်။ အရာခပ်သိမ်းကို ယေဟောဝါဖန်ဆင်းခဲ့ခြင်းက ဤပညတ်နောက်ကွယ်ရှိ အခြေခံအမှန်တရားဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၃-၅) သို့သော် ထိုလူမျိုးသည် ဤကျင့်ဝတ်မူနှင့်အညီ အသက်ရှင်နေထိုင်ခဲ့ပါသလော။ ယေဟောဝါကိုယ်တော်တိုင်ဖြေကြားတော်မူသည်– “[ဣသရေလလူများက] သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဖွားမြင်ပြီ [“အမိ၊” အင်္ဂလိပ်ကျမ်းစာသစ်] ဟူ၍လည်းကောင်း ဆိုလျက်၊ စင်စစ် ငါ့ [ယေဟောဝါ] ကိုမျက်နှာမပြု၊ ကျောခိုင်းကြ . . . ၏။” (ယေရမိ ၂:၂၇) နှလုံးခိုင်မာပြီး ကျင့်ဝတ်မူနှင့်မကိုက်ညီသည့်မိုက်မဲမှုပါတကား! ယေဟောဝါ၏နှလုံးကို မည်မျှနာကျင်စေပါမည်တကား!—ဆာလံ ၇၈:၄၀၊ ၄၁; ဟေရှာယ ၆၃:၉၊ ၁၀။
ခရစ်ယာန်များတွင်လည်း ဘုရားသခင့်ထံတော်မှ ပညတ်ဥပဒေများရှိသည်။ ဥပမာ၊ သူတို့သည် အရုပ်ဝတ်ပြုခြင်း၊ လိင်ဆိုင်ရာအကျင့်ယိုယွင်းခြင်းနှင့် သွေးအလွဲသုံးခြင်းတို့ကို ရှောင်ကြဉ်ကြရသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ယင်းနှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ရထိုက်သည်; ကျွန်ုပ်တို့သည် မိမိတို့၏အိမ်ထောင်ဖက်ကို သစ္စာရှိရမည်; ယေဟောဝါသည် ကျွန်ုပ်တို့၏အသက်ပေးရှင်ဖြစ်သည်ဟူသော အခြေခံမူများကို သင်တွေ့ရှိနိုင်သည်။ (ကမ္ဘာဦး ၂:၂၄; ထွက်မြောက်ရာ ၂၀:၅; ဆာလံ ၃၆:၉) ဤညွှန်ကြားချက်များနောက်ဝယ်ရှိမူများကို နားလည်သဘောပေါက်ပြီး အလွန်လေးမြတ်မည်ဆိုပါက ၎င်းတို့သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်ဖြစ်ကြောင်း သိရှိရသည်။ (ဟေရှာယ ၄၈:၁၇) ကျွန်ုပ်တို့အတွက် ဘုရားသခင့် “ပညတ်တော်တို့ကို စောင့်ထိန်းရန် . . . ဝန်မလေးပေ။”—၁ ယောဟန် ၅:၃၊ သတင်းကောင်း။
တစ်ချိန်က ဣသရေလလူမျိုးသည် ဘုရားသခင့်ပညတ်တော်များကို လျစ်လျူရှုခဲ့ကြစဉ် ယေရှုအချိန်တိုင်လေသော် သူတို့၏ “ပညတ်တရား၏ဆရာဝန်များ” ဖြစ်သောကျမ်းပြုဆရာများမူ အစွန်းတစ်ဖက်သို့ရောက်သွားကြသည်။ သူတို့သည် စင်ကြယ်သောဝတ်ပြုရေးကို အဟန့်အတားဖြစ်စေပြီး ဘုရားရေးရာမူများကို ဖုံးကွယ်ထားသည့် စည်းမျဉ်းနှင့်ထုံးတမ်းစဉ်လာမြောက်မြားစွာကို ချမှတ်ခဲ့ကြသည်။ (မဿဲ ၂၃:၂၊ အင်္ဂလိပ်ကျမ်းစာသစ်) လူတို့သည် ဆုံးရှုံးမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အရေခြုံမှုတို့ကို အောင့်အည်းသည်းခံရသည်ဟု ခံစားကြရသည်။ (မဿဲ ၁၅:၃-၉) လူထုတ်သည့်စည်းမျဉ်းမြောက်မြားစွာသည် သနားညှာတာမှုကင်းမဲ့သည်။ လက်တစ်ဖက်သေသူတစ်ဦးကို ကုသပေးရန်အကြောင်းပေါ်လာသောအခါ ယေရှုက ရောက်ရှိနေသောဖာရိရှဲတို့ကို “ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော” ဟူ၍မေးခဲ့သည်။ သူတို့ရေငုံနှုတ်ပိတ်နေခြင်းက မပြုအပ်ဟု ဖော်ပြရာရောက်ပြီး ယေရှုသည် “သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိ” ခဲ့သည်။ (မာကု ၃:၁-၆) ဖာရိရှဲတို့သည် ဥပုသ်နေ့တွင် ခိုကိုးရာမဲ့ဖြစ်နေသော သို့မဟုတ် အနာတရဖြစ်နေသောအိမ်မွေးတိရစ္ဆာန် (ငွေကြေးရင်းနှီးမြှုပ်နှံမှု) တစ်ကောင်ကို အကူအညီပေးမည်ဖြစ်သော်လည်း အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးကိုမူ—သေရေးရှင်ရေးကိစ္စမဖြစ်ဘဲနှင့် ဘယ်တော့မျှကူညီမည်မဟုတ်ပါ။ အမှန်ပင်၊ သူတို့သည် လူ့စည်းမျဉ်းနှင့် အသေးစိတ်ပညတ်ချက်များကို အလွန်အာရုံစိုက်ခဲ့ကြပြီး ပန်းချီကားတစ်ခုပေါ်တွင် ပြေးလွှားနေသည့်ပုရွက်ဆိတ်များပမာ ရုပ်ပုံတစ်ခုလုံး—ဘုရားရေးရာမူများကိုမူ မတွေ့မြင်ခဲ့ကြချေ။—မဿဲ ၂၃:၂၃၊ ၂၄။
သို့ရာတွင် လူငယ်များပင် သူတို့၏နှလုံးရိုးဖြောင့်က ကျမ်းစာမူများကိုလေးမြတ်ခြင်းအားဖြင့် ယေဟောဝါကို ချီးမွမ်းဂုဏ်တင်နိုင်ကြသည်။ ဆယ့်သုံးနှစ်အရွယ်ရေဗက္ကာ၏ဆရာဖြစ်သူက မည်သူလောင်းကစားကြမည်နည်းဟု အတန်းသားများကို မေးသည်။ အများစုက လောင်းကစားခြင်းမပြုကြောင်း ပြောသည်။ သို့တိုင် အခြေအနေအမျိုးမျိုးကိုဖော်ပြခဲ့ရာ ရေဗက္ကာမှလွဲ၍ ကျန်အားလုံးက မိမိတို့သည် တစ်နည်းမဟုတ်တစ်နည်းဖြင့် လောင်းကစားခဲ့ကြကြောင်း ဝန်ခံသည်။ ဆရာက ရေဗက္ကာအား မွန်မြတ်သောအရေးကိစ္စတစ်ခုအတွက် ၂၀-စင့်တန်ကံစမ်းမဲလက်မှတ်တစ်စောင် ဝယ်မည်လောဟု မေးသည်။ ရေဗက္ကာက မဝယ်ပါဟု ပြောလိုက်ပြီး ထိုသို့ဝယ်ခြင်းသည် အဘယ်ကြောင့် လောင်းကစားခြင်းအသွင်တစ်မျိုးဖြစ်ကြောင်း ကျမ်းစာဖြင့်ရှင်းပြခဲ့သည်။ ထို့နောက် သူမ၏ဆရာက တစ်တန်းလုံးအား ‘ဆရာ့အမြင်ကိုပြောရရင် ဒီအထဲမှာ “ကျင့်ဝတ်မူတွေ” နဲ့ညီတာ ရေဗက္ကာတစ်ဦးတည်းပဲရှိတယ်’ ဟူ၍ပြောသည်။ မှန်ပါသည်၊ “ကျွန်မရဲ့ဘာသာနဲ့ လုံးဝဆန့်ကျင်နေလို့ပါ” ဟူ၍သာ ရေဗက္ကာပြန်ပြောနိုင်ခဲ့သည်၊ သို့သော် သူမသည် ထိုထက်မက ပို၍လေးနက်စွာသဘောထားခဲ့သည်; လောင်းကစားခြင်းသည် အဘယ်ကြောင့်မှားကြောင်း၊ အဘယ်ကြောင့် ထိုထဲတွင်ပါဝင်ရန်ငြင်းဆိုခဲ့ရကြောင်း သူမဖြေကြားနိုင်ခဲ့သည်။
အာဗေလ၊ နောဧ၊ ယောသပ်နှင့်ယေရှုတို့ကဲ့သို့ ပုံသက်သေများက ဘုရားသခင်အားဝတ်ပြုရာတွင် ကျွန်ုပ်တို့၏ “စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်” နှင့် “ဆင်ခြင်သုံးသပ်နိုင်စွမ်း” တို့ကိုအသုံးပြုခြင်းဖြင့် အကျိုးခံစားရနိုင်ပုံကို တင်ပြသည်။ (သု. ၂:၁၁၊ ကဘ; ရောမ ၁၂:၁၊ ကဘ) ခရစ်ယာန်အကြီးအကဲများသည် “[သူတို့တွင်] အပ်ထားသောဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်း” ရာတွင် ယေရှုကိုတုပသင့်သည်။ (၁ ပေတရု ၅:၂၊ ကဘ) ယေရှုစံနမူနာချမှတ်ခဲ့သည့်အတိုင်း ဘုရားရေးရာမူများကိုချစ်မြတ်နိုးသူများသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအောက် ရှင်သန်ကြီးထွားသူများဖြစ်ကြသည်။—ဟေရှာယ ၆၅:၁၄။