အကောင်းဆုံးဘဝလမ်းစဉ်တွင် စည်းလုံးနေခြင်း
ကမ္ဘာ့လူဦးရေ ဆက်၍တိုးများလာနေလျှင် မကြာမီ သန်းခြောက်ထောင်ရှိလိမ့်မည်။ လူသားအားလုံး ယေဘုယျဘိုးဘွားမှ ဆင်းသက်လာကြသော်လည်း အများစုသည် ဉာဏ်ပညာနှင့် မေတ္တာရှိသောဖန်ဆင်းရှင်ထံ စာရင်းရှင်းရမည့် ကမ္ဘာ့မိသားစုဝင်ဖြစ်ကြောင်း အသိအမှတ်ပြုပုံမရချေ။ နိုင်ငံများ၊ လူမျိုးများနှင့် ယဉ်ကျေးမှုများစပ်ကြားဖြစ်ပွားနေသော သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခတို့က ဤဝမ်းနည်းစရာအခြေအနေကို စိတ်ပျက်ဖွယ်သက်သေထူနေသည်။
လက်ရှိကမ္ဘာ့အခြေအနေကိုကြည့်လျှင် ကမ္ဘာချီစည်းလုံးမှုဟူသည် မရနိုင်သောပန်းတိုင်ဖြစ်ပုံရသည်။ ကိုလံဘီယာကမ္ဘာ့သမိုင်း စာအုပ်ကဤသို့ဖော်ပြသည်– “အရာရာထက်အရေးပါသည့် တစည်းတလုံးနေထိုင်ခြင်းကိစ္စကို ဖြေရှင်းပေးရန် မျက်မှောက်ခေတ်လောက၌ စိတ်ကူးစိတ်သန်းအသစ်တစ်ခုမျှမရှိပါ။”
သို့ရာတွင် မြေကြီးသားအပေါင်းစည်းလုံးကြရန် စိတ်ကူးစိတ်သန်းအသစ်တစ်ခုမလိုပါ။ စည်းလုံးမှုရှိနိုင်သောနည်းလမ်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ထိုနည်းလမ်းသည် မြေကြီးနှင့်မြေကြီးပေါ်မှ သက်ရှိအားလုံးကိုဖန်ဆင်းတော်မူသောအရှင်အား ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဗဟိုပြုသည်။ ဘုရားသခင့်လူတို့အလယ်တွင် စစ်မှန်သောစည်းလုံးသည့်အတွေးအခေါ်၊ ရည်ရွယ်ချက်နှင့် ဘဝပုံစံတစ်မျိုးတည်း ရှိနှင့်ပြီးသားဖြစ်သည်။ နိုင်ငံပေါင်း ၂၃၃ နိုင်ငံမှ ငါးသန်းခွဲကျော်သောသူတို့သည် ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကား အကောင်းဆုံးလမ်းစဉ်ဖြစ်သည်ဟု တစ်မျိုးတည်းခံယူထားကြသည်။ ဆာလံဆရာနည်းတူ “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ” ဟုသူတို့ဆုတောင်းကြသည်။—ဆာလံ ၈၆:၁၁။
စင်ကြယ်သောဝတ်ပြုရေး၌ လူမျိုးအပေါင်းစည်းလုံးကြမည့်အကြောင်းကို ပရောဖက်ဟေရှာယက ဤသို့တင်ကူးရေးသားဖော်ပြခဲ့သည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ ‘လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေ . . . ရာသို့လိုက်သွားကြမည်’ ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။”—ဟေရှာယ ၂:၂၊ ၃။
ယေဟောဝါသက်သေများ၏စည်းလုံးမှုသည် တစ်မူထူးခြားသည်။ ကမ္ဘာတစ်ခွင်အသင်းတော်ပေါင်း ၈၇,၀၀၀ ကျော်တွင် သူတို့၏အစည်းအဝေးများ၌ ပတ်စဉ်တစ်မျိုးတည်းသော ဝိညာဉ်အစာကိုစားသုံးကြသည်။ (မဿဲ ၂၄:၄၅-၄၇) သို့သော် ယေဟောဝါသက်သေများသည် ၁၉၉၈ ခုနှစ်အလယ်ပိုင်းမှ ၁၉၉၉ ခုနှစ်အစပိုင်းအထိ သူတို့၏စည်းလုံးမှုကို အခြားနည်းတစ်နည်းဖြင့် ပြသခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းကျင်းပသည့် သူတို့၏သုံးရက်တာကြာသော “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများတွင် သူတို့စုဝေးခဲ့ကြသည်။ ၁၃ နိုင်ငံတွင် ဤအစည်းအဝေးများသို့ နိုင်ငံများစွာမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ယင်းတို့ကို အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများဟုခေါ်သည်။ အခြားစည်းဝေးကြီးတို့ကိုကား ခရိုင်စည်းဝေးကြီးများဟုခေါ်သည်။ သို့ရာတွင် ဤစည်းဝေးကြီးအားလုံးတွင် ဝိညာဉ်ရေးခဲဖွယ်စားဖွယ် အစီအစဉ်တစ်မျိုးတည်းကို တင်ဆက်ခဲ့ကြသည်။
ယေဟောဝါ၏သွန်သင်မှုကိုခံယူဖို့ရန် ခန်းမများနှင့် အားကစားကွင်းများသို့ တဖွဲဖွဲဝင်လာကြသည့် ပျော်ရွှင်၍ သပ်ရပ်သေသပ်စွာဝတ်စားဆင်ယင်ထားကြသော စည်းဝေးတက်ရောက်သူများကိုတွေ့မြင်ရခြင်းသည် အလွန်စိတ်ကြည်နူးစရာပင်! ယူ.အက်စ်.အေ. မီချီဂန်ပြည်နယ်တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ခဲ့သူတစ်ဦး၏စကားသည် နမူနာတစ်ခုဖြစ်သည်။ သူဤသို့ပြောပြခဲ့သည်– “ကမ္ဘာတစ်ဝန်း—ချက်ခ်သမ္မတနိုင်ငံ၊ ဘာဘေးဒိုးစ်၊ နိုင်ဂျီးရီးယား၊ ဟန်ဂေရီ၊ အင်္ဂလန်၊ ဟော်လန်၊ အီသီယိုးပီးယား၊ ကင်ညာနှင့် အခြားနိုင်ငံများစွာတို့—မှ ကျွန်မတို့၏ညီအစ်ကိုများ တစ်ယောက်ကိုတစ်ယောက် ဖက်ယမ်းနေကြခြင်းကို တွေ့မြင်ရခြင်းသည်အမှန်တကယ် ဝမ်းသာစရာပင်! ညီအစ်ကိုများသည် စည်းလုံးစွာအတူတကွနေကြခြင်း၊ အချင်းချင်းနှင့် သူတို့၏ကြီးမြတ်တော်မူသောဘုရားသခင် ယေဟောဝါအားချစ်သည့်မေတ္တာကြောင့် ဝမ်းသာမျက်ရည်များကျကြသည်ကိုမြင်ရခြင်းသည် ကြည်နူးစရာပင်ဖြစ်သည်။” ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသောသူတို့ ပျော်မွေ့ခဲ့ကြသော စည်းဝေးကြီးအစီအစဉ်ကို နောက်ဆောင်းပါးတွင်သုံးသပ်ကြပါမည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.