ယုံကြည်ခြင်းနှင့်သင့်အနာဂတ်
“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း . . . ဖြစ်၏။”—ဟေဗြဲ ၁၁:၁၊ ကဘ။
၁။ လူအများစုသည် အဘယ်အနာဂတ်မျိုးကို လိုလားတောင့်တကြသနည်း။
အနာဂတ်ကို သင်စိတ်ဝင်စားပါသလော။ လူအများစုက စိတ်ဝင်စားကြသည်။ သူတို့မျှော်လင့်သည့်အရာမှာ ငြိမ်းချမ်းသော၊ ကြောက်ရွံ့ မှုကင်းသော၊ တင့်တောင့်တင့်တယ်ရှိသည့်လူနေမှုအဆင့်အတန်း၊ အကျိုးဖြစ်ထွန်းပြီး ပျော်စရာကောင်းသည့်အလုပ်အကိုင်၊ ကျန်းမာရေးကောင်းပြီး အသက်တာရှည်သည့် အနာဂတ်ဖြစ်သည်။ သမိုင်းတစ်လျှောက် လူမျိုးဆက်တိုင်းသည် အဆိုပါအရာများကို လိုလားခဲ့ကြမည်မှာ သံသယရှိစရာမလိုပါ။ ယနေ့လည်း ဆင်းရဲခြင်းပြည့်နေသည့် ဤလောကတွင် ထိုအခြေအနေများသည် ယခင်ကထက်ပို၍ လိုချင်တောင့်တစဖွယ်ဖြစ်နေသည်။
၂။ အနာဂတ်အပေါ် ရှုမြင်ပုံတစ်ခုကို နိုင်ငံ့ခေါင်းဆောင်တစ်ဦး မည်သို့ဖော်ပြခဲ့သနည်း။
၂ လူသားတို့သည် ၂၁ ရာစုသို့ ချဉ်းကပ်လာစဉ် အနာဂတ် မည်သို့ဖြစ်မည်ကို သိနိုင်သည့်နည်း ရှိပါသလော။ နည်းတစ်နည်းကို လွန်ခဲ့သောအနှစ် ၂၀၀ ကျော်က အမေရိကန်နိုင်ငံ့ခေါင်းဆောင် ပက်ထရစ်ဟင်နရီက ဖော်ပြခဲ့သည်။ သူက “အတိတ်အားဖြင့်သာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သည်” ဟုပြောခဲ့သည်။ ဤရှုမြင်ပုံအရ လူ့မိသားစု၏အနာဂတ်ကို အတိတ်၌ လူတို့ပြုမူခဲ့ရာကိုသုံးသပ်ခြင်းဖြင့် အတော်အတန်သိရှိနိုင်သည်။ ထိုသဘောထားကို လူများစွာလက်ခံကြသည်။
အတိတ်သည် အဘယ်ပုံစံရှိခဲ့သနည်း
၃။ အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ သမိုင်းမှတ်တမ်းက အဘယ်အရာကိုဖော်ပြသနည်း။
၃ အနာဂတ်သည် အတိတ်နှင့်ဆင်တူယိုးမှားဖြစ်နေပါက ယင်းကိုအားရှိစရာအဖြစ် သင်ယူမှတ်မည်လော။ ခေတ်ကာလများတစ်လျှောက် ယခင်လူမျိုးဆက်များအတွက် အနာဂတ်သည် ပို၍ကောင်းခဲ့ပါသလော။ မကောင်းခဲ့ပါ။ လူတို့တွင် နှစ်ထောင်နှင့်ချီပြီး မျှော်လင့်ချက်များရှိခဲ့ကြငြား၊ အချို့နေရာများတွင် စည်းစိမ်ဥစ္စာတိုးပွားနေငြား လူ့သမိုင်းသည် ဖိနှိပ်မှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ စစ်မှု၊ ဆင်းရဲနွမ်းပါးမှုတို့နှင့် ပြည့်နှက်နေခဲ့ပါသည်။ ဤလောကသည် အဓိကအားဖြင့် ကျေနပ်ဖွယ်မရှိသည့် လူ့အုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာသည့်ဘေးဆိုးတစ်ခုပြီးတစ်ခု ကြုံတွေ့နေကြရသည်။ သမ္မာကျမ်းစာက ဤသို့တိကျစွာဆိုထားသည်– “လူသည် တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏။”—ဒေသနာ ၈:၉၊ ကဘ။
၄၊ ၅။ (က) ၂၀ ရာစုအစောပိုင်းတွင် လူတို့သည် အဘယ်ကြောင့် မျှော်လင့်ချက် ရှိခဲ့ကြသနည်း။ (ခ) အနာဂတ်နှင့်ပတ်သက်၍ သူတို့၏မျှော်လင့်ချက်များ မည်သို့ဖြစ်သွားသနည်း။
၄ အမှန်မှာ လူ့သမိုင်းဆိုးသည် တိုး၍တိုး၍ကြီးမားကျယ်ပြန့်သော ပျက်စီးမှုအတိုင်းအတာဖြင့် ထပ်တလဲလဲ ပြန်ကျော့နေပါသည်။ ဤ ၂၀ ရာစုက ၎င်းကိုသက်သေထူပါသည်။ လူသားသည် အတိတ်ကအမှားများမှ သင်ခန်းစာရကာ ရှောင်ရှားခဲ့ကြပါသလော။ အမှန်မှာ၊ ဤရာစုနှစ်အစပိုင်းတွင် ကာလအတန်ကြာ ငြိမ်သက်မှုရှိခဲ့၍ စက်မှု၊ သိပ္ပံပညာနှင့် ပညာရေးတို့ဘက်တွင် တိုးတက်ခဲ့သောကြောင့် သာ၍ကောင်းသောအနာဂတ်ရှိလာလိမ့်မည်ဟု လူများစွာယုံကြည်စိတ်ချခဲ့ကြခြင်းဖြစ်သည်။ ၁၉၀၀ ပြည့်လွန်နှစ်များ၏အစောပိုင်းတွင် “လူတို့သည် အလွန်ယဉ်ကျေးကြ” သောကြောင့် စစ်ဖြစ်နိုင်စရာအကြောင်းမရှိတော့ဟု ယူမှတ်ခဲ့ကြကြောင်း တက္ကသိုလ်ပါမောက္ခတစ်ဦးက ပြောခဲ့သည်။ ဗြိတိသျှဝန်ကြီးချုပ်ဟောင်းတစ်ဦးက ထိုအချိန်တွင် လူတို့၌ရှိခဲ့သော ရှုမြင်ပုံနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “အရာရာတိုင်း တစ်စတစ်စကောင်းမွန်လာမည်။ ဤသို့သောကမ္ဘာလောကတွင် ကျွန်ုပ်မွေးဖွားလာခဲ့သည်။” သို့သော် ဆက်၍ ဤသို့ဆိုသည်– “မမျှော်လင့်ဘဲရုတ်တရက် ၁၉၁၄ ခုနှစ်နံနက်ခင်းတစ်ခုတွင် ယင်းတို့အားလုံး အဆုံးတိုင်ခဲ့သည်။”
၅ သာ၍ကောင်းသည့်အနာဂတ်ရှိရန် ထိုအချိန်က လူအများယုံကြည်စိတ်ချနေကြသော်လည်း တစ်ခါမျှမဖြစ်ဖူးသော လူလက်ဖြစ်အဆိုးရွားဆုံးဘေးဒဏ်ဖြစ်သည့် ပထမကမ္ဘာစစ်တွင် ကမ္ဘာကြီးစုံးစုံးမြုပ်ခဲ့သည့်အချိန်၌ ရာစုနှစ်အသစ်သည် စတင်ရုံမျှသာရှိသေးသည်။ ယင်းအခြေအနေ၏ သာဓကတစ်ခုအနေဖြင့် ၁၉၁၆ တွင် ပြင်သစ်နိုင်ငံ၊ စမ်းမ်မြစ်အနီး၌ ဗြိတိသျှစစ်သားများနှင့် ဂျာမန်စစ်သားများတိုက်ပွဲဖြစ်ခဲ့စဉ်က အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ နာရီပိုင်းအတွင်း ဗြိတိသျှဘက်မှ ၂၀,၀၀၀ သေဆုံးခဲ့ပြီး ဂျာမန်ဘက်တွင် များစွာသေကျေပျက်စီးခဲ့ကြသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ထိုလေးနှစ်တာကာလသည် စစ်သားဆယ်သန်းနီးပါးနှင့် အရပ်သားများစွာ၏အသက်ကို ခြွေယူခဲ့ပါသည်။ လူများစွာသေဆုံးခဲ့သည့်အတွက် ပြင်သစ်လူဦးရေသည် အတန်ကြာလျော့နည်းနေခဲ့သည်။ စီးပွားရေးချွတ်ခြုံကျခြင်းက ၁၉၃၀ ပြည့်လွန်နှစ်များ၏စီးပွားရေးပျက်ကပ်ကြီးကို ဆိုက်ရောက်စေခဲ့သည်။ ယင်းကြောင့် ပထမကမ္ဘာစစ်စတင်ဖြစ်ပျက်သည့်နေ့သည် ကမ္ဘာကြီးရူးသွပ်သွားသောနေ့ဖြစ်သည်ဟု တချို့ပြောဆိုကြခြင်းသည် အံ့ဩစရာမဟုတ်ပါ!
၆။ ပထမကမ္ဘာစစ်ပြီးနောက် ဘဝသည်ပိုကောင်းလာပါသလော။
၆ ၎င်းသည် ထိုလူမျိုးဆက်မျှော်လင့်ခဲ့သည့် အနာဂတ်ဟုတ်ပါသလော။ လုံးဝမဟုတ်ပါ။ သူတို့၏မျှော်လင့်ချက်များ လုံးလုံးပျက်ပြားသွားခဲ့သည်။ ထိုစစ်က ပို၍ကောင်းသောအခြေအနေကို မဖြစ်စေခဲ့ပါ။ ပထမကမ္ဘာစစ်ပြီး၍ ၂၁ နှစ်သာကြာပြီးနောက်၊ တစ်နည်းအားဖြင့် ၁၉၃၉ တွင် ပို၍ဆိုးရွားသည့် လူ့လက်ဖြစ်ဘေးဒဏ်—ဒုတိယကမ္ဘာစစ်—ဖြစ်ခဲ့သည်။ ၎င်းက အမျိုးသား၊ အမျိုးသမီးနှင့်ကလေး သန်း ၅၀ ခန့်၏အသက်ကို ခြွေယူခဲ့သည်။ အစုလိုက်အပြုံလိုက်ဗုံးကြဲခြင်းကလည်း မြို့များစွာကို စိစိညက်ညက်ကြေမွစေခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲတစ်ခုတွင် နာရီပိုင်းအတွင်း စစ်သားများထောင်နှင့်ချီ သေကျေခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်တွင်မူ အဏုမြူဗုံးနှစ်လုံးတည်းက စက္ကန့်ပိုင်းအတွင်းပင် လူ ၁၀၀,၀၀၀ ကျော်ကိုသေကျေပျက်စီးစေခဲ့သည်! ပို၍ဆိုးသည်ဟု အများယူဆရာမှာ နာဇီချွေးတပ်စခန်းများတွင် သန်းနှင့်ချီသောလူတို့ကို စည်းစနစ်ကျကျ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
၇။ ဤရာစုနှစ်တစ်ခုလုံး၏အဖြစ်မှန်ကား အဘယ်နည်း။
၇ နိုင်ငံအချင်းချင်းတိုက်သည့်စစ်ပွဲများ၊ ပြည်တွင်းပဋိပက္ခများနှင့် နိုင်ငံသားများအပေါ် အစိုးရ၏ပြစ်ဒဏ်စီရင်ခြင်းကြောင့် သေဆုံးရသူများကိုပါ ထည့်တွက်မည်ဆိုလျှင် ဤရာစုနှစ်တွင် သေဆုံးခဲ့သူအရေအတွက်စုစုပေါင်းသည် သန်း ၂၀၀ ခန့်ရှိမည်ဟု အထောက်အထားများစွာက ဖော်ပြ၏။ အထောက်အထားတစ်ခုက သန်းပေါင်း ၃၆၀ ဟုပင်ဖော်ပြသည်။ ယင်းတို့အားလုံး၏ ကြောက်မက်ဖွယ်အရာများဖြစ်သည့် နာကျင်မှု၊ ကျရသည့်မျက်ရည်၊ စိတ်သောကဝေဒနာနှင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရခြင်းတို့ကို စဉ်းစားကြည့်ပါလေ! ထို့အပြင် ကလေးအများစုဖြစ်သောပျမ်းမျှလူ ၄၀,၀၀၀ ခန့်သည် ဆင်းရဲနွမ်းပါးမှုကြောင့် နေ့စဉ်သေဆုံးနေကြပါသည်။ ၎င်းအရေအတွက် သုံးဆသည် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် နေ့စဉ်သေဆုံးနေသည်။ ထို့ပြင်တစ်ဘီလီယံခန့်သောလူတို့သည်လည်း ပုံမှန်တစ်နေ့တာအလုပ်တစ်ခုကိုလုပ်ကိုင်ရန် လိုအပ်သောအစားအစာမရရှိနိုင်သည့်အထိ ဆင်းရဲနွမ်းပါးကြသည်။ ၎င်းအခြေအနေအားလုံးတို့သည် ဤစနစ်ဆိုး၏ “နောက်ဆုံးသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သမ္မာကျမ်းစာကြိုဟောထားသည့် အထောက်အထားဖြစ်သည်။—၂ တိမောသေ ၃:၁-၅၊ ၁၃; မဿဲ ၂၄:၃-၁၂; လုကာ ၂၁:၁၀၊ ၁၁; ဗျာဒိတ် ၆:၃-၈။
လူတို့ဖြေရှင်းမရ
၈။ လူ့ခေါင်းဆောင်များသည် ကမ္ဘာ့ပြဿနာများကို အဘယ်ကြောင့် မဖြေရှင်းပေးနိုင်သနည်း။
၈ ဤ ၂၀ ရာစုကုန်ဆုံးချိန် နီးလာသည်နှင့်အမျှ ယင်း၏အတွေ့အကြုံကို လွန်ခဲ့သည့်ရာစုနှစ်များတွင်ဖြစ်ခဲ့ရာများအပေါ် ထပ်ဆင့်နိုင်သည်။ ထိုသမိုင်းက ကျွန်ုပ်တို့အား အဘယ်အရာဖော်ပြသနည်း။ လူ့ခေါင်းဆောင်များသည် ကမ္ဘာ့အဓိကပြဿနာများကို တစ်ခါမျှမဖြေရှင်းပေးခဲ့ကြောင်း၊ ယခုလည်းမဖြေရှင်း၊ နောင်တွင်လည်း ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဖော်ပြနေသည်။ သူတို့သည် မည်မျှပင် ရည်ရွယ်ချက်မှန်ရှိစေကာမူ ကျွန်ုပ်တို့လိုလားသောအနာဂတ်မျိုးကိုစီမံပေးရန် သူတို့တွင် အစွမ်းအစမရှိချေ။ အခွင့်အာဏာရှိသူတချို့မှာမူ ရည်ရွယ်ချက်မှန်မရှိ; အခြားသူများ၏ အကျိုးအတွက်မဟုတ်ဘဲ သူတို့၏မာန်မာနနှင့် စည်းစိမ်ရှိဖို့အတွက် ရာထူးရာခံနှင့် အခွင့်အာဏာကို ရှာကြံကြသည်။
၉။ သိပ္ပံပညာသည် လူ့ပြဿနာများဖြေရှင်းပေးနိုင်မည်ဟူသည်ကို အဘယ်ကြောင့် သံသယရှိစရာအကြောင်းရှိသနည်း။
၉ သိပ္ပံပညာက ဖြေရှင်းပေးနိုင်ပါမည်လော။ အတိတ်ကို သုံးသပ်မည်ဆိုလျှင် မဖြေရှင်းပေးနိုင်ချေ။ အစိုးရသိပ္ပံပညာရှင်များသည် မြောက်မြားစွာသော ငွေကြေး၊ အချိန်အကုန်ခံကြိုးပမ်းကာ ကြောက်မက်ဖွယ်အဖျက်စွမ်းအားရှိဓာတု၊ ဇီဝနှင့် အခြားအဖျက်လက်နက်အမျိုးမျိုးကို ကြိုးစားထုတ်လုပ်ခဲ့ကြပြီ။ အဆင်းရဲဆုံးသူများအပါအဝင် နိုင်ငံများစွာသည် စစ်လက်နက်များအတွက် နှစ်စဉ်ဒေါ်လာ ၇၀၀ ဘီလီယံကျော် သုံးစွဲကြသည်! ထို့ပြင် လေ၊ မြေ၊ ရေနှင့် အစားအစာတို့ကို ညစ်ညမ်းစေသော ဓာတုပစ္စည်းများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ‘သိပ္ပံပညာတိုးတက်မှု’ ကြောင့်ဖြစ်သည်။
၁၀။ သာ၍ကောင်းသောအနာဂတ်ကို ပညာရေးကပင် အဘယ်ကြောင့် မကျိန်းသေစေသနည်း။
၁၀ ကမ္ဘာ့ပညာရေးဌာနများက မြင့်မားသောအကျင့်စာရိတ္တစံနှုန်းများ၊ အခြားသူများကို ထောက်ထားစာနာခြင်း၊ အိမ်နီးနားချင်းကိုချစ်ခြင်းတို့ကို သင်ကြားပေးခြင်းဖြင့် သာ၍ကောင်းသောအနာဂတ်ကိုတည်ဆောက်ပေးမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသလော။ မမျှော်လင့်နိုင်ပါ။ ယင်းအစား ၎င်းတို့သည် အလုပ်အကိုင်ရရန်၊ ငွေရရန်တို့ကိုသာ စူးစိုက်ကြသည်။ ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်လိုစိတ်ကိုမဟုတ်ဘဲ အပြိုင်အဆိုင်စိတ်ဓာတ်ကိုသာရှိစေ၏; ကျောင်းများကလည်း ကိုယ်ကျင့်တရားကို မသွန်သင်ပေးပါ။ ယင်းအစား ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုများနှင့် လိင်ဆိုင်ရာကူးစက်ရောဂါများကို အကြီးအကျယ်တိုးများလာစေသည့် ပေါက်လွှတ်ပဲစားလိင်ဆက်ဆံခြင်းကို သည်းခံခွင့်ပြုထားကြသည်။
၁၁။ စီးပွားရေးလုပ်ငန်းမှတ်တမ်းက အနာဂတ်အပေါ် မည်သို့သံသယရှိစေသနည်း။
၁၁ မဟာကမ္ဘာ့စီးပွားရေးလုပ်ငန်းများသည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ကာကွယ်စောင့်ရှောက်ဖို့နှင့် အမြတ်အစွန်းရရှိရေးအတွက်သာမဟုတ်ဘဲ အမှန်တကယ်အကျိုးရှိစေမည့် ထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် အခြားသူများကိုချစ်ကြောင်းတင်ပြဖို့ ရုတ်တရက်လှုံ့ဆော်ခံရမည်လော။ ဖြစ်နိုင်ဖွယ်မရှိချေ။ ၎င်းတို့သည် လူတို့၏၊ အထူးသဖြင့် လူငယ်တို့၏စိတ်ကိုယိုယွင်းပျက်ပြားစေသည့် အကြမ်းဖက်မှုနှင့် အကျင့်ယိုယွင်းမှုတို့ဖြင့်ပြည့်နေသော ရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့်ခြင်းကို ရပ်ဆိုင်းကြပါမည်လော။ တီဗွီသည် များသောအားဖြင့် အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုတို့၏ရေပုပ်တွင်းတစ်ခုဖြစ်လာရာ မကြာသေးမီကအတိတ်သည် လုံးဝအားရှိစရာမဟုတ်ပေ။
၁၂။ ဖျားနာခြင်းနှင့် သေခြင်းတို့နှင့်စပ်လျဉ်း၍ လူ့အခြေအနေကားအဘယ်နည်း။
၁၂ ထို့အပြင် ဆရာဝန်များသည် စိတ်ရင်းစေတနာမှန် မည်မျှပင်ရှိစေကာမူ သူတို့သည် ဖျားနာမှုနှင့်သေခြင်းကို မနှိမ်နင်းနိုင်ကြချေ။ ဥပမာ၊ ပထမကမ္ဘာစစ်ပြီးဆုံးချိန်တွင် သူတို့သည် စပိန်တုပ်ကွေးပျံ့နှံ့မှုကို မထိန်းချုပ်နိုင်ခဲ့ကြပါ။ ၎င်းရောဂါသည် ကမ္ဘာအနှံ့အပြားတွင် လူသန်းပေါင်း ၂၀ ခန့်၏အသက်ကို ခြွေယူခဲ့သည်။ ယနေ့ နှလုံးရောဂါ၊ ကင်ဆာနှင့် အခြားသေစေတတ်သောရောဂါများသည် နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည်။ ဆေးလောကသည် အေအိုင်ဒီအက်စ်ကပ်ရောဂါကို နှိမ်နင်းနိုင်ခြင်းမရှိသေးပါ။ ယင်းအစား အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှုန်းသည် ယခင်ခန့်မှန်းထားသည်ထက် နှစ်ဆပို၍ပျံ့နှံ့နေသည်ဟု ၁၉၉၇ နိုဝင်ဘာ၌ ထုတ်ဝေသော ယူ.အဲန် သတင်းတစ်ရပ်က အစီရင်ခံခဲ့သည်။ ယင်းကြောင့် သန်းနှင့်ချီ၍ သေဆုံးခဲ့ကြပေပြီ။ မကြာသေးမီနှစ်က နောက်ထပ် လူသုံးသန်းတို့သည် အေအိုင်ဒီအက်စ်ဗိုင်းရပ်ပိုး ကူးစက်ခံခဲ့ရသည်။
အနာဂတ်ကို ယေဟောဝါသက်သေများရှုမြင်ပုံ
၁၃၊ ၁၄။ (က) ယေဟောဝါသက်သေများသည် အနာဂတ်ကို မည်သို့ရှုမြင်ကြသနည်း။ (ခ) လူသားသည် သာ၍ကောင်းသောအနာဂတ်ကို အဘယ်ကြောင့် မဆောင်ကြဉ်းပေးနိုင်သနည်း။
၁၃ သို့ရာတွင် လူသားတို့အတွက် အကောင်းဆုံးဖြစ်သော တောက်ပသည့်အနာဂတ်ရှိကြောင်း ယေဟောဝါသက်သေများယုံကြည်ကြသည်! သို့သော် လူ့ ကြိုးစားအားထုတ်မှုများအားဖြင့် သာ၍ကောင်းသောအနာဂတ်ရရှိရန် သူတို့မမျှော်လင့်ကြပါ။ ယင်းအစား ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား သူတို့မျှော်ကိုးကြသည်။ မည်သို့သောအနာဂတ်မျိုးဖြစ်မည်ကို ကိုယ်တော်မုချသိတော်မူပြီး ယင်းသည် ထူးမြတ်လှပေလိမ့်မည်! အဆိုပါအနာဂတ်မျိုးကို လူသားများမဆောင်ကြဉ်းပေးနိုင်ကြောင်းကိုလည်း ကိုယ်တော်သိတော်မူသည်။ သူတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သောကြောင့် သူတို့၏အကန့်အသတ်ရှိမှုကို အခြားသူမည်သူထက်မဆို ကိုယ်တော်ပိုသိတော်မူသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ကိုယ်တော်၏လမ်းညွှန်မှုမရှိဘဲ အောင်မြင်စွာအုပ်ချုပ်နိုင်စွမ်းဖြင့် လူသားများကိုဖန်ဆင်းတော်မမူကြောင်း အတိအလင်းဖော်ပြထားပါသည်။ ဘုရားသခင်အပေါ်အမှီအခိုကင်းမဲ့သော လူ့အုပ်ချုပ်မှုကို ကိုယ်တော်ကြာရှည်ခွင့်ပြုထားခြင်းက ထိုမစွမ်းဆောင်နိုင်မှုကို သံသယကင်းစေသည်။ စာရေးဆရာတစ်ဦးက “လူ့ဦးနှောက်သည် ဖြစ်နိုင်ခြေရှိသော အုပ်ချုပ်မှုပုံစံအမျိုးမျိုးကို ကြိုးစားခဲ့ရာ အချည်းနှီးပင်ဖြစ်သည်” ဟုဝန်ခံခဲ့သည်။
၁၄ ယေရမိ ၁၀:၂၃ ၌မှုတ်သွင်းခံပရောဖက်၏စကားကို ဤသို့ဖတ်ရသည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” ဆာလံ ၁၄၆:၃ ကလည်း ဤသို့ဖော်ပြသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” အမှန်မှာ၊ ရောမ ၅:၁၂ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည်စုံလင်မှုမရှိဘဲ မွေးဖွားလာကြသောကြောင့် ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကိုယ်ကိုမကိုးစားရန် သတိပေးထားခြင်းဖြစ်သည်။ ယေရမိ ၁၇:၉ ကဤသို့ဆိုသည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။” ထို့ကြောင့် နယပုံပြင်ကျမ်း ၂၈:၂၆ ကဤသို့ကြေညာသည်– “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။”
၁၅။ ကျွန်ုပ်တို့အားလမ်းညွှန်ပေးရန် ဉာဏ်ပညာကို အဘယ်နေရာ၌ တွေ့နိုင်မည်နည်း။
၁၅ ဤဉာဏ်ပညာကို အဘယ်နေရာတွင် တွေ့နိုင်မည်နည်း။ “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။” (သု. ၉:၁၀) ယေဟောဝါတစ်ပါးတည်း၌သာ ဤကြောက်ရွံ့ထိတ်လန့်ဖွယ်ကာလများတစ်လျှောက် ကျွန်ုပ်တို့ကို လမ်းပြညွှန်ကြားနိုင်သည့် ဉာဏ်ပညာရှိတော်မူသည်။ ထို့အပြင် ကိုယ်တော်သည် ကျွန်ုပ်တို့အားလမ်းညွှန်ပေးရန် မှုတ်သွင်းထားသောသမ္မာကျမ်းစာမှတစ်ဆင့် ဉာဏ်ပညာတော်ကိုရရှိစေတော်မူခဲ့ပြီ။—သု. ၂:၁-၉; ၃:၁-၆; ၂ တိမောသေ ၃:၁၆၊ ၁၇။
လူ့အုပ်ချုပ်မှု၏အနာဂတ်
၁၆။ အနာဂတ်ကို မည်သူ သတ်မှတ်ပိုင်းဖြတ်ထားပြီနည်း။
၁၆ သို့ဖြစ်လျှင် အနာဂတ်အကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က မည်သို့ဆိုသနည်း။ အနာဂတ်သည် အတိတ်က လူသားတို့လုပ်ဆောင်ခဲ့သည့်အရာကို ပြန်လည်ထင်ဟပ်လိမ့်မည်မဟုတ်ကြောင်း ဖော်ပြပါသည်။ ထို့ကြောင့် ပက်ထရစ်ဟင်နရီ၏ ရှုမြင်ချက်သည် လွဲမှားနေပါသည်။ ဤကမ္ဘာနှင့် ၎င်းတွင်နေထိုင်သူတို့၏အနာဂတ်ကို လူသားတို့ကမဟုတ်ဘဲ ယေဟောဝါဘုရားသခင်က သတ်မှတ်ပိုင်းဖြတ်ရန်ဖြစ်သည်။ ဤလောကရှိ လူအချို့ သို့မဟုတ် နိုင်ငံများ၏အလိုမဟုတ်ဘဲ ကိုယ်တော့်အလိုတော်သည် မြေကြီးပေါ်ပြည့်စုံလာရမည်ဖြစ်သည်။ “လူသည် အထူးထူးအပြားပြားကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏အကြံတော်သည်တည်လိမ့်မည်။”—သု. ၁၉:၂၁။
၁၇၊ ၁၈။ ကျွန်ုပ်တို့အချိန်အတွက် ဘုရားသခင့်အလိုတော်ကားအဘယ်နည်း။
၁၇ ကျွန်ုပ်တို့၏အချိန်အတွက် ဘုရားသခင့်အလိုတော်ကား အဘယ်နည်း။ ဤအကြမ်းဖက်ပြီး အကျင့်ယိုယွင်းသည့်လောကကို အဆုံးတိုင်စေရန် ကိုယ်တော်ရည်ရွယ်ထားတော်မူသည်။ ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်လာသော ဆိုးသွမ်းသည့်လူ့အစိုးရကို ဘုရားသခင်ခန့်အပ်သည့်အုပ်ချုပ်မှုဖြင့် မကြာမီအစားထိုးတော့မည်။ ဒံယေလ ၂:၄၄ (ကဘ) ပါပရောဖက်ပြုချက်က ဤသို့ဖော်ပြသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို [ကောင်းကင်တွင်] ထိုဘုရင်များ [ယခုခေတ်၌တည်ရှိသော] လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည်လည်း အခြားအဘယ်လူမျိုး၏လက်သို့မျှမရောက်ဘဲ အထက်ဆိုခဲ့ပြီးသော [လက်ရှိ] နိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ထိုဘုရားသခင့်နိုင်ငံတော်သည် လူသားများလုံးဝမတတ်နိုင်သောအမှုဖြစ်သည့် စာတန်မာရ်နတ်၏ဆိုးယုတ်သည့်သြဇာကိုလည်း ဖယ်ရှားပစ်ပေတော့မည်။ ဤလောကအပေါ် သူ၏အုပ်ချုပ်မှုသည် အစဉ်ချုပ်ငြိမ်းသွားတော့မည်။—ရောမ ၁၆:၂၀; ၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉။
၁၈ ထိုကောင်းကင်အစိုးရသည် လူ့အုပ်ချုပ်မှုပုံစံရှိရှိသမျှကို လုံးလုံးဖျက်ဆီးပစ်မည်ဖြစ်ကြောင်း သတိပြုပါ။ ဤမြေကြီးအုပ်ချုပ်မှုကို လူတို့အားပေးအပ်ထားမည်မဟုတ်ပါ။ ကောင်းကင်၌၊ ဘုရားသခင့်နိုင်ငံတော်အဖြစ် ဖွဲ့စည်းထားသူများသည် လူသားတို့၏ကောင်းကျိုးအတွက် ကမ္ဘာ့ကိစ္စရပ်အလုံးစုံကို ထိန်းချုပ်သွားကြမည်ဖြစ်သည်။ (ဗျာဒိတ် ၅:၁၀; ၂၀:၄-၆) မြေကြီးပေါ်တွင် သစ္စာရှိသောလူသားများသည် ဘုရားသခင့်နိုင်ငံတော်၏ညွှန်ကြားမှုနှင့်အညီ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မည်။ ယေရှုက “နိုင်ငံတော်တည်ထောင်ပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုမိန့်တော်မူချိန်တွင် ၎င်းနိုင်ငံတော်အတွက်ဆုတောင်းရန် သင်ကြားပေးနေတော်မူခြင်းဖြစ်သည်။—မဿဲ ၆:၁၀။
၁၉၊ ၂၀ (က) ဘုရားသခင့်နိုင်ငံတော်အစီအစဉ်ကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ (ခ) ဤအုပ်ချုပ်မှုက လူသားတို့အတွက် အဘယ်အရာပြုလုပ်ပေးမည်နည်း။
၁၉ ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်ကို ယုံကြည်အားထားကြသည်။ ယင်းသည် တမန်တော်ပေတရုရေးသားခဲ့သည့် “ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏” ဟူသည့် “ကောင်းကင်သစ်” ဖြစ်သည်။ (၂ ပေတရု ၃:၁၃) “မြေကြီးသစ်” မှာမူ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည့် ကောင်းကင်သစ်အုပ်ချုပ်မည့် လူ့ဘောင်သစ်ဖြစ်သည်။ ယင်းသည် တမန်တော်ယောဟန်ကိုရူပါရုံဖြင့် ဘုရားသခင်ဖော်ပြခဲ့သော အစီအစဉ်ဖြစ်ရာ သူက ဤသို့ရေးသားခဲ့သည်– “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်၏။ အကြောင်းမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြလေပြီ။ . . . [ဘုရားသခင်သည်] သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ။ ရှေးဖြစ်ဖူးသောအရာများသည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၁၊ ၄၊ ကဘ။
၂၀ မြေကြီးသစ်သည် ဖြောင့်မတ်ခြင်းတရားတည်နေရာဖြစ်ကြောင်း သတိပြုပါ။ မဖြောင့်မတ်မှုမှန်သမျှတို့သည် ဘုရားသခင့်လုပ်ရပ်ဖြစ်သည့် အာမဂေဒုန်စစ်အားဖြင့် ဖယ်ရှားခဲ့ပြီးသားဖြစ်မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) နယပုံပြင်ကျမ်း ၂:၂၁၊ ၂၂ ပါပရောဖက်ပြုချက်က ယင်းကို ဤသို့ဖော်ပြထားသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍၊ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မ [မတရားသော] လူတို့မူကား၊ ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း . . . ခံရကြလိမ့်မည်။” ထို့အပြင် ဆာလံ ၃၇:၉ (ကဘ) ကဤသို့ကတိပြုထားသည်– “အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှင်းခြင်းခံရကြလိမ့်မည်။ ယေဟောဝါရှင်အား စောင့်မျှော်သောသူတို့မူကား မြေကြီးကိုအပိုင်ရကြလိမ့်မည်။” ထိုသို့သောကမ္ဘာသစ်တစ်ခုတွင် သင်မနေထိုင်လိုပေလော။
ယေဟောဝါ၏ကတိတော်များကို ယုံကြည်စိတ်ချပါ
၂၁။ ယေဟောဝါ၏ကတိတော်များကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၂၁ ယေဟောဝါ၏ကတိတော်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသလော။ မိမိ၏ပရောဖက်ဟေရှာယအားဖြင့် ကိုယ်တော့်မိန့်တော်မူချက်ကို နားဆင်ပါ– “ရှေးကာလ၌ဖြစ်ဖူးသောအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိ။ အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်ဖူးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကိုငါပြည့်စုံစေမည်။” အခန်းငယ် ၁၁ ၏အဆုံးပိုင်းတွင် ဤသို့ဆိုထားသည်– “ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်းစီရင်မည်။” (ဟေရှာယ ၄၆:၉-၁၁) မှန်ပါသည်၊ အမှန်ပြည့်စုံခဲ့ပြီးသော ကတိတော်များကဲ့သို့ပင် ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ယင်းကိုကျမ်းစာက ဤနည်းဖြင့်ဖော်ပြသည်– “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။”—ဟေဗြဲ ၁၁:၁။
၂၂။ ယေဟောဝါသည် မိမိ၏ကတိတော်များကိုပြည့်စုံစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၂၂ ဘုရားသခင်သည် မိမိကတိတော်များ ပြည့်စုံစေတော်မူမည်ကို နှိမ့်ချမှုရှိသူတို့ သိရှိကြသောကြောင့် ထိုသို့သောယုံကြည်ခြင်းကို တင်ပြကြသည်။ ဥပမာ၊ ဆာလံ ၃၇:၂၉ (ကဘ) တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။” ဤကတိတော်ကို ကျွန်ုပ်တို့ယုံနိုင်ပါသလော။ ယုံနိုင်ပါသည်၊ အကြောင်းမှာ ဟေဗြဲ ၆:၁၈ တွင် “ဘုရားသခင်သည် မုသာမသုံးနိုင်” ဟုဆိုထားသောကြောင့်ဖြစ်သည်။ စိတ်နှိမ့်ချသူများကို ပေးနိုင်ရန် ကမ္ဘာမြေကြီးကို ဘုရားသခင်ပိုင်ဆိုင်ပါသလော။ ဗျာဒိတ် ၄:၁၁ ကဤသို့ကြေညာသည်– “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။” ထို့ကြောင့် ဆာလံ ၂၄:၁ ကဤသို့ဆိုသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်မြေကြီးနှင့်မြေကြီးတန်ဆာကို . . . ပိုင်တော်မူ၏။” ကမ္ဘာမြေကြီးကို ယေဟောဝါဖန်ဆင်းထားတော်မူ၍ ၎င်းကိုပိုင်သတော်မူပြီး ကိုယ်တော်အားယုံကြည်သူတို့ကို ကိုယ်တော်ပေးသနားတော်မူ၏။ ယင်းကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်စေရန် ယေဟောဝါသည် အတိတ်နှင့်မျက်မှောက်ကာလတွင် လူမျိုးတော်အပေါ် မည်သို့ကတိတည်စေတော်မူခဲ့ကြောင်းနှင့် အနာဂတ်တွင် ကတိတည်တော်မူမည်ကို အဘယ်ကြောင့်လုံးဝစိတ်ချနိုင်ကြောင်း နောက်ဆောင်းပါးကဖော်ပြပါလိမ့်မည်။
ပြန်လည်စစ်ဆေးရန်အချက်များ
◻ သမိုင်းတစ်လျှောက် လူတို့၏မျှော်လင့်ချက်များသည် မည်သို့ ဖြစ်ခဲ့ပြီနည်း။
◻ သာ၍ကောင်းသောအနာဂတ်အတွက် လူသားကို အဘယ်ကြောင့်မမျှော်ကိုးသင့်သနည်း။
◻ အနာဂတ်နှင့်စပ်လျဉ်း၍ ဘုရားသခင့်အလိုတော်ကားအဘယ်နည်း။
◻ ဘုရားသခင်သည် မိမိ၏ကတိတော်များကိုပြည့်စုံစေတော်မူမည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာ ဤသို့တိကျစွာဖော်ပြထားသည်– “. . . လူသည် . . . မိမိခြေရာတို့ကို မစီရင်တတ် . . .ပါ။”—ယေရမိ ၁၀:၂၃
[Credit Line]
Bomb: U.S. National Archives photo; famished children: WHO/OXFAM; refugees: UN PHOTO 186763/J. Isaac; Mussolini and Hitler: U.S. National Archives photo