“ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့”
“ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ် [“ခံနိုင်ရည်၊” ကဘ]ရှိရမည်။”—ဟေဗြဲ ၁၀:၃၆။
၁၊ ၂။ (က) ပထမရာစုရှိ ခရစ်ယာန်အချို့သည် မည်သို့ဖြစ်ပျက်သွားခဲ့သနည်း။ (ခ) ယုံကြည်ခြင်းအားနည်းသွားရန် အဘယ်ကြောင့်လွယ်ကူသနည်း။
သမ္မကျမ်းစာရေးသူအားလုံးတို့တွင် တမန်တော်ပေါလုလောက် မည်သူမျှယုံကြည်ခြင်းအကြောင်းမဖော်ပြခဲ့ကြချေ။ ထို့ပြင် ယုံကြည်ခြင်းအားနည်းသွားခဲ့သူ သို့မဟုတ် ဆုံးရှုံးသွားခဲ့သူတို့အကြောင်းကို ပေါလုမကြာခဏပြောခဲ့သည်။ ဥပမာ၊ ဟုမေနဲနှင့်အာလေဇန်ဒြုတို့သည် “ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။” (၁ တိမောသေ ၁:၁၉၊ ၂၀) ဒေမသည် “ယခုဘဝကိုနှစ်သက်သောစိတ်ရှိ” သောကြောင့် ပေါလုကိုစွန့်ပယ်ခဲ့သည်။ (၂ တိမောသေ ၄:၁၀) အချို့သည် ၎င်းတို့၏ခရစ်ယာန်မဆန်သည့် လုပ်ဆောင်မှုများအားဖြင့် “ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။” အခြားသူများသည် မှားယွင်းသောဉာဏ်ပညာ၏လှည့်ဖြားမှုကိုခံခဲ့ကြရရာ “ယုံကြည်ခြင်းတရားလမ်းမှလွဲကြပြီ။”—၁ တိမောသေ ၅:၈; ၆:၂၀၊ ၂၁။
၂ ထိုဘိသိက်ခံခရစ်ယာန်များသည် ဤနည်းများဖြင့် အဘယ်ကြောင့်ဆုံးရှုံးခဲ့ကြသနည်း။ အမှန်မှာ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။” (ဟေဗြဲ ၁၁:၁) ကျွန်ုပ်တို့မမြင်နိုင်သောအရာ၌ ယုံကြည်ခြင်းကျင့်သုံးကြသည်။ မြင်နေရသောအရာများအတွက်မူကား ယုံကြည်ခြင်းမလိုပါ။ မမြင်ရသောဝိညာဉ်ရေးစည်းစိမ်ရှိဖို့အတွက် ကြိုးစားခြင်းထက် မြင်ရသောချမ်းသာအတွက် လုပ်ဆောင်ရန်ပိုလွယ်ကူပေသည်။ (မဿဲ ၁၉:၂၁၊ ၂၂) “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” စသည့်မြင်ရသောအရာများစွာသည် ကျွန်ုပ်တို့၏မစုံလင်သောအသွေးအသားကို အပြင်းအထန်ဆွဲဆောင်ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အားနည်းစေနိုင်သည်။—၁ ယောဟန် ၂:၁၆။
၃။ ခရစ်ယာန်တစ်ဦးသည် အဘယ်ယုံကြည်ခြင်းမျိုးကို ပျိုးထောင်သင့်သနည်း။
၃ သို့တိုင် ပေါလုက “ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟုဆိုသည်။ မောရှေ၌ ထိုသို့သောယုံကြည်ခြင်းရှိခဲ့သည်။ သူသည် “နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်” “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၆၊ ၂၄၊ ၂၆၊ ၂၇) ခရစ်ယာန်တစ်ဦးသည် ဤယုံကြည်ခြင်းမျိုးရှိဖို့လိုသည်။ ရှေ့ဆောင်းပါး၌ဖော်ပြထားသကဲ့သို့ အာဗြဟံသည် ဤကဏ္ဍတွင်ပုံသက်သေကောင်းဖြစ်ခဲ့သည်။
အာဗြဟံ၏ယုံကြည်ခြင်းပုံသက်သေ
၄။ အာဗြဟံ၏ယုံကြည်ခြင်းသည် သူ၏အသက်တာလမ်းစဉ်ကို မည်သို့အကျိုးပြုခဲ့သနည်း။
၄ အာဗြဟံသည် လူမျိုးအားလုံးကိုကောင်းချီးဖြစ်စေမည့် မျိုးနွယ်တော်၏ဖခင်ဖြစ်မည်ဟူသော ဘုရားသခင်၏ကတိတော်ရရှိချိန်တွင် ဥရမြို့၌ရှိခဲ့သည်။ (ကမ္ဘာဦး ၁၂:၁-၃; တမန်တော် ၇:၂၊ ၃) ထိုကတိတော်ကြောင့် အာဗြဟံသည် ယေဟောဝါအားနာခံကာ ပထမတွင် ခါရန်မြို့၊ ထို့နောက် ခါနာန်ပြည်သို့ပြောင်းရွှေ့ခဲ့သည်။ ထိုတွင် ယေဟောဝါသည် အာဗြဟံ၏အမျိုးအနွယ်အား ထိုပြည်ကိုပေးမည်ဟု ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၁၂:၇; နေဟမိ ၉:၇၊ ၈) သို့ရာတွင် ယေဟောဝါ၏ကတိတော်ဆိုင်ရာမြောက်မြားစွာသည် အာဗြဟံသေဆုံးပြီးမှပြည့်စုံမည်ဖြစ်သည်။ သာဓကအနေဖြင့် အာဗြဟံသည် သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့သည့် မပ္ပေလမြေတွင်းမှတစ်ပါး ခါနာန်ပြည်၏မည်သည့်နေရာဒေသကိုမျှ မပိုင်ဆိုင်ခဲ့ချေ။ (ကမ္ဘာဦး ၂၃:၁-၂၀) သို့တိုင် သူသည် ယေဟောဝါ၏စကားတော်ကိုယုံကြည်ခဲ့၏။ ထို့ထက်ကား အနာဂတ်တွင် “ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့” ကိုယုံကြည်ခဲ့သည်။ (ဟေဗြဲ ၁၁:၁၀) ယင်းသို့သောယုံကြည်ခြင်းက သူ၏အသက်တာတစ်လျှောက်လုံး သူ့ကိုထောက်မခဲ့သည်။
၅၊ ၆။ ယေဟောဝါ၏ကတိတော်နှင့်ပတ်သက်၍ အာဗြဟံ၏ယုံကြည်ခြင်းသည် အဘယ်နည်းဖြင့်စမ်းသပ်ခံခဲ့ရသနည်း။
၅ ယင်းကို အာဗြဟံ၏အမျိုးအနွယ်သည် လူမျိုးကြီးတစ်မျိုးဖြစ်လာမည်ဟူသည့် ကတိတော်နှင့်ပတ်သက်၍ အထူးသဖြင့်တွေ့ရှိရသည်။ ဤသို့ဖြစ်လာရန် အာဗြဟံ၌ သားရှိဖို့လိုပြီး သားရတနာရရန် ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသည်။ ဘုရားသခင့်ကတိတော်ကို ဦးဆုံးကြားရသောအခါ အဘယ်အရွယ်ရှိကြောင်း ကျွန်ုပ်တို့မသိကြရပါ။ သို့သော် ခါရန်မြို့သို့ခရီးရှည်ထွက်သွားချိန်တွင် ယေဟောဝါသည် သူ့ကိုကလေးမရှိစေခဲ့သေးချေ။ (ကမ္ဘာဦး ၁၁:၃၀) သူသည် ခါရန်မြို့တွင် ‘ပစ္စည်းဥစ္စာများနှင့် တိရစ္ဆာန်များ’ အတော်အတန်ရှိခဲ့ပြီး ခါနာန်ပြည်သို့ပြောင်းရွှေ့သောအခါ အသက် ၇၅ နှစ်ရှိပြီး စာရာသည် ၆၅ နှစ်ရှိပြီဖြစ်သည်။ ထိုအချိန်အထိ ကလေးမရှိကြသေးချေ။ (ကမ္ဘာဦး ၁၂:၄၊ ၅) စာရာသည် ၇၅ ရောက်သောအခါ အာဗြဟံအတွက်ကလေးမမွေးပေးနိုင်လောက်အောင် အသက်ကြီးနေပြီဟုယူမှတ်ခဲ့သည်။ ထို့ကြောင့် ထိုခေတ်ထုံးစံအတိုင်း သူ၏ကျွန်ဟာဂရကို အာဗြဟံအားအပ်ခဲ့ပြီး သူ့အားဖြင့်သားရခဲ့သည်။ သို့သော် ဤသူသည် ကတိထားရာကလေးမဟုတ်ခဲ့ချေ။ သို့နှင့် ဟာဂရနှင့်သူ၏သားဣရှမေလသည် နောက်ဆုံးတွင် အဝေးသို့နှင်လွှတ်ခံခဲ့ရကြသည်။ သို့တိုင် အာဗြဟံသည် သူတို့အတွက်အသနားခံခဲ့သောအခါ ယေဟောဝါသည် ဣရှမေလကိုကောင်းချီးပေးမည်ဟု ကတိပေးခဲ့သည်။—ကမ္ဘာဦး ၁၆:၁-၄၊ ၁၀; ၁၇:၁၅၊ ၁၆၊ ၁၈-၂၀; ၂၁:၈-၂၁။
၆ ဘုရားသခင့်အချိန်တန်သောအခါ—ကတိတော်ကိုဦးဆုံးကြားသိခဲ့ရပြီး အချိန်အတန်ကြာသောအခါ—အသက် ၁၀၀ ရှိသောအာဗြဟံနှင့် အသက် ၉၀ ရှိသည့်စာရာတို့သည် သားယောက်ျားလေးဣဇာက်ကိုရခဲ့ကြသည်။ ဝမ်းသာလိုက်ကြမည်ဖြစ်ခြင်း! ဤသက်ကြီးရွယ်အိုမောင်နှံတို့၏ “အသေ” ကဲ့သို့ဖြစ်သောကိုယ်ခန္ဓာများက အသက်တစ်ချောင်းကိုမွေးထုတ်ခဲ့ချိန်သည် ရှင်ပြန်ထမြောက်ခြင်းတမျှဖြစ်ခဲ့သည်။ (ရောမ ၄:၁၉-၂၁) အတန်ကြာစောင့်ဆိုင်းခဲ့ကြရသော်လည်း နောက်ဆုံးတွင် ကတိတော်ပြည့်စုံလာသောအခါ စောင့်ဆိုင်းရကျိုးနပ်ခဲ့သည်။
၇။ ယုံကြည်ခြင်းသည် ခံနိုင်ရည်နှင့်မည်သို့ဆက်စပ်သနည်း။
၇ ယုံကြည်ခြင်းသည် ရေတိုအတွက်မျှသာမဖြစ်သင့်ကြောင်း အာဗြဟံ၏ပုံသက်သေက သတိပေးသည်။ ပေါလုသည် ယုံကြည်ခြင်းကို ခံနိုင်ရည်နှင့် ဤသို့ဆက်စပ်၍ရေးသားခဲ့သည်– “ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ကတိတော်အတိုင်းအကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ် [“ခံနိုင်ရည်၊” ကဘ] ရှိရမည်။ . . . ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။” (ဟေဗြဲ ၁၀:၃၆-၃၉) လူများစွာသည် ကတိတော်ပြည့်စုံဖို့အတွက် အတန်ကြာစောင့်ဆိုင်းခဲ့ကြရ၏။ အချို့သည် တစ်သက်တာလုံးစောင့်ဆိုင်းခဲ့ကြသည်။ ခိုင်မြဲသောယုံကြည်ခြင်းက သူတို့ကိုထောက်မခဲ့သည်။ အာဗြဟံနည်းတူ သူတို့သည် ဘုရားသခင့်အချိန်တန်လျှင် ကောင်းချီးခံစားကြရလိမ့်မည်။—ဟဗက္ကုတ် ၂:၃။
ဘုရားသခင်ကိုနားထောင်ခြင်း
၈။ ယနေ့ ဘုရားသခင့်စကားကို ကျွန်ုပ်တို့မည်သို့နားထောင်သနည်း၊ ယင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေမည်နည်း။
၈ အနည်းဆုံးအချက်လေးချက်သည် အာဗြဟံ၏ယုံကြည်ခြင်းကိုခိုင်ခံ့စေခဲ့ရာ ထပ်တူအချက်များသည် ကျွန်ုပ်တို့ကိုထောက်ကူနိုင်၏။ ပထမအချက်မှာ၊ ဘုရားသခင်စကားပြောသောအခါ ဂရုတစိုက်နာခံခြင်းဖြင့် ‘ဘုရားသခင်ရှိတော်မူသည်ကိုယုံကြည်’ ကြောင်းသူတင်ပြခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အားယုံကြည်ကြသော်လည်း ကိုယ်တော့်စကားကိုမယုံကြည်သည့် ယေရမိခေတ်ရှိဂျူးများနှင့်ခြားနားခဲ့သည်။ (ယေရမိ ၄၄:၁၅-၁၉) ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့ “စိတ်နှလုံးထဲ . . . မှောင်မိုက်အရပ်၌ထွန်းသောဆီမီးကဲ့သို့” ဖြစ်သည်ဟုပေတရုပြောသော ကိုယ်တော့်မှုတ်သွင်းခံသမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့ကိုစကားပြောနေသည်။ (၂ ပေတရု ၁:၁၉) သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဂရုတစိုက်ဖတ်ရှုကြသောအခါ “ယုံကြည်ချက်စကား . . . နှင့် မွေးမြူခြင်းကိုခံ” နေကြရသည်။ (၁ တိမောသေ ၄:၆; ရောမ ၁၀:၁၇) ထို့အပြင် ဤနောက်ဆုံးကာလတွင် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည် ‘အချိန်တန်ဝိညာဉ်အစာ’ ကိုပြင်ဆင်ပေးကာ သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးပြီး ကျမ်းစာပရောဖက်ပြုချက်ကိုနားလည်ရန် လမ်းညွှန်ပေးနေသည်။ (မဿဲ ၂၄:၄၅-၄၇) ဤနည်းများဖြင့် ယေဟောဝါ၏စကားကိုနားထောင်ခြင်းသည် ခိုင်မြဲသောယုံကြည်ခြင်းရှိရန် မပြု၍မဖြစ်ချေ။
၉။ ကျွန်ုပ်တို့သည် ခရစ်ယာန်မျှော်လင့်ချက်ကို အမှန်ယုံကြည်မည်ဆိုလျှင် အဘယ်အကျိုးခံစားရမည်နည်း။
၉ အာဗြဟံ၏ယုံကြည်ခြင်းသည် သူ၏မျှော်လင့်ချက်နှင့် အနီးကပ်ဆက်စပ်ခဲ့သည်။ “မိမိသည် လူမျိုးအများတို့၏အဘဖြစ်မည်ဟု . . . ယုံကြည်၍မျှော်လင့်လေ၏။” (ရောမ ၄:၁၈) ယင်းအချက်သည် ကျွန်ုပ်တို့ကိုထောက်ကူနိုင်သည့် ဒုတိယအချက်ဖြစ်သည်။ ယေဟောဝါသည် ‘ကိုယ်တော်အား ရှာသောသူကိုအကျိုးပေး’ သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့လုံးဝမမေ့သင့်ပေ။ တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– “အသက်ရှင်တော်မူထသော . . . ဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာအမှုဆောင်ရွက်ကြ၏။” (၁ တိမောသေ ၄:၁၀) ကျွန်ုပ်တို့သည် ခရစ်ယာန်မျှော်လင့်ချက်ကို အမှန်ယုံကြည်မည်ဆိုလျှင် အာဗြဟံကိစ္စ၌ဖြစ်ခဲ့သကဲ့သို့ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်တစ်ခုလုံးသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုဖော်ပြရာရောက်ပေမည်။
ဘုရားသခင်နှင့်ပြောဆိုခြင်း
၁၀။ အဘယ်ဆုတောင်းချက်မျိုးက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေမည်နည်း။
၁၀ အာဗြဟံသည် ဘုရားသခင်နှင့်ပြောဆိုခဲ့ရာ ယင်းသည် သူ၏ယုံကြည်ခြင်းကိုခိုင်ခံ့စေခဲ့သည့် တတိယအချက်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့လည်း ယေရှုခရစ်မှတစ်ဆင့် ဆုတောင်းခြင်းကျေးဇူးကိုအသုံးပြုကာ ယေဟောဝါနှင့်ပြောဆိုနိုင်ကြသည်။ (ယောဟန် ၁၄:၆; ဧဖက် ၆:၁၈) အမြဲဆုတောင်းရန်လိုကြောင်း အလေးအနက်ဖော်ပြသည့် ဥပမာတစ်ခုကိုပြောပြီးနောက် ယေရှုက ဤသို့မေးခဲ့သည်– “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော။” (လုကာ ၁၈:၈) ယုံကြည်ခြင်းကိုတည်ဆောက်ပေးသော ဆုတောင်းချက်သည် မစဉ်းစားမဆင်ခြင်ရာ သို့မဟုတ် အလိုအလျောက်ဖြစ်သည့်အရာမဟုတ်ချေ။ ယင်းသည် အဓိပ္ပာယ်လေးနက်မှုရှိ၏။ ဥပမာ၊ အရေးကြီးသောဆုံးဖြတ်ချက်များချရသောအခါ သို့မဟုတ် အကြီးအကျယ်ဖိစီးခံရသောအခါ နှလုံးပါပါဆုတောင်းခြင်းသည် အရေးကြီး၏။—လုကာ ၆:၁၂၊ ၁၃; ၂၂:၄၁-၄၄။
၁၁။ (က) အာဗြဟံသည် ဘုရားသခင်အားရင်ဖွင့်ခဲ့သောအခါ မည်သို့ခွန်အားရခဲ့သနည်း။ (ခ) အာဗြဟံ၏တွေ့ကြုံမှုမှ အဘယ်သင်ခန်းစာရနိုင်သနည်း။
၁၁ အာဗြဟံသည် အသက်အရွယ်ကြီးရင့်လာနေ၍ ကတိထားရာမျိုးနွယ်တော်ကိုယေဟောဝါပေးတော်မမူသေးသောအခါ ဘုရားသခင်အား သူ၏စိုးရိမ်ပူပန်မှုကိုတင်ပြပြောဆိုခဲ့သည်။ ယေဟောဝါသည် သူ့ကိုစိတ်ချစေခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ အာဗြဟံသည် “ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။” ထိုအခါ ယေဟောဝါသည် မိမိ၏အာမခံစကားကိုစိတ်ချစေရန် နိမိတ်လက္ခဏာပြခဲ့သည်။ (ကမ္ဘာဦး ၁၅:၁-၁၈) ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ယေဟောဝါအား ရင်ဖွင့်မည်၊ ယေဟောဝါ၏နှုတ်မြွက်တော်သမ္မာကျမ်းစာရှိ ကိုယ်တော်၏အာမခံချက်များကိုလက်ခံပြီး ယုံကြည်ခြင်းအပြည့်ဖြင့် ကိုယ်တော်အားနာခံမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုလည်း ခိုင်ခံ့စေပါလိမ့်မည်။—မဿဲ ၂၁:၂၂; ယုဒ ၂၀၊ ၂၁။
၁၂၊ ၁၃။ (က) အာဗြဟံသည် ယေဟောဝါ၏လမ်းညွှန်မှုကိုလိုက်လျှောက်သောအခါ မည်သို့ကောင်းချီးခံစားခဲ့ရသနည်း။ (ခ) အဘယ်တွေ့ကြုံမှုမျိုးက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေမည်နည်း။
၁၂ အာဗြဟံ၏ယုံကြည်ခြင်းကိုခိုင်ခံ့စေသည့် စတုတ္ထမြောက်အချက်မှာ ယေဟောဝါ၏လမ်းညွှန်မှုကိုလိုက်လျှောက်ခဲ့သောအခါ သူ့အားဘုရားသခင်ပေးခဲ့သည့် ထောက်မမှုဖြစ်သည်။ အာဗြဟံသည် ကျူးကျော်လာသည့်ဘုရင်များလက်ထဲမှ လောတကိုကယ်တင်ရန်လိုက်သွားသောအခါ ယေဟောဝါသည် သူ့အားအောင်ပွဲခံစေခဲ့သည်။ (ကမ္ဘာဦး ၁၄:၁၆၊ ၂၀) သူ၏အမျိုးအနွယ်အမွေရမည့်ပြည်တွင် အာဗြဟံသည် ဧည့်သည်အဖြစ်နေထိုင်ခဲ့စဉ် ယေဟောဝါသည် ပစ္စည်းဥစ္စာများဖြင့် သူ့ကိုကောင်းချီးပေးခဲ့သည်။ (ကမ္ဘာဦး ၁၄:၂၁-၂၃ နှိုင်းယှဉ်။) ဣဇာက်အတွက် သင့်တော်သောဇနီးတစ်ဦးရှာတွေ့ရန် သူ၏ဘဏ္ဍာစိုး၏ကြိုးပမ်းမှုများကို ယေဟောဝါလမ်းညွှန်ပေးခဲ့သည်။ (ကမ္ဘာဦး ၂၄:၁၀-၂၇) ယေဟောဝါသည် အမှန်ပင် ‘အရာရာ၌ အာဗြဟံကိုကောင်းချီးပေးခဲ့သည်။ (ကမ္ဘာဦး ၂၄:၁) ယင်းကြောင့် သူ၏ယုံကြည်ခြင်းသည် အလွန်ခိုင်မြဲခဲ့ပြီး ယေဟောဝါဘုရားသခင်နှင့်သူ၏ဆက်ဆံရေးသည် အလွန်ရင်းနှီးခဲ့ရာ ယေဟောဝါက သူ့ကို “ငါ၏အဆွေ” ဟုခေါ်ခဲ့သည့်အထိဖြစ်ခဲ့သည်။—ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃။
၁၃ ယနေ့တွင် ကျွန်ုပ်တို့သည် ထိုသို့သောယုံကြည်ခြင်းရရှိနိုင်ပါမည်လော။ ရှိနိုင်ပါသည်။ အာဗြဟံကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိန့်မှာချက်များကိုနာခံခြင်းအားဖြင့် ယေဟောဝါအားစမ်းသပ်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုလည်းကောင်းချီးပေးမည်ဖြစ်ရာ ယင်းကကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပါလိမ့်မည်။ ဥပမာ၊ လူများစွာသည် သတင်းကောင်းဟောပြောဖို့ ကိုယ်တော့်မိန့်မှာချက်ကိုနာခံကြသောအခါ အံ့ဖွယ်နည်းဖြင့် ကောင်းချီးခံစားခဲ့ကြရကြောင်း ၁၉၉၈ လုပ်ငန်းတော်နှစ်ချုပ်မှတ်တမ်းကဖော်ပြသည်။—မာကု ၁၃:၁၀။
ယနေ့ယုံကြည်ခြင်းမှတ်တမ်း
၁၄။ နိုင်ငံတော်သတင်းနံပါတ် ၃၅ နှင့်ဆောင်ရွက်ခဲ့သောကင်ပိန်းကို ယေဟောဝါမည်သို့ကောင်းချီးပေးခဲ့သနည်း။
၁၄ လွန်ခဲ့သော ၁၉၉၇ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံတော်သတင်းနံပါတ် ၃၅ နှင့်ဆောင်ရွက်ခဲ့သောကမ္ဘာချီကင်ပိန်းသည် သန်းနှင့်ချီသည့်သက်သေခံတို့၏ဇွဲနှင့် စိတ်အားထက်သန်မှုကြောင့် ထူးထူးခြားခြားအောင်မြင်ခဲ့သည်။ ဂါနာနိုင်ငံ၌ အလားတူဖြစ်ပျက်ခဲ့သည်။ စောင်ရေ ၂.၅ သန်းနီးပါးကို ဘာသာစကားလေးမျိုးဖြင့်ဖြန့်ဝေခဲ့ရာ ရလဒ်အနေဖြင့် ကျမ်းစာသင်အံမှု ၂,၀၀၀ နီးပါးရရှိခဲ့သည်။ ဆိုက်ပရပ်စ်ကျွန်းတွင် နိုင်ငံတော်သတင်းဖြန့်ဝေနေကြသော သက်သေခံနှစ်ဦးသည် [ခရစ်ယာန်] ဘုန်းတော်ကြီးတစ်ပါး သူတို့နောက်လိုက်နေသည်ကို သတိပြုမိခဲ့ကြသည်။ ခဏအကြာတွင် သူတို့သည် နိုင်ငံတော်သတင်းတစ်စောင်ကို သူ့အားဝေငှခဲ့ကြသည်။ သူသည် တစ်စောင်ရရှိထားနှင့်ပြီးဖြစ်ရာ ဤသို့ပြောဆိုခဲ့သည်– “ဒီသတင်းတရားကို ကျွန်တော်အရမ်းသဘောကျလို့ ဒါကိုပြင်ဆင်တဲ့လူတွေကို ချီးကျူးချင်လို့ပါ။” ဒိန်းမတ်နိုင်ငံတွင် နိုင်ငံတော်သတင်းစောင်ရေ ၁.၅ သန်းကိုအကျိုးဖြစ်ထွန်းစွာ ဖြန့်ဝေခဲ့ကြသည်။ ပြည်သူ့ဆက်ဆံရေးတွင် အလုပ်လုပ်သည့်အမျိုးသမီးတစ်ယောက်က ဤသို့ပြောခဲ့သည်– “ဒီဝေစာရဲ့သတင်းဟာ လူတိုင်းအတွက်ဖြစ်တယ်။ နားလည်ရလွယ်ပြီး ပိုသိချင်တဲ့စိတ်ဖြစ်ပေါ်စေတယ်။ တကယ်လိုရင်းရောက်တယ်!”
၁၅။ ယေဟောဝါသည် နေရာတိုင်း၌ လူတို့ကိုဟောပြောရန်ကြိုးစားခြင်းကို ကောင်းချီးပေးခဲ့ကြောင်း အဘယ်တွေ့ကြုံမှုများကဖော်ပြသနည်း။
၁၅ ၁၉၉၈ ခုနှစ်တွင် အိမ်များ၌သာမက နေရာတိုင်း၌ လူတို့ကိုဟောပြောရန် ကြိုးစားခဲ့ကြသည်။ ကုတ်ဒ်အဗွားတွင် သာသနာပြုမောင်နှံတစ်စုံသည် သင်္ဘောဆိပ်များတွင် သင်္ဘောအစင်းပေါင်း ၃၂၂ စင်းသို့ရောက်ခဲ့ကြရာ စာအုပ် ၂၄၇ အုပ်၊ မဂ္ဂဇင်း ၂,၂၈၄ စောင်၊ ဘရိုရှာ ၅၀၀ နှင့် ဝေစာရာနှင့်ချီအပြင် ပင်လယ်ထဲရောက်နေစဉ် သင်္ဘောသားများကြည့်ရှုကြရန် ဗီဒီယိုခွေများကိုပါဝေငှခဲ့ကြသည်။ ကနေဒါနိုင်ငံတွင် သက်သေခံတစ်ယောက်သည် ကားဘော်ဒီဆိုင်တစ်ဆိုင်သို့သွားရောက်ခဲ့သည်။ ဆိုင်ရှင်သည် စိတ်ဝင်စားခဲ့ရာ ညီအစ်ကိုသည် လေးနာရီခွဲကြာနေခဲ့၏၊ သို့သော် ဖောက်သည်များမရှိစဉ် သက်သေခံခဲ့ရသောအချိန်မှာ တစ်နာရီ သို့မဟုတ် တစ်နာရီကျော်ကျော်သာရှိခဲ့သည်။ နောက်ဆုံး၊ သင်အံမှုကို ည ၁၀ နာရီတွင်ပြုလုပ်ဖို့စီစဉ်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံ ညဉ့်သန်းခေါင်မှ သင်အံမှုစနိုင်ခဲ့ပြီး နံနက်နှစ်နာရီအထိကြာသည်။ အချိန်ကိုစီစဉ်ရန် စိန်ခေါ်ချက်ဖြစ်ခဲ့သော်လည်း အကျိုးရှိခဲ့သည်။ ထိုသူသည် အစည်းအဝေးများတက်နိုင်ရန် တနင်္ဂနွေနေ့များတွင် ဆိုင်ပိတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သူနှင့်သူ၏မိသားစုသည် မကြာမီကောင်းစွာတိုးတက်နေကြသည်။
၁၆။ တောင်းဆိုဘရိုရှာနှင့် အသိပညာ စာအုပ်တို့သည် ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းတွင် ထိရောက်သောကိရိယာများဖြစ်ကြောင်း အဘယ်တွေ့ကြုံမှုများကဖော်ပြသနည်း။
၁၆ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာနှင့် ထာဝရအသက်ကိုရစေသောအသိပညာစာအုပ်သည် ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းတွင် ထိရောက်သောကိရိယာများဖြစ်နေဆဲပင်။ အီတလီနိုင်ငံတွင် ဘတ်စကားစောင့်နေသော [ခရစ်ယာန်] သီလရှင်တစ်ပါးသည် နိုင်ငံတော်သတင်းတစ်စောင်ကိုလက်ခံခဲ့သည်။ နောက်နေ့တွင် တစ်ဖန်ချဉ်းကပ်ခဲ့ရာ တောင်းဆိုဘရိုရှာကိုလက်ခံခဲ့သည်။ ထို့နောက် နေ့စဉ်ပင် ဘတ်စကားမှတ်တိုင်တွင် ၁၀-၁၅ မိနစ်အထိ ကျမ်းစာလေ့လာခဲ့သည်။ တစ်လခွဲကြာသည့်အခါ သီလရှင်ကျောင်းမှထွက်ပြီး သင်အံမှုဆက်လုပ်နိုင်ရန် ဂွာတီမာလာသို့ပြန်ရန်ဆုံးဖြတ်ခဲ့သည်။ မာလာဝီနိုင်ငံတွင် လိုဘီနာဟုခေါ်သော စိတ်အားထက်သန်သည့် ချာ့ချ်တက်ရောက်သူတစ်ဦးသည် ယေဟောဝါသက်သေများနှင့် သူ၏သမီးများကျမ်းစာသင်သည်ကို မကြိုက်ခဲ့ချေ။ သို့တိုင် မိန်းကလေးများသည် သူတို့တတ်နိုင်သလောက် အမေဖြစ်သူကို ကျမ်းစာအမှန်တရားဝေမျှခဲ့ကြသည်။ ၁၉၉၇ ခုနှစ်ဇွန်လတွင် လိုဘီနာသည် အသိပညာစာအုပ်ကိုတွေ့ရှိခဲ့ပြီး “ရစေသောအသိပညာ” ဟူသည့်စကားလုံးကိုအလွန်စိတ်ဝင်စားခဲ့သည်။ ဇူလိုင်လတွင် ကျမ်းစာသင်အံမှုကို သူလက်ခံခဲ့သည်။ ဩဂုတ်လတွင် ခရိုင်စည်းဝေးကြီးကိုတက်ရောက်ခဲ့ပြီး အစီအစဉ်တစ်ခုလုံးကို ဂရုတစိုက်နားထောင်ခဲ့သည်။ ထိုလအကုန်တွင် သူ၏ချာ့ချ်မှနုတ်ထွက်ခဲ့ပြီး နှစ်ခြင်းမခံသေးသောကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီခဲ့သည်။ သူသည် ၁၉၉၇ နိုဝင်ဘာတွင် နှစ်ခြင်းခံခဲ့သည်။
၁၇၊ ၁၈။ အသင်းမ၏ဗီဒီယိုတိတ်ခွေများသည် ဝိညာဉ်ရေးရာများကို “သိမြင်” စေရန် မည်သို့အကူအညီဖြစ်ခဲ့သနည်း။
၁၇ အသင်းမ၏ဗီဒီယိုတိတ်ခွေများသည် လူများစွာအား ဝိညာဉ်ရေးရာများကို “သိမြင်” စေခဲ့သည်။ မော်ရေးရှပ်ကျွန်းရှိ လူတစ်ဦးသည် ချာ့ချ်တွင်စည်းလုံးမှုမရှိခြင်းကြောင့် ၎င်းမှထွက်ခဲ့သည်။ သာသနာပြုတစ်ဦးသည် မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးစေခြင်းဗီဒီယိုတိတ်ခွေကိုအသုံးပြုကာ ယေဟောဝါသက်သေများ၏စည်းလုံးမှုကို သူ့အားပြသခဲ့သည်။ အလွန်သဘောကျကာ ထိုသူကဤသို့ပြောခဲ့သည်– “ခင်ဗျားတို့ယေဟောဝါသက်သေတွေဟာ ပရဒိသုမှာရောက်နှင့်နေကြပြီပဲ!” ကျမ်းစာသင်အံမှုကို သူလက်ခံခဲ့သည်။ ဂျပန်နိုင်ငံရှိညီအစ်မတစ်ဦးသည် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းဗီဒီယိုတိတ်ခွေကို သူ၏မယုံကြည်သူခင်ပွန်းအားပြသခဲ့ရာ ခင်ပွန်းသည် မှန်မှန်ကျမ်းစာလေ့လာဖို့လှုံ့ဆော်ခံခဲ့ရသည်။ မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးစေခြင်းကိုကြည့်ရှုပြီးနောက် သူသည် ယေဟောဝါသက်သေတစ်ယောက်ဖြစ်လိုခဲ့သည်။ အပိုင်းသုံးခုရှိသော သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့် ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်အမည်ရှိတိတ်ခွေက သူ၏အသက်တာတွင် သမ္မာကျမ်းစာမူများကိုလိုက်လျှောက်စေခဲ့သည်။ နောက်ဆုံးတွင် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည်တိတ်ခွေက ယေဟောဝါသည် မိမိ၏လူတို့အား စာတန့်တိုက်ခိုက်မှုကိုဆန့်ကျင်ရန် ခွန်အားရှိစေကြောင်းဖော်ပြခဲ့သည်။ ထိုသူသည် ၁၉၉၇ အောက်တိုဘာတွင် နှစ်ခြင်းခံခဲ့သည်။
၁၈ ၎င်းတို့သည် လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်းဖြစ်ပျက်ခဲ့သည့် တွေ့ကြုံမှုများစွာမှ အနည်းငယ်မျှသာဖြစ်သည်။ ယေဟောဝါသက်သေများ၌ တက်ကြွသောယုံကြည်ခြင်းရှိကြောင်းနှင့် ယေဟောဝါသည် သူတို့၏လုပ်ဆောင်မှုကိုကောင်းချီးပေးခြင်းအားဖြင့် ထိုယုံကြည်ခြင်းကိုခိုင်ခံ့စေကြောင်း ၎င်းတို့ကဖော်ပြသည်။—ယာကုပ် ၂:၁၇။
ယနေ့ ယုံကြည်ခြင်းကိုပျိုးထောင်
၁၉။ (က) ကျွန်ုပ်တို့သည် အာဗြဟံထက် မည်သို့အခွင့်ပိုသာသနည်း။ (ခ) လွန်ခဲ့သောနှစ်တွင် ယေရှု၏ယဇ်သကာသေခြင်းကို သတိရအောက်မေ့ဖို့ရန် မည်မျှစုရုံးခဲ့သနည်း။ (ဂ) လွန်ခဲ့သောနှစ်တွင် အဘယ်နိုင်ငံများ၌သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက် ထူးခြားခဲ့သနည်း။ (စာမျက်နှာ ၁၂ မှ ၁၅ အထိဇယားကိုကြည့်ပါ။)
၁၉ ယနေ့ ကျွန်ုပ်တို့သည် နည်းများစွာဖြင့် အာဗြဟံထက်အခွင့်ပိုသာကြသည်။ ယေဟောဝါသည် အာဗြဟံကိုပေးခဲ့သည့်ကတိတော်အားလုံးကိုပြည့်စုံစေခဲ့ကြောင်း ကျွန်ုပ်တို့သိကြသည်။ အာဗြဟံ၏အမျိုးအနွယ်သည် ခါနာန်ပြည်ကိုအမွေခံခဲ့ကြပြီး လူမျိုးကြီးတစ်မျိုးလည်းဖြစ်လာခဲ့သည်။ (၃ ဓမ္မရာဇဝင် ၄:၂၀; ဟေဗြဲ ၁၁:၁၂) ထို့အပြင် ခါရန်မြို့မှအာဗြဟံထွက်ခွာခဲ့ပြီး ၁,၉၇၁ နှစ်ခန့်အကြာတွင် သူ၏မျိုးဆက်မှဆင်းသက်သောယေရှုသည် နှစ်ခြင်းဆရာယောဟန်ထံ၌ ရေတွင်နှစ်ခြင်းခံပြီးနောက် ဝိညာဉ်ရေးသဘောအရပြည့်ဝစုံလင်စွာ အာဗြဟံ၏မျိုးနွယ်တော်မေရှိယဖြစ်လာရန် ယေဟောဝါကိုယ်တော်တိုင်က သန့်ရှင်းသောဝိညာဉ်တော်ဖြင့်နှစ်ခြင်းပေးခဲ့သည်။ (မဿဲ ၃:၁၆၊ ၁၇; ဂလာတိ ၃:၁၆) စီ.အီး. ၃၃ နိသန်လ ၁၄ ရက်တွင် ယေရှုသည် ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြမည့်သူတို့အတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကိုပူဇော်ခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ယခု သန်းနှင့်ချီသောလူတို့သည် ကိုယ်တော်အားဖြင့်ကောင်းချီးခံစားနိုင်ကြမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်က ၁၃,၈၉၆,၃၁၂ သည် ဤထူးမြတ်လှသည့်မေတ္တာ၏ထင်ရှားသောလုပ်ရပ်ကို သတိရအောက်မေ့ဖို့ရန် နိသန်လ ၁၄ ရက်တွင်စုဝေးခဲ့ကြသည်။ ကြီးမြတ်သောကတိစောင့်သိရှင် ယေဟောဝါ၏ဟုတ်မှန်မှုထင်ရှားခြင်းပါတကား!
၂၀၊ ၂၁။ ပထမရာစုတွင် လူမျိုးအသီးသီးမှလူတို့သည် အာဗြဟံ၏မျိုးနွယ်တော်မှတစ်ဆင့် မည်သို့ကောင်းချီးခံစားခဲ့ကြရသနည်း။ ယနေ့အချိန်တွင် သူတို့ကိုယ်ကိုသူတို့ မည်သို့ကောင်းချီးပေးနေကြသနည်း။
၂၀ ပထမရာစုတွင် ဇာတိဣသရေလလူမျိုးမှအစ လူမျိုးအသီးသီးမှလူများစွာသည် ဤအာဗြဟံ၏မျိုးနွယ်တော်ကို ယုံကြည်ကြောင်းတင်ပြခဲ့ကြရာ ဘုရားသခင်၏ဘိသိက်ခံသားများ၊ ‘ဘုရားသခင်၏ဝိညာဉ်ရေးဣသရေလ’ အသစ်၏အဖွဲ့ဝင်များဖြစ်လာခဲ့ကြသည်။ (ဂလာတိ ၃:၂၆-၂၉; ၆:၁၆; တမန်တော် ၃:၂၅၊ ၂၆) သူတို့သည် ဘုရားသခင့်နိုင်ငံတော်တွင် တွဲဖက်အုပ်စိုးမည့်သူများအဖြစ် ကောင်းကင်တွင်မပျက်စီးနိုင်သောနာမ်ဝိညာဉ်အသက်တာရရန် စိတ်ချရသည့်မျှော်လင့်ချက်ရှိကြသည်။ ၁၄၄,၀၀၀ သာဤနည်းဖြင့်ကောင်းချီးခံစားရမည်ဖြစ်ပြီး ထိုသူတို့အနက် လူနည်းစုသာကျန်ရှိတော့သည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၇:၄) လွန်ခဲ့သောနှစ်က ၈,၇၅၆ သည် အောက်မေ့ရာပွဲတွင်အသုံးပြုသော အထိမ်းအမှတ်မုန့်နှင့်စပျစ်ရည်ကိုသုံးဆောင်ခြင်းဖြင့် ဤအရေအတွက်ဝင်ဖြစ်သည်ကို သူတို့ယုံကြည်ကြောင်း သက်သေထူခဲ့ကြသည်။
၂၁ ယနေ့ ယေဟောဝါသက်သေအားလုံးနီးပါးသည် ဗျာဒိတ် ၇:၉-၁၇ တွင်ပရောဖက်ပြုထားသော “လူအုပ်ကြီး” အဝင်ဖြစ်ကြသည်။ ယေရှုအားဖြင့် သူတို့ကောင်းချီးခံစားကြရသောကြောင့် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရရန် မျှော်လင့်နိုင်ကြသည်။ (ဗျာဒိတ် ၂၁:၃-၅) ၁၉၉၈ ခုနှစ်တွင် ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ခဲ့သူ ၅,၈၈၈,၆၅၀ တို့က အမှန်ပင် “ကြီးစွာသော” လူအုပ်ဖြစ်ကြောင်းဖော်ပြသည်။ ရုရှားနှင့် ယူကရိန်းတို့တွင် ပထမဆုံးအကြိမ် ကြေညာသူ ၁၀၀,၀၀၀ ကျော်မှတ်တမ်းသွင်းသည်ကိုသိမြင်ရခြင်းသည် အထူးသဖြင့် ပီတိဖြာစရာဖြစ်ခဲ့သည်။ ဩဂုတ်လတွင် ယူနိုက်တက်စတိတ်မှ ကြေညာသူ ၁,၀၄၀,၂၈၃ ဦးမှတ်တမ်းသွင်းခဲ့ခြင်းသည်လည်း ထူးခြားမှုပင်! ယင်းသည် လွန်ခဲ့သောနှစ်တွင် ကြေညာသူ ၁၀၀,၀၀၀ ကျော်မှတ်တမ်းသွင်းခဲ့သော ၁၉ နိုင်ငံအနက် သုံးနိုင်ငံမျှသာဖြစ်သည်။
မကြာမီပြည့်စုံမည့်မျှော်လင့်ချက်
၂၂၊ ၂၃။ (က) ယနေ့ ကျွန်ုပ်တို့၏နှလုံးကို အဘယ်ကြောင့်မြဲမြံစေသင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် ပေါလုဖော်ပြခဲ့သော သစ္စာမဲ့သူများနှင့်မတူဘဲ အာဗြဟံနှင့်တူကြောင်း မည်သို့သက်သေထူနိုင်သနည်း။
၂၂ ယေဟောဝါ၏ကတိတော်များ ပြည့်စုံချိန်အတွင်း မည်မျှရောက်ရှိနေကြောင်းကို သတိရအောက်မေ့ပွဲတက်ရောက်သူများ သတိပေးခံခဲ့ကြရသည်။ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် နန်းထိုင်ခဲ့ရာ နိုင်ငံတော်တန်ခိုးနှင့် ကိုယ်တော်ရောက်ရှိနေခြင်း စတင်ခဲ့သည်။ (မဿဲ ၂၄:၃; ဗျာဒိတ် ၁၁:၁၅) မှန်ပါသည်၊ ယခု အာဗြဟံ၏မျိုးနွယ်တော်သည် ကောင်းကင်၌အုပ်စိုးနေပေပြီ! ယာကုပ်က သူ၏ခေတ်ရှိခရစ်ယာန်များအား ဤသို့ပြောဆိုခဲ့သည်– “သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။” (ယာကုပ် ၅:၈) မှန်ပါသည်၊ ထိုရောက်ရှိနေခြင်းသည် ယခုအမှန်ဖြစ်ပျက်နေပြီ! ကျွန်ုပ်တို့၏စိတ်နှလုံးကိုမြဲမြံစေကြဖို့ အကြောင်းပိုများနေသည်တကား!
၂၃ ကျမ်းစာကိုမှန်မှန်လေ့လာခြင်းနှင့် အဓိပ္ပာယ်ပြည့်ဝသောဆုတောင်းခြင်းအားဖြင့် ဘုရားသခင့်ကတိတော်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနေခြင်းသည် အမြဲဆန်းသစ်နေပါလေစေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နှုတ်မြွက်စကားတော်ကိုနာခံကြစဉ် ကိုယ်တော့်ကောင်းချီးကို အမြဲခံစားနေကြရပါစေ။ ထိုအခါ ကျွန်ုပ်တို့သည် ပေါလုဖော်ပြခဲ့သည့် ယုံကြည်ခြင်းအားနည်းပြီး ဆုံးရှုံးသွားခဲ့သူတို့နှင့်မတူဘဲ အာဗြဟံကဲ့သို့ဖြစ်ကြပါလိမ့်မည်။ ကျွန်ုပ်တို့၏အသန့်ရှင်းဆုံးသောယုံကြည်ခြင်းမှ အဘယ်အရာကမျှ ကျွန်ုပ်တို့ကိုကွာဝေးစေနိုင်မည်မဟုတ်ချေ။ (ယုဒ ၂၀) ၁၉၉၉ လုပ်ငန်းတော်နှစ်နှင့် ထာဝရအနာဂတ်အထိဆက်ပြီး ယေဟောဝါ၏ကျေးကျွန်အားလုံးအတွက် ဤသို့ပင်ဧကန်အမှန်ဖြစ်ပါလေစေ။
သင်သိသလော
◻ ယနေ့ ဘုရားသခင်၏စကားကို မည်သို့နားထောင်နိုင်သနည်း။
◻ ဘုရားသခင်ထံ အဓိပ္ပာယ်ပြည့်ဝသောဆုတောင်းချက်များမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။
◻ ယေဟောဝါ၏လမ်းညွှန်မှုကို နာခံမှုရှိရှိလိုက်နာမည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မည်သို့ခိုင်ခံ့လာမည်နည်း။
◻ နှစ်ချုပ်မှတ်တမ်း (စာမျက်နှာ ၁၂ မှ ၁၅) မှအဘယ်ထူးခြားမှုကို အထူးသဖြင့် သင်စိတ်ဝင်စားသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် ယေဟောဝါ၏စကားတော်ကိုနားထောင်မည်ဆိုလျှင်ကိုယ်တော့်ကတိတော်များ၌ယုံကြည်စိတ်ချမှုသည် ဆန်းသစ်လာပါလိမ့်မည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်သောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေ