ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ရေးသားထားနှင့်သလော
ခရစ်ယာန်၊ မွတ်စလင်၊ ဂျူး၊ ဟိန္ဒူနှင့် အခြားဘာသာတစ်ခုကိုယုံကြည်သူ—ဘာသာအားလုံးမှလူများတို့သည် ကြေကွဲဖွယ်ဖြစ်ရပ်များတွေ့ကြုံကြရပြီး ယင်းတို့ကြောင့် ပူဆွေးသောကရောက်ကြရသည်။
သာဓကအနေနှင့် ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဆိုက်ဘေးရီးယားနိုင်ငံ၊ အီကွတ်စ်ခမြို့၌ အလွန်ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့သည်။ အေအဲန်-၁၂၄ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ပျံတက်စဉ်တွင် အင်ဂျင်နှစ်လုံးချွတ်ယွင်းသွားသည်။ လောင်စာဆီအပြည့်ဖြည့်ထားသော ထိုလေယာဉ်သည် လူနေအဆောက်အအုံတစ်ခုတွင် ပျက်ကျလေသည်။ စုပေါင်းအိမ်ရာများစွာမီးတောက်လောင်သွားပြီး အပြစ်မဲ့ကလေးများအပါအဝင် အကူအညီမဲ့ဖြစ်နေကြသော ထိုတွင်နေထိုင်သူမြောက်မြားစွာတို့ကို သေကျေပျက်စီး ဒဏ်ရာများရစေခဲ့သည်။
ထိုမတော်တဆမှုဖြစ်ပျက်ခဲ့သော ဆိုက်ဘေးရီးယားဒေသတွင် ဘာသာရေးအမြင်အမျိုးမျိုးရှိသူများစွာ နေထိုင်ကြဖွယ်ရှိပါသည်။ အချို့က ခရစ်ယာန်ဘာသာကို ယုံကြည်သည်ဟုဆိုလျက်နှင့် ထိုကြေကွဲဖွယ်ဖြစ်ရပ်သည် ကံကြမ္မာကြောင့်ဖြစ်သည်ဟု သူတို့အထင်ရှိကြသည်။ ဤသူတို့နှင့် အခြားသူများက ‘ဒါကတော့ ဘုရားသခင့်အလိုတော်ပါ၊ ဒီနည်းနဲ့မသေရင်လည်း တခြားနည်းတစ်နည်းနဲ့ သူတို့သေကြမှာပဲ—အဲဒါ သူတို့ရဲ့ကံပါပဲ’ ဟုယူဆကြပေမည်။
ယင်းအတွေးအခေါ်ကို ထုတ်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ ဘာသာများစွာ၏ ကံကြမ္မာအယူအတိုင်းဖြစ်ပါသည်။ ကျွန်ုပ်တို့မွေးဖွားသည့်နေ့မှစ၍ သေဆုံးသည့်နေ့တိုင်အောင် ကျွန်ုပ်တို့၏အနာဂတ်ကို တစ်နည်းနည်းဖြင့် ကြိုတင်ရေးသားထားသည်ဟု လူအများယုံကြည်ကြသည်။
ကံကြမ္မာကိုယုံကြည်ခြင်းသည် ပုံစံအမျိုးမျိုးရှိသောကြောင့် ယင်းကိုခြုံငုံ၍အဓိပ္ပာယ်ဖွင့်ဆိုရန် ခဲယဉ်းပါသည်။ ကံကြမ္မာမည်သည် အဖြစ်အပျက်တိုင်း၊ အပြုအမူတိုင်း၊ ဖြစ်ရပ်တိုင်း—ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ—သည် မရှောင်မလွှဲနိုင်ရာဖြစ်သည့်သဘောဆောင်၍ ယင်းကို လူထက်သာလွန်သောစွမ်းအားက ထိန်းချုပ်၊ ပိုင်းဖြတ်ထားသောကြောင့် ၎င်းသည် ဖြစ်ပျက်ဖို့ရန် ဇာတာပါသည်ဖြစ်သည်။ ဤအယူအဆကို နက္ခတ်ဗေဒင်ပညာ၊ ဟိန္ဒူနှင့် . . . များ၏ ကံတရားအပြင် ခရစ်ယာန်ဘောင်၏ တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒတွင်လည်း တွေ့ရှိနိုင်ပါသည်။ ရှေးဗာဗုလုန်နိုင်ငံတွင် ဘုရားများသည် လူတို့၏ကံကြမ္မာနှင့် အနာဂတ်ကို မှတ်တမ်းတင်ထားသည်ဟုယုံကြည်ကြ၏။ ဤ “ကံကြမ္မာကျောက်ပြားများ” ကိုထိန်းချုပ်ထားသည့် မည်သည့်ဘုရားမဆို လူသားများ၊ တိုင်းနိုင်ငံများနှင့် ဘုရားများကိုယ်၌၏ကံကြမ္မာကိုပင် ဆုံးဖြတ်နိုင်သည်ဟုယူဆကြသည်။
ယုံကြည်သူများစွာတို့က လူတို့မမွေးဖွားမီ သူတို့၏သက်တမ်းအပါအဝင် သူတို့သည်ယောက်ျား၊ မိန်းမ၊ ချမ်းသာ၊ ဆင်းရဲ၊ စိတ်ဆင်းရဲရသူ သို့မဟုတ် ပျော်ရွှင်ရသူများဖြစ်ကြလိမ့်မည်ကို ဘုရားသခင်အမိန့်ရှိထားတော်မူသည်ဟုဆိုသည်။ ယင်းတို့အားလုံးမဖြစ်ပျက်မီ ဘုရားသခင်၏စိတ်တော်တွင်ရှိပြီးသား၊ သို့မဟုတ် စာအုပ်တစ်အုပ်ထဲတွင် ရေးထားပြီးသားဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူတစ်ဦးသည် ဘေးဆိုးကျရောက်သောအခါ “မက်ခ်တွတ်ဘ်”—ရေးနှင့်ပြီးဖြစ်သည်ဟုဆိုလေ့ရှိသည်!
ဘုရားသခင်သည် အရာအားလုံးကိုကြိုတင်သိထားသောကြောင့် မိမိအားမည်သူနာခံမည်၊ မနာခံမည်ကိုလည်း ကိုယ်တော်သတ်မှတ်ထားရမည်ဟု ဆင်ခြင်ကြ၏။ ထိုသို့ဖြင့် ယင်းသို့ခံယူသူများက လူတစ်ဦးသည် ပရဒိသုတွင် ထာဝရကောင်းချီးခံစားရမည်လော၊ သို့မဟုတ် ထာဝရပျက်စီးခြင်းခံရမည်လောဟူသည်ကို ထိုသူမမွေးဖွားမီကပင် ဘုရားသခင်သတ်မှတ်ပြီးသားဖြစ်သည်ဟု ယုံကြည်ကြသည်။
၎င်းသည် အချို့သောခရစ်ယာန်ဘောင်ချာ့ချ်များတွင် သွန်သင်ပေးသောတင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒနှင့် အလွန်ဆင်တူသည်ဟု သင်ယူမှတ်ပေမည်။ တင်ကူးပြဋ္ဌာန်းခြင်းကို အဓိကထောက်ခံသူ ပရိုတက်စတင့်အဆိုပြုသူမှာ ၁၆ ရာစုမှ ပြင်သစ်ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ကယ်လ်ဗင်းဖြစ်သည်။ တင်ကူးပြဋ္ဌာန်းခြင်းကို သူကဤသို့အဓိပ္ပာယ်ဖွင့်ခဲ့သည်– “ယင်းသည် လူတစ်ဦးစီနှင့် ကိုယ်တော်မည်သို့ပြုလိုသည်ကို ကြိုတင်ဆုံးဖြတ်သည့် ဘုရားသခင်၏ထာဝရစီရင်ချက်ဖြစ်သည်။ လူသားအားလုံးကို တူညီသောအခြေအနေဖြင့် မဖန်ဆင်းခဲ့ဘဲ အချို့ကို ထာဝရအသက်ရစေရန်၊ အချို့တို့ကို ထာဝရပြစ်ဒဏ်ခံရစေရန် ကြိုတင်စီမံထားသည်။” ကယ်လ်ဗင်းက ဤသို့လည်း အခိုင်အမာဆိုသည်—“ဘုရားသခင်သည် ပထမလူသားကျဆုံးခြင်းနှင့် သူ့အားဖြင့် သူ၏နောင်လာနောက်သားများ ရှုံးနိမ့်မည်ကို ကြိုတင်သိမြင်ရုံမျှမက ကိုယ်တော်အားရနှစ်သက်တော်မူ၍လည်း ထိုသို့ကြိုတင်စီမံထားသည်။”
သို့တိုင် တင်ကူးပြဋ္ဌာန်းခြင်း သို့မဟုတ် ကံကြမ္မာပဓာနဝါဒကိုသွန်သင်ပေးသည့် ဘာသာများ၏အသင်းသားအားလုံးသည် ယင်းကို ကိုယ်တိုင်မယုံကြည်ကြပေ။ အချို့က လူသားတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အကြောင်းဖော်ပြထားသည့် ဘာသာရေးအရေးအသားများကို ထိုက်သင့်စွာထောက်ပြကြသည်။ အမှန်စင်စစ်၊ လူသားတို့၏လုပ်ရပ်များသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၏ အကျိုးရလဒ်များလော၊ ဘုရားသခင်ကြိုတင်ဆုံးဖြတ်ထားရာလောဟူ၍ အကြီးအကျယ်အငြင်းအခုံဖြစ်ပွားခဲ့သည်။ သာဓကအနေနှင့် တရားမျှတသောဘုရားသခင်သည် လူတို့၏လုပ်ရပ်များကို လူကိုယ်တိုင်တာဝန်ယူ၍ စာရင်းရှင်းစေလိုတော်မူသောကြောင့် လူသည် လွတ်လပ်စွာရွေးချယ်၍ ပြုမူရမည်ဟုအချို့က ဆင်ခြေတက်ခဲ့ကြသည်။ အချို့ကမူ လူ့လုပ်ရပ်များကို ဘုရားသခင်ဖန်တီးသည်မှန်သော်လည်း လူသည် ယင်းကိုတစ်နည်းနည်းဖြင့် “လုပ်ယူ၍ရလာ” ရာယင်းအတွက် တာဝန်ခံဖြစ်လာသည်ဟုဆိုကြသည်။ မည်သို့ဆိုစေ ခြုံငုံပြောရလျှင် ကျွန်ုပ်တို့ဘဝတွင်ဖြစ်ပျက်နေသော အမှုကိစ္စကြီးငယ်မဟူ အားလုံးတို့ကို ဘုရားသခင်စီရင်ဆုံးဖြတ်ထားသည်ဟု လူအများယုံကြည်ကြသည်။
အဘယ်အရာကို သင်ယုံကြည်သနည်း။ သင့်အနာဂတ် မည်သို့ဖြစ်မည်ကို ဘုရားသခင်ကြိုတင်ဆုံးဖြတ်ထားနှင့်သလော။ လူသားတို့သည် မိမိတို့၏အနာဂတ်နှင့်ပတ်သက်၍ လက်တွေ့ကျသောရွေးချယ်နိုင်စွမ်းဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် အမှန်ရှိပါသလော။ ကျွန်ုပ်တို့၏ကံကြမ္မာသည် ကျွန်ုပ်တို့၏လုပ်ရပ်အပေါ် မည်သည့်အတိုင်းအတာအထိ အမှီပြုသနည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဖြေဆိုပေးပါလိမ့်မည်။
[Picture Credit Line on page 3]
SEL/Sipa Press