ခရစ္စမတ်—လောကပွဲနေ့လော ဘာသာရေးဆိုင်ရာ သန့်ရှင်းသောနေ့လော
တရုတ်ပြည်တွင် သူ့ကိုခရစ္စမတ်အဖိုးအိုဟု ခေါ်ကြသည်။ ဗြိတိန်နိုင်ငံတွင် ခရစ္စမတ်ဖခင်အဖြစ် သူ့ကိုလူသိများသည်။ ရုရှားနိုင်ငံရှိလူတို့က ဖိုးဖိုးနှင်းဖြူဟူ၍လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စဲန်တာကလော့စ်ဟူ၍လည်းကောင်း အမည်ပေးထားကြသည်။
လူအများက ဗိုက်ရွှဲ၍ ဆီးနှင်းတမျှဆွတ်ဆွတ်ဖြူသော မုတ်ဆိတ်မွေးကိုတပ်ဆင်ထားသည့် အဆိုပါပျော်ရွှင်တတ်သောအဖိုးအိုကို ခရစ္စမတ်၏ပြယုဂ်အဖြစ် ယူမှတ်ကြသည်။ သို့သော် စဲန်တာကလော့စ်ဟူသည် စတုတ္ထရာစုက (ယခုခေတ်တူရကီနိုင်ငံရှိ) မုရမြို့မှဘိရှော့နှင့်ပတ်သက်သည့် ထုံးတမ်းများပေါ်အခြေပြုပြီး ဖြစ်ပေါ်လာသော ဒဏ္ဍာရီပုံပြင်တစ်ခုဖြစ်ကြောင်း အများသိပြီးသားလည်းဖြစ်၏။
ဓလေ့ထုံးစံများသည် ပွဲနေ့များအပေါ် များစွာသြဇာညောင်းလေ့ရှိပြီး ခရစ္စမတ်ပွဲလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ စဲန်တာဒဏ္ဍာရီသည် အများကြိုက်ပွဲနေ့တစ်ခုနှင့် ဆက်နွှယ်နေသော ရိုးရာပုံပြင်များထဲမှ နမူနာတစ်ခုမျှသာဖြစ်ပါသည်။ လူအချို့က ခရစ္စမတ်ပွဲထုံးစံများမှာ သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဖြစ်ရပ်များပေါ်အခြေပြုသည်ဟုဆိုကြသော်လည်း အမှန်မှာ ယင်းထုံးစံအများစုသည် အယူမှားသူများထံမှ ဇာစ်မြစ်ခံသည်။
နောက်ထပ်နမူနာတစ်ခုမှာ ခရစ္စမတ်သစ်ပင်ဖြစ်၏။ ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “အယူမှားသော ဥရောပသားများ ပြုနေကျဖြစ်သည့် သစ်ပင် ကိုးကွယ်မှုသည် ခရစ်ယာန်ဘာသာသို့ သူတို့ပြောင်းဝင်ပြီးနောက်တွင် နှစ်သစ်ကူး၌ မိမိတို့အိမ်နှင့်စပါးကျီကို အမြဲစိမ်းသစ်ပင်များဖြင့်တန်ဆာဆင်ခြင်း . . . စာတန်ကို ခြောက်လှန့်နှင်ထုတ်ရန်နှင့် ခရစ္စမတ်အချိန်အခါအတွင်း ငှက်များနားနေရန်အတွက် သစ်ပင်တစ်ပင်ကိုစိုက်ထူထားကြခြင်း အစရှိသော စကင်ဒီနေဗီးယန်းထုံးစံများတွင် ဆက်တည်ရှိခဲ့သည်။”
အများကြိုက်ခရစ္စမတ်ထုံးစံ နောက်တစ်ခုမှာ ဟော်လီ သို့မဟုတ် အခြားအမြဲစိမ်းသစ်ရွက်များဖြင့် ပန်းခွေများပြုလုပ်ခြင်းဖြစ်သည်။ ၎င်းထုံးစံမှာလည်း အယူမှားသောကိုးကွယ်မှုတွင် အခိုင်အမာအမြစ်တွယ်နေသည်။ ရှေးခေတ်ရောမလူမျိုးများသည် လယ်ယာနတ်ဘုရားစက်တန်ကိုဆည်းကပ်သည့် ခုနစ်ရက်ဆောင်းလယ်ပွဲဖြစ်သော စက်တာနေလီယာပွဲအတွင်း ဘုရားကျောင်းများကိုအလှဆင်ရန် ဟော်လီအကိုင်းအခက်များကို အသုံးပြုကြသည်။ ဤအယူမှားသောပွဲတော်သည် အထူးသဖြင့် ထိန်းမနိုင်သိမ်းမရဆူညံပျော်မြူး၍ စည်းမဲ့ကမ်းမဲ့ဖြစ်သည့်နေရာတွင် နာမည်ကျော်သည်။
ကျီးပေါင်းပင်အကိုင်းအခက်အောက် နမ်းကြသည့်ခရစ္စမတ်ထုံးစံ (ဤတွင်ပုံဖော်ထား) သည်အချို့သူများအတွက် စိတ်ကူးယဉ်အချစ်ရေးတစ်ခုဖြစ်ပုံပေါ်သော်လည်း ယင်းသည် အလယ်ခေတ်ဆီသို့ခေတ်နောက်ပြန်သွားသည်။ ရှေးခေတ်ဗြိတိန်ဘုန်းကြီးများက ကျီးပေါင်းပင်သည် ဆန်းကြယ်သောတန်ခိုးများရှိသည်ဟု ယုံကြည်ကြသည်; ထို့ကြောင့် နတ်ဆိုးများ၊ ပြုစားခြင်းနှင့် အခြားမကောင်းဆိုးဝါးများမှ အကာအကွယ်အဖြစ် ယင်းကိုအသုံးပြုကြ၏။ အချိန်တန်လေသော် ကျီးပေါင်းပင်အောက်နမ်းခြင်းသည် အိမ်ထောင်သည်ဘဝသို့ရောက်စေမည်ဟူသည့် အယူသီးမှုကိုဖြစ်ပေါ်စေသည်။ ဤအလေ့အကျင့်သည် ခရစ္စမတ်ပွဲကျင်းပချိန်အတွင်း အချို့သူများကြားတွင် ရေပန်းစားနေဆဲဖြစ်သည်။
၎င်းတို့မှာ အယူမှားသောသွန်သင်ချက်များ၏ ဩဇာလွှမ်းခံရ၍ သို့မဟုတ် ယင်းတို့မှလုံးလုံးလျားလျားပေါက်ဖွားလာသော မျက်မှောက်ခေတ်ခရစ္စမတ်ထုံးစံ အချို့မျှသာဖြစ်သည်။ သို့သော် ၎င်းတို့အားလုံး မည်သို့ဖြစ်ပေါ်လာသည်ကို သင်သိလိုပေမည်။ ခရစ်တော်၏မွေးနေ့ကို ဂုဏ်တင်သည်ဟုဆိုသောပွဲနေ့တစ်ခုသည် ခရစ်ယာန်မဟုတ်သော ဓလေ့ထုံးစံနှင့် မည်သို့မည်ပုံ ဤမျှရှုပ်ထွေးသွားရသနည်း။ သာ၍အရေးကြီးသည်ကား ယင်းကို ဘုရားသခင်မည်သို့ရှုမြင်တော်မူသနည်း။
[စာမျက်နှာ ၂ ပါ ရုပ်ပုံ]
စာမျက်နှာ ၃– စဲန်တာကလော့စ်– Thomas Nast/Dover Publications, Inc., 1978; စာမျက်နှာ ၃ရှိကျီးပေါင်းပင်နှင့် စာမျက်နှာ ၄ရှိ သရုပ်ဖော်ပုံ– Discovering Christmas Customs and Floklore by Margaret Baker, published by Shire Publications, 1994