မာန်မာန၏အခ—မည်မျှကြီးမြင့်သနည်း
သင့်ကို တမင်သက်သက်နှိမ်ဖို့ကြိုးစားသူတစ်ဦးနှင့် သင်ဆက်ဆံဖူးသလော။ မန်နေဂျာတစ်ဦး၊ အထက်လူကြီးတစ်ဦး၊ ကြီးကြပ်သူတစ်ဦး၊ သို့မဟုတ် မတူမတန်သဘောမျိုးနှင့်ကြည့်ကာ သင့်ကိုလုံးဝအထင်သေးသော ဆွေမျိုးတစ်ဦးဦးနှင့် ဆက်ဆံဖူးပါသလော။ ထိုသူအပေါ် သင်မည်သို့သဘောထားသနည်း။ သူ၏အကျင့်စရိုက်ကို သင်သဘောကျခဲ့သလော။ လုံးဝသဘောကျမည်မဟုတ်! အဘယ်ကြောင့်နည်း။ အကြောင်းမှာ မာန်မာနသည် အတားအဆီးများကို ဖြစ်ပေါ်စေကာ ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့သောကြောင့်ဖြစ်သည်။
မာန်မာနက လူတစ်ဦးအား အခြားသူတိုင်းကိုနှိမ်စေပြီး မိမိကိုယ်ကိုသူတစ်ပါးထက် အမြဲသာသည့်ပုံစံရှိစေသည်။ ယင်းသို့သောသဘောထားရှိသူတစ်ဦးသည် သူတစ်ပါးအကြောင်း အကောင်းပြောခဲသည်။ အမြဲလိုလိုပင် “အင်း၊ ဟုတ်မှာပါ၊ ဒါပေမဲ့ သူ့မှာဒီပြဿနာ၊ ဟိုအားနည်းချက်ရှိတယ်” ဟူသော အပျက်သဘောပါ ဖော်ပြချက်တစ်ခုခု ထုတ်ဖော်တတ်သည်။
ငွေစကားလုံးများဖြင့်စီခြယ်ထားသော ရွှေအတွေးများစာအုပ်တွင် မာန်မာနကို “အစဉ်ရှုံးနိမ့်စေသည့် ဆိုးညစ်မှုအဖြစ်ဖော်ပြထားသည်။ ယင်းက လူကိုပျက်စီးစေကာ ချီးမွမ်းစရာမကျန်သလောက်ဖြစ်စေသည်။” ထို့ကြောင့် မာနကြီးသူအနားတွင် မည်သူမျှသက်သောင့်သက်သာမရှိကြခြင်းသည် အံ့အားသင့်စရာလော။ အမှန်မှာ မာန်မာနကြောင့် မိတ်ဆွေစစ်များကင်းမဲ့ရလေ့ရှိသည်။ ထိုစာအုပ်က “တစ်ဖက်တွင်မူ နှိမ့်ချသူများ—နှိမ့်ချသည်ဟု မိမိတို့ကိုယ်ကိုဂုဏ်ယူသူများမဟုတ်ဘဲ အမှန်တကယ်နှိမ့်ချသူများ—ကို လူတို့နှစ်သက်ကြသည်” ဟုဆက်ပြောပြသည်။ သင့်လျော်စွာဖြင့် သမ္မာကျမ်းစာက “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်အသရေကိုရလိမ့်မည်” ဟုဖော်ပြထားသည်။—သု. ၂၉:၂၃။
သို့သော် မိတ်ဆွေရှိခြင်း သို့မဟုတ် လေးစားခံရခြင်းထက် မာန်မာနက ဘုရားသခင်နှင့်ဆက်ဆံရေးကို မည်သို့ထိခိုက်သနည်း။ ဘဝင်မြင့်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် ရောင့်တက်ခြင်းတို့ကို ဘုရားသခင်မည်သို့ရှုမြင်သနည်း။ မာနကြီးခြင်း သို့မဟုတ် နှိမ့်ချခြင်းသည် ကိုယ်တော့်အတွက်အကြောင်းလော။
နှိမ့်ချခြင်းတွင်သင်ခန်းစာ
နယပုံပြင်ကျမ်း၏ မှုတ်သွင်းခံရေးသားသူက “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ စိတ်နှိမ့်ချသောသူတို့နှင့်ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည်၊ မာနကြီးသောသူတို့နှင့်ဆက်ဆံ၍ လုယူသောဥစ္စာကိုဝေမျှခြင်းထက် သာ၍ကောင်း၏” ဟုဖော်ပြသည်။ (သု. ၁၆:၁၈၊ ၁၉) ထိုပညာရှိစကားများမှန်ကန်ကြောင်းကို ဣသရေလပရောဖက်ဧလိရှဲခေတ်မှ ရှုရိစစ်ဗိုလ်ချုပ်နေမန်၏အဖြစ်က ကောင်းစွာဖော်ပြခဲ့သည်။
နေမန်သည် အနာကြီးရောဂါသည်တစ်ဦးဖြစ်သည်။ ကုသခံရရန် ဧလိရှဲနှင့်တွေ့ဆုံမည်အထင်ဖြင့် ရှမာရိမြို့သို့ခရီးထွက်ခဲ့သည်။ သို့အစား ပရောဖက်သည် သူ၏ကျွန်ကိုစေလွှတ်ကာ နေမန်အား ယော်ဒန်မြစ်တွင် ခုနစ်ကြိမ်ရေချိုးဖို့ညွှန်ကြားလိုက်သည်။ မိမိကိုဆက်ဆံပုံနှင့် အကြံပေးချက်ကို နေမန်မခံချိမခံသာဖြစ်ခဲ့သည်။ ပရောဖက်သည် ကျွန်တစ်ဦးကိုစေလွှတ်မည့်အစား ကိုယ်တိုင်ထွက်လာ၍ အဘယ်ကြောင့် မိမိနှင့်စကားမပြောနိုင်ရသနည်း။ ထို့ပြင် ရှုရိနိုင်ငံမှအဘယ်မြစ်မဆိုသည် ယော်ဒန်မြစ်တမျှကောင်းပါသည်တကား! သူ့အခက်အခဲမှာ မာန်မာနဖြစ်သည်။ အကျိုးဆက်ကားအဘယ်နည်း။ သူ့အတွက်ဝမ်းသာစရာမှာ သာ၍ပညာရှိသောအကြံပြုချက်ကို လိုက်လျောပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “နေမန်သည်သွား၍ ဘုရားသခင်၏လူစီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ကိုယ်ကို ခုနစ်ကြိမ်နှစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏။”—၄ ဓမ္မရာဇဝင် ၅:၁၄။
တစ်ခါတစ်ရံ အနည်းငယ်နှိမ့်ချရုံဖြင့် ကြီးမားသည့်အကျိုးကျေးဇူးများ ခံစားခဲ့ကြရသည်။
ထောင်လွှားခြင်း၏အခ
သို့သော် မာန်မာန၏အခသည် အကျိုးကျေးဇူးတစ်ခုခုကို လက်လွတ်ဆုံးရှုံးခဲ့ရရုံထက်မက ဖြစ်နိုင်သည်။ “အပြစ်ဒဏ်ကိုခံရလေ့ရှိသော မာနကြီးလွန်းခြင်း သို့မဟုတ် မိမိကိုယ်ကိုယုံကြည်စိတ်ချခြင်း” ဟုအဓိပ္ပာယ်ဖွင့်ထားသည့် “ဟယူဘရိစ်” ဟူသောစကားလုံးတွင် မာန်မာန၏အသွင်နောက်တစ်မျိုး မသိမသာပေါ်သည်။ (ဝက်ဘ်စတား၏ နဝမအကြိမ်မြောက် အဘိဓာန်သစ်) ဤစကားလုံးသည် ဂရိဘာသာမှတိုက်ရိုက်ဆင်းသက်လာပြီး ဂရိကျမ်းပညာရှင် ဝီလျံဘားကလေး၏အဆိုအရ “ဟယူဘရိစ် ဟူသည် . . . လူလူချင်းကိုဖိနှိပ်စေသည့် ထောင်လွှားခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုကိုရောနှောထားခြင်းဖြစ်သည်။”
သမ္မာကျမ်းစာတွင် ဤသို့သောမာနကြီးလွန်းခြင်းကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ အမ္မုန်ဘုရင်ဟာနုန်၏အဖြစ်အပျက်တွင်ဖြစ်သည်။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်းစာအုပ်က ဤသို့ရှင်းပြသည်– “နာဟတ်သည် ဒါဝိဒ်အားကျေးဇူးပြုခဲ့သောကြောင့် ဟာနုန်၏ဖခင်သေရာတွင် သူ့ကိုနှစ်သိမ့်ပေးရန် ဒါဝိဒ်သည် ဟာနုန်ထံသို့ တမန်များကိုစေလွှတ်လေသည်။ သို့သော် ယင်းသည် မြို့တော်ကိုစူးစမ်းရန် ဒါဝိဒ်၏ပရိယာယ်မျှသာဖြစ်သည်ဟု မင်းသားများကယုံကြည်စေသောကြောင့် ဟာနုန်သည် သူတို့၏မုတ်ဆိတ်တစ်ခြမ်းကိုရိတ်လျက် အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ခြင်းဖြင့် ဒါဝိဒ်၏ကျွန်တို့ကို အရှက်တကွဲဖြစ်စေခဲ့သည်။”a ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဘားကလေးက “ထိုသို့ဆက်ဆံခြင်းသည် ဟယူဘရိစ်ဖြစ်သည်။ ယင်း၌ စော်ကားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ လူရှေ့သူရှေ့နှိမ်ခြင်း အားလုံးပါဝင်သည်” ဟုမှတ်ချက်ချသည်။—၂ ဓမ္မရာဇဝင် ၁၀:၁-၅။
မှန်ပါသည်၊ မာန်မာနကြီးသူသည် ဟယူဘရိစ်ဖြစ်သည့်၊ မောက်မာ၍ အခြားသူတို့ကိုနှိမ်လေ့ရှိသည်။ ထောက်ထားစာနာမှုကင်းမဲ့သည့်နည်းဖြင့် တစ်ဦးတစ်ယောက်အားထိခိုက်ရခြင်းကို သူနှစ်သက်ပြီး သူတစ်ပါး ကသိကအောက်ဖြစ်၍ အရှက်ကွဲသည်ကို ပီတိဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦး၏ကိုယ့်သိက္ခာကိုယ်လေးစားသည့်စိတ်ကို လျော့နည်းစေခြင်း သို့မဟုတ် ဖျက်ဆီးခြင်းသည် အသွားနှစ်ဖက်ရှိသည်။ ယင်းက မိတ်ဆွေဆုံးရှုံးစေပြီး ပို၍ဖြစ်နိုင်သည်မှာ ရန်သူတစ်ဦးရစေသည်။
စစ်မှန်သောခရစ်ယာန်တစ်ဦး၏ သခင်ဖြစ်သူက “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်” ရန်မိန့်မှာထားခဲ့သောကြောင့် အဘယ်ခရစ်ယာန်သည် ယင်းသို့သောထိခိုက်နစ်နာစေသည့် မာန်မာနစိတ်ကို မည်သို့တင်ပြနိုင်မည်နည်း။ (မဿဲ ၇:၁၂; ၂၂:၃၉) ယင်းသည် ဘုရားသခင်နှင့် ခရစ်တော်ကိုယ်စားပြုရာအားလုံးနှင့် လုံးလုံးဆန့်ကျင်သည်။ ယင်းကြောင့် “ဟယူဘရိစ်ဟူသည် ဘုရားသခင်ကိုအန်တုစေသည့် မာန်မာနဖြစ်သည်” ဟုဘားကလေးက အလေးအနက်မှတ်ချက်ချသည်။ ယင်းက “ဘုရားသခင်မရှိ” ဟုဆိုသည့် မာန်မာနမျိုးဖြစ်သည်။ (ဆာလံ ၁၄:၁) သို့မဟုတ် ဆာလံ ၁၀:၄ တွင်ဖော်ပြထားသည့်အတိုင်း “မတရားသောသူသည် မာနထောင်လွှားသောကြောင့်၊ မစဉ်းစားတတ်ပါ။ ‘ဘုရားသခင်မရှိ’ ဟု အစဉ်အောက်မေ့တတ်ပါ၏။” ယင်းသို့သောမာန်မာန သို့မဟုတ် စိတ်ကြီးဝင်ခြင်းသည် မိတ်ဆွေများနှင့်ဆွေမျိုးများမှသာမက ဘုရားသခင်ထံမှပါကင်းကွာစေသည်။ အခများလိုက်လေခြင်း!
မာန်မာနက သင့်ကိုမတိုက်စားပါစေနှင့်
မာန်မာနတွင် အသွင်အမျိုးမျိုး—မျိုးချစ်စိတ်ဓာတ်၊ လူမျိုးရေးစိတ်ဓာတ်၊ လူတန်းစားနှင့် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းစိတ်ဓာတ်၊ ပညာရေး၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်နှင့် ဩဇာအာဏာ စသည်တို့မှဖြစ်ပေါ်လာသော မာန်မာန—ရှိနိုင်သည်။ သင်သည် တစ်နည်းနည်းဖြင့် အလွယ်တကူမာနတက်လာနိုင်၍ ယင်းသည် သင်၏ ဥပဓိရုပ်ကို တိုက်စားသွားနိုင်သည်။
ယေရှုသည် မိမိ၏တပည့်တော်များနှင့်ဆက်ဆံရာတွင် ဘဝင်မြင့်၍ ကြမ်းတမ်းခက်ထန်နိုင်ခဲ့သည်။ ကိုယ်တော်သည် မစုံလင်၊ စိတ်လိုက်မာန်ပါနှင့် ကမူးရှူးထိုးလုပ်တတ်သော တပည့်နောက်လိုက်များနှင့် ဆက်ဆံရသည့် ဘုရားသခင့်သားတော်၊ စုံလင်သောလူသားတစ်ဦးဖြစ်ခဲ့သည်။ သို့တိုင် နားထောင်သူတို့ကို သူမည်သို့ဖိတ်ကြားခဲ့သနည်း။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ဟု မိန့်တော်မူ၏။”—မဿဲ ၁၁:၂၈-၃၀။
ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ဖို့ ကျွန်ုပ်တို့အစဉ်ကြိုးစားကြပါသလော။ သို့မဟုတ် ကျွန်ုပ်တို့သည် ကြမ်းတမ်းခက်ထန်သော၊ အလျှော့မပေးတတ်သော၊ အာဏာရှင်ဆန်သော၊ သနားကြင်နာမှုကင်းမဲ့၍ ဘဝင်မြင့်သူများဖြစ်နေကြပါသလော။ ဖိနှိပ်ချုပ်ချယ်ဖို့မကြိုးစားဘဲ ယေရှုနည်းတူ စိတ်လန်းဆန်းစေပါ။ မာန်မာန၏ ယိုယွင်းပျက်စီးစေသောသဘောကို တိုက်လှန်ပါ။
အထက်ပါအကြောင်းအရာတို့ကိုထောက်ရှုကာ မာန်မာနဟူသ၍သည် မှား၏ဟုဆိုမည်လော။
ကိုယ့်သိက္ခာကိုယ်လေးစားခြင်းနှင့် စိတ်ကြီးဝင်ခြင်း
မာန်မာနဟူသည် “လျော်ကန်သော သို့မဟုတ် မှန်သည်ဟုလက်ခံနိုင်သော ကိုယ့်သိက္ခာကိုယ်လေးစားခြင်း” လည်းဖြစ်သည်။ (ဝက်ဘ်စတား၏ နဝမအကြိမ်မြောက်အဘိဓာန်သစ်) ကိုယ့်သိက္ခာကိုယ်လေးစားခြင်းမှာ သင့်ကိုယ်သင်လေးစားမှုရှိခြင်းကို ဆိုလိုသည်။ ယင်းက အခြားသူများသင့်အား မည်သို့ယူဆသည်ကို သင်ဂရုစိုက်ခြင်းဟုဆိုလိုသည်။ သင်၏အသွင်အပြင်၊ သင်၏ဂုဏ်သတင်းကို သင်ဂရုစိုက်ခြင်းဖြစ်သည်။ “သင်မည်သူနှင့်သွားလာသည်ကို ကျွန်ုပ်ကိုပြောပါ၊ သင်မည်သို့သောလူစားဖြစ်ကြောင်း ကျွန်ုပ်ပြောပြမည်” ဟူသော စပိန်စကားပုံသည်မှန်၏။ ဖြစ်ကတတ်ဆန်းနိုင်သောသူ၊ ပျင်းရိသောသူ၊ မယဉ်ကျေးသောသူ၊ နှုတ်ကြမ်းသူတို့နှင့် သင်ပေါင်းသင်းလိုလျှင် သင်သည် သူတို့ကဲ့သို့ဖြစ်လာပေမည်။ သူတို့၏စိတ်သဘောထားများ သင့်ထံကူးစက်လာကာ သူတို့ကဲ့သို့ ကိုယ့်သိက္ခာကိုယ်လေးစားမှု ကင်းမဲ့လာလိမ့်မည်။
အခြားတစ်ဖက်တွင် အစွန်းရောက်သော စိတ်ကြီးဝင်စေသည့် သို့မဟုတ် ဝင့်ဝါစေသည့်မာန်မာနလည်းရှိသေးသည်။ ယေရှုခေတ်မှ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် သူတို့၏ထုံးတမ်းစဉ်လာများနှင့် ဘာသာရေးဘက် အလွန်ပြင်းထန်ပုံကို ဂုဏ်ယူကြသည်။ သူတို့နှင့်ပတ်သက်၍ ယေရှုက ဤသို့သတိပေးခဲ့သည်– “သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သောလက်ဖွဲ့တို့ကိုလည်းကောင်း၊ ကြီးသောပန်းပွားတို့ကိုလည်းကောင်း ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟုလူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။”—မဿဲ ၂၃:၅-၇။
ထို့ကြောင့် လျော်ကန်သောမာန်မာနသည် မျှတသောသဘောထားဖြစ်သည်။ ယေဟောဝါသည် အပြင်ပန်းကိုသာမက နှလုံးကိုကြည့်မြင်ကြောင်းကိုလည်း သတိရပါ။ (၁ ဓမ္မရာဇဝင် ၁၆:၇; ယေရမိ ၁၇:၁၀) ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်းသည် ဘုရားသခင့်ဖြောင့်မတ်ခြင်းမဟုတ်ပါ။ သို့ရာတွင် ယခုမေးစရာမှာ စစ်မှန်သောနှိမ့်ချမှုကိုမွေးမြူ၍ မာန်မာန၏ကြီးမြင့်သောအခပေးရခြင်းကို မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အနည်းငယ်နှိမ့်ချလိုက်ခြင်းက နေမန်ကိုကြီးမားသည့်အကျိုးကျေးဇူးရရှိစေခဲ့သည်