သင်မှတ်မိသလော
များမကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များသည် သင့်အတွက် လက်တွေ့ကျတန်ဖိုးရှိကြောင်း တွေ့ရှိခဲ့ပါသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ။
◻ “သခင်ဘုရား၏နေ့” နှင့် “ယေဟောဝါ၏နေ့ရက်” တို့၏ကွာခြားချက်ကားအဘယ်နည်း။ (ဗျာဒိတ် ၁:၁၀; ယောလ ၂:၁၁)
“သခင်ဘုရား၏နေ့” တွင်ဗျာဒိတ်အခန်းကြီး ၁ မှ ၂၂ ၌ဖော်ပြထားသော အဆင်းအာရုံ ၁၆ ခု၏ပြည့်စုံချက်များနှင့် ယေရှုရောက်ရှိခြင်းနိမိတ်နှင့်ပတ်သက်၍ တပည့်တော်များ၏မေးခွန်းကိုဖြေဆိုရာ၌ ကိုယ်တော်တင်ကူးဟောကြားတော်မူခဲ့သော အခြေခံအဖြစ်အပျက်များပါဝင်သည်။ သခင်ဘုရား၏နေ့ အထွတ်အထိပ်အဖြစ် စာတန်၏ယိုယွင်းသောလောကကို တရားစီရင်ချက်ချသည့် ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ရက်ဖြစ်လာမည်။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၁)—၁၂/၁၅၊ စာမျက်နှာ ၁၁။
◻ မားကာရီးယော့စ်ကျမ်းစာ၏ ထူးခြားချက်အချို့ကား အဘယ်နည်း။
မားကာရီးယော့စ်ကျမ်းစာတွင် ယေဟောဝါ၏နာမတော်သည် အကြိမ်ပေါင်း ၃,၅၀၀ ထက်မကပါရှိသည်။ ရုရှားဘာသာရေး စာပေပညာရှင်တစ်ဦးက “ဤဘာသာပြန်ကျမ်းသည် ဟေဗြဲစာသားကိုသစ္စာရှိရှိစွဲကိုင်ပြီး ယင်းဘာသာပြန်ကျမ်း၏စကားအသုံးအနှုန်းသည် သန့်စင်၍ အကြောင်းအရာနှင့်လည်း အံဝင်လှ၏” ဟုဆိုသည်။—၁၂/၁၅၊ စာမျက်နှာ ၂၇။
◻ သင်တို့ကိုလွတ်စေလိမ့်မည်ဟု ယေရှုမိန့်တော်မူခဲ့သည့် “သမ္မာတရား” ကားအဘယ်နည်း။ (ယောဟန် ၈:၃၂)
“သမ္မာတရား” ဟုယေရှုဆိုရာတွင် သမ္မာကျမ်းစာ၌ထိန်းသိမ်းထားသော ဘုရားသခင်မှုတ်သွင်းသည့်အချက်အလက်များ—အထူးသဖြင့် ဘုရားသခင့်အလိုတော်နှင့်ပတ်သက်သော အချက်အလက်များ—ကိုဆိုလိုနေခြင်းဖြစ်၏။—၁/၁ စာမျက်နှာ ၃။
◻ ခေတ်သစ် ယေဟုနှင့်ယောနဒပ်တို့ကား မည်သူတို့နည်း။
ယေဟုသည် ကမ္ဘာပေါ်ရှိ “ဘုရားသခင်၏ဣသရေလ၊” ဘိသိက်ခံခရစ်ယာန်များ ကိုယ်စားပြုသည့် ယေရှုကိုပုံဆောင်ပါသည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၁၂:၁၇) ယောနဒပ်သည် ယေဟုကိုခရီးဦးကြိုပြုရန် ထွက်လာသကဲ့သို့ လူမျိုးများမှ “လူအုပ်ကြီး” သည် ယေရှု၏မြေကြီးကိုယ်စာလှယ်များကို ထောက်ကူပေးရန် ထွက်လာကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀; ၄ ဓမ္မရာဇဝင် ၁၀:၁၅)—၁/၁၊ စာမျက်နှာ ၁၃။
◻ “ဘုရားသခင်နှင့်အတူသွားလာ [“လျှောက်လှမ်း၊” ကဘ] ၏” ဟူသည့်ဆိုလိုချက်ကားအဘယ်နည်း။ (ကမ္ဘာဦး ၅:၂၄; ၆:၉)
ယင်းသည် ဧနောက်နှင့်နောဧတို့ကဲ့သို့ ကျင့်ကြံပြုမူသူတို့သည် ဘုရားသခင်အပေါ် ခိုင်ခံ့သောယုံကြည်ခြင်းရှိကြောင်း သာဓကပြသည့်နည်းလမ်းတွင် ကျင့်ကြံနေကြ၏ဟူ၍ဖြစ်သည်။ သူတို့သည် ယေဟောဝါမိန့်မှာတော်မူသည့်အတိုင်း ကျင့်ဆောင်၍ လူသားတို့နှင့်ကိုယ်တော်ဆက်ဆံပုံမှ သူတို့သိရှိထားရာနှင့်အညီ မိမိတို့၏အသက်တာကို ကိုက်ညှိပေးခဲ့ကြသည်။—၁/၁၅၊ စာမျက်နှာ ၁၃။
◻ လူတစ်ဦးသည် မိမိ၏သေနိုင်ချေအချိန်အတွက် အဘယ်ကြောင့်ကြိုတင်စီမံထားသင့်သနည်း။
တစ်နည်းအားဖြင့်ဆိုလျှင် ဤသို့သောအစီအစဉ်များပြုလုပ်ခြင်းသည် မိမိ၏မိသားစုအတွက် ဆုလာဘ်တစ်ခုဖြစ်သည်။ ယင်းသည် မေတ္တာပြရာရောက်သည်။ ထိုသို့ပြုခြင်းက သူတို့နှင့်အတူမရှိတော့သည့်နောက်ပိုင်း၌ပင် သင်သည် ‘ကိုယ်အိမ်သူအိမ်သားတို့ကိုပြုစု’ လိုကြောင်းပြသရာရောက်ပါသည်။ (၁ တိမောသေ ၅:၈)—၁/၁၅၊ စာမျက်နှာ ၂၂။
◻ “ပဋိညာဉ်တရားဟောင်း” သည်အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း။ (၂ ကောရိန္သု ၃:၁၄၊ သမ္မာ)
၎င်းသည် ပဋိညာဉ်သစ်ကို ရှေ့ပြေးပုံဆောင်ကာ ယင်း၏အကြိမ်ကြိမ်ပူဇော်ရသောယဇ်များက လူသားသည် အပြစ်နှင့်သေခြင်းမှ ရွေးနုတ်ခံရဖို့ ဆိုးဝါးစွာလိုအပ်နေကြောင်း ဖော်ပြပါသည်။ ၎င်းသည် ‘ခရစ်တော်ထံသို့ ပို့ဆောင်သောအထိန်းဖြစ်’ သည်။ (ဂလာတိ ၃:၂၄)—၂/၁၊ စာမျက်နှာ ၁၄။
◻ ပဋိညာဉ်သစ်သည် မည်သည့်နည်းများဖြင့် ထာဝရဖြစ်သနည်း။ (ဟေဗြဲ ၁၃:၂၀)
ပထမအနေနှင့် ပညတ်ပဋိညာဉ်နှင့်မတူဘဲ ယင်းကို မည်သည့်အခါမျှအစားထိုးမည်မဟုတ်ပေ။ ဒုတိယအနေနှင့် ယင်း၏လုပ်ဆောင်မှုရလဒ်များသည် တည်မြဲသည်။ တတိယမှာ ဘုရားသခင့်နိုင်ငံတော်၌ မြေကြီးဆိုင်ရာလက်အောက်ခံသူများသည် အနှစ်တစ်ထောင်ကာလအားဖြင့် ပဋိညာဉ်သစ်အစီအစဉ်မှ ဆက်၍အကျိုးခံစားရကြလိမ့်မည်။—၂/၁၊ စာမျက်နှာ ၂၂။
◻ ကျေးဇူးတင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ခံစားရသနည်း။
နှလုံးသားမှလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခြင်းကြောင့် လူတစ်ဦးရရှိသည့် စိတ်လှုပ်ရှားမှုက ပျော်ရွှင်မှုနှင့်ငြိမ်သက်မှုကို ဖြစ်ပေါ်စေသည်။ (သု. ၁၅:၁၃၊ ၁၅ နှိုင်းယှဉ်။) ကျေးဇူးသိတတ်သောစိတ်သည် အပြုသဘောပါသော အရည်အသွေးတစ်ခုဖြစ်ခြင်းကြောင့် အမျက်ဒေါသ၊ မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော အပျက်သဘောထားများမှ ကာကွယ်ပေးပါသည်။—၂/၁၅၊ စာမျက်နှာ ၄။
◻ ဝိညာဉ်တော်ဖွားများသည် အဘယ်ပဋိညာဉ်များထဲသို့ ခေါ်ဆောင်ခံခဲ့ရကြပြီနည်း။
ဝိညာဉ်ရေးဣသရေလလူမျိုးနှင့် ယေဟောဝါဖွဲ့သော ပဋိညာဉ်တရားသစ်နှင့် ဘိသိက်ခံခြေရာတော်လိုက်သူများနှင့် ယေရှုဖွဲ့သော ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်တို့ဖြစ်သည်။ (လုကာ ၂၂:၂၀၊ ၂၈-၃၀)—၂/၁၅၊ စာမျက်နှာ ၁၆။
◻ ဣသရေလလူမျိုးသည် မည်သည့်ပွဲတော်ကြီးသုံးခုကို တက်ရောက်ရန် မိန့်မှာခံခဲ့ရသနည်း။
နိသန် ၁၄ ရက်ပသခါပွဲပြီးနောက် တစ်ဆက်တည်းဖြစ်သော တဆေးမဲ့မုန့်ပွဲ; နိသန် ၁၆ ရက်မှ ရက်ပေါင်း ၅၀ မြောက်တွင် သီတင်းအပတ်များပွဲ; သတ္တမလတွင် စုသိမ်းရာပွဲ သို့မဟုတ် သကေနေပွဲတို့ ဖြစ်သည်။ (တရားဟောရာ ၁၆:၁-၁၅)—၃/၁၊ စာမျက်နှာ ၈၊ ၉။
◻ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်းသည် အဘယ်ကြောင့်အခွင့်ထူးတစ်ရပ်ဖြစ်သနည်း။
“အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်” ဟုယေရှုမိန့်တော်မူခဲ့၏။ (မဿဲ ၁၈:၂၀; ၂၈:၂၀) ထို့ပြင် ဝိညာဉ်အစာကျွေးမွေးသည့် အရေးကြီးသောနည်းတစ်နည်းမှာ အသင်းတော်အစည်းအဝေးများနှင့် သာ၍ကြီးမားသောအစည်းအဝေးများအားဖြင့်ဖြစ်သည်။ (မဿဲ ၂၄:၄၅)—၃/၁၊ စာမျက်နှာ ၁၄။
◻ နိမ်ရောဒအမည်၏ဇာစ်မြစ်ကား အဘယ်နည်း။
နိမ်ရောဒဟူသောအမည်သည် မွေးဖွားစဉ်ကပေးခဲ့သော အမည်မဟုတ်ကြောင်း ကျမ်းပညာရှင်များစွာ သဘောထိုင်ကြသည်။ ယင်းအစား၊ သူ၏ပုန်ကန်လိုသောစရိုက် ထင်ရှားပြီးနောက်မှ ယင်းနှင့်လိုက်ဖက်အောင် ပေးထားသောအမည်ဖြစ်ရမည်ဟု သူတို့ယူဆကြသည်။—၃/၁၅၊ စာမျက်နှာ ၂၅။
◻ မိသားစုသည် လူ့အဖွဲ့အစည်းတွင် မည်မျှအရေးပါသနည်း။
မိသားစုသည် လူ့လိုအပ်ရာတစ်ခုဖြစ်ပါသည်။ မိသားစုအစီအစဉ် ယိုယွင်းပျက်စီးလာသည်နှင့်အမျှ လူ့အသိုင်းအဝိုင်းနှင့်တိုင်းနိုင်ငံများ၏စွမ်းအားလည်း ကျဆင်းလာကြောင်း သမိုင်းကဖော်ပြသည်။ ထိုကြောင့် မိသားစုသည် လူ့အဖွဲ့အစည်းတည်မြဲရေး၊ ကလေးငယ်များနှင့် အနာဂတ်လူမျိုးဆက် ကောင်းစားရေးတို့အပေါ် တိုက်ရိုက်အကျိုးဆက်ရှိသည်။—၄/၁၊ စာမျက်နှာ ၆။
◻ ကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း သက်သေထူသော သာဓကသုံးခုကား အဘယ်နည်း။
(၁) သိပ္ပံနှင့်အညီတိကျသည်၊ (၂) မျက်မှောက်ခေတ် အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျပြီး ကာလအကန့်အသတ်မရှိသော မူများပါရှိသည်၊ (၃) ပြည့်စုံခဲ့ပြီးဖြစ်ကြောင်း သမိုင်းဝင်ဖြစ်ရပ်များသက်သေထူသည့် ထူးခြားသောပရောဖက်ပြုချက်များပါရှိသည်။—၄/၁၊ စာမျက်နှာ ၁၅။