ကမ္ဘာမြေကြီး—အဘယ်ကြောင့်ဤတွင်ရှိနေရ
သင်သုံးသပ်သင့်သော မေးခွန်းတစ်ခုရှိသည်– ကျွန်ုပ်တို့၏လှပသောကမ္ဘာဂြိုဟ်ကို မြေကြီးနှင့် ကမ္ဘာသူကမ္ဘာသားများအတွက် ရည်ရွယ်ချက်တစ်ခုဖြင့် ဉာဏ်ပညာရှိတော်မူသော ဖန်ဆင်းရှင်တစ်ပါးက ဖန်ဆင်းထားခြင်းလော။ သင်စိတ်ကျေနပ်သည့်အထိ ဤမေးခွန်း၏အဖြေကိုရပြီဆိုလျှင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အတွက် အနာဂတ်သည် အဘယ်သို့ဖြစ်ကြောင်းသိမြင်ရန် အထောက်အကူရနိုင်ပါသည်။
စကြဝဠာနှင့် ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို စေ့စေ့စပ်စပ်လေ့လာခဲ့ကြသည့် သိပ္ပံပညာရှင်များစွာတို့သည် ဖန်ဆင်းရှင်ဘုရားသခင်တစ်ပါး တည်ရှိကြောင်းဖော်ပြသည့် သက်သေအထောက်အထားများကို တွေ့ရှိခဲ့ကြပြီ။ သိပ္ပံပညာရှင်တစ်ဦးတည်း၏အဆိုကို သုံးသပ်ကြည့်ပါ–
ပါမောက္ခ ပေါလ် ဒေးဗစ္စက “မပြောင်းမလဲတည်ရှိ၍ စနစ်ကျလျက် ရှုပ်ထွေးနက်နဲသော ဖွဲ့စည်းမှုများပါဝင်သည့် အစီအစဉ်ကျနသေချာသော စကြဝဠာတစ်ခုတည်ရှိဖို့အတွက် အထူးနိယာမများနှင့် အခြေအနေမျိုးများလိုအပ်ပါသည်” ဟုဘုရားသခင်၏ဉာဏ်ရည်တော်ဟူသော စာအုပ်တွင်ရေးသားထားသည်။
ရူပနက္ခတ္တဗေဒပညာရှင်များနှင့် အခြားသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြသော “တိုက်ဆိုင်မှု” အများအပြားကို ဆွေးနွေးတင်ပြပြီးနောက် ပါမောက္ခ ဒေးဗစ္စက ဤသို့ထပ်ဆင့်သည်– “အားလုံးကိုခြုံငုံကြည့်လိုက်လျှင် ကျွန်ုပ်တို့သိရှိသည့် အသက်သည် ရူပဗေဒနိယာမဖွဲ့စည်းပုံနှင့် အမှုန်၏ဒြပ်ထုများ၊ စွမ်းအားများ အစရှိသည်တို့အတွက် ကိန်းဂဏန်းတန်ဖိုးအတိအကျဖြင့် သဘာဝကရွေးချယ်သတ်မှတ်ပေးထားသော မတော်တဆမှုဟုထင်ရသည့်အရာအချို့ပေါ်တွင် အတိမ်းအစောင်းမခံဘဲ မူတည်နေကြောင်း မှတ်သားလောက်ဖွယ်သာဓကကိုတွေ့ရသည်။ . . . အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင့်နေရာဝင်ပြီး စက်ခလုတ်များကို စိတ်ကြိုက်လှည့်၍ ဤအရေအတွက်များ၏တန်ဖိုးကို ရွေးချယ်သတ်မှတ်ပေးမည်ဆိုလျှင် သတ်မှတ်ထားသမျှ စက်ခလုတ်အနေအထားတို့ကြောင့် စကြဝဠာသည် လူမနေနိုင်အောင်ဖြစ်သွားမည်ဟုပြောနိုင်သည်။ အချို့ကိစ္စများတွင် သက်ရှိရှင်သန်နိုင်သော စကြဝဠာဖြစ်ဖို့ ခလုတ်အသီးသီးကို အလွန်တိတိကျကျလှည့်ပေးထားရန်လိုမည်ဟု ယူဆရသည်။ . . . ရှိရင်းစွဲအရာများကို အနည်းငယ်မျှပင် ပြောင်းလဲလိုက်မည်ဆိုလျှင် စကြဝဠာကွယ်ပျောက်သွားနိုင်မည်ဟူသည့်အချက်သည် အမှန်ပင်အလေးအနက်စဉ်းစားစရာအချက်ဖြစ်သည်။”
ယင်းတို့က လူအများကိုသိစေသည်မှာ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးနှင့် စကြဝဠာရှိကျန်အစိတ်အပိုင်းတို့ကို ရည်ရွယ်ချက်ရှိသောဖန်ဆင်းရှင်တစ်ပါး ဖန်ဆင်းထားတော်မူကြောင်းဖြစ်သည်။ သို့ဖြစ်လျှင် ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အစကတည်းက အဘယ်ကြောင့်ဖန်ဆင်းခဲ့ကြောင်း သိဖို့လိုသည်။ ဖြစ်နိုင်လျှင် ကမ္ဘာမြေကြီးအတွက် အဘယ်ရည်ရွယ်ချက်ရှိကြောင်း ကျွန်ုပ်တို့ဂဃနဏသိအောင် ပြုလုပ်ဖို့လည်းလိုအပ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သော ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပေါ်လာပါသည်။ ဘုရားသခင်မဲ့ဝါဒ အကြီးအကျယ်ခေတ်စားသည့်ကြားမှ အသိဉာဏ်ရှိသော ဖန်ဆင်းရှင်တစ်ပါး၌ အံ့ဖွယ်အရည်အတွက်သည် ယုံကြည်နေဆဲပင်။ ခရစ်ယာန်ဘောင်ချာ့ချ်အများစုသည် အတိုင်းမရှိတန်ခိုးရှင်ဘုရားသခင်နှင့် စကြဝဠာ၏ဖန်ဆင်းရှင်အကြောင်း ပြောဆိုလေ့ရှိကြသည်။ သို့တိုင် ထိုဘာသာတရားတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်တွင် ကမ္ဘာမြေကြီး၏အနာဂတ်အကြောင်း အခိုင်အမာယုံကြည်စိတ်ချစွာပြောဆိုခြင်း မရှိသလောက်ပင်ဖြစ်သည်။
သမ္မာကျမ်းစာကမည်သို့ဆိုသနည်း
ဖန်ဆင်းရှင်ထံမှလာသည်ဟု လူအများလက်ခံထားကြသော အကြောင်းအချက်ရင်းမြစ်တစ်ခုကို အားထားမျှော်ကိုးခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ ထိုရင်းမြစ်မှာ သမ္မာကျမ်းစာပင်ဖြစ်သည်။ ကျွန်ုပ်တို့ကမ္ဘာမြေကြီး၏ အနာဂတ်နှင့်ပတ်သက်သည့် အရိုးသားဆုံးနှင့် အရှင်းလင်းဆုံးဖော်ပြချက်တစ်ခုကို ဒေသနာ ၁:၄ ၌တွေ့ရှိရသည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။” မြေကြီးကို ယေဟောဝါဘုရားသခင် အဘယ်ကြောင့်ဖန်ဆင်းခဲ့ကြောင်းကို နားလည်လွယ်အောင် သမ္မာကျမ်းစာတွင် ရှင်းပြထားသည်။ ယင်းကို စကြဝဠာအတွင်းနှင့် နေနှင့်စပ်လျဉ်း၍ သက်ရှိများကိုထောက်မပေးနိုင်သည့် နေရာမှန်တွင်ထားရှိကြောင်းကိုလည်း ဖော်ပြထားသည်။ အတိုင်းမရှိတန်ခိုးရှင် ဘုရားသခင်သည် ရှေးပရောဖက်ဟေရှာယကို ဤသို့ရေးသားရန်မှုတ်သွင်းတော်မူခဲ့သည်– “မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသော ဘုရားသခင်မိန့်တော်မူသည်ကား၊ ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိ။”—ဟေရှာယ ၄၅:၁၈။
သို့သော် မြေကြီးပေါ်မှ သက်ရှိအားလုံးကိုဖျက်ဆီးပစ်ရန် လူတို့ပြုလုပ်ထားရာများကော မည်သို့နည်း။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ပေါ်မှ သက်ရှိအားလုံးကို လူသားမဖျက်ဆီးနိုင်မီ တုနှိုင်းဖွယ်မရှိသော မိမိ၏ဉာဏ်ပညာတော်ဖြင့် ကြားဝင်ဆောင်ရွက်မည်ဟု ဘုရားသခင်က ကြေညာထားတော်မူသည်။ သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်ဖြစ်သော ဗျာဒိတ်ကျမ်းတွင်ဖော်ပြထားသည့် ဤယုံကြည်စိတ်ချနိုင်သောကတိတော်ကို သတိပြုပါ– “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သောသူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ကျွန်တည်းဟူသော ပရောဖက်တို့အားလည်းကောင်း၊ သန့်ရှင်းသူတို့အားလည်းကောင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကိုပေးသနားတော်မူ၍၊ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးသောအချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။”—ဗျာဒိတ် ၁၁:၁၈။
အာကာသယာဉ်မှူးတစ်ဦး ကမ္ဘာမြေကြီးကိုလှည့်ပတ်စဉ်က အာကာသထဲမှရတနာဟုဖော်ညွှန်းခဲ့သော မြေကြီးကိုဖန်ဆင်းရာတွင် ယေဟောဝါသည် မိမိ၏မူလရည်ရွယ်ချက် အဘယ်သို့ရှိကြောင်း ကျွန်ုပ်တို့ကို ကိုယ်တော်ဖော်ပြတော်မူသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူသားအားလုံး—ယောက်ျားများနှင့် မိန်းမများ—အရေအတွက်အနေတော်ဖြင့် အေးချမ်းငြိမ်သက်စွာနေထိုင်ကြမည့် ကမ္ဘာချီပရဒိသုတစ်ခုဖြစ်လာရန်တည်း။ ပထမလူသားမောင်နှံကို သားသမီးများမွေးဖွားခွင့်ပေးခြင်းဖြင့် တဖြည်းဖြည်းနှင့် ကမ္ဘာဂြိုဟ်ပေါ်နေထိုင်သွားဖို့ ကိုယ်တော်စီစဉ်တော်မူ၏။ ယေဟောဝါသည် ပထမလူသားမောင်နှံ ပျော်ရွှင်ကြည်နူးစေဖို့အတွက် မြေကြီး၏တစ်စိတ်တစ်ပိုင်းကို ပရဒိသုအခြေအနေအဖြစ်ဖန်တီးခဲ့သည်။ ရာစုနှစ်များတစ်လျှောက် လူ့မိသားစုများပေါက်ပွားလာသည့်အခါ ဧဒင်ဥယျာဉ်သည် ကမ္ဘာဦး ၁:၂၈ တွင်ဘုရားသခင်ပြောခဲ့သော “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟူသည့်စကားပြည့်စုံလာသည်အထိ တဖြည်းဖြည်းတိုးချဲ့လာပေမည်။
မြေကြီးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ ဝမ်းနည်းဖွယ်အခြေအနေကို ကျွန်ုပ်တို့ယခုမြင်တွေ့နေကြရာ မြေကြီးနှင့်ပတ်သက်သော ဘုရားသခင်၏မူလရည်ရွယ်ချက် ပျက်ပြားသွားပြီဟု အဓိပ္ပာယ်သက်ရောက်ပါသလော။ သို့မဟုတ် မိမိ၏ရည်ရွယ်ချက်ကို ပြောင်းလဲလိုက်ပြီး လူတို့၏ထင်ရာစိုင်းမှုကြောင့် ကမ္ဘာဂြိုဟ်ကိုလုံးဝပျက်စီးစေကာ အသစ်တစ်ဖန်ပြုလုပ်ရန် ဆုံးဖြတ်ထားတော်မူပြီလော။ ဤအခြေအနေတစ်ခုကိုမျှ ဘုရားသခင်ဖြစ်စေမည်မဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ယေဟောဝါရည်ရွယ်တော်မူသမျှသည် အမှန်ပင်ဖြစ်ပျက်လာ၍ ကိုယ်တော်ဆုံးဖြတ်တော်မူသမျှကို တစ်စုံတစ်ဦးကမျှ သို့မဟုတ် မမျှော်လင့်သောဖြစ်ပေါ်လာမှုဖြင့်ပင် မဟန့်တားနိုင်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဖော်ပြထားသည်။ ကိုယ်တော်က ဤသို့စိတ်ချစေသည်– “ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။”—ဟေရှာယ ၅၅:၁၁။
ဘုရားသခင့်ရည်ရွယ်ချက် ကြားဝင်နှောင့်ယှက်ခံရ၊ မပြောင်းလဲသွားခဲ့
အာဒံနှင့် ဧဝတို့၏သွေဖည်မှုနှင့် ဧဒင်ဥယျာဉ်မှနှင်ထုတ်ခံရခြင်းတို့ဖြစ်ပြီးနောက် မြေကြီးပရဒိသုဖြစ်လာရမည့် ဘုရားသခင့်ရည်ရွယ်ချက်သည် သူတို့မပါဘဲအထမြောက်မည်ဖြစ်ကြောင်း ထင်ရှားပါသည်။ သို့သော် သူတို့၏သားသမီးအချို့သည် ကိုယ်တော်၏ကနဦးအမိန့်တော်ကို ပြီးမြောက်အောင်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ထိုခဏချင်းတွင်ပင် ယေဟောဝါဖော်ပြတော်မူခဲ့သည်။ ယင်းသို့ဖြစ်လာရန် ရာစုနှစ်ပေါင်းများစွာပင် အချိန်ပေးရမည်မှန်သော်လည်း အာဒံနှင့်ဧဝတို့နှစ်ဦးစလုံး စုံလင်မှုဖြင့်ဆက်အသက်ရှင်ခဲ့လျှင်ပင် ကနဦးအမိန့်တော်ကို ဖြစ်မြောက်အောင်မြင်စေရန် အချိန်မည်မျှကြာမည်ကို မဖော်ပြထားချေ။ အမှန်မှာ ယခုမှစ၍ အနှစ်တစ်ထောင်အနည်းငယ်ကျော်ကျော်တွင်ဖြစ်မည့် ယေရှုခရစ်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံးပိုင်းတွင် ဧဒင်ဥယျာဉ်၏ ပရဒိသုအခြေအနေသည် ကမ္ဘာတစ်ဝန်းကျယ်ပြန့်သွားပြီး မြေကြီးပေါ်တွင် ပထမလူသားမောင်နှံတို့၏ ငြိမ်းချမ်းရေးကိုမြတ်နိုး၍ ပျော်ရွှင်သော သားစဉ်မြေးဆက်များနေထိုင်ကြမည်ဖြစ်သည်။ ရည်ရွယ်ချက်မပြည့်စုံဘဲမနေသည့် ရည်ရွယ်တော်မူရှင်တစ်ပါးအနေနှင့် ယေဟောဝါ၏စွမ်းပကားသည် ထာဝစဉ်ဂုဏ်တင်ခံရမည်တကား!
ထို့နောက် ကြာမြင့်စွာကတည်းက ဘုရားသခင်မှုတ်သွင်းတော်မူခဲ့သော စိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်များပြည့်စုံလာမည်။ ဟေရှာယ ၁၁:၆-၉ တွင်ဖော်ပြထားသည့် ဤကဲ့သို့သောကျမ်းချက်များသည် ဂုဏ်ကျက်သရေထင်ရှားစွာ ပြည့်စုံလာလိမ့်မည်– “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည်အတူကျက်စား၍၊ သူတို့သားများသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း၊ မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း၊ မြွေဆိုးတွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှင်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”
ကျန်းမာရေးမကောင်းခြင်း၊ အသည်းအသန်ဖျားနာခြင်းနှင့် သေခြင်းတို့သည် အတိတ်ကာလမှအဖြစ်အပျက်များ ဖြစ်သွားတော့မည်။ သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်တွင်တွေ့ရှိရသော ဤရိုးရှင်းသည့်စကားများထက် သာ၍ရှင်းလင်းသည့်အရာရှိနိုင်ပါဦးမည်လော။ “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
လှပသောဤကမ္ဘာဂြိုဟ်သည် တည်မြဲတည်နေမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့အမှန်အားယူနိုင်ကြပါသည်။ ဤအစီအစဉ်စနစ်ဆိုးသည် မြေကြီးကိုပျက်ယွင်းစေသော ယင်း၏အကျင့်အကြံအားလုံးနှင့်အတူ အဆုံးတိုင်သွားခြင်းကို အသင်ကပ်ကျော်ခွင့်ရနိုင်ပါစေ။ ဘုရားသခင်ပြုလုပ်တော်မူမည့် စင်ကြယ်သန့်ရှင်းသော ကမ္ဘာသစ်သည် မကြာမီရောက်ရှိလာတော့မည်။ ၎င်းပြင် ချစ်ရသောကွယ်လွန်သူများစွာတို့သည် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အံ့ဖွယ်အမှုအားဖြင့် သေခြင်းမှထလာကြလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) အမှန်ပင်၊ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် တည်မြဲတည်နေရမည်ဖြစ်၍ ၎င်းပေါ်တွင် ကျွန်ုပ်တို့နေထိုင်နိုင်ကြပြီး ပျော်မွေ့နိုင်ကြမည်တည်း။