ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
‘ကိုယ်တော်၏လူတို့သည် စေတနာစိတ်ဖြင့် မိမိတို့ကိုယ်ကို ပေးဆက်ကြပါလိမ့်မည်’
ခွန်အားကြီးသော ရှုရိဗိုလ်ချုပ်မင်းနေမန်သည် နူနာစွဲခဲ့သည်။ အကယ်၍ မကုသခဲ့လျှင် ရွံစရာကောင်းသော ယင်းရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သေဆုံးနိုင်သည်။ နေမန်ဘာလုပ်မည်နည်း။ နေမန်၏အိမ်ထောင်စုထဲတွင် “ဣသရေလပြည်မှ ဖမ်းခဲ့သော” မိန်းမငယ်တစ်ယောက်ရှိသည်။ နေမန်ကို ကုသပေးနိုင်သူမှာ ပရောဖက်ဧလိရှဲဖြစ်ကြောင်း သူမသည် ရဲရင့်ပွင့်လင်းစွာဖော်ပြသည်။—၄ ဓမ္မရာဇဝင် ၅:၁-၃။
သူမ၏ရဲရင့်သောရပ်တည်မှုကြောင့် နေမန်သည် ဧလိရှဲကို ကြိုးစားရှာဖွေကာ ကုသမှုကိုခံယူသည်။ ထို့ပြင် နေမန်သည် ယေဟောဝါအား ဝတ်ပြုသူတစ်ဦးဖြစ်လာသည်! သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဤတွေ့ ကြုံမှုသည် ဘီ.စီ.အီး. ဆယ်ရာစုကဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၅:၄-၁၅) ယနေ့ များစွာသောလူငယ်များသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ပွင့်လင်းစွာပြောဆိုခြင်းဖြင့် အလားတူရဲရင့်မှုမျိုးကို ပြသကြသည်။ မိုဇမ်ဘစ်မှ အောက်ပါတွေ့ ကြုံမှုသည် ယင်းကိုထောက်ခံပါသည်။
ခြောက်နှစ်အရွယ် နူးနူးသည် နှစ်ခြင်းမခံရသေးသော သတင်းကောင်းကြေညာသူတစ်ဦးဖြစ်သည်။ နူးနူးသည် နှစ်ခြင်းမခံရသေးသော ကြေညာသူမဖြစ်မီကပင် ကျွန်ုပ်၏ကျမ်းစာပုံပြင် စာအုပ်ကိုအသုံးပြု၍ ရပ်ကွက်ထဲရှိကလေးများကိုစုကာ ဆုတောင်းပြီး ကျမ်းစာသင်ပေးသည်။
နူးနူးသည် မကြာခဏဆိုသလို စနေနေ့မနက်ပိုင်း စောစောထ၍ မိသားစုကို ဤသို့နှိုးဆော်သည်– “ဒီနေ့ လယ်ကွင်းအမှုဆောင်ကို သွားကြမယ်။” ဓမ္မအမှုအတွက် သူ၏ထက်သန်မှုသည် အခြားလုပ်ရပ်များတွင်လည်း ထင်ရှားပါသည်။ မာပူတို၌ လမ်းပေါ်အမှုဆောင်ခြင်းတွင် မိဘများနှင့်အတူလိုက်ပါလာစဉ် နူးနူးသည် မကြာခဏ သူ့ဘာသာ လူတို့ထံချဉ်းကပ်သည်။ တစ်ခါသော် စီးပွားရေးသမားတစ်ဦးက သူ့ထံရောက်လာကာ “ဒီမဂ္ဂဇင်းတွေကို မင်းဘာဖြစ်လို့ရောင်းနေရတာလဲ” ဟုမေးခဲ့သည်။ “ကျွန်တော် မဂ္ဂဇင်းတွေရောင်းနေတာမဟုတ်ပါဘူး၊ ဟောပြောခြင်းလုပ်ငန်းလုပ်နိုင်ဖို့ ငွေရေးကြေးရေးအကူအညီအတွက် အလှူငွေတော့လက်ခံပါတယ်” ဟုနူးနူးကပြောခဲ့သည်။ “စိတ်မဝင်စားပေမဲ့ မင်းရဲ့စိတ်ဓာတ်နဲ့အရည်အချင်းကိုတော့ အထင်ကြီးလေးစားတယ်။ ဒီလုပ်ငန်းအတွက် အလှူငွေထည့်လိုက်ပါမယ်” ဟုစီးပွားရေးသမားက ပြန်ပြောခဲ့သည်။
နောက်အဖြစ်အပျက်မှာ လမ်းပေါ်ရှိလူတစ်ဦးကို နူးနူးချဉ်းကပ်ခဲ့၍ စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော စာအုပ်ကိုကမ်းလှမ်းခဲ့သည်။ ထိုသူက “မင်းဟိုမှာမြင်နေရတဲ့ကျောင်းမှာ ကျောင်းမတက်ဘူးလား” ဟုမေးခဲ့သည်။ “ဟုတ်ကဲ့၊ ကျွန်တော် အဲဒီကျောင်းကိုတက်ပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့ ဒီစာအုပ်ထဲကနေ အရေးကြီးတဲ့သတင်းတစ်ပုဒ်ကို ကျွန်တော်လိုက်ပြောပြနေပါတယ်။ ဒီစာအုပ်ထဲက ပုံမှာပြထားတဲ့အတိုင်း ဘုရားသခင်လုပ်ဆောင်ပေးမယ့် ကမ္ဘာသစ်မှာ ဦးလေးတို့အသက်ရှင်နိုင်ပါတယ်ဆိုတာ ဖော်ပြပါတယ်” ဟုနူးနူးပြန်ပြောခဲ့သည်။ သူနှင့်စကားပြောခဲ့သူမှာ သူ့ကျောင်းက ဆရာတစ်ဦးဖြစ်သည်ကို နူးနူးမသိခဲ့ချေ။ ဆရာသည် ထိုစာအုပ်ကို လက်ခံရုံသာမက ယခုအခါ နူးနူးထံမှ ကင်းမျှော်စင်နှင့်နိုးလော့! ကိုမှန်မှန်ရယူနေပါပြီ။
ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် ပါဝင်ဆောင်ရွက်ချင်ရသနည်းဟု နူးနူးကို မေးသောအခါ “ယေဟောဝါနဲ့ ကိုယ်တော်ရဲ့သားတော် ယေရှုခရစ်အကြောင်း လူတွေကို ကျွန်တော်ပြောပြချင်တယ်။ တကယ်လို့ သူတို့နားမထောင်ချင်ဘူးဆိုရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး” ဟုသူဖြေသည်။
ကမ္ဘာအနှံ့အပြားရှိ နူးနူးနည်းတူထောင်ချီလူငယ်များသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သွန်သင်ရန်နှင့်ဟောပြောရန် ‘စေတနာစိတ်ဖြင့် မိမိတို့ကိုယ်ကိုပေးဆက်’ ကြသည်။ (ဆာလံ ၁၁၀:၃) သို့သော် ယင်းသည် အလိုအလျောက်ဖြစ်ပျက်ခြင်းမဟုတ်ပါ။ မိမိတို့၏ကလေးများကို နို့စို့အရွယ်မှစ၍ ယေဟောဝါအကြောင်းသွန်သင်ပေးကာ အမှုဆောင်ခြင်းတွင် ပုံသက်သေကောင်းတင်ပြကြပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ဇွဲရှိရှိကြိုးစားအားထုတ်လုပ်ဆောင်သော မိဘများသည် ကြွယ်ဝစွာဆုချခံရပေလိမ့်မည်။