ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁ စာ. ၃-၅
  • မိသားစုအရေးပေါ် အခြေအနေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုအရေးပေါ် အခြေအနေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခြိမ်းခြောက်မှုကား အဘယ်နည်း
  • မိဘတစ်ဦးတည်းရှိအိမ်ထောင်စု တိုးများလာ
  • အိမ်ထောင်အစီအစဉ်သည် မုန်တိုင်းဒဏ်ခံနိုင်မည်လော
    နိုးလော့!—၂၀၀၆
  • မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း
    နိုးလော့!—၂၀၀၂
  • ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း
    နိုးလော့!—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁ စာ. ၃-၅

မိသားစုအရေးပေါ် အခြေအနေ!

“ထို့နောက် အသက်ထက်ဆုံးပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း။” ဒဏ္ဍာရီဆန်ဆန် ထိုဇာတ်သိမ်းခန်းမှာ ယခုခေတ်အိမ်ထောင်များနှင့် သက်ဆိုင်မှုလျော့နည်းသည်ထက် လျော့နည်းလာသည်။ ‘ဆိုးတူကောင်းဖက် ရာသက်ပန်ရိုးမြေကျ တစ်ဦးပေါ်တစ်ဦး မေတ္တာထားပါမည်ဟူသော ’ လက်ထပ်သစ္စာကတိသည် အများအားဖြင့် အပြောကောင်းခြင်းသက်သက်မျှသာဖြစ်၏။ ပျော်ရွှင်သောမိသားစုတစ်ခု ရရှိရန်အလားအလာသည် ယင်းနှင့်ဆန့်ကျင်ဘက်အလားအလာနှင့် လွန်ဆွဲနေဟန်ရှိ၏။

၁၉၆၀ မှ ၁၉၉၀ ပြည့်နှစ်အထိ အနောက်တိုင်းရှိ စက်မှုလက်မှုထွန်းကားသော နိုင်ငံအများစုတွင် ကွာရှင်းမှုနှုန်းအရေအတွက်မှာ နှစ်ဆမကတိုးများလာသည်။ အချို့နိုင်ငံများတွင်မူ လေးဆတိုးများလာပါသည်။ ဥပမာအနေနှင့် ဆွီဒင်နိုင်ငံတွင် နှစ်စဉ်အိမ်ထောင် ၃၅,၀၀၀ ခန့်မှာ လုပ်ထုံးလုပ်နည်းအတိုင်း လက်ထပ်စာချုပ်ချုပ်ကြပြီး တစ်ဝက်ခန့်မှာ ကွာရှင်းပြတ်စဲကာ ကလေး ၄၅,၀၀၀ ကျော်ကို ပတ်သက်စေသည်။ လက်မထပ်ဘဲအတူနေထိုင်သည့် မောင်နှံစုံများကွာရှင်းမှုနှုန်းမှာ ပိုများလာပြီး ထောင်သောင်းချီသောကလေးများကိုပါ ထိခိုက်စေသည်။ စာမျက်နှာ ၅ မှလေးထောင့်ကွက်တွင် တွေ့မြင်နိုင်သည့်အတိုင်း အလားတူအဖြစ်အပျက်သည် ကမ္ဘာတစ်ဝန်းလုံးရှိနိုင်ငံများတွင် ဖြစ်ပျက်နေသည်။

သမိုင်းတစ်လျှောက် ပြိုကွဲနေသောမိသားစုများနှင့် အိမ်ထောင်ပျက်ခြင်းများသည် အသစ်အဆန်းမဟုတ်သည်မှာ မှန်ပါသည်။ ဘီ.စီ.အီး. ၁၈ ရာစုမှ ဟာမူရာဘီကိုဓဥပဒေတွင် ဗာဗုလုန်နိုင်ငံ၌ ကွာရှင်းမှုကိုခွင့်ပြုထားသည်။ ဘီ.စီ.အီး. ၁၆ ရာစုတွင် ပြဋ္ဌာန်းသော မောရှေပညတ်၌ပင် ဣသရေလနိုင်ငံတွင် ကွာရှင်းခြင်းကိုခွင့်ပြုသည်။ (တရားဟောရာ ၂၄:၁) သို့သော် ဤ ၂၀ ရာစုမှာလောက် မိသားစုနှောင်ကြိုးအားနည်းခြင်း တစ်ခါမျှမရှိခဲ့ပေ။ လွန်ခဲ့သောဆယ်နှစ်ကျော်က သတင်းစာပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဤသို့ရေးသားခဲ့သည်– “ယခုအချိန်မှစ၍ နောင်အနှစ်ငါးဆယ်တွင် ထုံးတမ်းစဉ်လာအရ မိသားစုဟူ၍ရှိတော့မည်မဟုတ်ပေ။ ယင်းနေရာတွင် ခြားနားသောပုံစံအမျိုးမျိုးရှိ လူစုများက အစားဝင်ရောက်ပါလိမ့်မည်။” ထိုအချိန်မှစ၍ ခေတ်ရေစီးကြောင်းသည် သူ၏တွေးထင်ချက်ကို ထောက်ခံခဲ့ပုံပေါက်သည်။ မိသားစုဖွဲ့စည်းပုံမှာ အလျင်အမြန်ဆုတ်ယုတ်ကျဆင်းလာသောကြောင့် “ယင်းတည်တံ့နိုင်မည်လော” ဟူသည့်မေးခွန်းကို မေးစရာအကြောင်း သာ၍တိုးများလာသည်။

မောင်နှံစုံများစွာသည် တစ်ဦးနှင့်တစ်ဦးစွဲလမ်းမြတ်နိုးကာ မိသားစုစည်းလုံးမှုကို ဆက်လက်တည်မြဲစေဖို့ အဘယ်ကြောင့်ဤမျှအခက်အခဲတွေ့နေရသနည်း။ တစ်သက်လုံးစွဲစွဲမြဲမြဲပေါင်းသင်းခဲ့ကြပြီး မိမိတို့၏ငွေရတု၊ ရွှေရတုမင်္ဂလာအခမ်းအနားများကို ပျော်ရွှင်စွာကျင်းပနိုင်ကြသူများအတွက် သော့ချက်ကားအဘယ်နည်း။ အလျဉ်းသင့်၍ပြောရလျှင်၊ ၁၉၈၃ ခုနှစ်တွင် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ အဇာဘိုင်ဂျန်ပြည်နယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သူတို့၏ရာပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့ကြသည်—အသက် ၁၂၆ နှင့် ၁၁၆ အသီးသီးတွင်ဖြစ်သည်။

ခြိမ်းခြောက်မှုကား အဘယ်နည်း

နိုင်ငံများစွာတွင် တရားဝင်ကွာရှင်းနိုင်သော အကြောင်းပြချက်အချို့မှာ သူ့အိမ်ရာပြစ်မှားခြင်း၊ စိတ်ပိုင်း သို့မဟုတ် ကာယပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းပန်းခြင်း၊ စွန့်ခွာခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ မြုံခြင်း၊ ရူးသွပ်ခြင်း၊ လင်ပြိုင် မယားပြိုင်ထားခြင်းနှင့် မူးယစ်ဆေးစွဲခြင်းတို့ဖြစ်သည်။ သို့သော်လည်း ယေဘုယျကျသောအကြောင်းရင်းတစ်ခုမှာ အထူးသဖြင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်းက အိမ်ထောင်မင်္ဂလာနှင့် မိရိုးဖလာမိသားစုဘဝအပေါ်ထားရှိသော အခြေခံသဘောထားသည် အခြေအမြစ်ကျကျ ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ ကြာမြင့်စွာကတည်းက ထိန်းသိမ်းလာခဲ့သော မိသားစုအစီအစဉ်ကိုလေးမြတ်ခြင်းသည် ယိုယွင်းလျက်ရှိ၏။ တပ်မက်မှုကြီးသောထုတ်လုပ်သူများ၏ တေးဂီတ၊ ရုပ်ရှင်၊ တီဗွီအချစ်ဇာတ်လမ်းတွဲများနှင့် လူကြိုက်များသောစာပေများက အများကင်ပွန်းတပ်ထားသည့် လိင်ဆိုင်ရာလွတ်လပ်မှု၊ အကျင့်ယိုယွင်းခြင်း၊ အကျင့်လျော့ရဲခြင်းနှင့် အတ္တဆန်သောဘဝပုံစံမျိုးတို့ကို အမွှမ်းတင်ထားသည်။ ယင်းတို့သည် လူကြီး၊ လူငယ်တို့၏ စိတ်နှလုံးကိုညစ်ညမ်းစေသည့် ထုံးတမ်းဓလေ့တစ်ခုကို မြှင့်တင်ခဲ့သည်။

၁၉၉၆ တွင်ပြုလုပ်သော ဆန္ဒမဲကောက်ခံမှုတစ်ခုအရ အမေရိကန်လူမျိုး ၂၂ ရာခိုင်နှုန်းက အိမ်ထောင်ဖက်မဟုတ်သူနှင့် မှားယွင်းခြင်းသည် တစ်ခါတစ်ရံ အိမ်ထောင်အတွက်အကျိုးရှိနိုင်သည်ဟု ဆိုကြကြောင်းသိရသည်။ ဆွီဒင်နိုင်ငံ၏ နာမည်အကြီးဆုံးသတင်းစာတစ်စောင်ဖြစ်သော အက်ဖ်တန်ဘလက်ဒက် အထူးထုတ်က ကွာရှင်းကြရန်အမျိုးသမီးများကို တိုက်တွန်းထားသည်။ အကြောင်းမှာ “အခြေအနေတိုးတက်ကောင်းမွန်နိုင်” သောကြောင့်ဟု ယင်းကဆိုသည်။ အချို့သော နာမည်ကြီးစိတ်ပညာရှင်များနှင့် မနုဿဗေဒပညာရှင်များက လူသည် နှစ်အနည်းငယ်လျှင်တစ်ကြိမ် ကြင်ဖော်ပြောင်းရန် ဆင့်ကဲနည်းဖြင့် “ပုံစံဆွဲထား” ခြင်းခံရသည်ဟုပင် ထင်ကြေးပေးကြသည်။ တစ်နည်းအားဖြင့် ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူနှင့် မှားယွင်းခြင်းနှင့် ကွာရှင်းခြင်းသည် သဘာဝကျသည်ဟု သူတို့အကြံပြုနေကြသည်။ အချို့ဆိုလျှင် မိဘတို့ကွာရှင်းခြင်းသည် ကလေးများကိုအကျိုးပြုပြီး တစ်နေ့သောအခါ သူတို့ကိုယ်တိုင်ကွာရှင်းမှုနှင့် ရင်ဆိုင်နိုင်ရန် အသင့်ပြင်ဆင်ပေးရာရောက်သည်ဟုပင်ဆိုကြပါသည်တကား!

လူငယ်များစွာမှာ ဖခင်၊ မိခင်နှင့် သားသမီးများပါဝင်သော မိရိုးဖလာအိမ်ထောင်စုပုံစံနှင့် မနေလိုတော့ပေ။ ရေပန်းစားနေသောယူဆချက်တစ်ခုမှာ “ကြင်ဖော်တစ်ယောက်တည်းနဲ့ တစ်သက်လုံးအတူနေရမှာကို စိတ်ကူးလို့တောင်မရဘူး” ဟူ၍ဖြစ်၏။ ၁၈ နှစ်အရွယ် ဒိန်းမတ်လူငယ်တစ်ဦးက “အိမ်ထောင်ရေးဆိုတာ ခရစ္စမတ်ပွဲလို ဒဏ္ဍာရီပုံပြင်တစ်ခုလိုပါပဲ။ ကျွန်တော်အယုံအကြည်မရှိဘူး” ဟုဆိုသည်။ “သူတို့ရဲ့အယူအဆက [ယောက်ျား] တွေနဲ့အတူနေပြီး သူတို့ရဲ့ခြေစွပ်ကို ဘာကြောင့်ဒုက္ခခံပြီးလျှော်ပေးနေရမှာလဲ။ အပြင်ထွက်ပြီးသူတို့နဲ့ပျော်ပါးလိုက် . . . ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အမျိုးသားတွေမလိုပါဘူးလို့ အမျိုးသမီးအတော်များများက ဆုံးဖြတ်နေကြပြီ” ဟုအိုင်ယာလန်မှ နိုင်ငံလုံးဆိုင်ရာအမျိုးသမီးကောင်စီမှ နိုရင်း ဘန်းကထုတ်ပြန်ကြေညာသည်။

မိဘတစ်ဦးတည်းရှိအိမ်ထောင်စု တိုးများလာ

ယင်းသို့သောသဘောထားမျိုးကြောင့် ဥရောပတစ်ခွင်တွင် ကြင်ဖော်မဲ့မိခင်ဖြစ်သူများ တစ်မုဟုတ်ချင်းတိုးများလာသည်။ ထိုကြင်ဖော်မဲ့မိဘအချို့မှာ မမျှော်လင့်ဘဲရလာသောကိုယ်ဝန်သည် အမှားမဟုတ်ဟုယူဆကြသည့် ဆယ်ကျော်သက်များဖြစ်၏။ အချို့တို့မှာ သူတို့ကလေးကို တစ်ဦးတည်းကျွေးမွေးပြုစုလိုသော အမျိုးသမီးများဖြစ်သည်။ အများစုမှာ ဖခင်ဖြစ်သူကိုလက်ထပ်ယူဖို့ အစီအစဉ်မရှိဘဲ ခေတ္တမျှသူနှင့်ပေါင်းသင်းနေထိုင်ကြသော မိခင်များဖြစ်သည်။ လွန်ခဲ့သောနှစ်က နယူးစ်ဝိခ်မဂ္ဂဇင်းတွင် “အိမ်ထောင်ပျက်ပြားမှုလော” ဟူသောမေးခွန်းနှင့်ပတ်သက်သည့် မျက်နှာဖုံးဆောင်းပါးတစ်ခု ပါလာသည်။ တရားဝင်လက်ထပ်ထားခြင်းမရှိဘဲ ကလေးမွေးဖွားသောရာခိုင်နှုန်းမှာ ဥရောပတွင် လျင်မြန်စွာတိုးများလျက်ရှိပြီး ယင်းကိုမည်သူမျှအရေးစိုက်ပုံမရဟု ယင်းကဖော်ပြသည်။ ဆွီဒင်နိုင်ငံသည် ထိပ်ဆုံးမှပါဝင်ပေမည်၊ ထိုနိုင်ငံရှိကလေးငယ်တစ်ဝက်မှာ တရားမဝင်ဘဲမွေးလာသော ကလေးများဖြစ်သည်။ ဒိန်းမတ်နိုင်ငံနှင့် နော်ဝေးနိုင်ငံတို့တွင် ထက်ဝက်နီးပါးရှိပြီး ပြင်သစ်နှင့် အင်္ဂလန်တွင် သုံးပုံတစ်ပုံခန့်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သောဆယ်စုနှစ်အတောအတွင်း မိစုံဖစုံရှိသောမိသားစုများ သိသိသာသာလျော့နည်းသွားသည်။ သတင်းတစ်ပုဒ်က “၁၉၆၀ တွင် . . . ကလေးငယ် ၉ ရာခိုင်နှုန်းမှာ ကြင်ဖော်မဲ့မိဘနှင့်နေထိုင်ကြသည်။ ၁၉၉၀ တိုင်လေသော် ၂၅ ရာခိုင်နှုန်းသို့ ထိုးတက်သွားလေသည်။ ယနေ့ အမေရိကန်ကလေးငယ် ၂၇.၁ ရာခိုင်နှုန်းမှာ တရိပ်ရိပ်တိုးလာသည့် မိစုံဖစုံမရှိသောအိမ်ထောင်များမှ မွေးဖွားလာကြခြင်းဖြစ်သည်။ . . . ၁၉၇၀ မှစ၍ မိဘတစ်ဦးတည်းရှိသောမိသားစုမှာ နှစ်ဆမကဖြစ်လာသည်။ ယနေ့မိရိုးဖလာမိသားစုပုံစံသည် တိမ်ကောပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသည်ဟု သုတေသီအချို့ကဆိုသည်။”

ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အာဏာမရှိတော့သည့် . . . ချာ့ချ်များရှိသောနိုင်ငံများတွင် မိဘတစ်ဦးတည်းရှိသောမိသားစုများ တိုးများလာသည်။ မိခင်၊ ဖခင်နှင့် သားသမီးများပါဝင်သော အီတာလျံအိမ်ထောင်စုမှာ တစ်ဝက်ပင်မရှိတော့ဘဲ မိရိုးဖလာမိသားစုနေရာတွင် သားသမီးမရှိသောမောင်နှံစုံများနှင့် ကြင်ဖော်မဲ့မိဘအိမ်ထောင်များက အစားဝင်ရောက်လာကြသည်။

အချို့နိုင်ငံတွင်ရှိသော လူမှုဖူလုံရေးအစီအစဉ်က အိမ်ထောင်မပြုကြဖို့ လူတို့ကိုတိုက်တွန်းသည်အမှန်။ ကြင်ဖော်မဲ့မိခင်များသည် အိမ်ထောင်ပြုလိုက်ပါက သူတို့ရရှိနေသောထောက်ပံ့မှုကို လက်လွတ်ဆုံးရှုံးမည်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံရှိ ကြင်ဖော်မဲ့မိခင်များသည် ကလေးအတွက်ထောက်ပံ့ငွေကိုပါရရှိပြီး လူ့အသိုင်းအဝိုင်းအချို့တွင် အသက်မပြည့်သေးသောမိခင်များသည် အပိုငွေများနှင့် သူတို့အတွက်အိမ်ငှားရမ်းခကိုပါရရှိကြသည်။ ထိုသို့ဖြင့် ငွေကြေးသည် အရေးပါလာသည်။ အက်လ်ဖ် ဘီ. စဗင်စင်က ဆွီဒင်နိုင်ငံ၌ ကွာရှင်းမှုတစ်ခုအတွက် အခွန်ပေးဆောင်သူများက ထောက်ပံ့ငွေ၊ အိမ်လခနှင့် သာရေးနာရေးစရိတ်တို့အတွက် ဒေါ်လာ ၂၅၀,၀၀၀ မှ ၃၇၅,၀၀၀ အထိ ပေးဆောင်ကြရသည်ဟုဆိုသည်။

ခရစ်ယာန်ဘောင်ချာ့ချ်များသည် မိသားစုများကြားတွင်ဖြစ်လေ့ရှိသော ပျက်စီးယိုယွင်းမှုကို ပြန်လည်ဖာထေးပေးရန် လုံးဝကြိုးစားပုံမပေါ်ပေ။ တရားဟောဆရာနှင့် ဓမ္မဆရာများစွာတို့မှာ သူတို့ကိုယ်တိုင်၏ မိသားစုအကျပ်အတည်းများနှင့် လုံးပန်းနေကြသောကြောင့် အခြားသူများကိုကူညီပေးဖို့ မစွမ်းဆောင်နိုင်ပေ။ အချို့ဆိုလျှင် ကွာရှင်းခြင်းကိုပင် ထောက်ခံဟန်ရှိသည်။ အင်္ဂလန်နိုင်ငံ၊ ဘရက်ဖော့ဒ်မြို့မှ တရားဟောဆရာ စတီဗင် အယ်လင်သည် အထူးကွာရှင်းမှုအခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ယင်းကို ဗြိတိသျှချာ့ချ်များအလယ်တွင် တရားဝင်လုပ်ရပ်တစ်ခုအဖြစ် ကျင်းပသင့်သည်ဟုအကြံပြုကြောင်း ၁၉၉၆၊ ဧပြီ ၁၅ ထုတ် အက်ဖ်တန်ဘလက်ဒက် သတင်းစာကဖော်ပြသည်။ “ယင်းသည် သူတို့ဖြစ်ပျက်ခဲ့ရာများနှင့် အလိုက်သင့်နေနိုင်ရန်ကူညီပေးသည့် သက်သာမှုရစေသော အစီအစဉ်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် သူတို့ကိုမေတ္တာရှိဆဲဖြစ်ပြီး ထိခိုက်နာကြည်းမှုများမှ လွတ်ငြိမ်းခွင့်ပေးကြောင်း သူတို့နားလည်ရန်အကူအညီဖြစ်စေသည်။”

သို့ဖြစ်လျှင် မိသားစုအခြေအနေသည် အဘယ်သို့ဦးတည်နေသနည်း။ ဆက်လက်တည်တံ့ဖို့ မျှော်လင့်ချက်ရှိပါသလော။ ဤကဲ့သို့ကြီးမားသော ခြိမ်းခြောက်မှုအောက်တွင် မိသားစုတစ်ခုချင်းစီသည် မိမိတို့၏စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပါမည်လော။ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို သုံးသပ်ကြည့်ပါလေ။

[စာမျက်နှာ ၅ ပါ ဇယား]

အချို့နိုင်ငံများရှိ နှစ်စဉ်ထိမ်းမြားခြင်းနှင့် ကွာရှင်းခြင်း နှိုင်းယှဉ်ချက်

နိုင်ငံ ခုနှစ် ထိမ်းမြားခြင်း ကွာရှင်းခြင်း

ကနေဒါ ၁၉၉၂ ၁၆၄,၅၇၃ ၇၇,၀၃၁

ကျူးဘား ၁၉၉၂ ၁၉၁,၈၃၇ ၆၃,၄၃၂

ချက်ခ်သမ္မတနိုင်ငံ ၁၉၉၃ ၆၆,၀၃၃ ၃၀,၂၂၇

ဂျပန် ၁၉၉၃ ၇၉၂,၆၅၈ ၁၈၈,၂၉၇

ဂျာမနီ ၁၉၉၃ ၄၄၂,၆၀၅ ၁၅၆,၄၂၅

ဆွီဒင် ၁၉၉၃ ၃၄,၀၀၅ ၂၁,၆၇၃

ဒိန်းမတ် ၁၉၉၃ ၃၁,၅၀၇ ၁၂,၉၉၁

နော်ဝေး ၁၉၉၃ ၁၉,၄၆၄ ၁၀,၉၄၃

ပြင်သစ် ၁၉၉၁ ၂၈၀,၁၇၅ ၁၀၈,၀၈၆

ပွာတီရီကို ၁၉၉၂ ၃၄,၂၂၂ ၁၄,၂၂၇

ဗြိတိန် ၁၉၉၂ ၃၅၆,၀၁၃ ၁၇၄,၇၁၇

မောလ်ဒိုက်ဖ် ၁၉၉၁ ၄,၀၆၅ ၂,၆၅၉

ရုရှားဖယ်ဒရေးရှင်း ၁၉၉၃ ၁,၁၀၆,၇၂၃ ၆၆၃,၂၈၂

အမေရိကန်ပြည်ထောင်စု ၁၉၉၃ ၂,၃၃၄,၀၀၀ ၁,၁၈၇,၀၀၀

အက်စ်တိုးနီးယား ၁၉၉၃ ၇,၇၄၅ ၅,၇၅၇

ဩစတြေးလျ ၁၉၉၃ ၁၁၃,၂၅၅ ၄၈,၃၂၄

(၁၉၉၄ ခုနှစ် ဖွားသေစာရင်းနှစ်ချုပ်စာအုပ် ကိုအခြေပြုထား၊ ကုလသမဂ္ဂ၊ နယူးယောက် ၁၉၉၆)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ