အနာကြီးရောဂါသည် ကျွန်တော့်ဘဝ—ရွှင်လန်းကာ ဝိညာဉ်ရေးကောင်းချီးရ
အိုက်ဇ်အာရ် အာဒါးဂ်ဘိုန်ပြောပြသည်
နိုင်ဂျီးရီးယားနိုင်ငံ၊ အာကူရီမြို့မှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။ ကျွန်တော့်မိသားစုက မျောက်ဥပင်၊ ငှက်ပျောပင်၊ ပီလောပီနံပင်နဲ့ ကိုကိုးပင်တွေကို စိုက်ပျိုးကြတယ်။ အဖေက ကျွန်တော့်ကို ကျောင်းမတက်စေချင်ဘူး။ “မင်းဟာ ခြံသမားတစ်ယောက်ပဲ။ မျောက်ဥကို ဘယ်လိုစာလုံးပေါင်းတယ်ဆိုတာ ဘယ်သူမှမင်းကိုလာမမေးဘူး” လို့အဖေပြောခဲ့တယ်။
သို့တိုင်၊ ကျွန်တော်စာဖတ်သင်ချင်တယ်။ ညနေပိုင်းတွေမှာ၊ ကလေးတချို့ကို ကျူရှင်ဆရာမစာသင်ပေးနေတဲ့ အိမ်တစ်အိမ်ရဲ့ပြတင်းပေါက်နားမှာ ကျွန်တော်ရပ်ပြီးနားထောင်လေ့ရှိတယ်။ အဲဒါကျွန်တော့်အသက် ၁၂ နှစ်လောက်ရှိတဲ့ ၁၉၄၀ ပြည့်နှစ်ကဖြစ်တယ်။ ကလေးတွေရဲ့အဖေက ကျွန်တော့်ကိုတွေ့တဲ့အခါ အော်ပြီးမောင်းထုတ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော်ပြန်သွားခဲ့တယ်။ တစ်ခါတလေ ဆရာမမလာတဲ့အခါ လစ်ကနဲဝင်သွားပြီး ကလေးတွေရဲ့စာအုပ်တွေကို သူတို့နဲ့အတူဖတ်တယ်။ တစ်ခါတလေ သူတို့ရဲ့စာအုပ်တွေကို ငှားလိုက်တယ်။ အဲဒါဟာ ကျွန်တော်ရဲ့စာသင်ယူခဲ့ပုံဖြစ်ပါတယ်။
ဘုရားသခင့်လူမျိုးတော်နှင့်ပူးပေါင်းမိ
တစ်နေ့မှာ သမ္မာကျမ်းစာတစ်အုပ်ကိုရခဲ့တဲ့အတွက် အိပ်ရာမဝင်ခင် မှန်မှန်ဖတ်ခဲ့တယ်။ ယေရှုရဲ့တပည့်တော်တွေဟာ လူတွေရဲ့မုန်းတီးမှုနဲ့ညှဉ်းဆဲမှုကို ခံရမယ်ဆိုတဲ့အချက်ကို ဖော်ပြထားတဲ့မဿဲအခန်းကြီး ၁၀ ကိုတစ်ညနေခင်းမှာ ကျွန်တော်ဖတ်ခဲ့တယ်။
ကျွန်တော့်အိမ်ကို ယေဟောဝါသက်သေတွေ ရောက်လာတဲ့အခါ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခံရတာကို သတိရခဲ့တယ်။ ယေရှုပြောခဲ့တဲ့လူတွေဟာ သူတို့ပဲဖြစ်ရမယ်ဆိုတာ ကျွန်တော်စွဲမှတ်သွားခဲ့တယ်။ နောက်တစ်ကြိမ် သက်သေခံတွေ ရောက်လာတဲ့အခါ သူတို့ဆီက မဂ္ဂဇင်းတစ်စောင်ရရှိခဲ့တယ်။ သူတို့နဲ့ပေါင်းသင်းချိန်ကစပြီး ကျွန်တော်ဟာ လှောင်ပြောင်ခြင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ လူတွေက ကျွန်တော့်ကို စိတ်ဓာတ်ကျအောင်ပိုလုပ်လေ၊ ဘာသာမှန်ကို တွေ့ရှိပြီဆိုတာပိုမိုယုံကြည်စိတ်ချပြီး ရွှင်လန်းခဲ့ရလေပါပဲ။
သက်သေခံတွေနဲ့ပတ်သက်ပြီး အမှန်တကယ်စွဲမှတ်သွားတဲ့အရာကတော့ သူတို့ဟာ ကျွန်တော့်နယ်မြေထဲက အခြားဘာသာရေးအဖွဲ့တွေလို ရုပ်ပုံကိုးကွယ်တဲ့ ဒေသန္တရဘာသာတရားရဲ့ ရိုးရာဓလေ့တွေနဲ့ မရောနှောတာပဲဖြစ်တယ်။ ဥပမာ၊ ကျွန်တော့်မိသားစုက အင်္ဂလီကန်ချာ့ချ်တက်ကြပေမဲ့ အဖေက ယိုရူဘာဘုရားအိုဂူန်အတွက် ဘုရားစင်တစ်ခုတည်ထားတယ်။
အဖေကွယ်လွန်ပြီးနောက်ပိုင်း အဲဒီဘုရားစင်ကို ဆက်ခံထိန်းသိမ်းဖို့ ကျွန်တော်မှာတာဝန်ရှိပါတယ်။ ရုပ်ပုံကိုးကွယ်မှုကို ကျမ်းစာက ပြစ်တင်ရှုတ်ချထားတာကို သိပြီးကတည်းက အဲဒါကို ကျွန်တော်ငြင်းပယ်ခဲ့တယ်။ ယေဟောဝါအကူအညီနဲ့ ဝိညာဉ်ရေးတိုးတက်ခဲ့ပြီး ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။
အနာကြီးရောဂါတွေ့ရှိ
အဲဒီနှစ်အစောပိုင်းမှာ ကျွန်တော့်ခြေထောက်ရောင်ကိုင်းလာပြီး ခံစားမှုမဲ့လာတာကို သတိထားမိတယ်။ ရဲရဲနီနေတဲ့မီးခဲကို တက်နင်းမိရင်တောင် နာကျင်မှုမရှိတော့ဘူး။ အချိန်အတော်ကြာလာတဲ့အခါ နဖူးနဲ့နှုတ်ခမ်းပေါ်မှာ နီကြင့်ကြင့်ယဉ်းနာတွေဖြစ်လာတယ်။ ဘာဖြစ်သလဲဆိုတာ ကျွန်တော်ရော၊ ကျွန်တော့်မိသားစုပါ မသိခဲ့ဘူး; ကျွန်တော်တို့က နှင်းခူလို့ထင်ခဲ့မိတယ်။ ကုသဖို့ ဗိန္ဓောဆရာ ၁၂ ယောက်အထိပြခဲ့တယ်။ နောက်ဆုံးတော့ ဗိန္ဓောဆရာတစ်ယောက်က အနာကြီးရောဂါလို့ ကျွန်တော်တို့ကိုပြောခဲ့တယ်။
ကျွန်တော်အရမ်းတုန်လှုပ်သွားတယ်! ကယောင်ချောက်ချားနဲ့ ကောင်းကောင်းအိပ်မပျော်တော့ဘူး။ အိပ်မက်ဆိုးတွေလည်းမက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရထားတဲ့ သမ္မာကျမ်းစာအမှန်တရားအသိပညာနဲ့ ယေဟောဝါအပေါ်ကိုးစားမှုက စိတ်ချယုံကြည်မှုနဲ့ အနာဂတ်ကိုစောင့်မျှော်ဖို့ ထောက်ကူခဲ့ပါတယ်။
နတ်ကတော်တစ်ယောက်ဆီကို ကျွန်တော်သွားပြီး ပူဇော်ပသမယ်ဆိုရင် ကောင်းလာလိမ့်မယ်လို့ လူတွေက အမေ့ကိုပြောကြတယ်။ ဒီအပြုအမှုကို ယေဟောဝါမနှစ်သက်ဘူးဆိုတာ သိထားတဲ့အတွက် ကျွန်တော်ငြင်းပယ်လိုက်တယ်။ ဒီကိစ္စမှာ ကျွန်တော့်ဆုံးဖြတ်ချက်ခိုင်မာတာကိုသိသွားကြတဲ့ အမေ့မိတ်ဆွေတွေက ကျွန်တော့်နဖူးကို ကိုလာသီးနဲ့တို့ပြီး အဲဒီကိုလာသီးကို နတ်ကတော်ဆီယူသွားရင် နတ်ကတော်က ကျွန်တော့်အတွက်နတ်ပူဇော်ပေးနိုင်မယ်ဆိုပြီး အမေ့ကိုအကြံပေးကြတယ်။ ကျွန်တော်လုံးဝမပတ်သက်ချင်ဘူးဆိုပြီး အမေ့ကိုပြောလိုက်တယ်။ နောက်ဆုံးတော့ အရုပ်ကိုးကွယ်တဲ့ဘာသာနဲ့ ကျွန်တော်ပါဝင်ပတ်သက်အောင် ကြိုးစားအားထုတ်မှုကို အမေလက်လျှော့လိုက်တယ်။
ဆေးရုံရောက်တဲ့အချိန်မှာတော့ အနာကြီးရောဂါက အတော်ကလေးအခြေအနေဆိုးနေပြီ။ တစ်ကိုယ်လုံး အနာတွေနဲ့ပြည့်နေတယ်။ ဆေးရုံမှာ ကျွန်တော့်ကို ဆေးတွေတိုက်တော့ အရေးပြားက တဖြည်းဖြည်းပုံမှန်အနေအထားပြန်ဖြစ်လာတယ်။
ကျွန်တော်ကွယ်လွန်သွားပြီဟု သူတို့ထင်ခဲ့
ဒါပေမဲ့ ကျွန်တော့်အခက်အခဲတွေ မပြီးဆုံးသေးပါဘူး။ ကျွန်တော့်ညာခြေထောက် ဆိုးဆိုးရွားရွားပိုးဝင်လာတဲ့အတွက် ၁၉၆၂ ခုနှစ်မှာဖြတ်ပစ်ခဲ့ရတယ်။ ခွဲစိတ်ပြီးနောက် ဆင့်ပွားရောဂါတွေဝင်လာတယ်။ ဆရာဝန်တွေက ကျွန်တော်အသက်ဆက်ရှင်မယ်လို့ မမျှော်လင့်တော့ဘူး။ လူဖြူသာသနာပြုဆရာတစ်ယောက်က နောက်ဆုံးအခမ်းအနားလုပ်ပေးဖို့ ရောက်လာတယ်။ ကျွန်တော်စကားပြောဖို့ အရမ်းအားနည်းနေတဲ့အတွက် ကျွန်တော်ဟာ ယေဟောဝါသက်သေဖြစ်တယ်ဆိုတာ သူနာပြုဆရာမတစ်ယောက်က ပြောပေးပါတယ်။
ဓမ္မဆရာက “ခင်ဗျား ကောင်းကင်တက်ဖို့ ကက်သလစ်မဖြစ်ချင်ဘူးလား” လို့ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်ရယ်ချင်လိုက်တာ။ ပြန်ဖြေဖို့ ခွန်အားပေးပါလို့ ယေဟောဝါကို ဆုတောင်းခဲ့တယ်။ ကြိုးစားပြီး “မဖြစ်ချင်ဘူး” လို့ဖြေခဲ့တယ်။ ဓမ္မဆရာလည်း ပြန်လှည့်ထွက်သွားခဲ့တယ်။
ကျွန်တော်ဆုံးသွားပြီလို့ ဆေးရုံအလုပ်သမားတွေ ထင်ရတဲ့အထိ ကျွန်တော့်အခြေအနေဆိုးလာခဲ့တယ်။ ကျွန်တော့်မျက်နှာကို စောင်နဲ့အုပ်လိုက်တယ်။ ဒါပေမဲ့ သေဆုံးကြောင်း ဆရာဝန်တစ်ဦး ဒါမှမဟုတ် သူနာပြုတစ်ဦးရဲ့ အတည်ပြုလက်မှတ်မရှိသေးတဲ့အတွက် အအေးတိုက်ကို မပို့ခဲ့ဘူး။ တာဝန်ကျတဲ့ ဆရာဝန်တစ်ယောက်မှမရှိတဲ့အပြင် သူနာပြုဆရာမအားလုံးလည်း ပါတီပွဲတစ်ခုကိုသွားနေကြတယ်။ လူနာဆောင်မှာ ကျွန်တော့်ကို တစ်ညလုံးထားခဲ့တယ်။ နောက်နေ့မနက် ဆရာဝန်လှည့်ချိန်မှာ စောင်အုပ်ထားဆဲဖြစ်ပြီး သေပြီလို့ထင်တဲ့အတွက် ကျွန်တော့်နားကို တစ်ယောက်မှရောက်မလာကြဘူး။ နောက်ဆုံး စောင်အောက်မှာ “အလောင်းကောင်” လှုပ်နေတယ်လို့ တစ်ယောက်က သတိထားမိခဲ့တယ်!
ကျွန်တော်ဟာ ပြန်နာလန်ထူခဲ့ပြီး ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်တော့်ကို နိုင်ဂျီးရီးယားအနောက်တောင်ဘက် အဘီအိုကတက် အနာကြီးရောဂါသည်ကုသရေးရပ်ကွက်ထဲ ပို့လိုက်တယ်။ အဲဒီချိန်ကစပြီး အဲဒီမှာပဲနေခဲ့တယ်။
ကျွန်တော်ဟောပြောသည်ကို ဆန့်ကျင်ခြင်း
အဲဒီရပ်ကွက်ကို ကျွန်တော်ရောက်ရှိချိန်မှာ အနာကြီးရောဂါသည် ၄၀၀ လောက်ရှိပြီး အဲဒီအထဲမှာ ကျွန်တော်တစ်ဦးတည်း သက်သေခံဖြစ်တယ်။ အသင်းမကို ကျွန်တော်စာရေးလိုက်တဲ့အခါ အသင်းမက အားခိုးမိုယီအသင်းတော်ကို ကျွန်တော်နဲ့ဆက်သွယ်ဖို့ ချက်ချင်းညွှန်ကြားခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုတွေနဲ့ဘယ်တော့မှအဆက်အသွယ်မပြတ်ခဲ့ပါဘူး။
အဲဒီရပ်ကွက်ကို ရောက်တာနဲ့ဟောပြောခြင်းစခဲ့တယ်။ ဒေသခံပါစတာက ကျွန်တော်ဒီလိုလုပ်နေတာကို မကြိုက်တဲ့အတွက် စခန်းကိုတာဝန်ယူထားတဲ့ လူမှုဖူလုံရေးအရာရှိနဲ့တိုင်လိုက်တယ်။ လူမှုဖူလုံရေးအရာရှိက ဂျာမနီကလာတဲ့ အသက်ကြီးပိုင်းအရွယ်လူတစ်ဦးဖြစ်တယ်။ အဲဒီလိုဟောပြောဖို့ ကျွန်တော့်မှာ ကျောင်းပညာ ဒါမှမဟုတ် အောင်လက်မှတ်မရှိတဲ့အတွက် သမ္မာကျမ်းစာသင်ပေးပိုင်ခွင့်မရှိဘူး; ကျွန်တော်ဟာ အရည်အချင်းမရှိတဲ့အတွက် လူတွေကို အမှားအယွင်းတွေ သင်ပေးလိမ့်မယ်လို့ သူပြောခဲ့တယ်။ တကယ်လို့ ကျွန်တော်က ဇွတ်အတင်းလုပ်မယ်ဆိုရင် ဒီရပ်ကွက်ထဲကနေ မောင်းထုတ်ပစ်ပြီး ဆေးကုသခွင့်လည်း ပိတ်ပစ်လိုက်မယ်တဲ့။ ကျွန်တော့်ကို ဘာမှပြန်ပြောခွင့်မပေးဘူး။
နောက်တော့ ကျွန်တော့်ဆီမှာ ဘယ်သူမှကျမ်းစာမသင်ရဘူးဆိုပြီး ညွှန်ကြားချက်ထုတ်ခဲ့တယ်။ ရလဒ်ကတော့၊ စိတ်ဝင်စားကြတဲ့သူတွေက ကျွန်တော်ဆီမလာကြတော့ဘူး။
ပြဿနာကို ယေဟောဝါဆီမှာတင်ပြပြီး ကျွန်တော့်ကို ဉာဏ်ပညာနဲ့လမ်းညွှန်ချက်ပေးဖို့ ဆုတောင်းခဲ့တယ်။ နောက်တနင်္ဂနွေနေ့ ဘာသာရေးဝတ်ပြုဆုတောင်းပွဲတွေမှာ ကျွန်တော်မပါဝင်ဘဲနဲ့ ရပ်ကွက်ထဲက နှစ်ခြင်းအသင်းချာ့ချ်ကိုသွားတယ်။ ဝတ်ပြုပွဲကျင်းပချိန်မှာ တက်ရောက်သူတွေ မေးခွန်းမေးနိုင်တဲ့အချိန်တစ်ချိန်ရှိတယ်။ ကျွန်တော်လက်ထောင်လိုက်ပြီး “လူကောင်းအားလုံးကောင်းကင်တက်ပြီး လူဆိုးအားလုံး အခြားတစ်နေရာရာကို သွားမယ်ဆိုရင် သတ္တဝါနေစရာဖို့မြေကြီးကို ဘုရားသခင်ဖန်ဆင်းထားတယ်လို့ ဟေရှာယ ၄၅:၁၈ မှာဘာကြောင့်ရေးထားရတာလဲ” လို့မေးလိုက်တယ်။
လူအုပ်ကြားမှာ တီးတိုးပြောဆိုသံတွေ ကြားလာရတယ်။ နောက်ဆုံးတော့ ဘုရားသခင့်နည်းလမ်းတော်တွေကို ကျွန်တော်တို့နားမလည်နိုင်ဘူးလို့ သာသနာပြုပါစတာပြောခဲ့တယ်။ အဲဒီအခါမှာ ၁၄၄,၀၀၀ ဟာကောင်းကင်တက်ကြမယ်ဆိုတဲ့ကျမ်းချက်၊ လူဆိုးတွေကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ကျမ်းချက်၊ ဖြောင့်မတ်သူတွေက မြေကြီးပေါ်မှာ ထာဝရနေထိုင်ရလိမ့်မယ်ဆိုတဲ့ကျမ်းချက်တွေကို ဖတ်ပြပြီး ကျွန်တော့်မေးခွန်းကို ကျွန်တော်ပဲဖြေခဲ့တယ်။—ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၁၄:၁၊ ၄။
အဖြေကိုသဘောကျကြတဲ့အတွက် လူတိုင်းလက်ခုပ်တီးကြတယ်။ အဲဒီနောက် ပါစတာက “ဒီလူ ကျမ်းစာကို အမှန်တကယ်ပဲသိတဲ့အတွက် ဒုတိယအကြိမ်လက်ခုပ်တီးကြပါ” လို့ပြောခဲ့တယ်။ ဝတ်ပြုဆုတောင်းပွဲပြီးတဲ့နောက် ကျွန်တော်ဆီ လူတချို့လာပြီး “ပါစတာထက် ခင်ဗျားက ပိုသိနေပါလား” လို့ပြောခဲ့တယ်!
ကျွန်တော့်ကို မောင်းထုတ်ဖို့ဆက်ဖိအားပေး
အဲဒီအဖြစ်အပျက်က နှိပ်စက်ခြင်းရဲ့အဓိကအပိုင်းကို ရပ်တန့်စေခဲ့ပြီး ကျမ်းစာလေ့လာဖို့ ကျွန်တော့်ကို နောက်တစ်ခါ လူတွေဆက်သွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို မောင်းထုတ်ဖို့ လူမှုဖူလုံရေးအရာရှိကိုတိုက်တွန်းနေတဲ့ ဆန့်ကျင်သူတွေရှိနေသေးတယ်။ ချာ့ချ်ဝတ်ပြုဆုတောင်းပွဲပြီး တစ်လလောက်မှာ သူက ကျွန်တော့်ကိုခေါ်ပြီး “ဟောပြောခြင်းကို မင်းဘာကြောင့်ဆက်လုပ်ရတာလဲ။ ငါ့တိုင်းပြည်ကလူတွေ ယေဟောဝါသက်သေတွေကို မကြိုက်သလို ဒီမှာလည်းဒီလိုပဲ။ ငါ့ကိုစိတ်ညစ်အောင် ဘာကြောင့်လုပ်တာလဲ။ မင်းကိုငါမောင်းထုတ်နိုင်တယ်ဆိုတာ မင်းမသိဘူးလား” လို့ပြောပါတယ်။
“လူကြီးမင်းကို ကျွန်တော်လေးစားရတဲ့ အကြောင်းသုံးချက်ရှိပါတယ်။ ပထမအချက်ကတော့၊ လူကြီးမင်းဟာ ကျွန်တော့်ထက် အသက်ကြီးလို့ဖြစ်တယ်။ ဆံပင်ဖြူသူကို လေးစားရမယ်လို့ ကျမ်းစာကဆိုထားတယ်။ လေးစားရတဲ့ဒုတိယအချက်က ကျွန်တော်တို့ကို အကူအညီပေးဖို့ လူကြီးမင်းဟာ ကိုယ့်ရဲ့တိုင်းပြည်ကနေ ထွက်လာလို့ပဲ။ တတိယအချက်က လူကြီးမင်းဟာ ဒုက္ခရောက်နေတဲ့သူတွေကို ကြင်နာတတ်တယ်၊ စေတနာထားတယ်၊ ကူညီပေးတတ်တယ်။ ဒါပေမဲ့ ဘယ်အခွင့်အာဏာနဲ့ ကျွန်တော့်ကိုမောင်းထုတ်ဖို့ စဉ်းစားနေတာလဲ။ နိုင်ငံတော်သမ္မတက ယေဟောဝါသက်သေတွေကို မောင်းမထုတ်ပါဘူး။ ဒီဒေသရဲ့ မိရိုးဖလာအုပ်ချုပ်သူလည်း မောင်းမထုတ်ပါဘူး။ ဒီစခန်းကမောင်းထုတ်ရင်တောင် ယေဟောဝါက ကျွန်တော့်ကိုစောင့်ရှောက်နေဦးမှာပါ” လို့ကျွန်တော်ပြောခဲ့တယ်။
သူ့ကို ဒီလိုဘွင်းဘွင်းကြီး တစ်ခါမှမပြောဘူးဖူး၊ သူ့အတွက် စွဲမှတ်စရာတစ်ခုဖြစ်သွားတာ တွေ့လိုက်ရတယ်။ ဘာမှမပြောဘဲ သူထွက်သွားတယ်။ နောက်ပိုင်း တစ်ယောက်ယောက်က ကျွန်တော်နဲ့ပတ်သက်ပြီးတိုင်တဲ့အခါ သူက စိတ်ပျက်လက်ပျက်နဲ့ “နောက်ထပ် ဒီပြဿနာထဲမှာ ဘယ်တော့မှ ငါမပါတော့ဘူး။ သူရဲ့ဟောပြောခြင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာရင်တောင် သူနဲ့ပဲဆွေးနွေးကြပါ” လို့ပြန်ဖြေခဲ့တယ်။
စာတတ်မြောက်ရေးသင်တန်း
စခန်းထဲက နှစ်ခြင်းအသင်းချာ့ချ်ကို တက်ရောက်ကြတဲ့သူတွေကနေ ကျွန်တော်ရဲ့ဟောပြောခြင်းကို ဆက်လက်ဆန့်ကျင်နေကြတုန်းပဲ။ အဲဒီအခါမှာ ကျွန်တော် အကြံဉာဏ်တစ်ခုပေါ်လာတယ်။ လူမှုဖူလုံရေးအရာရှိဆီသွားပြီး စာတတ်မြောက်ရေးသင်တန်းဖွင့်လို့ ရမရမေးခဲ့တယ်။ မင်းကို ငါလခဘယ်လောက်ပေးရမလဲလို့ သူမေးတော့ ကျွန်တော်က အခမဲ့သင်ပေးမှာပါလို့ပြောခဲ့ပါတယ်။
သူတို့တွေက စာသင်ခန်းတစ်ခန်း၊ သင်ပုန်းနဲ့မြေဖြူပေးတဲ့အတွက် လူနာအချို့ကို စာဖတ်တာ စသင်ပေးခဲ့တယ်။ နေ့တိုင်း သင်တန်းဖွင့်ခဲ့တယ်။ ပထမမိနစ် ၃၀ မှာစာဖတ်သင်ပေးပြီးနောက် သမ္မာကျမ်းစာထဲက ဇာတ်လမ်းတစ်ပုဒ်ကို ရှင်းပြခဲ့တယ်။ ပြီးတဲ့နောက် သမ္မာကျမ်းစာထဲက အကြောင်းအရာကို ဖတ်ပြတယ်။
ကျောင်းသူတစ်ဦးရဲ့အမည်က နီမိုတတ်ဖြစ်တယ်။ သူဟာ ဝိညာဉ်ရေးရာတွေကို အရမ်းစိတ်ဝင်စားပြီး ချာ့ချ်နဲ့ဗလီ တွေမှာ ဘာသာရေးမေးခွန်းတွေမေးခဲ့တယ်။ အဲဒီမှာ သူ့မေးခွန်းတွေရဲ့အဖြေကို မရရှိခဲ့တဲ့အတွက် ကျွန်တော့်ကိုမေးခဲ့တယ်။ နောက်ဆုံး၊ သူရဲ့အသက်တာကို ယေဟောဝါဆီမှာ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။
ဒီနေ့ ကျွန်တော်တို့ရဲ့အသင်းတော်ထဲက အများစုဟာ ဒီစာတတ်မြောက်ရေးသင်တန်းမှာ စာသင်ယူခဲ့တာပါ။ အဲဒီသင်တန်းဖွင့်ဖို့ အကြံဉာဏ်ပေးနိုင်ရအောင် ကျွန်တော့်မှာဉာဏ်ပညာမရှိပါဘူး; ယေဟောဝါရဲ့ကောင်းချီးဟာ အမှန်ပဲပေါ်လွင်ထင်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟောပြောခြင်းကို ဘယ်သူမှမတားဆီးတော့ပါဘူး။
စခန်းတွင်းဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု
နီမိုတတ်နဲ့လက်ထပ်ချိန်မှာ ကျွန်တော်တို့လေးယောက်ဟာ ကင်းမျှော်စင်သင်တန်းကို မှန်မှန်ကျင်းပနေခဲ့ကြတယ်။ အနာကြီးရောဂါသည်တွေရဲ့အနာကို ဆေးကြောပေးတဲ့အခန်းထဲမှာ တစ်နှစ်လောက်ထိ စည်းဝေးကျင်းပကြပါတယ်။ အဲဒီနောက်ပိုင်း အခုကျွန်တော့်မိတ်ဆွေဖြစ်လာတဲ့ လူမှုဖူလုံရေးအရာရှိက “ဆေးကုသခန်းထဲမှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်တာ မကောင်းပါဘူး” လို့ပြောခဲ့တယ်။
လွတ်နေတဲ့လက်သမားတဲမှာ အစည်းအဝေးကျင်းပနိုင်တယ်လို့ သူပြောခဲ့တယ်။ ဒီလိုနဲ့ အဲဒီတဲဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမဖြစ်လာတယ်။ ၁၉၉၂ ခုနှစ်မှာ မြို့ပေါ်က ညီအစ်ကိုတွေရဲ့အကူအညီနဲ့ ခန်းမပြီးသွားတယ်။ စာမျက်နှာ ၂၄ မှာပါတဲ့ ပုံမှာတွေ့ရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ခန်းမက ကွန်ကရစ်လောင်းထားတဲ့ကြမ်းပြင်၊ ခိုင်မာတဲ့အမိုးနဲ့အတူ ပါလာစတာဆေးသုတ်ထားတဲ့ ခိုင်ခံ့တဲ့အဆောက်အဦဖြစ်ပါတယ်။
အနာကြီးရောဂါသည်များကို ဟောပြောခြင်း
၃၃ နှစ်အထိ အနာကြီးရောဂါသည်စခန်းဟာ ကျွန်တော်ရဲ့ရပ်ကွက်ဖြစ်ခဲ့တယ်။ အနာကြီးရောဂါသည်တွေကို ဘယ်လိုနည်းနဲ့ဟောပြောရသလဲ။ အာဖရိကမှာရှိတဲ့ လူအများစုဟာ ဘာမဆိုဘုရားသခင်ဆီက ဖြစ်လာတာလို့ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့အနာကြီးရောဂါဖြစ်ရတာဟာ တစ်နည်းနည်းနဲ့ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ သူတို့ယုံကြည်ကြတယ်။ တချို့ကျတော့ သူတို့အခြေအနေကြောင့် အရမ်းစိတ်ဓာတ်ကျနေကြတယ်။ “ချစ်ခြင်းမေတ္တာ၊ ကရုဏာရှိတဲ့ဘုရားသခင်အကြောင်း ငါတို့ကိုလာမပြောနဲ့။ အဲဒီလိုဘုရားမျိုး ဖြစ်ရိုးမှန်ရင် ဒီအဖျားအနာတွေကို ဖယ်ရှားပေးပါလား!” လို့တချို့လူတွေက ဒေါသနဲ့ပြောတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ ‘မကောင်းသောအရာဖြင့် ဘုရားသခင်သည် အဘယ်သူကိုမျှ အပြစ်သွေးဆောင်တော်မမူ’ လို့ဖော်ပြထားတဲ့ ယာကုပ် ၁:၁၃ ကိုဖတ်ပြပြီး အကျိုးအကြောင်းရှင်းပြတယ်။ ယေဟောဝါဟာ လူတွေကို ဘာဖြစ်လို့ရောဂါဖြစ်ခွင့်ပြုထားရတာလဲဆိုတာကို ရှင်းပြပြီး အဖျားအနာမရှိတော့တဲ့ ပရဒိသုမြေကြီးကတိတော်ကို ပြောပြတယ်။—ဟေရှာယ ၃၃:၂၄။
အများက သတင်းကောင်းကို လိုလိုလားလားတုံ့ပြန်ကြတယ်။ ဒီစခန်းကိုရောက်တဲ့အချိန်ကစပြီး အနာကြီးရောဂါသည်အယောက် ၃၀ ကျော်ကို ဆက်ကပ်အပ်နှံနှစ်ခြင်းခံတဲ့အထိ အကူအညီပေးဖို့ ကျွန်တော့်ကို ယေဟောဝါအသုံးချခဲ့တယ်။ အများကတော့ ရောဂါပျောက်ကင်းသွားတဲ့အတွက် အိမ်ပြန်သွားကြပြီး အနည်းစုကကွယ်လွန်သွားပါပြီ။ အခု ကျွန်တော်တို့ဆီမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၈ ယောက်ရှိပြီး အစည်းအဝေးမှန်မှန်တက်ရောက်ကြတဲ့သူ ၂၅ ယောက်လောက်ရှိပါတယ်။ နှစ်ဦးက အကြီးအကဲဖြစ်နေပြီး ဓမ္မအမှုထမ်းတစ်ဦး၊ မှန်မှန်ရှေ့ဆောင်တစ်ဦးလည်းရှိတယ်။ အခု ဒီစခန်းမှာ ယေဟောဝါကို လူတော်တော်များများက သစ္စာရှိရှိဝတ်ပြုကိုးကွယ်နေတာကို မြင်ရတဲ့အခါ ကျွန်တော်ပျော်လိုက်တဲ့ဖြစ်ခြင်း! ဒီနေရာကိုရောက်လာတုန်းက အထီးကျန်ဖြစ်မှာကို စိုးရိမ်ခဲ့ရတယ်။ ဒါပေမဲ့ အံ့သြဖွယ်နည်းနဲ့ ကျွန်တော့်ကို ယေဟောဝါကောင်းချီးပေးခဲ့ပါတယ်။
ကျွန်တော့်ညီအစ်ကိုများကို ကူညီပေးရခြင်းမှရသည့်ရွှင်လန်းမှု
၁၉၆၀ ပြည့်နှစ်ကနေ လွန်ခဲ့တဲ့ငါးနှစ်အထိ အနာကြီးရောဂါဆေးတွေ မှီဝဲခဲ့ရတယ်။ အခုတော့ အသင်းတော်မှာရှိတဲ့ တခြားသူတွေလို ဆေးကုသမှုလုံးဝပြီးဆုံးသွားပါပြီ။ အနာကြီးရောဂါက အမှတ်အသားတွေထားခဲ့ပေးလေရဲ့– ခြေထောက်အောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး လက်တွေလည်းမဆန့်နိုင်တော့ပါဘူး– ဒါပေမဲ့ ရောဂါတော့ အရှင်းပျောက်သွားပါပြီ။
ရောဂါပျောက်သွားပြီဆိုတော့ ဘာဖြစ်လို့အိမ်မပြန်တာလဲလို့ တချို့မေးခဲ့ကြတယ်။ ကျွန်တော်နေရတဲ့အကြောင်း အမျိုးမျိုးရှိပေမဲ့ အဓိကဒီမှာရှိတဲ့ညီအစ်ကိုတွေကို ဆက်ကူညီချင်လိုပဲဖြစ်တယ်။ ပြန်သွားတဲ့အခါ ကျွန်တော့်မိသားစုဆီက ရရှိမယ့်အရာတွေထက် ယေဟောဝါရဲ့သိုးကို ကြည့်ရှုစောင့်ရှောက်ရတဲ့ ရွှင်လန်းမှုက ပိုပြီးသာလွန်ပါတယ်။
ကျွန်တော့်ဆီမှာ အနာကြီးရောဂါရှိတယ်လို့ မသိရှိခင်မှာ ယေဟောဝါကိုသိကျွမ်းခွင့်ရတဲ့အတွက် အရမ်းကိုကျေးဇူးတင်မိတယ်။ နို့မဟုတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမိလိမ့်မယ်။ နှစ်များတစ်လျှောက် အခက်အခဲတွေနဲ့ပြဿနာတွေအများကြီးကို တွေ့ကြုံခဲ့ရပေမဲ့ ဆေးဝါးကြောင့် ကျွန်တော်စိတ်ဆောင်နေနိုင်တာမဟုတ်ဘဲ ယေဟောဝါကြောင့်ပဲဖြစ်တယ်။ အတိတ်ကအကြောင်းတွေကို ပြန်စဉ်းစားတဲ့အခါ ကျွန်တော်ရွှင်လန်းမိပါတယ်; ဘုရားသခင့်နိုင်ငံတော်အောက်အနာဂတ်ကို စဉ်းစားမိတဲ့အခါမှာ ပိုလိုတောင်ရွှင်လန်းဝမ်းမြောက်မိပါတယ်။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
အနာကြီးရောဂါအကြောင်းသိကောင်းစရာအချက်များ
ယင်းကားအဘယ်နည်း
မျက်မှောက်ခေတ် အနာကြီးရောဂါသည် ၁၈၇၃ ခုနှစ်တွင် မားရ်မွတ်အက်ရ် ဟန်စင်ဖော်ထုတ်တွေ့ရှိခဲ့သော ဘက်ဆီလပ်စ်ခေါ် ပိုးကြောင့်ဖြစ်သည်။ သူ့လုပ်ဆောင်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာဝန်များကလည်း အနာကြီးရောဂါကို ဟန်စင်ရောဂါဟု ခေါ်ဆိုကြသည်။
ဘက်ဆီလပ်စ်ပိုးသည် နဗ်ကြော၊ အရိုး၊ မျက်စိနှင့် အချို့အင်္ဂါများကို ပျက်စီးစေသည်။ ကိုယ်အင်္ဂါများကို ထုံကျဉ်စေနိုင်သည်။ အထူးသဖြင့် ခြေလက်များတွင်ဖြစ်သည်။ စစ်ဆေးမှုမပြုပါက၊ ထိုရောဂါသည် မျက်နှာနှင့်ခြေတံလက်တံတို့ကို အကြီးအကျယ်ပျက်စီးစေနိုင်သည်။ အသက်ပင်ဆုံးရှုံးသွားနိုင်သည်။
ကုသ၍ရသလော
အနာကြီးရောဂါ တော်ရုံရှိသောသူတို့သည် ဆေးမကုသဘဲနှင့် ကောင်းမွန်လာနိုင်သည်။ ရောဂါပြင်းထန်သူများပင် ဆေးဝါးဖြင့် ပျောက်ကင်းနိုင်ကြသည်။
၁၉၅၀ ပြည့်လွန်နှစ်များတွင် ပထမဆုံးအကြိမ်ထုတ်လုပ်လိုက်သော အနာကြီးရောဂါနှိမ်နင်းဆေးကို ရောဂါဖြစ်စေသည့်ဘက်ဆီလပ်စ်ပိုးက ပို၍ခံနိုင်ရည်ရှိလာသောကြောင့် ယင်းဆေး၏လုပ်ဆောင်မှုနှေးကွေးခဲ့ပြီး အကျိုးသက်ရောက်မှုလျော့နည်းသည်ထက်လျော့နည်းလာသည်။ ဆေးဝါးသစ်များထွက်ရှိခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဆေးဝါးမျိုးစုံဖြင့်ကုသသည့်ကုထုံး (MDT) သည်ကမ္ဘာတစ်ဝန်း စံကုသနည်းဖြစ်လာခဲ့သည်။ ယင်းကုသနည်းတွင် ဒက်ပဆုန်း၊ ရီဖာမိုင်ဆင်နှင့် ကလိုဖာဇ်မင်န်ခေါ် ဆေးသုံးမျိုးအသုံးပြုခြင်းကို ပေါင်းစပ်ထားသည်။ MDT သည်ဘက်ဆီလပ်စ်ပိုးကို သတ်နိုင်သော်လည်း ပျက်စီးနှင့်ပြီးသောအသားအရေကို ပြန်လည်မပြုပြင်ပေးနိုင်ချေ။
MDT သည်ရောဂါကုသခြင်းတွင် အထိရောက်ဆုံးဖြစ်သည်။ ထို့ကြောင့် အနာကြီးရောဂါသည်အရေအတွက်သည် ၁၉၈၅ ခုနှစ်၌ ၁၂ သန်းမှ ၁၉၉၆ ခုနှစ်လယ်၌ ၁.၃ သန်းအထိ လျော့နည်းခဲ့ပြီ။
မည်သည့်အတိုင်းအတာဖြင့်ကူးစက်သနည်း
အနာကြီးရောဂါသည် အလွယ်တကူမကူးစက်တတ်ချေ; လူအများစုတွင် ယင်းကို ကာကွယ်ရန် သန်မာသောရောဂါပြီးစနစ်ရှိကြသည်။ ရောဂါရှိသူများနှင့် ကြာရှည်အနီးကပ်ထိတွေ့ဆက်ဆံသူများသာ ကူးစက်တတ်လေ့ရှိသည်။
လူ့ခန္ဓာကိုယ်ထဲသို့ ဘက်ဆီလပ်စ်ပိုး မည်သို့ဝင်လာသည်ကို ဆရာဝန်များ တိတိကျကျမသိရှိကြသော်လည်း အရေပြား သို့မဟုတ် နှာခေါင်းတို့မှ ဝင်လာနိုင်သည်ဟု သံသယဖြစ်ကြသည်။
အနာဂတ်မျှော်လင့်ချက်များ
သက္ကရာဇ် ၂၀၀၀ တွင်အနာကြီးရောဂါကို “လူထုကျန်းမာရေးပြဿနာတစ်ခုအဖြစ် ဖယ်ရှား” နိုင်ရန်ရည်မှန်းထားသည်။ မည်သည့်အသိုင်းအဝိုင်းတွင်မဆို လူဦးရေ ၁၀,၀၀၀ တွင်အနာကြီးရောဂါသည်အရေအတွက် ၁ ယောက်ထက်မပိုစေရန်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ၎င်းအခြေအနေများ လုံးဝဖယ်ရှားခံရပါလိမ့်မည်။—ဟေရှာယ ၃၃:၂၄။
ကိုးကားရင်းမြစ်များ– ကမ္ဘာ့ကျန်းမာရေးအဖွဲ့; နိုင်ငံတကာအနာကြီးရောဂါနှိမ်နင်းရေးအဖွဲ့ချုပ်; မယ်န်စန်၏အပူပိုင်းဒေသရောဂါဘေးများ၊ ၁၉၉၆ ခုနှစ်ထုတ်စာစောင်။
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]
မျက်မှောက်ခေတ် အနာကြီးရောဂါသည် ကျမ်းစာခေတ်ကနှင့်တူသလော
ယခုခေတ်ဆေးပညာဆိုင်ရာ ပြဋ္ဌာန်းစာအုပ်များတွင် အနာကြီးရောဂါကို တိကျသောစကားရပ်များဖြင့် အနက်ဖွင့်ဆိုထားသည်; ယင်းကိုဖြစ်စေသောပိုးမွှား၏သိပ္ပံအမည်မှာ မိုက်ကိုဘက်တီးရီးယမ် လက်ပရေဖြစ်သည်။ သမ္မာကျမ်းစာသည် ဆေးပြဋ္ဌာန်းစာအုပ်တစ်အုပ်မဟုတ်ချေ။ သမ္မာကျမ်းစာဘာသာပြန်ကျမ်းများစွာတွင် “အနာကြီးရောဂါ” ကိုဘာသာပြန်ထားသည့် ဟေဗြဲနှင့်ဂရိစကားလုံးမှာ အဓိပ္ပာယ်များစွာကျယ်ပြန့်၏။ ဥပမာ၊ သမ္မာကျမ်းစာဖော်ပြသောအနာကြီးရောဂါသည် လူတွင်သာမက အဝတ်အစားနှင့်အိမ်များတွင်လည်း မြင်သာသည့်ရောဂါလက္ခဏာပြပါသည်။ ဘက်ဆီလပ်စ်ပိုးသည် ယင်းသို့မဖြစ်စေပါ။—ဝတ်ပြုရာ ၁၃:၂၊ ၄၇; ၁၄:၃၄။
ထို့ပြင် ယခုခေတ် လူ့ကိုယ်ခန္ဓာတွင်ပေါ်သော အနာကြီးရောဂါလက္ခဏာများသည် သမ္မာကျမ်းစာခေတ်က အနာကြီးရောဂါဖြစ်ကြောင်းဖော်ပြသည့်အချက်အလက်နှင့် အတိအကျမတူချေ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ရောဂါများ၏သဘောသဘာဝလည်း ပြောင်းလဲလာသည်ဟူသောအချက်ကြောင့်ဖြစ်နိုင်ကြောင်း အချို့ကထင်ကြေးပေးကြသည်။ သမ္မာကျမ်းစာထဲတွင် ရည်ညွှန်းထားသောအနာကြီးရောဂါသည် ရောဂါပုံစံအချို့ကို ဖော်ပြခြင်းဖြစ်ကာ ယင်းတွင် အမ်. လက်ပရေကြောင့်ဖြစ်ပေါ်သော ရောဂါပါမပါမသိနိုင်ဟု လူအချို့ယုံကြည်ကြသည်။
အနာကြီးရောဂါဟုပြန်ဆိုလေ့ရှိသော ဂရိနှင့်ဟေဗြဲစကားလုံးတို့သည် “တစ်ခုတည်းသောရောဂါ သို့မဟုတ် ရောဂါအုပ်စုကို ရည်ညွှန်းသည် . . . ယင်းရောဂါသည် ယခု အနာကြီးရောဂါဟု ကျွန်ုပ်တို့ခေါ်သော ရောဂါဟုတ်မဟုတ် မသေချာပေ။ သို့သော် ရောဂါများကို တိကျသော ဆေးဘက်ဆိုင်ရာအမည်များပေးခြင်းသည် [ယေရှုနှင့် ကိုယ်တော်၏တပည့်များက အနာကြီးရောဂါကို] ကုသပေးသည့်မှတ်တမ်းများနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ယူဆချက်ကို မထိခိုက်ပါ” ဟု Theological Dictionary of the New Testament ကဖော်ပြပါသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အနာကြီးရောဂါသည်စခန်းရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမအပြင်ဘက် လူအစုအဝေး
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အိုက်ဇ်အာရ် အာဒါးဂ်ဘိုန်နှင့် ဇနီးနီမိုတတ်