ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁ စာ. ၂၈-၃၁
  • ကြောက်မက်ဖွယ်စမ်းသပ်မှုများတစ်လျှောက် ထောက်မခံခဲ့ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြောက်မက်ဖွယ်စမ်းသပ်မှုများတစ်လျှောက် ထောက်မခံခဲ့ရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျူးလူမျိုးနောက်ခံ
  • စမ်းသပ်မှုများစတင်ခြင်း
  • ကျွန်မရဲ့အဆိုးရွားဆုံးစမ်းသပ်မှု
  • သက်သာရာကာလပိုင်း
  • အော့ဇ်ဝစ်မှာအသက်ရှင်ကျန်ရစ်ခြင်း
  • တခြားစခန်းတွေမှာအသက်ရှင်ကျန်ရစ်ခြင်း
  • လွတ်မြောက်ပြီးနောက်အသက်တာ
  • ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါကို ဘယ်လိုကျေးဇူးဆပ်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အမှန်တရားထက် ကောင်းသည့်အရာ ဘာမျှမရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုကို ယုံကြည်ကိုးစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁ စာ. ၂၈-၃၁

ကြောက်မက်ဖွယ်စမ်းသပ်မှုများတစ်လျှောက် ထောက်မခံခဲ့ရ

အဲဗား ယူးစက်ဖ်ဆန်ပြောပြသည်

ဟန်ဂေရီနိုင်ငံ၊ အူးအီပီရှ်ခရိုင် ဘူဒါပက်စ်မြို့မှာ ကျွန်မတို့အုပ်စုငယ်လေးဟာ ခရစ်ယာန်ဓမ္မအမှုဆောင်မထွက်ခင် တစ်ခဏစုရုံးစည်းဝေးခဲ့ကြတယ်။ အဲဒီအချိန်ဟာ ဒုတိယကမ္ဘာစစ်မစခင် ၁၉၃၉ ခုနှစ်ဖြစ်ပြီး ဟန်ဂေရီနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့အချိန်ဖြစ်တယ်။ အဲဒီတုန်းက လူတွေကို ကျမ်းစာသင်ပေးတဲ့သူတွေ ခဏခဏအဖမ်းခံခဲ့ရတယ်။

ဒီအလုပ်ကို ကျွန်မပထမဆုံးလုပ်ကိုင်ရမှာမို့ ကြောက်နေတဲ့ပုံပေါက်နေမှာပဲ။ အသက်ကြီးပိုင်းခရစ်ယာန်ညီအစ်ကိုတစ်ယောက်က ကျွန်မဘက်လှည့်ပြီး “အဲဗား၊ ကြောက်စရာမလိုပါဘူး။ ယေဟောဝါရဲ့အမှုတော်ဆောင်ရတာ ဂုဏ်အရှိဆုံးဖြစ်တယ်” လို့ပြောခဲ့တယ်။ အဲဒီစာနာမှုရှိပြီး အားပေးခဲ့တဲ့စကားတွေဟာ ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုအမျိုးမျိုးတစ်လျှောက် ကျွန်မကို ထောက်မကူညီပေးခဲ့တယ်။

ဂျူးလူမျိုးနောက်ခံ

ကျွန်မဟာ ကလေးငါးယောက်ရှိတဲ့ ဂျူးမိသားစုထဲက အကြီးဆုံးကလေးဖြစ်တယ်။ အမေက ဂျူးဘာသာကိုမကျေနပ်တဲ့အတွက် တခြားဘာသာတွေကို လိုက်ဆန်းစစ်ခဲ့တယ်။ ဒီလိုလုပ်ရင်းနဲ့ ကျမ်းစာအမှန်တရားကို ရှာဖွေနေတဲ့ နောက်ဂျူးအမျိုးသမီး အဲရ်ဇဘက် စလီဇင်္ဂါနဲ့ အမေတွေ့ဆုံခဲ့တယ်။ အဲရ်ဇဘတ်က အမေ့ကို ယေဟောဝါသက်သေတွေနဲ့ဆက်သွယ်ပေးခဲ့တယ်။ ဒါနဲ့ ကျွန်မပါ ကျမ်းစာသွန်သင်ချက်တွေကို အရမ်းစိတ်ဝင်စားလာတယ်။ မကြာခင်မှာ ကျွန်မသိတဲ့အကြောင်းတွေ သူများကိုစပြောပြတော့တယ်။

၁၉၄၁ ခုနှစ်နွေမှာ ကျွန်မ ၁၈ နှစ်ပြည့်တော့ ဒဲနျုဘ်မြစ်မှာ နှစ်ခြင်းခံပြီး ယေဟောဝါဘုရားသခင်ကို ဆက်ကပ်အပ်နှံခဲ့တယ်။ အမေလည်း တစ်ချိန်ထဲနှစ်ခြင်းယူခဲ့တယ်၊ အဖေကတော့ ကျွန်မတို့ရဲ့ခရစ်ယာန်ယုံကြည်ခြင်းသစ်ကို မခံယူဘူး။ နှစ်ခြင်းခံပြီး မကြာခင်မှာပဲ ရှေ့ဆောင်ဖို့၊ အဲဒါကတော့ အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်ဖို့ကျွန်မစီစဉ်လိုက်တယ်။ စက်ဘီးလိုတာနဲ့ အထည်အလိပ်စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တယ်။

စမ်းသပ်မှုများစတင်ခြင်း

နာဇီတို့က ဟန်ဂေရီနိုင်ငံကို သိမ်းပိုက်လိုက်တဲ့အတွက် ကျွန်မအလုပ်လုပ်နေတဲ့စက်ရုံဟာ ဂျာမန်အုပ်ချုပ်မှုအောက်ရောက်သွားခဲ့တယ်။ တစ်နေ့ကျတော့ နာဇီတွေကို သစ္စာစောင့်ပါ့မယ်လို့ ကျမ်းကျိန်ဖို့ ကြီးကြပ်မှူးတွေရှေ့ အလုပ်သမားအားလုံးအခေါ်ခံခဲ့ရတယ်။ ဒီလိုမလုပ်ရင် ဆိုးကျိုးတွေခံရလိမ့်မယ်လို့ ကျွန်မတို့ကိုပြောတယ်။ ဟိုင်းလ်ဟစ်တလာလုပ်ခိုင်းတဲ့အခါ မလုပ်ဘဲ လေးလေးစားစားရပ်ရုံရပ်နေတယ်။ အဲဒီနေ့ပဲ ကျွန်မကို ရုံးခန်းထဲခေါ် လစာပေးပြီး အလုပ်ထုတ်ပစ်လိုက်တယ်။ အလုပ်ကလည်းရှားတော့ ရှေ့ဆောင်ဖို့ ကျွန်မအစီအစဉ်တွေ ဘယ်လိုများနေမလဲလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ နောက်နေ့ပဲ လစာပိုကောင်းတဲ့ အလုပ်ရခဲ့တယ်။

ရှေ့ဆောင်လုပ်ချင်တဲ့ ကျွန်မရဲ့ဆန္ဒ အခုပြည့်တော့မှာပေါ့။ ကျွန်မမှာ ရှေ့ဆောင်အဖော်တွေအများကြီးရှိပြီး နောက်ဆုံးကတော့ ယူးလီရှ်ခါး အောစ်တလော့ရှ်ဖြစ်တယ်။ အမှုဆောင်မှာ ဝေဖို့စာအုပ်စာတမ်းမရှိတဲ့အတွက် ကျမ်းစာကိုပဲ ကျွန်မတို့အသုံးပြုခဲ့ကြတယ်။ စိတ်ဝင်စားတဲ့သူတွေကိုတွေ့တဲ့အခါ သူတို့ဆီပြန်လည်ပတ်ပြီး စာအုပ်ငှားဖတ်စေတယ်။

ယူးလီရှ်ခါးနဲ့ကျွန်မဟာ အမှုဆောင်ရပ်ကွက်ကို ခဏခဏပြောင်းခဲ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ‘သူရဲ့သိုး’ တွေဆီကျွန်မတို့လည်ပတ်နေတယ်ဆိုတာကို ခရစ်ယာန်ဓမ္မဆရာတစ်ယောက်သိသွားတဲ့အခါ ယေဟောဝါသက်သေတွေရောက်လာရင် သူ့ကိုသတင်းပို့ရမယ် ဒါမှမဟုတ် ရဲကိုတိုင်ရမယ်လို့ ချာ့ချ်မှာကြေညာထားတဲ့အတွက်ဖြစ်တယ်။ ကျွန်မတို့ကိုခင်တဲ့သူတွေက အဲဒီလိုကြေညာတဲ့အကြောင်းပြောပြရင် ကျွန်မတို့ရပ်ကွက်ပြောင်းကြတယ်။

တစ်နေ့ကျတော့ ယူးလီရှ်ခါးနဲ့ကျွန်မ စိတ်ဝင်စားတဲ့လူငယ်တစ်ယောက်ဆီ လည်ပတ်ခဲ့ကြတယ်။ ဖတ်ဖို့စာအုပ်တစ်အုပ်အုပ် သူ့ကိုပေးဖို့ ပြန်လာမယ်လို့ချိန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ပြန်သွားတဲ့အချိန်မှာ ရဲတွေရောက်နေတယ်။ ကျွန်မတို့ကိုဖမ်းပြီး ဒွန်နားဗီချီရဲစခန်းကို ခေါ်သွားကြတယ်။ ကျွန်မတို့ကို ဖမ်းချုပ်ဖို့ အဲဒီလူငယ်ကလေးကို အသုံးပြုခဲ့တာဖြစ်တယ်။ ရဲစခန်းကိုရောက်တဲ့အခါ အဲဒီမှာ ခရစ်ယာန်ဓမ္မဆရာကိုတွေ့တော့ သူလည်းပတ်သက်နေမှန်းသိခဲ့ရတယ်။

ကျွန်မရဲ့အဆိုးရွားဆုံးစမ်းသပ်မှု

ရဲစခန်းမှာ ကျွန်မကိုကတုံးတုံးပြီး ရဲသားတစ်ဒါဇင်ရှေ့မှာ ကိုယ်တုံးလုံးမတ်တတ်ရပ်ခိုင်းတယ်။ ဟန်ဂေရီနိုင်ငံမှာ ကျွန်မတို့ရဲ့ခေါင်းဆောင်ဟာ ဘယ်သူလဲဆိုတာကို သူတို့သိချင်ကြပြီး ကျွန်မကိုစစ်ဆေးမေးမြန်းခဲ့ကြတယ်။ ကျွန်မတို့မှာ ယေရှုခရစ်ကလွဲလို့ တခြားခေါင်းဆောင်မရှိဘူးလို့ ရှင်းပြခဲ့တယ်။ အဲဒီနောက် သူတို့ရဲ့နံပါတ်တုတ်တွေနဲ့ ကျွန်မကို မညှာမတာရိုက်ကြပေမဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို ကျွန်မသစ္စာမဖောက်ခဲ့ပါဘူး။

အဲဒီနောက်မှာ ကျွန်မရဲ့ခြေထောက်တွေကို ကြိုးနဲ့တုတ်၊ လက်တွေကို ခေါင်းပေါ်မြှောက်ခိုင်းပြီး ကြိုးနဲ့ချည်ထားကြတယ်။ ရဲသားတစ်ယောက်ကလွဲပြီး အားလုံးက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ဗလက္ကာရပြုလုပ်ခဲ့ကြတယ်။ ကျွန်မကိုအတင်းအကျပ်ကြီးချည်ထားတဲ့အတွက် နောက်သုံးနှစ်အထိ ကျွန်မရဲ့လက်ကောက်ဝတ်ကအရာတွေရှိနေတုန်းပါပဲ။ ကျွန်မကိုရက်ရက်စက်စက်ပြုကျင့်ခဲ့လို့ ကျွန်မရဲ့အပြင်းထန်ဆုံးဒဏ်ရာတွေ အတော်အသင့်မကျက်ခင် နှစ်ပတ်တိတိ မြေအောက်ခန်းထဲမှာ ဝှက်ထားခဲ့ကြတယ်။

သက်သာရာကာလပိုင်း

နောက်တော့ ကျွန်မကို ယေဟောဝါသက်သေတွေအများကြီးရှိတဲ့ နာဂ်ျကော့နီဇော ထောင်ကိုပို့လိုက်တယ်။ ကျွန်မတို့ထောင်ကျခဲ့ကြရပေမဲ့ အဲဒီနှစ်နှစ်ဟာ အတော်ပျော်စရာကောင်းခဲ့ပါတယ်။ စည်းဝေးတွေအားလုံးကို လျှို့ဝှက်ကျင်းပခဲ့ကြပြီး အသင်းတော်တစ်ခုလိုပဲ လုပ်ဆောင်ခဲ့ကြတယ်။ အလွတ်သဘောသက်သေခံဖို့ အခွင့်အရေးတွေလည်း အများကြီးရခဲ့တယ်။ အမေနဲ့ကျွန်မကို ကျမ်းစာအမှန်တရားစပေးခဲ့တဲ့ အဲရ်ဇဘက် စလီဇင်္ဂါရဲ့ညီမအရင်း အောလ်ဂါ စလီဇင်္ဂါကို ဒီထောင်မှာတွေ့ဆုံခဲ့တယ်။

၁၉၄၄ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံက ဂျူးတွေကို တခြားသိမ်းပိုက်ထားခဲ့တဲ့နယ်မြေတွေမှာ စနစ်တကျသတ်ပစ်ခဲ့သလိုသတ်ပစ်ဖို့ ဟန်ဂေရီနိုင်ငံမှာရှိတဲ့ နာဇီတွေကဆုံးဖြတ်ခဲ့ကြတယ်။ တစ်နေ့ကျတော့ အောလ်ဂါနဲ့ကျွန်မကို သူတို့လာခေါ်သွားတယ်။ ကျွန်မတို့ကို နွားတင်ရထားတွဲတွေပေါ် ပြွတ်သိပ်တင်ပြီး ချက်ကိုစလိုဘက်ကီးယားနိုင်ငံကိုဖြတ်ကျော်တဲ့ ခရီးစဉ်အဆုံးမှာ တောင်ပိုင်းပိုလန်နိုင်ငံ—သေဒဏ်ပေးတပ်စခန်းအော့ဇ်ဝစ်—ကိုရောက်ခဲ့ကြတယ်။

အော့ဇ်ဝစ်မှာအသက်ရှင်ကျန်ရစ်ခြင်း

ကျွန်မအောလ်ဂါနဲ့အတူရှိတဲ့အခါ လုံခြုံတယ်။ သူမဟာ တကယ့်အခက်အခဲကြားမှာတောင် ဟာသလုပ်တတ်တယ်။ အော့ဇ်ဝစ်ကို ကျွန်မတို့ရောက်တဲ့အခါ ရောက်လာတဲ့လူသစ်တွေကို ကြံ့ခိုင်တဲ့သူတွေကနေ အလုပ်မလုပ်နိုင်တဲ့သူတွေကိုခွဲထုတ်ရတဲ့ လူယုတ်မာ ဒေါက်တာမယ်ဂဲလ်ရှေ့ ကျွန်မတို့ရောက်ရှိခဲ့ကြတယ်။ နောက်အုပ်စုကို ဓာတ်ငွေ့ခန်းတွေဆီပို့ခဲ့တယ်။ ကျွန်မတို့အလှည့်ရောက်တော့ မယ်ဂဲလ်က အောလ်ဂါကို “အသက်ဘယ်လောက်ရှိပြီလဲ” လို့မေးတယ်။

မျက်လုံးရွှင်လက်တောက်ပပြီး သတ္တိရှိရှိနဲ့ “၂၀” လို့သူမက ဖြေလိုက်တယ်။ တကယ်တော့ သူ့အသက်က အဲဒီထက်နှစ်ဆရှိခဲ့တယ်။ ဒါပေမဲ့ မယ်ဂဲလ်က ရယ်ပြီး ညာဘက်ကိုသွားခိုင်းလိုက်တာနဲ့ သူဆက်အသက်ရှင်ခွင့်ရရှိခဲ့တယ်။

အော့ဇ်ဝစ်ထောင်သားအားလုံးရဲ့ ထောင်အဝတ်အစားပေါ်မှာ—ဂျူးတွေဆိုရင် ဒါဝိဒ်ကြယ်၊ ယေဟောဝါသက်သေတွေဆိုရင် ခရမ်းရောင်တြိဂံ—တံဆိပ်တပ်ထားရတယ်။ ကျွန်မတို့ရဲ့အဝတ်အစားပေါ်မှာ ဒါဝိဒ်ကြယ်တပ်ပေးချင်ကြတဲ့အခါမှာ ကျွန်မတို့ဟာ ယေဟောဝါသက်သေတွေဖြစ်တဲ့အတွက် ခရမ်းရောင်တြိဂံပဲ တပ်ချင်တယ်လို့ရှင်းပြခဲ့တယ်။ ကျွန်မတို့ ဂျူးလူမျိုးဖြစ်ရတာကို ရှက်လို့မဟုတ်ဘဲ အခုကျွန်မတို့ဟာ ယေဟောဝါသက်သေတွေဖြစ်နေကြလို့ပါပဲ။ ကျွန်မတို့ကို ခြေထောက်နဲ့ပိတ်ကန်ကြ၊ ရိုက်ကြပြီး ဂျူးတံဆိပ်ကို လက်ခံဖို့အတင်းကြိုးစားကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေအဖြစ် သူတို့လက်မခံမချင်း ကျွန်မတို့အလျှော့မပေးခဲ့ကြဘူး။

တစ်နေ့ကျတော့ ကျွန်မထက်သုံးနှစ်ငယ်တဲ့ ကျွန်မညီမအဲလ်ဗီးရာနဲ့ မမျှော်လင့်ဘဲဆုံလိုက်ရတယ်။ ကျွန်မတို့မိသားစုခုနစ်ယောက်စလုံး အော့ဇ်ဝစ်ကိုရောက်သွားကြတယ်။ အဲလ်ဗီးရာနဲ့ကျွန်မတို့ပဲ အလုပ်လုပ်နိုင်တဲ့အဖွဲ့ထဲပါခဲ့တယ်။ အဖေ၊ အမေနဲ့ ကျွန်မတို့ရဲ့မွေးချင်းသုံးယောက်တို့က ဓာတ်ငွေ့ခန်းတွေမှာ အသက်ဆုံးခဲ့ကြရတယ်။ အဲဒီတုန်းက အဲလ်ဗီးရာက သက်သေခံတစ်ယောက်မဟုတ်တဲ့အတွက် စခန်းရဲ့ တစ်နေရာထဲမှာ ကျွန်မတို့မနေခဲ့ကြရဘူး။ သူမဟာ မသေပဲကျန်လို့ အမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့သွားပြီး ပဲင်စီဘေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ဂ်မြို့မှာ သက်သေခံတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲဒီမှာပဲ ၁၉၇၃ ခုနှစ်မှာကွယ်လွန်ခဲ့တယ်။

တခြားစခန်းတွေမှာအသက်ရှင်ကျန်ရစ်ခြင်း

၁၉၄၄/၄၅ ခုနှစ်ရဲ့ဆောင်းရာသီမှာ ရုရှားတွေ ချီတက်ဝင်ရောက်လာနေတဲ့အတွက် ဂျာမန်တွေဟာ အော့ဇ်ဝစ်ကနေ တပ်ဆုတ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ဒါနဲ့ ဂျာမနီမြောက်ပိုင်း ဘာဂန်-ဘီလ်ဇန်မြို့ကို ပြောင်းရွှေ့ကြရပြန်ရော။ ရောက်ပြီးမကြာခင်မှာ အောလ်ဂါနဲ့ကျွန်မကို ဘရောန် ရှဗစ်ခ်ကိုပို့လိုက်တယ်။ ဒီမှာ မဟာမိတ်တပ်ဖွဲ့တွေ အကြီးအကျယ်ဗုံးကြဲပြီးလို့ အပျက်အစီးတွေကိုရှင်းဖို့ ကျွန်မတို့ကိုတာဝန်ပေးတယ်။ ဒီကိစ္စကို အောလ်ဂါနဲ့ကျွန်မတို့က ဆွေးနွေးခဲ့ကြတယ်။ ဒီအလုပ်ကိုလုပ်ရင် ကျွန်မတို့ရဲ့ကြားနေမှုကို ချိုးဖောက်နေမနေ မသေချာလို့ အဲဒီထဲမှာမပါဝင်ဖို့ ကျွန်မတို့နှစ်ယောက်စလုံး ဆုံးဖြတ်ခဲ့ကြတယ်။

ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကြောင့် အတော်လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ သားရေကျာပွတ်နဲ့အရိုက်ခံရပြီးတော့ သေနတ်ပစ်တပ်ဖွဲ့ရှေ့ ခေါ်သွားခဲ့ကြတယ်။ အဲဒီကိစ္စကို စဉ်းစားဖို့ တစ်မိနစ်အချိန်ပေးတယ်။ တကယ်လို့ ကျွန်မတို့ရဲ့စိတ်မပြောင်းလဲဘူးဆိုရင် ပစ်သတ်ခံရလိမ့်မယ်လို့ပြောခဲ့တယ်။ ဆုံးဖြတ်ပြီးသားဖြစ်လို့ စဉ်းစားဖို့အချိန်မလိုပါဘူးလို့ ကျွန်မတို့ပြောခဲ့တယ်။ ဒါပေမဲ့ စခန်းမှူးဆီမှာပဲ သေမိန့်ချဖို့ အခွင့်အာဏာရှိလို့ သူရောက်မလာသေးတဲ့အတွက် ကျွန်မတို့ကိုသတ်ပစ်ဖို့ကို ရွှေ့ဆိုင်းထားခဲ့ကြတယ်။

အဲဒီအတောအတွင်း ကျွန်မတို့ကို စခန်းဝင်းထဲမှာ တစ်နေ့လုံးမတ်တတ်ရပ်ခိုင်းခဲ့ကြတယ်။ နှစ်နာရီတစ်ခါလဲတဲ့ လက်နက်ကိုင်စစ်သားနှစ်ယောက်က ကျွန်မတို့ကို စောင့်ကြပ်ခဲ့ကြရတယ်။ ကျွန်မတို့ကို အစာမကျွေးဘဲထားကြပြီး ဖေဖော်ဝါရီလဖြစ်တဲ့အတွက်လည်း ကျွန်မတို့အရမ်းချမ်းနေကြတယ်။ ဒီလိုတစ်ပတ်ကျော်ခံနေခဲ့ကြရပေမဲ့ တပ်မှူးရောက်မလာဘူး။ ဒါနဲ့ ကျွန်မတို့ကို ကုန်တင်ကားနောက်ပေါ် တင်ပို့လိုက်တာ ဘာဂန်-ဘီလ်ဇန်မြို့ကို ပြန်ရောက်လာလို့အံ့သြမိခဲ့တယ်။

အဲဒီအချိန်မှာ အောလ်ဂါနဲ့ကျွန်မဟာ တကယ်အခြေအနေဆိုးနေတယ်။ ကျွန်မဆံပင်အကုန်လုံးကျွတ်ကုန်တဲ့အပြင် အဖျားလည်းကြီးခဲ့တယ်။ နည်းနည်းပါးပါးအလုပ်လုပ်ဖို့ အတော့်ကိုကြိုးစားယူရတယ်။ နေ့တိုင်းစားရတဲ့ ဂေါ်ဖီထုပ်စွပ်ပြုတ်ရည်ကျဲနဲ့ ပေါင်မုန့်နည်းနည်းက မလောက်ဘူး။ ဒါပေမဲ့ အလုပ်မလုပ်နိုင်တဲ့သူတွေကို သတ်ပစ်တဲ့အတွက်ကြောင့် ကျွန်မတို့အလုပ်မလုပ်ရင်မဖြစ်ခဲ့ဘူး။ မီးဖိုချောင်မှာ ကျွန်မနဲ့အတူအလုပ်လုပ်ခဲ့ကြတဲ့ ဂျာမန်ညီအစ်မတွေက ကျွန်မအနားရဖို့ ကူညီပေးခဲ့ကြတယ်။ စစ်ဆေးဖို့ အစောင့်တွေလာတဲ့အခါ အလုပ်ကြိုးစားလုပ်နေတဲ့ပုံစံမျိုးနဲ့ အလုပ်ခုံမှာ မတ်တတ်ရပ်နေနိုင်အောင် ညီအစ်မတွေက ကျွန်မကိုကြိုတင်သတိပေးခဲ့ပါတယ်။

တစ်နေ့မှာ အောလ်ဂါခမျာ သူ့ရဲ့အလုပ်ခွင်ကို သွားဖို့လုံးဝအားမရှိတော့ဘူး။ အဲဒီနောက် သူ့ကို ကျွန်မတို့မတွေ့တော့ဘူး။ စခန်းတွေထဲမှာ အခက်အခဲကြုံရတဲ့အခါ ကျွန်မကိုအကူအညီအများကြီးပေးခဲ့တဲ့ သတ္တိရှိတဲ့မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ သခင်ယေရှုခရစ်ရဲ့ ဘိသိက်ခံနောက်လိုက်တစ်ယောက်အနေနဲ့ ကောင်းကင်အသက်တာဆုကို သူချက်ချင်းရရှိခဲ့မှာဖြစ်တယ်။—ဗျာဒိတ် ၁၄:၁၃။

လွတ်မြောက်ပြီးနောက်အသက်တာ

၁၉၄၅၊ မေလမှာ စစ်ပြီးလို့ လွတ်ငြိမ်းခွင့်ရတဲ့အခါ မင်းဆိုးတွေရဲ့ဖိနှိပ်မှု ပြီးဆုံးသွားတာကို အားနည်းလွန်းလို့ ကျွန်မမပျော်နိုင်ခဲ့ဘူး; လွတ်မြောက်ခဲ့တဲ့သူတွေကို လက်ခံတဲ့နိုင်ငံတွေဆီခေါ်သွားတဲ့ ယာဉ်တန်းတွေနဲ့လည်း ကျွန်မမလိုက်သွားနိုင်ခဲ့ဘူး။ ခွန်အားပြန်ရှိလာဖို့ ဆေးရုံမှာ သုံးလနေခဲ့ရတယ်။ နောက်တော့ ကျွန်မနေထိုင်ရမယ့် နေရာအသစ်ဖြစ်လာတဲ့ ဆွီဒင်နိုင်ငံကို အပို့ခံရတယ်။ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေနဲ့ ချက်ချင်းအဆက်အသွယ်လုပ်ပြီး အချိန်တန်တော့ ကျွန်မမြတ်နိုးတဲ့လယ်ကွင်းဓမ္မအမှုကို စတင်လုပ်ဆောင်ခဲ့တယ်။

ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် နှစ်ချီအမှုဆောင်ခဲ့တဲ့ လဲနာဒ် ဂျိုးဇက်ဖ်စင်နဲ့လက်ထပ်ခဲ့တယ်။ သူလည်းပဲ သူ့ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့တဲ့အတွက် ဒုတိယကမ္ဘာစစ်အတွင်း ထောင်ကျခဲ့ရတယ်။ ၁၉၄၉၊ စက်တင်ဘာ ၁ ရက်နေ့မှာ ရှေ့ဆောင်တွေအဖြစ် ကျွန်မတို့ရဲ့ဘဝကိုစခဲ့ကြပြီး ဘိုရာ့စ်မြို့မှာ အမှုဆောင်ဖို့ တာဝန်ကျခဲ့ကြတယ်။ အဲဒီကိုရောက်ခဲ့တဲ့ အစပိုင်းနှစ်တွေမှာ စိတ်ဝင်စားသူတွေနဲ့ အပတ်တိုင်းပဲ ကျမ်းစာသင်အံမှု ဆယ်ခုမှန်မှန်ကျင်းပခဲ့ကြတယ်။ ကိုးနှစ်အတွင်း ဘိုရာ့စ်မြို့မှာ အသင်းတော်သုံးခုဖြစ်လာတာကို တွေ့ရတဲ့ပျော်ရွှင်မှုကိုကျွန်မတို့ရခဲ့ကြတယ်။ အခုတော့ အဲဒီမှာ အသင်းတော်ငါးခုရှိနေပါပြီ။

၁၉၅၀ ပြည့်နှစ်မှာ ကျွန်မတို့ဟာ သမီးတစ်ယောက်ရဲ့မိဘများဖြစ်လာကြပြီး နောက်နှစ်နှစ်မှာ သားတစ်ယောက်ထပ်ရတဲ့အတွက်ကြောင့် ရှေ့ဆောင်ကြာကြာမလုပ်လိုက်ရပါဘူး။ အဲဒါနဲ့ပဲ ကျွန်မအသက် ၁၆ နှစ်တုန်းက ကျွန်မကို “ယေဟောဝါရဲ့အမှုဆောင်ရတာ ဂုဏ်အရှိဆုံးဖြစ်တယ်” လို့ဟန်ဂေရီနိုင်ငံက ချစ်စွာသောညီအစ်ကိုရဲ့ အဖိုးထိုက်တဲ့တရားမှန်ကို ကျွန်မတို့ရဲ့ကလေးတွေကို သင်ပေးခွင့်ရခဲ့တယ်။

ယောဘရဲ့ခံနိုင်ရည်အကြောင်း သတိရစေတုန်းက “ထာဝရဘုရားသည် . . . အလွန်သနားစုံမက်” တယ်လို့ တပည့်တော်ယာကုပ်ရေးခဲ့တဲ့စကား ဘယ်လောက်မှန်တယ်ဆိုတာကို ကျွန်မတွေ့ကြုံခံစားခဲ့ရတယ်လို့ ကိုယ့်ဘဝကိုပြန်ပြောင်းကြည့်လိုက်တဲ့အခါ သိမြင်ရတယ်။ (ယာကုပ် ၅:၁၁) ကျွန်မလည်း တကယ်ဆိုးရွားတဲ့ စမ်းသပ်မှုတွေကို ခံခဲ့ရပေမဲ့ ကလေးနှစ်ယောက်၊ သူတို့ရဲ့အိမ်ထောင်ဖက်တွေနဲ့ မြေးခြောက်ယောက်—အားလုံး ယေဟောဝါကိုဝတ်ပြုသူများ—ရရှိတဲ့ ကောင်းချီးခံစားနေရပါပြီ။ အဲဒီအပြင် ကျွန်မမှာ ဝိညာဉ်ရေးသားသမီးတွေ၊ မြေးတွေ အများကြီးရှိနေပါပြီ။ အဲဒီထဲကတချို့ဟာ ရှေ့ဆောင်တွေ၊ ခရစ်ယာန်သာသနာပြုတွေဖြစ်နေကြတယ်။ အခု ကျွန်မရဲ့ပြင်းပြတဲ့မျှော်လင့်ချက်ကတော့ သေဆုံးသွားလို့ အိပ်ပျော်နေကြတဲ့ချစ်မြတ်နိုးရသူတွေ သင်္ချိုင်းကနေထမြောက်လာကြတဲ့အခါ သူတို့နဲ့ပြန်တွေ့ဆုံပြီး သူတို့ကို ပွေ့ဖက်ကြိုဆိုဖို့ဖြစ်တယ်။—ယောဟန် ၅:၂၈၊ ၂၉။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဒုတိယကမ္ဘာစစ်ပြီးနောက် ဆွီဒင်နိုင်ငံတွင် အမှုဆောင်စဉ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျွန်မခင်ပွန်းနှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ