ယေရုရှလင်—ယင်းကို ‘သင်၏ အမြတ်ဆုံးသောဝမ်းမြောက်ခြင်း အကြောင်းထက်အမြတ်ထား’ သလော
“အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကိုအမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။”—ဆာလံ ၁၃၇:၆။
၁။ ပြည်နှင်ဒဏ်ခံဂျူးများစွာသည် ဘုရားသခင်ရွေးချယ်ထားသည့်မြို့တော်အပေါ် အဘယ်သဘောထားရှိခဲ့ကြသနည်း။
ပထမဦးဆုံးပြည်နှင်ဒဏ်ခံဂျူးများသည် ယေရုရှလင်မြို့သို့ပြန်လာခဲ့သည့် ဘီ.စီ.အီး. ၅၃၇ မှအနှစ်ခုနစ်ဆယ်နီးပါးကျော်လွန်ခဲ့ပေပြီ။ ဘုရားသခင့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ပြီးဖြစ်သော်လည်း မြို့မူကားပျက်စီးနေဆဲရှိသည်။ ထိုအတောအတွင်း လူမျိုးဆက်အသစ်တစ်ခုသည် ပြည်နှင်ဒဏ်ခံဘဝဖြင့် ကြီးပြင်းလာခဲ့ကြသည်။ ထိုသူတို့အနက်များစွာသည် “အို ယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါ့လက်ယာလက်သည် မိမိအတတ်ကိုမေ့ပါစေ” ဟုစပ်ဆိုခဲ့သော ဆာလံဆရာကဲ့သို့ ခံစားခဲ့ကြမည်မှာ ယုံမှားဖွယ်မရှိချေ။ (ဆာလံ ၁၃၇:၅) အချို့သည် ယေရုရှလင်မြို့ကိုအောက်မေ့ရုံမျှမဟုတ်ပါ; ယင်းသည် “[သူတို့၏] အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်းထက်” အလေးအမြတ်ထားကြောင်း သူတို့၏ဆောင်ရွက်မှုများအားဖြင့် သက်သေထူခဲ့ကြသည်။—ဆာလံ ၁၃၇:၆။
၂။ ဧဇရကားမည်သူနည်း၊ သူသည် မည်သို့ကောင်းချီးခံစားခဲ့ရသနည်း။
၂ ဥပမာ၊ ယဇ်ပုရောဟိတ်ဧဇရကိုသုံးသပ်ကြည့်ပါ။ သူ၏မွေးရပ်ဌာနေသို့မပြန်မီပင် ယေရုရှလင်မြို့တွင် စင်ကြယ်သောဝတ်ပြုရေးအကျိုးအတွက် စိတ်ထက်သန်စွာလုပ်ဆောင်ခဲ့သည်။ (ဧဇရ ၇:၆၊ ၁၀) ယင်းကြောင့် ဧဇရသည် ကောင်းချီးကြွယ်ဝစွာခံစားခဲ့ရသည်။ ယေဟောဝါဘုရားသခင်သည် ပြည်နှင်ဒဏ်ခံရသူများမှ ဒုတိယအုပ်စုကို ယေရုရှလင်သို့ ဧဇရအားဦးဆောင်ခေါ်သွားခွင့်ပေးရန် ပါးရှားဘုရင်၏နှလုံးကိုလှုံ့ဆော်ပေးခဲ့သည်။ ထို့ထက်မက ဘုရင်သည် “ယေရုရှလင်မြို့၏ဗိမာန်တော်ကို တင့်တယ်စေ” ရန်ရွှေငွေမြောက်မြားစွာလှူဒါန်းခဲ့သည်။—ဧဇရ ၇:၂၁-၂၇။
၃။ ယေရုရှလင်မြို့သည် မိမိ၏အဓိကပူပန်မှုဖြစ်ကြောင်း နေဟမိမည်သို့ဖော်ပြခဲ့သနည်း။
၃ ၁၂ နှစ်ခန့်ကြာပြီးနောက် ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့သူ အခြားဂျူးတစ်ဦး—နေဟမိ—ရှိခဲ့သည်။ သူသည် ရှုရှန်မြို့ပါးရှားနန်းတော်၌အမှုထမ်းခဲ့သည်။ နေဟမိသည် ဘုရင်အာတဇေရဇ်၏ ဖလားတော်ကိုင်အဖြစ် ဂုဏ်ရှိသည့်ရာထူးရရှိထားသော်လည်း ယင်းသည် သူ၏ “အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်း” မဟုတ်ခဲ့ပေ။ ၎င်းအစား ယေရုရှလင်သို့သွားပြီး မြို့တော်ကိုပြန်လည်တည်ဆောက်လိုစိတ်ပြင်းပြခဲ့သည်။ နေဟမိသည် ယင်းနှင့်ပတ်သက်၍ လနှင့်ချီဆုတောင်းခဲ့ရာ ထိုသို့ပြုသည့်အတွက် သူ့ကို ယေဟောဝါဘုရားသခင်ကောင်းချီးပေးခဲ့သည်။ နေဟမိ၏ပူပန်မှုကိုသိရှိလာရာ ပါးရှားဘုရင်သည် စစ်တပ်တစ်တပ်နှင့်တကွ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ရန် အမိန့်တော်စာကိုပါပေးအပ်ခဲ့သည်။—နေဟမိ ၁:၁–၂:၉။
၄။ ကျွန်ုပ်တို့ဝမ်းမြောက်စရာ အရာအားလုံးတို့ထက် ယေဟောဝါ၏ဝတ်ပြုရေးကို အလေးအမြတ်ထားကြောင်း မည်သို့တင်ပြနိုင်သနည်း။
၄ ဧဇရ၊ နေဟမိနှင့် သူတို့၏ဂျူးတွဲဖက်များသည် ယေရုရှလင်မြို့၌ဗဟိုပြုသော ယေဟောဝါ၏ဝတ်ပြုရေးကို အခြားအရာအားလုံးတို့ထက် ပိုအရေးပေးကြောင်း သက်သေထူခဲ့ကြသည်မှာ ယုံမှားဖွယ်မရှိချေ။ ဆိုလိုသည်မှာ သူတို့အတွက်ဝမ်းမြောက်စရာဖြစ်သည့် မည်သည့်အရာထက်မဆို ယင်းသည် ‘သူတို့၏အမြတ်ဆုံးသောဝမ်းမြောက်စရာ’ ဖြစ်သည်။ ထိုသို့သောသူများသည် ယနေ့ ယေဟောဝါအားဖြစ်စေ၊ ကိုယ်တော့်ဝတ်ပြုရေးအပေါ်ဖြစ်စေ၊ ဝိညာဉ်တော်လမ်းညွှန်သော ကိုယ်တော့်အဖွဲ့အစည်းကိုဖြစ်စေ အလားတူရှုမြင်သူအားလုံးအတွက် တကယ်အားပေးမှုတစ်ရပ်ဖြစ်သည်တကား! သင့်အတွက်လည်း ထိုသို့ဖြစ်သလော။ သင့်အတွက်ဝမ်းမြောက်စရာအများဆုံးဖြစ်စေသည့်အကြောင်းသည် ကိုယ်တော့်ဆက်ကပ်အပ်နှံထားသောလူမျိုးတို့နှင့်အတူ ယေဟောဝါအားဝတ်ပြုခွင့်ရခြင်းဖြစ်ကြောင်း ဘုရားသခင့်ရေးရာများ၌ ခံနိုင်ရည်ရှိရှိပါဝင်ခြင်းအားဖြင့်တင်ပြပါသလော။ (၂ ပေတရု ၃:၁၁) ယင်းသို့ပြုဖို့အတွက် နောက်ထပ်အားပေးမှုတစ်ခုအဖြစ် ယေရုရှလင်သို့ နေဟမိ၏ခရီးစဉ်မှ အကျိုးရလဒ်မွန်များကို သုံးသပ်ကြည့်ကြစို့။
ကောင်းချီးများနှင့်တာဝန်များ
၅။ ဧဇရလက်ထက်၌ ယုဒပြည်သားများအပေါ် အဘယ်ကြွယ်ဝသောကောင်းချီးများသက်ရောက်ခဲ့သနည်း။
၅ ဧဇရဦးဆောင်ပြီး ပြန်ခေါ်လာခဲ့သောပြည်နှင်ဒဏ်ခံ ၆,၀၀၀ ခန့်ရှိလူစုသည် ယေဟောဝါ၏ဗိမာန်တော်အတွက် လှူဒါန်းကြသော ရွှေထည်ငွေထည်များကို ယူဆောင်လာခဲ့ကြသည်။ ယင်းပမာဏတန်ဖိုးသည် လက်ရှိကာလပေါက်ဈေးဒေါ်လာ ၃၅ သန်းခန့်ရှိသည်။ ယင်းသည် ပြည်နှင်ဒဏ်ခံရသော ပထမအုပ်စုယူဆောင်လာသည့် ရွှေငွေထက် ခုနစ်ဆခန့်ပိုများသည်။ ဤလူအင်အား၊ ပစ္စည်းအင်အားထောက်ပံ့မှုအားလုံးကိုရရှိခဲ့သည့်အတွက် ယေရုရှလင်မြို့နှင့်ယုဒပြည်သားများသည် ယေဟောဝါအား အမှန်တကယ်ကျေးဇူးတင်ခဲ့ကြမည်တကား! သို့သော် ဘုရားသခင့်ထံမှကောင်းချီးများခံစားရခြင်းနှင့်အတူ တာဝန်လည်းရရှိမည်ဖြစ်သည်။—လုကာ ၁၂:၄၈။
၆။ ဧဇရသည် သူ၏မွေးရပ်ဌာနေတွင် အဘယ်အရာကိုတွေ့မြင်ခဲ့သနည်း၊ သူမည်သို့တုံ့ပြန်ခဲ့သနည်း။
၆ အချို့သောယဇ်ပုရောဟိတ်များနှင့် အကြီးအကဲများအပါအဝင် ဂျူးများစွာသည် အယူမှားသောမိန်းမများကိုထိမ်းမြားခြင်းဖြင့် ဘုရားသခင့်ပညတ်ကို လွန်ကျူးနေကြကြောင်း များမကြာမီ ဧဇရတွေ့ရှိခဲ့သည်။ (တရားဟောရာ ၇:၃၊ ၄) ဘုရားသခင့်ပညတ်ပဋိညာဉ်ကို ဤသို့ပြစ်မှားခဲ့ကြခြင်းကြောင့် သူသည် အမှန်တကယ်ပင် အလွန်စိတ်ဓာတ်ကျခဲ့သည်။ “ထိုစကားကို ငါကြားလျှင် အတွင်းအဝတ်၊ ပြင်အဝတ်ကိုဆုတ်၍ . . . မိန်းမောတွေဝေလျက်ထိုင်နေ၏။” (ဧဇရ ၉:၃) ထို့နောက် စိတ်ထင့်နေသောဣသရေလလူတို့မျက်မှောက်၌ ဧဇရသည် ယေဟောဝါထံဆုတောင်းရင်ဖွင့်ခဲ့သည်။ အားလုံးနားထောင်နေကြစဉ် ဧဇရသည် ဣသရေလတို့၏အတိတ်ကမနာခံမှုနှင့် ထိုနိုင်ငံ၏အယူမှားသူများကိုထိမ်းမြားမည်ဆိုလျှင် မည်သို့ဖြစ်မည်ဟူသော ဘုရားသခင့်သတိပေးချက်တို့ကိုပြန်လည်သုံးသပ်ခဲ့သည်။ သူက ဤသို့နိဂုံးချုပ်ခဲ့သည်– “အိုဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ယနေ့အသက်လွတ်၍ ကျန်ကြွင်းသေးသောသူဖြစ်ပါ၏။ ကိုယ်အပြစ်များကို ရှေ့တော်၌တောင်းပန်ပါ၏။ ထိုအပြစ်ကြောင့် ရှေ့တော်၌နေရာမရနိုင်ပါ။”—ဧဇရ ၉:၁၄၊ ၁၅။
၇။ (က) အမှားပြုခြင်းကိုကိုင်တွယ်ရာတွင် အဘယ်ပုံသက်သေကောင်းကို ဧဇရတင်ပြခဲ့သနည်း။ (ခ) ဧဇရလက်ထက်၌ အပြစ်ရှိသူများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၇ ဧဇရသည် “အကျွန်ုပ်တို့” ဟူသောစကားကိုအသုံးပြုခဲ့သည်။ မှန်သည်၊ သူကိုယ်တိုင်ပြစ်မှားခဲ့သူမဟုတ်သော်လည်း သူ့ကိုယ်သူလည်းထည့်ခဲ့သည်။ ဧဇရ၏အလွန်ဝမ်းနည်းတကြီးဖြင့် နှိမ့်ချစွာတောင်းသောဆုတောင်းချက်သည် လူတို့၏နှလုံးကိုထိမိပြီး သူတို့နောင်တရကြောင်းတင်ပြသည့် အကျင့်များကိုကျင့်ရန်လှုံ့ဆော်ပေးခဲ့သည်။ နာကျင်လှသောပြုပြင်မှုပြုရန် သူတို့တလိုတလားရှိခဲ့ကြသည်။ ဘုရားသခင့်ပညတ်ကို ကျူးလွန်ခဲ့သူအားလုံးသည် မိမိတို့၏တိုင်းတစ်ပါးဇနီးမယားများနှင့် သူတို့မှမွေးဖွားသောကလေးများကိုပါ သူတို့၏မွေးရပ်ဌာနေများသို့ပြန်စေမည်ဖြစ်သည်။ ဤသို့အရေးတယူဆောင်ရွက်မှုကို ဧဇရသဘောတူလက်ခံခဲ့ပြီး ပြစ်မှားသူများလိုက်နာကြရန် အားပေးတိုက်တွန်းခဲ့သည်။ ပါးရှားဘုရင်အပ်နှင်းထားသည့်အခွင့်အာဏာဖြင့် ဧဇရသည် ပညတ်ကျူးလွန်သူအားလုံးကို စီရင်ပိုင်ခွင့် သို့မဟုတ် ယေရုရှလင်မြို့နှင့်ယုဒပြည်နယ်မှ နှင်ထုတ်ပိုင်ခွင့်ရှိသည်။ (ဧဇရ ၇:၁၂၊ ၂၆) သို့သော် ထိုသို့လုပ်ဆောင်ရန် မလိုခဲ့ပုံရှိသည်။ “ပရိသတ်အပေါင်းတို့ကလည်း ကိုယ်တော်မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည်ပြုပါမည်” ဟုဆိုခဲ့ကြ၏။ ထို့နောက် သူတို့က ဤသို့ဝန်ချခဲ့ကြသည်– ‘ဤအမှုတွင် အကြီးအကျယ်ပြစ်မှားခဲ့ကြပါ၏။’ (ဧဇရ ၁၀:၁၁-၁၃) ဧဇရအခန်းကြီး ၁၀ တွင်တိုင်းတစ်ပါးမှဇနီးများနှင့် သူတို့မှမွေးဖွားသောကလေးများကိုပြန်စေလွှတ်လိုက်ခြင်းဖြင့် ဆုံးဖြတ်သည့်အတိုင်းလိုက်လျှောက်ခဲ့ကြသည့် အမျိုးသား ၁၁၁ ဦး၏အမည်များကို ဖော်ပြထားသည်။
၈။ တိုင်းတစ်ပါးဇနီးမယားများကိုပြန်ပို့ခြင်းဖြစ်သည့် ပြင်းထန်သောလုပ်ဆောင်မှုသည် လူသားအားလုံး၏အကျိုးအတွက် အဘယ်ကြောင့်ဖြစ်ခဲ့သနည်း။
၈ ဤလုပ်ရပ်သည် ဣသရေလလူတို့အတွက်သာမက လူသားအားလုံး၏အကျိုးအတွက်ဖြစ်သည်။ သူတို့သာမပြုပြင်ခဲ့လျှင် ဣသရေလလူတို့သည် ပတ်ဝန်းကျင်လူမျိုးတို့နှင့်သွေးနှောသွားနိုင်သည်။ သို့ဖြစ်လျှင် လူသားအားလုံးကောင်းချီးခံစားရရန် ကတိထားရာမျိုးနွယ်တော်ဆင်းသက်မည့်မျိုးဆက်သည် မျိုးရိုးစစ်တော့မည်မဟုတ်ချေ။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈) သို့နှင့် ကတိထားရာမေရှိယသည် ယုဒမျိုးနွယ် ဘုရင်ဒါဝိဒ်၏မျိုးဆက်ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ ထို့နောက် ၁၂ နှစ်ခန့်အကြာတွင် “ဣသရေလအမျိုးစစ်ဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားရှိသမျှတို့နှင့်ကွာ” လိုက်ကြသောအခါ ဤအရေးပါသောကိစ္စကိုတစ်ဖန်ပြန်အလေးပေးဆောင်ရွက်ခဲ့သည်။—နေဟမိ ၉:၁၊ ၂; ၁၀:၂၉၊ ၃၀။
၉။ မယုံကြည်သူများနှင့်ထိမ်းမြားထားသည့် ခရစ်ယာန်များအတွက် သမ္မာကျမ်းစာက အဘယ်ကောင်းသောသြဝါဒကိုပေးထားသနည်း။
၉ ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များသည် ဤမှတ်တမ်းမှ အဘယ်သင်ခန်းစာရနိုင်သနည်း။ ခရစ်ယာန်များသည် ပညတ်ပဋိညာဉ်အောက်မရှိကြသည်မှာ မှန်၏။ (၂ ကောရိန္သု ၃:၁၄) ယင်းအစား သူတို့သည် “ခရစ်တော်၏တရား” ကိုနာခံကြသည်။ (ဂလာတိ ၆:၂) ထို့ကြောင့် မယုံကြည်သူနှင့်ထိမ်းမြားထားသည့်ခရစ်ယာန်တစ်ဦးသည် ပေါလု၏ ဤသြဝါဒစကားကိုနာခံမည်– “တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။” (၁ ကောရိန္သု ၇:၁၂) ထို့အပြင် မယုံကြည်သူများနှင့်ထိမ်းမြားထားသည့်ခရစ်ယာန်များသည် သူတို့၏အိမ်ထောင်ရေးကိုအောင်မြင်စေရန်ကြိုးစားဖို့ ကျမ်းပေးတာဝန်ရရှိထားကြသည်။ (၁ ပေတရု ၃:၁၊ ၂) ဤကောင်းသောသြဝါဒကိုနာခံခြင်းသည် မယုံကြည်သောအိမ်ထောင်ဖက်များအား စစ်မှန်သောဝတ်ပြုရေးအပေါ် သူတို့၏သဘောထားများ ပြောင်းလဲသွားသည့် ကောင်းချီးကိုမကြာခဏခံစားစေခဲ့ပြီ။ အချို့သူများသည် သစ္စာရှိသောနှစ်ခြင်းခံခရစ်ယာန်များပင်ဖြစ်လာခဲ့ကြပေပြီ။—၁ ကောရိန္သု ၇:၁၆။
၁၀။ ခရစ်ယာန်များသည် တိုင်းတစ်ပါးဇနီးမယားများကိုပြန်ပို့ခဲ့သည့် ဣသရေလအမျိုးသား ၁၁၁ ဦးထံမှ အဘယ်သင်ခန်းစာရနိုင်သနည်း။
၁၀ သို့တိုင် တိုင်းတစ်ပါးသူဇနီးမယားများကိုစွန့်ခဲ့ကြသည့် ဣသရေလလူတို့၏ဖြစ်ရပ်သည် တစ်ကိုယ်ရေခရစ်ယာန်များအတွက် ကောင်းသောသင်ခန်းစာတစ်ခုဖြစ်သည်။ သူတို့သည် မယုံကြည်သူဆန့်ကျင်ဘက်လိင်ရှင်များကို မပိုးပန်းသင့်ပေ။ ထိုသို့သောဆက်ဆံရေးကို ရှောင်ကြဉ်ခြင်းသည် ခဲယဉ်းသည့်အပြင် စိတ်ထိခိုက်ဖွယ်ဖြစ်ဦးတော့ ဘုရားသခင့်ကောင်းချီးကိုဆက်ခံစားလိုသူတစ်ဦးအတွက် ယင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည်။ ခရစ်ယာန်များ ဤသို့မိန့်မှာခံရသည်– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကိုမထမ်းကြနှင့်။” (၂ ကောရိန္သု ၆:၁၄) အိမ်ထောင်ပြုလိုသောတစ်ကိုယ်ရေခရစ်ယာန်မှန်သမျှသည် စစ်မှန်သောယုံကြည်သူချင်းတစ်ဦးကို ထိမ်းမြားရန်စီစဉ်သင့်သည်။—၁ ကောရိန္သု ၇:၃၉။
၁၁။ ဣသရေလအမျိုးသားများကဲ့သို့ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့စမ်းသပ်ခံနိုင်ရသနည်း။
၁၁ အခြားနည်းများစွာဖြင့်လည်း ခရစ်ယာန်များသည် သမ္မာကျမ်းစာနှင့်မညီသည့်လမ်းစဉ်သို့ဦးတည်နေကြောင်း သတိပေးခံရသောအခါ ပြုပြင်မှုများပြုခဲ့ကြသည်။ (ဂလာတိ ၆:၁) အခါအားလျော်စွာ ဤဂျာနယ်သည် ဘုရားသခင့်အဖွဲ့အစည်းဝင်တစ်ဦးဆက်ဖြစ်ခြင်းမှ လူတစ်ဦးကိုရပ်စဲသွားစေနိုင်သည့် သမ္မာကျမ်းစာနှင့်မညီညွတ်သောအကျင့်များကိုခွဲခြားဖော်ပြခဲ့သည်။ ဥပမာ၊ ၁၉၇၃ ခုနှစ်တွင် မူးယစ်ဆေးဝါးတလွဲသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ကြီးလေးသောအပြစ်များဖြစ်ကြောင်း ယေဟောဝါ၏လူမျိုးတို့ အပြည့်အဝနားလည်လာခဲ့ကြသည်။ ဘုရားသခင်ရေးရာလမ်းစဉ်ကိုလိုက်လျှောက်ရန် “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ရမည်။ (၂ ကောရိန္သု ၇:၁) လူအတော်များများသည် အဆိုပါသမ္မာကျမ်းစာသြဝါဒကို နှလုံးပိုက်ကြသည်; ဘုရားသခင်၏သန့်စင်သောလူမျိုးတွင် ဆက်ပါဝင်နေဖို့ရန် ဆေးဖြတ်ဖြတ်ချင်းခံစားရသည့်လက္ခဏာများကို ခံစားလိုက်ကြရန် အသင့်ရှိခဲ့ကြသည်။ လိင်ကိစ္စများ၊ အဝတ်အစား၊ ဖြီးလိမ်းပုံနှင့် အလုပ်အကိုင်၊ ဖျော်ဖြေမှုနှင့် တေးဂီတတို့နှင့်ပတ်သက်၍ ပညာရှိသောရွေးချယ်မှုများပြုခြင်းအကြောင်း ရှင်းလင်းသောကျမ်းစာညွှန်ကြားချက်ကိုလည်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့အာရုံပြုရန် အဘယ်ကျမ်းစာမူကိုမဆို တင်ပြပါစေ ဣသရေလအမျိုးသား ၁၁၁ ဦးကဲ့သို့ ‘ပြန်လည်ပြုပြင်ရန်’ အသင့်ရှိကြောင်းတင်ပြကြစို့လေ။ (၂ ကောရိန္သု ၁၃:၁၁) ယင်းက ယေဟောဝါ၏သန့်ရှင်းသောလူမျိုးတော်နှင့်ပေါင်းသင်းကာ ကိုယ်တော်အားဝတ်ပြုခွင့်ရခြင်းကို ‘ကျွန်ုပ်တို့၏အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်းထက်အမြတ်ထား’ ကြောင်းဖော်ပြပါလိမ့်မည်။
၁၂။ ဘီ.စီ.အီး. ၄၅၅ ၌အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၁၂ တိုင်းတစ်ပါးမိန်းမများနှင့်ပတ်သက်သော ဖြစ်ရပ်ကိုဖော်ပြပြီးနောက် နောက်ထပ် ၁၂ နှစ်အတွင်း ယေရုရှလင်မြို့၌အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သမ္မာကျမ်းစာဖော်ပြမထားချေ။ ဣသရေလအိမ်နီးချင်းနိုင်ငံသားများသည် ထိမ်းမြားစုံဖက်မှုအစီအစဉ်များစွာပျက်ပြားသွားခြင်းကြောင့် ပို၍ရန်လိုလာခဲ့ကြသည်မှာ ယုံမှားဖွယ်မရှိချေ။ ဘီ.စီ.အီး. ၄၅၅ တွင်နေဟမိသည် စစ်တပ်အခြံအရံဖြင့် ယေရုရှလင်မြို့သို့ရောက်ရှိခဲ့သည်။ သူသည် ယုဒဘုရင်ခံအဖြစ်ခန့်အပ်ခံခဲ့ရပြီး မြို့တော်ကိုပြန်လည်တည်ဆောက်ရန် ပါးရှားဘုရင်၏အမိန့်စာများကိုယူဆောင်လာခဲ့သည်။—နေဟမိ ၂:၉၊ ၁၀; ၅:၁၄။
ရန်လိုသောအိမ်နီးချင်းနိုင်ငံများ၏ ဆန့်ကျင်မှု
၁၃။ ဂျူးများ၏မှောက်မှားသောဘာသာရေးအိမ်နီးချင်းနိုင်ငံသားများသည် အဘယ်သဘောထားကိုတင်ပြခဲ့ကြသနည်း၊ နေဟမိမည်သို့တုံ့ပြန်ခဲ့သနည်း။
၁၃ မှောက်မှားသောဘာသာရေးအိမ်နီးချင်းနိုင်ငံသားများသည် နေဟမိရောက်လာရသည့်ရည်ရွယ်ချက်ကို ဆန့်ကျင်ခဲ့ကြသည်။ သူတို့၏ခေါင်းဆောင်များသည် နေဟမိကို ဤသို့မေးမြန်းခြိမ်းခြောက်ခဲ့ကြသည်– “ရှင်ဘုရင်ကိုပုန်ကန်ကြမည်လော။” ယေဟောဝါအားယုံကြည်ကြောင်းတင်ပြကာ နေဟမိက ဤသို့တုံ့ပြန်ခဲ့သည်– “ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်သည် ငါတို့ကိုအခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သောငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိ။” (နေဟမိ ၂:၁၉၊ ၂၀) မြို့ရိုးကိုစတင်ပြုပြင်သောအခါ ထိုရန်သူများကပင် ဤသို့လှောင်ပြောင်ခဲ့ကြသည်– ‘အားမရှိသောယုဒလူတို့သည် အဘယ်သို့ပြုကြသနည်း။ ကျွမ်းလောင်သောကျောက်တို့ကို အမှိုက်ပုံများထဲကထုတ်ကြမည်လော။ တောခွေးထိခိုက်လျှင် ပြိုလဲလိမ့်မည်။’ ဤစကားများကိုတုံ့ပြန်နေမည့်စား နေဟမိက ဤသို့ဆုတောင်းခဲ့သည်– “အို အကျွန်ုပ်တို့ဘုရားသခင်၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကိုခံရပါ၏။ သူတို့ကဲ့ရဲ့သောစကားသည် သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။” (နေဟမိ ၄:၂-၄) နေဟမိသည် ယေဟောဝါအားမှီခိုအားထားသည့် ပုံသက်သေကောင်းကို အဆက်မပြတ်တင်ပြခဲ့သည်!—နေဟမိ ၆:၁၄; ၁၃:၁၄။
၁၄၊ ၁၅။ (က) ရန်သူတို့၏အကြမ်းဖက်ခြိမ်းခြောက်မှုကို နေဟမိမည်သို့ကိုင်တွယ်ခဲ့သနည်း။ (ခ) ယေဟောဝါသက်သေများသည် ပြင်းထန်သောဆန့်ကျင်မှုကြားမှ သူတို့၏ဝိညာဉ်ရေးဆောက်လုပ်ခြင်းလုပ်ငန်းကို မည်သို့ဆက်လုပ်ဆောင်နိုင်ခဲ့ကြသနည်း။
၁၄ ယနေ့ ယေဟောဝါသက်သေများသည်လည်း သူတို့၏အရေးကြီးသောဟောပြောခြင်းတာဝန်ကိုကျေပွန်စေရန် ဘုရားသခင်ကိုအားထားကြသည်။ ရန်ဘက်ပြုသူများသည် လှောင်ပြောင်ခြင်းဖြင့် ဤလုပ်ငန်းကိုဟန့်တားရန်ကြိုးစားကြ၏။ တစ်ခါတစ်ရံ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကိုစိတ်ဝင်စားသူများသည် ကဲ့ရဲ့ဒဏ်မခံနိုင်ကြသောကြောင့် လက်လျှော့လိုက်ကြသည်။ ကဲ့ရဲ့မှုမအောင်မြင်လျှင် ရန်ဘက်ပြုသူများသည် ဒေါသထွက်ကာ အကြမ်းဖက်ခြိမ်းခြောက်ကြသည်။ ယင်းကို ယေရုရှလင်မြို့ရိုးဆောက်လုပ်ခဲ့ကြသူများကြုံတွေ့ခဲ့ကြသည်။ သို့သော် နေဟမိသည် ခြိမ်းခြောက်ခြင်းကိုမမှုခဲ့ချေ။ ယင်းအစား သူသည် ရန်သူများ၏တိုက်ခိုက်မှုကိုမမှုရန် ဆောက်လုပ်သူများကိုအားပေးခဲ့ပြီး သူတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေခဲ့သည်– “ရန်သူတို့ကိုမကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ်ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဖို့ တိုက်ကြလော့။”—နေဟမိ ၄:၁၃၊ ၁၄။
၁၅ နေဟမိခေတ်ကကဲ့သို့ ယေဟောဝါသက်သေများသည် ပြင်းထန်သောဆန့်ကျင်မှုများကြုံရလင့်ကစား ဝိညာဉ်ရေးဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် ကောင်းစွာတန်ဆာဆင်ထားခံခဲ့ကြရပြီ။ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည်လုပ်ငန်းပိတ်ပင်ထားသည့်နေရာများ၌ပင် ဘုရားသခင့်လူမျိုးတော်ကိုတတ်စွမ်းနိုင်စေရန် ယုံကြည်ခြင်းခိုင်ခံ့စေသောဝိညာဉ်အစာကို စီမံပေးခဲ့သည်။ (မဿဲ ၂၄:၄၅၊ သမ) ရလဒ်အနေဖြင့် ယေဟောဝါသည် ကမ္ဘာတစ်ဝန်းတိုးပွားစေခြင်းဖြင့် မိမိလူမျိုးတော်ကိုဆက်၍ကောင်းချီးပေးခဲ့သည်။—ဟေရှာယ ၆၀:၂၂။
အတွင်းရေးပြဿနာများ
၁၆။ အဘယ်အတွင်းရေးပြဿနာများသည် ယေရုရှလင်မြို့ရိုးဆောက်လုပ်သူများ၏စိတ်ဓာတ်ကို ခြိမ်းခြောက်ခဲ့သနည်း။
၁၆ ယေရုရှလင်မြို့ရိုးပြန်လည်တည်ဆောက်ခြင်းသည် တိုးတက်ကာမြင့်မားလာသည်နှင့်အမျှ အလုပ်ပို၍ခက်ခဲလာပေသည်။ ထိုအချိန်ကား အားကြိုးမာန်တက် ဆောက်လုပ်နေသူများ၏စိတ်ဓာတ်ကို ခြိမ်းခြောက်သည့် ပြဿနာတစ်ခုပေါ်လာသောအခါဖြစ်သည်။ အစာခေါင်းပါးမှုကြောင့် ဂျူးအချို့သည် မိသားစုကိုကျွေးမွေးထောက်ပံ့ရန်နှင့် ပါးရှားအစိုးရထံအခွန်များဆက်သရန် အခက်အခဲတွေ့နေသည်။ ချမ်းသာသောဂျူးများသည် ထိုသူတို့ကို အစာရေစာနှင့်ငွေချေးငှားပေးခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင့်ပညတ်ကိုဆန့်ကျင်၍ ပိုဆင်းရဲသောဣသရေလများသည် ထိုအကြွေးကို အတိုးနှင့်တကွပြန်ဆပ်ရန် သူတို့၏လယ်ယာများနှင့် သားသမီးများကို အာမခံအနေဖြင့် ကတိပြုခဲ့ကြရသည်။ (ထွက်မြောက်ရာ ၂၂:၂၅; ဝတ်ပြုရာ ၂၅:၃၅-၃၇; နေဟမိ ၄:၆၊ ၁၀; ၅:၁-၅) ယခု ကြွေးရှင်များသည် လယ်ယာမြေများကိုသိမ်းယူကာ ကျွန်များအဖြစ် သူတို့၏သားသမီးများကိုရောင်းချရန် အကျပ်ကိုင်ခြိမ်းခြောက်နေကြသည်။ နေဟမိသည် ဤမေတ္တာမဲ့ပြီး ရုပ်ဝါဒဆန်သည့်သဘောထားကြောင့် အလွန်အမင်းဒေါသထွက်ခဲ့သည်။ ယေရုရှလင်မြို့ရိုး ဆောက်လုပ်ခြင်းလုပ်ငန်းကို ယေဟောဝါဆက်ကောင်းချီးပေးစေရန်သေချာရလေအောင် သူချက်ချင်းလုပ်ဆောင်ခဲ့သည်။
၁၇။ ဆောက်လုပ်ခြင်းလုပ်ငန်းကို ယေဟောဝါဆက်ကောင်းချီးပေးစေရန်သေချာစေဖို့ နေဟမိဘာလုပ်ခဲ့သနည်း။ အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။
၁၇ နေဟမိသည် “လူအများတို့ကိုစုဝေးစေ” ပြီး၊ ချမ်းသာသောဣသရေလလူတို့ပြုသောအမှုကို ယေဟောဝါမနှစ်သက်ကြောင်း ရှင်းရှင်းဖော်ပြခဲ့သည်။ ထို့နောက် သူသည် ယူထားသည့်အတိုးအားလုံးနှင့် အတိုးမပေးနိုင်သောသူများထံမှယူထားကြသည့် မတရားသိမ်းယူထားသော လယ်ယာမြေများကိုပြန်ပေးကြရန် ယဇ်ပုရောဟိတ်များအပါအဝင် ပြစ်မှားသူတို့ကို အနူးအညွတ်တောင်းပန်ခဲ့သည်။ ချီးကျူးစရာမှာ အပြစ်ရှိသူတို့က ဤသို့ဆိုကြသည်– “ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်းပြုပါမည်။” ယင်းတို့သည် အချည်းနှီးသောစကားများ မဟုတ်ပါ၊ အကြောင်းမှာ “လူများတို့သည်လည်း [နေဟမိအား] ကတိထားသည်အတိုင်း ပြုကြ၏” ဟုသမ္မာကျမ်းစာကဖော်ပြထားသောကြောင့်ဖြစ်သည်။ လူစုလူဝေးအားလုံးသည် ယေဟောဝါကိုချီးမွမ်းခဲ့ကြ၏။—နေဟမိ ၅:၇-၁၃။
၁၈။ အဘယ်သဘောထားကြောင့် ယေဟောဝါသက်သေများကို လူသိများလာခဲ့သနည်း။
၁၈ ကျွန်ုပ်တို့ခေတ်၌ကောအသို့နည်း။ အမြတ်ထုတ်ကြမည့်အစား ယေဟောဝါသက်သေများသည် ယုံကြည်သူချင်းများနှင့် ဆင်းရဲခြင်းဘေးကြုံရသော အခြားသူများအပေါ်ထားသည့် သူတို့၏ရက်ရောသောသဘောထားကြောင့် သူတို့ကိုလူသိများကြသည်။ နေဟမိလက်ထက်ကကဲ့သို့ ယင်းက ယေဟောဝါအား ကျေးဇူးတင်ချီးမွမ်းစကားများစွာဆိုစရာဖြစ်စေခဲ့သည်။ သို့ရာတွင် တစ်ချိန်တည်း၌ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည်စီးပွားရေးကိစ္စများနှင့် အခြားသူများအပေါ် မတရားအမြတ်မထုတ်သင့်မှုတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာအကြံဉာဏ်များပေးရန်လိုကြောင်း သတိပြုမိခဲ့ကြသည်။ သမ္မာကျမ်းစာက တပ်မက်လုံးကြီးသူများနှင့် အနိုင်အထက်လုယူသူများသည် ဘုရားသခင့်နိုင်ငံတော်ကိုအမွေခံရလိမ့်မည်မဟုတ်ကြောင်း ရှင်းလင်းစွာသတိပေးထားလျက်နှင့် အချို့သောနိုင်ငံများတွင် ကွမ်းဖိုးကိုမတန်တဆတောင်းတတ်ကြသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ထိုအကြံဉာဏ်ကို ခရစ်ယာန်အများတုံ့ပြန်ပုံသည် မိမိတို့၏ဆင်းရဲသားညီအစ်ကိုများအား အမြတ်ထုတ်ခဲ့ခြင်းကို အပြစ်ဟုရှုမြင်ခဲ့ကြသော အဆိုပါဂျူးတို့ကိုပြန်လည်သတိရစေသည်။
ယေရုရှလင်မြို့ရိုးပြီးစီးခဲ့
၁၉၊ ၂၀။ (က) ယေရုရှလင်မြို့ရိုးပြီးစီးခြင်းသည် ဘာသာရေးဆန့်ကျင်သူများအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ (ခ) နိုင်ငံများစွာတွင် ယေဟောဝါသက်သေများသည် အဘယ်အောင်မြင်မှုရရှိခဲ့ပြီနည်း။
၁၉ ဆန့်ကျင်မှုများကြားမှပင် ယေရုရှလင်မြို့ရိုးကို ၅၂ ရက်အတွင်းဆောက်ပြီးခဲ့သည်။ ယင်းသည် ဆန့်ကျင်သူများအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ နေဟမိက ဤသို့ဆိုခဲ့သည်– “ထိုသတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်ဝန်းကျင်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကိုမြင်သောအခါ ရှက်ကြောက်ခြင်းသို့ရောက်ကြ၏။ အကြောင်းမူကား ထိုအမှုသည် ငါတို့၏ဘုရားသခင်အခွင့်နှင့်ပြီးကြောင်းကိုရိပ်မိကြ၏။”—နေဟမိ ၆:၁၆။
၂၀ ယနေ့ ရန်သူတို့သည် ဘုရားသခင့်လုပ်ငန်းတော်ကို နည်းလမ်းမျိုးစုံဖြင့် ဆက်၍ဆန့်ကျင်လျက်ရှိကြသည်။ သို့ရာတွင် ယေဟောဝါသက်သေများကိုဆန့်ကျင်ခြင်းသည် အရာမရောက်ကြောင်းကို လူသန်းပေါင်းများစွာတွေ့မြင်ခဲ့ကြပြီ။ ဥပမာ၊ နာဇီဂျာမနီ၊ ဥရောပအရှေ့ပိုင်းနှင့် အာဖရိကနိုင်ငံများစွာတို့တွင် ဟောပြောခြင်းလုပ်ငန်းကိုပိတ်ပင်ရန် အတိတ်မှကြိုးပမ်းမှုများကိုသုံးသပ်ကြည့်ပါ။ ထိုကြိုးပမ်းမှုများအားလုံးသည် အရာမရောက်ခဲ့သည့်အပြင် ယနေ့များစွာသောလူတို့သည် ‘ဘုရားသခင်၏အခွင့်နှင့် ကျွန်ုပ်တို့၏လုပ်ငန်းပြီးစီးကြောင်း’ ကိုအသိအမှတ်ပြုကြသည်။ ယင်းသည် ယေဟောဝါ၏ဝတ်ပြုရေးကို ‘မိမိတို့၏အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်းထက်’ အလေးအမြတ်ထားသော ထိုနိုင်ငံများမှ သစ္စာရှိရှေ့မီနောက်မီများအတွက် ကောင်းချီးတစ်ရပ်ပါတကား!
၂၁။ အဘယ်ထူးခြားသောဖြစ်ရပ်များကို နောက်ဆောင်းပါးတွင်သုံးသပ်ကြမည်နည်း။
၂၁ နောက်ဆောင်းပါးတွင် ယေရုရှလင်မြို့ရိုးကို ပြန်လည်ဆောက်လုပ်ပြီး၍ ရွှင်လန်းဖွယ်အပ်နှံပွဲပြုလုပ်ရန်ဖြစ်စေသည့် အရေးကြီးသည့်အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ကြည့်ကြမည်။ လူခပ်သိမ်း၏အကျိုးအတွက် သာ၍ကြီးမြတ်သောမြို့တော်တစ်ခု မည်သို့ပြီးစီးလုနီးကြောင်းကိုလည်း လေ့လာသုံးသပ်ကြပါမည်။
သင်မှတ်မိသလော
◻ ဧဇရနှင့်အခြားသူများသည် ယေရုရှလင်မြို့အတွက် မည်သို့ဝမ်းမြောက်ခဲ့ကြသနည်း။
◻ ဧဇရနှင့်နေဟမိတို့သည် ဂျူးများစွာအား အဘယ်အမှားများကိုပြုပြင်ရန် ကူညီပေးခဲ့ကြသနည်း။
◻ ဧဇရနှင့်နေဟမိတို့၏မှတ်တမ်းများမှ အဘယ်သင်ခန်းစာများကို ရယူနိုင်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
နေဟမိသည် ရှုရှန်မြို့၌သူ၏ဂုဏ်ရှိသည့်အလုပ်အကိုင်ကိုမဟုတ်၊ ယေရုရှလင်မြို့ကို အဓိကအရေးထားခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
နေဟမိကဲ့သို့ ကျွန်ုပ်တို့၏အရေးအကြီးဆုံးသော ဟောပြောခြင်းတာဝန်ကို ဆက်လုပ်ဆောင်နိုင်ရန် ယေဟောဝါ၏လမ်းညွှန်မှုနှင့် ခွန်အားရရှိဖို့အတွက် ဆုတောင်းရန်လို