ယနေ့ “ဗိမာန်တော်” နှင့် “အကဲအမှူး”
“ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။”—ယေဇကျေလ ၄၆:၁၀။
၁၊ ၂။ သမ္မာတရားဆိုင်ရာ အဘယ်သော့ချက်က ယေဇကျေလဗိမာန်တော်အဆင်းအာရုံ၏ အဓိပ္ပာယ်အများစုကိုနားလည်စေရန် ကူညီပေးသနည်း။
ရှေးခေတ်ရဗ္ဗိဆရာအချို့သည် ယေဇကျေလကျမ်းကို အပြည့်အဝကျေနပ်မှုမရှိခဲ့ချေ။ တာလ်မွတ်ကျမ်းအရ ထိုသူတို့ထဲမှအချို့ဆိုလျှင် သမ္မာကျမ်းစာစောင်များစာရင်းမှပင် ထုတ်ပစ်ရန်စဉ်းစားခဲ့ကြသည်။ သူတို့သည် အထူးသဖြင့် ဗိမာန်တော်အဆင်းအာရုံကို အနက်ဖွင့်ဖို့အခက်တွေ့ကြရာ လူ့ဉာဏ်ဖြင့်မမီနိုင်ဟု ကြေညာခဲ့ကြသည်။ အခြားကျမ်းပညာရှင်များသည် ယေဟောဝါ၏ဗိမာန်တော်ဆိုင်ရာ ယေဇကျေလ၏အဆင်းအာရုံကြောင့် စိတ်ရှုပ်ထွေးခဲ့ကြပြီ။ ကျွန်ုပ်တို့ကော။
၂ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ခဲ့ချိန်ကတည်းက ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို စင်ကြယ်သောဝတ်ပြုရေးအတွက် ကိုယ်တော့်အစီအစဉ်ဖြစ်သည့် ဘုရားသခင့် ဝိညာဉ်ရေးဗိမာန်တော်သည် အဘယ်အရာဖြစ်ကြောင်း ပိုင်းခြားသိမြင်ခြင်းအပါအဝင် ဝိညာဉ်ရေးထိုးထွင်းသိမြင်မှုထွန်းလင်းခြင်းမြောက်မြားစွာဖြင့် ကောင်းချီးပေးတော်မူခဲ့ပြီ။a ဤသမ္မာတရားသော့ချက်က ယေဇကျေလဗိမာန်တော်အဆင်းအာရုံ၏အဓိပ္ပာယ် အတော်များများကိုသဘောပေါက်စေရန် ကူညီပေးသည်။ ဤအဆင်းအာရုံတွင်ပါဝင်သည့် ကဏ္ဍလေးရပ်—ဗိမာန်တော်၊ ယဇ်ပုရောဟိတ်အဖွဲ့၊ အကဲအမှူးနှင့် ပြည်တော်—ကိုအသေးစိတ်သုံးသပ်ကြည့်ကြစို့။ ယနေ့ ယင်းတို့သည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။
ဗိမာန်တော်နှင့် အသင်
၃။ မြင့်မားသည့်မျက်နှာကြက်နှင့် ဗိမာန်တော်သို့ဝင်လမ်းများရှိ နံရံတွင်ထွင်းထုထားရာများမှ အဘယ်အရာကိုသိရှိရသနည်း။
၃ ကျွန်ုပ်တို့သည် ဤအဆင်းအာရုံမှဗိမာန်တော်ကို လှည့်လည်ကြည့်ရှုနေကြသည်ဆိုပါစို့။ အနီးသို့ရောက်သော် ဂိတ်ကြီးတစ်ခုသို့ ခုနစ်လှမ်းတက်လိုက်ကြသည်။ ဤဝင်ဝအတွင်းတွင် ရပ်၍မိန်းမောတွေဝေစွာ မော့ကြည့်လိုက်သည်။ ၎င်း၏မျက်နှာကြက်သည် ကျွန်ုပ်တို့အထက် ပေ ၁၀၀ ကျော်မြင့်၏။ သို့ဖြင့် ဝတ်ပြုကိုးကွယ်ဖို့ ယေဟောဝါ၏အစီအစဉ်ထဲဝင်ရန်စံနှုန်းများသည် မြင့်မားကြောင်း ကျွန်ုပ်တို့အားသတိရစေသည်။ ပြတင်းပေါက်များမှအလင်းတန်းများက ကျမ်းစာတွင် ဖြောင့်မှန်ခြင်းကိုပုံဆောင်ရန် အသုံးပြုသည့် နံရံတွင်ထွင်းထုထားသော စွန်ပလွံပင်ပုံများကို လင်းထိန်စေသည်။ (ဆာလံ ၉၂:၁၂; ယေဇကျေလ ၄၀:၁၄၊ ၁၆၊ ၂၂) ဤမြင့်မြတ်သောနေရာသည် အကျင့်အကြံနှင့် ဝိညာဉ်ရေးဘက်ဖြောင့်မတ်သူများအတွက်ဖြစ်သည်။ ယင်းနှင့်အညီ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါအားလက်ခံစေရန် ဖြောင့်မှန်လိုကြပါသည်။—ဆာလံ ၁၁:၇။
၄။ ဗိမာန်တော်ထဲသို့ မည်သူများဝင်ခွင့်မရကြသနည်း၊ ယင်းက ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။
၄ စင်္ကြံ၏တစ်ဖက်စီတွင် အစောင့်ခန်းသုံးခန်းရှိသည်။ အစောင့်များသည် ဗိမာန်တော်အတွင်းသို့ ကျွန်ုပ်တို့အားဝင်ခွင့်ပြုပါမည်လော။ ‘စိတ်တွင်အရေဖျားလှီးခြင်းကိုမခံသော’ မည်သည့်တိုင်းတစ်ပါးသားမျှ ဝင်ခွင့်ရမည်မဟုတ်ကြောင်း ယေဟောဝါက ယေဇကျေလအားပြောဆိုသည်။ (ယေဇကျေလ ၄၀:၁၀; ၄၄:၉) ယင်းသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင့်တရားတော်ကိုနှစ်သက်ပြီး ယင်းနှင့်အညီအသက်ရှင်သူများကိုသာ ဝတ်ပြုသူများအဖြစ် ကိုယ်တော်လက်ခံကြောင်းဆိုလိုသည်။ (ယေရမိ ၄:၄; ရောမ ၂:၂၉) ထိုသို့သောသူများကို ဝိညာဉ်ရေးတဲတော်၊ ဝတ်ပြုရာအိမ်တော်အတွင်းသို့ ကိုယ်တော်ကြိုဆိုတော်မူ၏။ (ဆာလံ ၁၅:၁-၅) ၁၉၁၉ ခုနှစ်တွင် စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ခဲ့ကတည်းက ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် ကိုယ်တော်၏ကျင့်ဝတ်ကိုစောင့်ထိန်းကာ အဆင့်ဆင့်ရှင်းပြခဲ့သည်။ စိတ်လိုကိုယ်လျောက်မလိုက်နာသူများသည် ကိုယ်တော့်လူမျိုးတော်နှင့် ပေါင်းသင်းခွင့်ရတော့မည်မဟုတ်ပေ။ ယနေ့ နောင်တမရသောပြစ်မှားသူများကို နှင်ထုတ်သည့် ကျမ်းစာအခြေပြုလုပ်ထုံးကြောင့် ကျွန်ုပ်တို့၏ဝတ်ပြုရေးကို သန့်ရှင်းစင်ကြယ်စေခဲ့သည်။—၁ ကောရိန္သု ၅:၁၃။
၅။ (က) ယေဇကျေလ၏အဆင်းအာရုံနှင့် ဗျာဒိတ် ၇:၉-၁၅ တွင်မှတ်တမ်းတင်ထားသော ယောဟန်၏အဆင်းအာရုံတို့တွင် အဘယ်ဆင်တူချက်များရှိသနည်း။ (ခ) ယေဇကျေလ၏အဆင်းအာရုံတွင် အပြင်ရင်ပြင်၌ ဝတ်ပြုနေကြသော ၁၂ နွယ်သည် မည်သူတို့ကိုပုံဆောင်သနည်း။
၅ စင်္ကြံမှထွက်လျှင် ယေဟောဝါအား လူတို့ဝတ်ပြုချီးမွမ်းရာ အပြင်ရင်ပြင်သို့ရောက်သွားသည်။ ယင်းက တမန်တော်ယောဟန်တွေ့မြင်ခဲ့သော “ဗိမာန်တော်၌ . . . နေ့ညဉ့်မပြတ်” ယေဟောဝါအားဝတ်ပြုနေကြသည့် “လူအုပ်ကြီး” အဆင်းအာရုံကို သတိရစေသည်။ အဆင်းအာရုံနှစ်ခုစလုံးတွင် စွန်ပလွံပင်များပါသည်။ ယေဇကျေလ၏အဆင်းအာရုံတွင် ၎င်းတို့ကအဝင်ဝနံရံကို တန်ဆာဆင်ထားသည်။ ယောဟန်၏အဆင်းအာရုံတွင်မူ ဝတ်ပြုသူများသည် စွန်ပလွံခက်များကို ကိုင်ထားကြသည်။ ယင်းက ယေဟောဝါအားချီးမွမ်း၍ ခရစ်တော်အား သူတို့၏ဘုရင်အဖြစ်ကြိုဆိုရာတွင် ရရှိသည့်ရွှင်လန်းခြင်းကိုတင်စားသည်။ (ဗျာဒိတ် ၇:၉-၁၅) ယေဇကျေလအဆင်းအာရုံ၏ရှေ့နောက်စကားတွင် ဣသရေလ ၁၂ နွယ်သည် “အခြားသိုး” ကိုပုံတင်ပြသည်။ (ယောဟန် ၁၀:၁၆; လုကာ ၂၂:၂၈-၃၀ နှိုင်းယှဉ်။) သင်သည်လည်း ယေဟောဝါ၏နိုင်ငံတော်သတင်း ကြွေးကြော်ခြင်းဖြင့် ကိုယ်တော်အားချီးမွမ်းရာတွင် ရွှင်လန်းမှုရသူတစ်ဦးဖြစ်သလော။
၆။ အပြင်ရင်ပြင်ရှိ ထမင်းစားခန်းများ၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်းက အခြားသိုးတွင်ပါဝင်သူများအား အဘယ်အခွင့်အရေးကိုသတိရစေမည်နည်း။
၆ အပြင်ရင်ပြင်တွင် လှည့်လည်ကြည့်ရှုကြစဉ် လူတို့သည် မိမိတို့စေတနာအလျောက်ပေးဆက်သည့် ပူဇော်သကာများကို သုံးဆောင်ကြသည့် ထမင်းစားခန်း ၃၀ ကိုတွေ့ရှိကြရသည်။ (ယေဇကျေလ ၄၀:၁၇) ယနေ့ အခြားသိုးတွင်ပါဝင်သူတို့သည် တိရစ္ဆာန်ပူဇော်သကာများကို မပူဇော်ကြပေ။ သို့ရာတွင် သူတို့သည် ဝိညာဉ်ရေးဗိမာန်တော်သို့ လက်ချည်းသက်သက်မလာကြချေ။ (ထွက်မြောက်ရာ ၂၃:၁၅ နှိုင်းယှဉ်။) တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌အစဉ်ပူဇော်ကြကုန်အံ့။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည်အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၅၊ ၁၆; ဟောရှေ ၁၄:၂) ထိုသို့သောပူဇော်သကာများကို ယေဟောဝါအားပူဇော်ခြင်းသည် မဟာအခွင့်ထူးဖြစ်ပါသည်။—သု. ၃:၉၊ ၂၇။
၇။ ဗိမာန်တော်တိုင်းတာခြင်းသည် ကျွန်ုပ်တို့အား အဘယ်အရာကိုစိတ်ချစေသနည်း။
၇ ဤအဆင်းအာရုံဆိုင်ရာဗိမာန်တော်ကို ကောင်းကင်တမန်တစ်ပါးတိုင်းတာစဉ် ယေဇကျေလ ရှုစားနေခဲ့သည်။ (ယေဇကျေလ ၄၀:၃) အလားတူပင်၊ တမန်တော်ယောဟန်သည် “ထလော့၊ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့” ဟုမှာကြားခံခဲ့ရသည်။ (ဗျာဒိတ် ၁၁:၁) ဤတိုင်းတာခြင်းကား မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကိစ္စရပ်နှစ်ခုစလုံးတွင် ယင်းသည် စင်ကြယ်သောဝတ်ပြုရေးနှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များ ပြည့်စုံစေခြင်းကို မည်သည့်အရာကမျှ ကိုယ်တော်အားမရပ်တန့်စေနိုင်ကြောင်း အာမခံချက်ဖြစ်သည်။ ထပ်တူပင် ယနေ့လည်း စင်ကြယ်သောဝတ်ပြုရေးပြန်လည်တည်ထောင်ခြင်းကို မည်သည့်အရာကမျှ—ဩဇာရှိသော . . . ပြင်းထန်သောဆန့်ကျင်မှုပင်—မရပ်တန့်စေနိုင်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။
၈။ အတွင်းရင်ပြင်ဂိတ်များထဲ မည်သူများဝင်ရောက်ပြီး၊ ဤဂိတ်များက အဘယ်အရာကိုသတိရစေသနည်း။
၈ အပြင်ရင်ပြင်ကို ဖြတ်လျှောက်သွားသည့်အခါ အတွင်းရင်ပြင်သို့ ဝင်ရောက်နိုင်သည့် ဂိတ်သုံးဂိတ်ရှိသည်; ဤအတွင်းဂိတ်များသည် အပြင်ဂိတ်များနှင့် တစ်တန်းတည်းရှိပြီး အရွယ်အစားလည်းတူညီသည်ကို တွေ့ရသည်။ (ယေဇကျေလ ၄၀:၆၊ ၂၀၊ ၂၃၊ ၂၄၊ ၂၇) ယဇ်ပုရောဟိတ်များသာ အတွင်းရင်ပြင်ထဲဝင်ခွင့်ရှိသည်။ ဘိသိက်ခံတို့သည် မြင့်မြတ်သောစံနှုန်းများနှင့် ပညတ်များအတိုင်းနေထိုင်ရန်လိုကြောင်း ထိုအတွင်းဂိတ်များက ကျွန်ုပ်တို့အားသတိပေး၍ ထပ်တူစံနှုန်းများနှင့်ပညတ်များသည် စစ်မှန်သောခရစ်ယာန်အားလုံးကို လမ်းညွှန်ပေးကြောင်းသိရှိစေသည်။ သို့သော် ယဇ်ပုရောဟိတ်များ၏လုပ်ငန်းကား အဘယ်သို့ဖြစ်ပြီး ယနေ့အဘယ်အဓိပ္ပာယ်ရှိသနည်း။
သစ္စာရှိသောယဇ်ပုရောဟိတ်အဖွဲ့
၉၊ ၁၀။ ယေဇကျေလအဆင်းအာရုံပါ ယဇ်ပုရောဟိတ်အတန်းအစားပုံဆောင်သည့် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်” အဖွဲ့သည် ဝိညာဉ်ရေးသွန်သင်မှုကို မည်သို့ပေးခဲ့ကြသနည်း။
၉ ခရစ်ယာန်ခေတ်မတိုင်မီက ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်တွင် ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့ကြသည်။ တိရစ္ဆာန်ယဇ်ကောင်များကိုသတ်ကာ ယဇ်ပလ္လင်ပေါ်တင်၍ပူဇော်ကြပြီး ယဇ်ပုရောဟိတ်အချင်းချင်းနှင့် လူတို့ကိုကျွေးမွေးပြုစုရခြင်းသည် ကာယရေးအရ တကယ်ပင်ပန်းသော အလုပ်ဖြစ်ခဲ့သည်။ သို့သော် သူတို့တွင် အခြားအရေးကြီးသောလုပ်ငန်းရှိပါသေးသည်။ ယဇ်ပုရောဟိတ်များအား ယေဟောဝါက ဤသို့ပညတ်တော်မူခဲ့သည်– “ငါ၏လူတို့သည်သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကိုလည်းကောင်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကိုလည်းကောင်း ပိုင်းခြား၍သိစေခြင်းငှာ သွန်သင်ရကြမည်။”—ယေဇကျေလ ၄၄:၂၃; မာလခိ ၂:၇။
၁၀ စင်ကြယ်သောဝတ်ပြုရေးအတွက် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်” အဖွဲ့တစ်ဖွဲ့အဖြစ် တပင်တပန်း၊ နှိမ့်ချမှုရှိရှိ ဆောင်ရွက်နေကြသည့်အမှုကို သင်လေးမြတ်ပါသလော။ (၁ ပေတရု ၂:၉) ရှေးခေတ်လေဝိအမျိုးမှ ယဇ်ပုရောဟိတ်များနည်းတူ သူတို့သည် ဦးစီးဦးဆောင်၍ ဝိညာဉ်ရေးသွန်သင်မှုပေးရာတွင် ဘုရားသခင့်ရှေ့ အဘယ်အရာသည် သန့်ရှင်းစင်ကြယ်ကာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး အဘယ်အရာသည် လက်ခံနိုင်ဖွယ်မဟုတ်ကြောင်း လူတို့ကိုနားလည်စေရန် ကူညီပေးနေကြသည်။ (မဿဲ ၂၄:၄၅) ကျမ်းစာအခြေခံစာပေများ၊ ခရစ်ယာန်အစည်းအဝေးများနှင့် စည်းဝေးကြီးများမှတစ်ဆင့်ရရှိသည့် ထိုသို့သောသွန်သင်မှုသည် သန်းပေါင်းများစွာသောသူတို့ကို ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်လာစေရန် ကူညီပေးခဲ့ပေပြီ။—၂ ကောရိန္သု ၅:၂၀။
၁၁။ (က) ယဇ်ပုရောဟိတ်များကိုယ်တိုင် သန့်ရှင်းဖို့အရေးကြီးကြောင်းကို ယေဇကျေလအဆင်းအာရုံက မည်သို့အလေးအနက်ဖော်ပြခဲ့သနည်း။ (ခ) နောက်ဆုံးကာလတွင် ဘိသိက်ခံများသည် ဝိညာဉ်ရေးသဘောဖြင့် မည်သို့သန့်စင်ခံခဲ့ကြရသနည်း။
၁၁ သို့ရာတွင် ယဇ်ပုရောဟိတ်များသည် အခြားသူများအား သန့်ရှင်းမှုကိုသွန်သင်ပေးရုံထက်မက ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းကြရမည်ဖြစ်သည်။ သို့ဖြင့် ဣသရေလယဇ်ပုရောဟိတ်အဖွဲ့အတွက် သန့်စင်မှုအစီအစဉ်ကို ယေဇကျေလ ကြိုတင်မြင်တွေ့ခဲ့သည်။ (ယေဇကျေလ ၄၄:၁၀-၁၆) အလားတူပင် ၁၉၁၈ ခုနှစ်တွင် ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်ရေးဗိမာန်တော်တွင် “ငွေကိုချွတ်၍သန့်ရှင်းစေသောသူကဲ့သို့” ထိုင်လျက် ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားကို စစ်ဆေးခဲ့ကြောင်း သမိုင်းကဖော်ပြသည်။ (မာလခိ ၃:၁-၅) ဝိညာဉ်ရေးအရ သန့်ရှင်းသည်ဟုယူမှတ်ခံရသူများ သို့မဟုတ် ယခင်က ရုပ်ပုံကိုးကွယ်မှုပြုခဲ့၍ ယင်းကိုစွန့်လွှတ်ခဲ့ကြသူများသည် ကိုယ်တော့်ဝိညာဉ်ရေးဗိမာန်တော်တွင် ဆက်အမှုထမ်းဆောင်ခွင့်ရရှိခဲ့ကြသည်။ သို့တိုင် အခြားမည်သူမဆိုနည်းတူ ဘိသိက်ခံတစ်ဦးချင်းစီအနေနှင့် ဝိညာဉ်ရေးအရဖြစ်စေ၊ အကျင့်အားဖြင့်ဖြစ်စေ မသန့်ရှင်းသူတစ်ဦးဖြစ်သွားနိုင်သည်။ (ယေဇကျေလ ၄၄:၂၂၊ ၂၅-၂၇) သူတို့သည် “လောကီအညစ်အကြေးနှင့်ကင်းစင်” လျက်ရှိနေနိုင်ရန် ကြိုးစားအားထုတ်ခဲ့ကြရသည်။—ယာကုပ် ၁:၂၇; မာကု ၇:၂၀-၂၃ နှိုင်းယှဉ်။
၁၂။ ဘိသိက်ခံများ၏အလုပ်ကို ကျွန်ုပ်တို့အဘယ်ကြောင့်လေးမြတ်သင့်သနည်း။
၁၂ ‘နှစ်ချီသစ္စာရှိရှိအမှုဆောင်ခဲ့တဲ့ ဘိသိက်ခံတွေချမှတ်ခဲ့တဲ့ပုံသက်သေကို ကျွန်တော်လေးမြတ်ရဲ့လား။ သူတို့ရဲ့ယုံကြည်ခြင်းကိုငါတုပရဲ့လား’ ဟုတစ်ဦးစီမေးမြန်းသင့်သည်။ ဘိသိက်ခံများသည် ဤကမ္ဘာပေါ်တွင် သူတို့နှင့်အတူ အစဉ်အမြဲနေကြလိမ့်မည်မဟုတ်ကြောင်းကို လူအုပ်ကြီးသတိရနေသင့်သည်။ ယေဇကျေလ၏အဆင်းအာရုံတွင်ပါသော ယဇ်ပုရောဟိတ်များနှင့်ပတ်သက်၍ ယေဟောဝါက ဤသို့မိန့်တော်မူခဲ့၏– “ဣသရေလပြည်၌ သူတို့အားအမွေမြေကိုမပေးရ။ ငါသည် သူတို့၏အမွေမြေဖြစ်၏။” (ယေဇကျေလ ၄၄:၂၈) အလားတူစွာ ဘိသိက်ခံတို့သည် မြေကြီးပေါ်တွင် ထာဝစဉ်နေစရာနေရာမရှိချေ။ ကောင်းကင်အမွေကိုရရှိထားကြရာ သူတို့ကမ္ဘာပေါ်တွင် ရှိနေကြစဉ် သူတို့ကိုထောက်မကူညီပေးရသည်ကို အခွင့်အရေးတစ်ခုအဖြစ် လူအုပ်ကြီးတွင်ပါဝင်သူများကရှုမြင်ကြသည်။—မဿဲ ၂၅:၃၄-၄၀; ၁ ပေတရု ၁:၃-၅။
အကဲအမှူး—မည်သူနည်း
၁၃၊ ၁၄။ (က) အကဲအမှူးသည် အဘယ်ကြောင့်အခြားသိုးမှဖြစ်ရမည်နည်း။ (ခ) အကဲအမှူးသည် မည်သူ့ကိုပုံဆောင်သနည်း။
၁၃ ယခု စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုပေါ်လာသည်။ သို့ဆိုလျှင် အကဲအမှူးသည် မည်သူ့ကို ကိုယ်စားပြုသနည်း။ သူ့ကို တစ်ဦးတစ်ယောက်အဖြစ်လည်းကောင်း၊ အုပ်စုတစ်စုအဖြစ်လည်းကောင်း ရည်ညွှန်းပြောဆိုသောကြောင့် ထိုသူသည် အမျိုးသားအတန်းအစားတစ်ခုကို ကိုယ်စားပြုသည်ဟု ယူဆနိုင်သည်။ (ယေဇကျေလ ၄၄:၃; ၄၅:၈၊ ၉) သို့သော် မည်သူနည်း။ ဘိသိက်ခံတို့မဟုတ်သည်မှာ သေချာပါသည်။ အဆင်းအာရုံတွင် သူသည် ယဇ်ပုရောဟိတ်အဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည်ကို တွေ့ရှိရသော်လည်း ဤသူသည် သူတို့အထဲမှတစ်ဦးမဟုတ်ပေ။ ယဇ်ပုရောဟိတ်အတန်းအစားနှင့်မတူဘဲ နယ်မြေတွင် အမွေပေးခြင်းခံရပြီး ကောင်းကင်တွင်မဟုတ်ဘဲ ဤကမ္ဘာမြေပေါ်တွင် အနာဂတ်ရှိသည်။ (ယေဇကျေလ ၄၈:၂၁) ထို့ပြင် ယေဇကျေလ ၄၆:၁၀ တွင်ဤသို့ဆိုသည်– “ပြည်သားတို့တွင်မင်းသား [“အကဲအမှူး၊” ကဘ] ဖြစ်သောသူသည် သူတို့ [ယဇ်ပုရောဟိတ်အနွယ်မဟုတ်သောသူများ ဗိမာန်တော် အပြင်ရင်ပြင်သို့] ဝင်သောအခါဝင်ရမည်။ သူတို့ထွက်သောအခါထွက်ရမည်။” သူသည် အတွင်းရင်ပြင်ထဲမဝင်ရသော်လည်း အပြင်ရင်ပြင်တွင် ဝတ်ပြုကိုးကွယ်နိုင်ပြီး လူများနှင့်အတူ ဗိမာန်တော်ထဲဝင်ထွက်နိုင်ခဲ့သည်။ ဤအချက်အလက်များက အကဲအမှူးသည် အခြားသိုးမှလူအုပ်ကြီးတွင်ပါဝင်ကြောင်း သေချာစေပါသည်။
၁၄ ရှင်းနေသည်ကား အကဲအမှူးသည် ဘုရားသခင့်လူမျိုးတော်တွင် တာဝန်အချို့ရရှိထားသည်။ သူသည် အပြင်ရင်ပြင်ရှိ အရှေ့ဘက်ဂိတ်မုခ်ဝတွင်ထိုင်၏။ (ယေဇကျေလ ၄၄:၂၊ ၃) ယင်းက မြို့ဂိတ်ဝတွင်ထိုင်ကာ တရားစီရင်ရသော ဣသရေလနိုင်ငံမှ အသက်ကြီးသူများကဲ့သို့ ကြီးကြပ်ရသည့်ရာထူးကို ဖော်ပြသည်။ (ရုသ ၄:၁-၁၂; သု. ၂၂:၂၂) ယနေ့ ကြီးကြပ်ရသောအလုပ်ကို အခြားသိုးမှ မည်သူတို့ရယူထားကြသနည်း။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ခန့်အပ်ခံရသည့် မြေကြီးမျှော်လင့်ချက်ရှိသောအကြီးအကဲများဖြစ်ကြသည်။ (တမန်တော် ၂၀:၂၈) ထို့ကြောင့် အကဲအမှူးအတန်းအစားသည် ကမ္ဘာသစ်တွင် စီမံခန့်ခွဲရေးတာဝန်ကိုယူရမည့်အလားအလာအတွက် ယခုပြင်ဆင်ပေးခြင်းခံနေရသည်။
၁၅။ (က) ယေဇကျေလအဆင်းအာရုံသည် လူအုပ်ကြီးတွင်ပါဝင်သော အကြီးအကဲများနှင့် ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားစပ်ကြားရှိ ဆက်ဆံရေးကို မည်သို့အလင်းဖြာပေးသနည်း။ (ခ) ဘိသိက်ခံအကြီးအကဲများသည် ဘုရားသခင့်မြေကြီးဆိုင်ရာအဖွဲ့အစည်းတွင် အဘယ်ဦးဆောင်မှုကိုပြုခဲ့ကြသနည်း။
၁၅ သို့ဆိုလျှင် ယနေ့ ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားနှင့် ကြီးကြပ်ရသည့်ရာထူးတွင် အမှုဆောင်နေကြသော လူအုပ်ကြီးအဝင် ယင်းအသက်ကြီးသူများစပ်ကြားတွင် အဘယ်ဆက်ဆံရေးမျိုးရှိသနည်း။ ဘိသိက်ခံများသည် ဝိညာဉ်ရေးအရ ဦးစီးဦးဆောင်ပြုကြစဉ် လူအုပ်ကြီးအဝင်များဖြစ်ကြသော အကြီးအကဲများသည် ထောက်မပေးရသည့် လက်အောက်ခံအရာကို ရရှိကြကြောင်း ယေဇကျေလ၏အဆင်းအာရုံက ဖော်ပြသည်။ မည်သို့အားဖြင့်နည်း။ အဆင်းအာရုံပါ ယဇ်ပုရောဟိတ်များသည် လူတို့အား ဝိညာဉ်ရေးကိစ္စရပ်များကို သွန်သင်ပေးရန် တာဝန်အပ်နှင်းခံရကြောင်းကို သတိရပါ။ တရားရေးကိစ္စရပ်များတွင်လည်း တရားသူကြီးများအဖြစ်လုပ်ဆောင်ရန် မှာကြားခံခဲ့ကြရသည်။ ထို့အပြင် လေဝိသားများသည် ဗိမာန်တော်ဂိတ်များတွင် “အမှုစောင့် [“ကြီးကြပ်၊” ကဘ]” တာဝန်ရထားကြသည်။ (ယေဇကျေလ ၄၄:၁၁၊ ၂၃၊ ၂၄) အကဲအမှူးသည် ယဇ်ပုရောဟိတ်တို့၏ ဝိညာဉ်ရေးဆောင်ရွက်မှုများနှင့် ဦးစီးမှုကို လိုက်နာမည်မှာ ရှင်းနေပါသည်။ ထို့ကြောင့် မျက်မှောက်ခေတ်အချိန်တွင် ဘိသိက်ခံတို့သည် စင်ကြယ်သောဝတ်ပြုရေးကို ဦးဆောင်ဦးရွက်ပြုနေကြခြင်းသည် လျော်ကန်သင့်မြတ်ပေသည်။ ဥပမာ၊ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ထိုသူတို့အထဲမှရွေးချယ်ထားသည်။ ဤသစ္စာရှိ ဘိသိက်ခံအကြီးအကဲများသည် ကြီးထွားလာနေသော အကဲအမှူးအတန်းအစားကို ဆယ်စုနှစ်များစွာလေ့ကျင့်ပေးလျက်ရှိပြီး ဘုရားသခင်၏လာလတ္တံ့သောကမ္ဘာသစ်တွင် သူတို့အား အာဏာကုန်အပ်နှင်းမည့်အချိန်အတွက် ဤအတန်းအစားမှ အလားအလာရှိသော အဖွဲ့ဝင်များကို ပြင်ဆင်ပေးလျက်ရှိကြသည်။
၁၆။ ဟေရှာယ ၃၂:၁၊ ၂ အရ အကြီးအကဲအားလုံး မည်သို့ဆောင်ရွက်ရမည်နည်း။
၁၆ အကဲအမှူးအတန်းအစားအဖြစ် တာဝန်များတိုး၍ထမ်းဆောင်ကြရမည့် အလားအလာရှိသော အဖွဲ့ဝင်များကား မည်သို့သောကြီးကြပ်မှူးများဖြစ်ကြသနည်း။ ဟေရှာယ ၃၂:၁၊ ၂ တွင်ပါသည့် ပရောဖက်ပြုချက်က ဤသို့ဆိုသည်– “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသောရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်။ ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” ယနေ့ ဘိသိက်ခံနှင့် အခြားသိုးဖြစ်သော ခရစ်ယာန်အကြီးအကဲများသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းကဲ့သို့သော ‘မိုးသက်မုန်တိုင်းများ’ မှသိုးတော်စုကို ကြိုးစားကာကွယ်ပေးခြင်းဖြင့် ဤပရောဖက်ပြုချက်ပြည့်စုံလျက်ရှိသည်။
၁၇။ ခရစ်ယာန်သိုးထိန်းများသည် ကိုယ့်ကိုယ်ကို မည်သို့ရှုမြင်သင့်သနည်း။ သိုးတော်စုသည် သူတို့ကို မည်သို့ရှုမြင်သင့်သနည်း။
၁၇ ဟေဗြဲဘာသာစကားတွင် အဓိပ္ပာယ်ဆင်တူသော “မင်းသား” နှင့် “အကဲအမှူး” ဟူသည့်စကားလုံးများသည် လူကိုချီးမြှောက်ရန်ရည်ရွယ်၍ ဘွဲ့နာမများပေးထားခြင်းမဟုတ်ပေ။ ယင်းအစား ဘုရားသခင့်သိုးတော်စုကို စောင့်ရှောက်ရာတွင် ဤအမျိုးသားများ ထမ်းဆောင်ရသည့်တာဝန်ကို ဖော်ပြသည်။ ယေဟောဝါက ဤသို့ကျပ်တည်းစွာသတိပေးသည်– “အိုဣသရေလမင်း [“အကဲအမှူး၊” ကဘ] တို့၊ သင်တို့အဖို့တော်ပြီ။ ကြမ်းကြုတ်ခြင်း၊ လုယက်ခြင်းအမှုများကိုပယ်၍၊ တရားသောအမှု၊ ဖြောင့်မှန်သောအမှုများကိုပြုကြလော့။” (ယေဇကျေလ ၄၅:၉၊ သမ္မာ) ယနေ့ အကြီးအကဲများအားလုံးသည် အဆိုပါဆုံးမစကားကိုနှလုံးသွင်းဖို့ ကောင်းပါသည်။ (၁ ပေတရု ၅:၂၊ ၃) တစ်ဖန် သိုးတော်စုသည် ဤသိုးထိန်းများကို “လူတို့အားဆုလာဘ်များ” အဖြစ် ယေရှုပေးသနားတော်မူကြောင်း အသိအမှတ်ပြုကြသည်။ (ဧဖက် ၄:၈) သူတို့၏အရည်အချင်းများကို ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်တွင် ချမှတ်ထားသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထို့ကြောင့် ခရစ်ယာန်များသည် အကြီးအကဲများ၏ဦးဆောင်မှုကို လိုက်ကြသည်။—ဟေဗြဲ ၁၃:၇။
၁၈။ ယခုအခါ အကဲအမှူးဖြစ်ရန်အလားအလာရှိသော အတန်းအစား၏တာဝန်အချို့ကား အဘယ်နည်း။ အနာဂတ်တွင် ၎င်း၏တာဝန်က မည်သို့ဖြစ်မည်နည်း။
၁၈ ကျမ်းစာခေတ်က အကြီးအကဲအချို့သည် အခွင့်အာဏာများစွာရရှိခဲ့ကြပြီး အခြားသူများမှာမူ ပို၍နည်းသည်။ ယနေ့ လူအုပ်ကြီးမှအကြီးအကဲများသည် တာဝန်အဖုံဖုံရှိကြသည်။ အချို့သည် အသင်းတော်တစ်ခုတွင် အမှုဆောင်ကြသည်; အခြားသူများမူ နယ်လှည့်ကြီးကြပ်မှူးများအဖြစ် အသင်းတော်များစွာတွင် အမှုဆောင်ကြသည်; အခြားသူများသည် ဌာနခွဲကော်မတီဝင်များအဖြစ် တစ်နိုင်ငံလုံး၏အကျိုးသယ်ပိုးကြသည်; အခြားသူတို့သည် အုပ်ချုပ်ရေးအဖွဲ့မှကော်မတီအသီးသီးကို တိုက်ရိုက်ကူညီပေးကြသည်။ ကမ္ဘာသစ်တွင် ယေရှုသည် ယေဟောဝါအားဝတ်ပြုသူများကို ဦးစီးရန် “မြေကြီးတစ်ပြင်လုံးတွင် မင်း [“မင်းသား၊” ကဘ] အရာ” ၌လူတို့ကိုခန့်အပ်ပါလိမ့်မည်။ (ဆာလံ ၄၅:၁၆) ကိုယ်တော်သည် ယနေ့ သစ္စာရှိအကြီးအကဲများအထဲမှ သူတို့အများစုကို ရွေးချယ်လိမ့်မည်မှာ သေချာသည်။ ဤသူများသည် ယခုတွင် ထိုက်တန်သူများဖြစ်ကြောင်း သက်သေထူနေကြသောကြောင့် ကမ္ဘာသစ်တွင် အကဲအမှူးအတန်းအစား၏ကဏ္ဍကို ဖော်ပြသောအခါ အနာဂတ်တွင် ဤသူများစွာကို သာ၍ပင်အခွင့်အရေးများတိုးပေးပေလိမ့်မည်။
ယနေ့ ဘုရားသခင့်လူမျိုးတော်၏ပြည်တော်
၁၉။ ယေဇကျေလအဆင်းအာရုံပါပြည်တော်သည် အဘယ်အရာကိုကိုယ်စားပြုသနည်း။
၁၉ ယေဇကျေလ၏အဆင်းအာရုံက ပြန်လည်တည်ထောင်ထားသော ဣသရေလပြည်တော်ကိုလည်း သရုပ်ဖော်ထားသည်။ အဆင်းအာရုံ၏ဤအသွင်က မည်သည့်အရာကို ကိုယ်စားပြုသနည်း။ အခြားပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်များက ဣသရေလပြည်တော်သည် ဧဒင်နည်းတူ ပရဒိသုတစ်ခုဖြစ်လိမ့်မည်ဟု တင်ကူးဟောပြောခဲ့သည်။ (ယေဇကျေလ ၃၆:၃၄၊ ၃၅) ယနေ့ ကျွန်ုပ်တို့သည် ပြန်လည်တည်ထောင်သော “ပြည်တော်” တွင်ပျော်မွေ့နေကြပြီး ယင်းသည်လည်း တစ်နည်းတစ်ဖုံအားဖြင့် ဧဒင်အရပ်ကဲ့သို့ဖြစ်သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသုဟု ကျွန်ုပ်တို့ပြောဆိုလေ့ရှိသည်။ ကင်းမျှော်စင်သည် ကျွန်ုပ်တို့၏ “ပြည်တော်” ကိုဘုရားသခင်ရွေးချယ်ရာ လူမျိုးတော်၏ “လှုပ်ရှားခွင့်ရှိနယ်ပယ်” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။b ယေဟောဝါ၏ကျေးကျွန်တစ်ဦးသည် မည်သည့်နေရာတွင်ပင်ရှိရှိ ခရစ်တော်ယေရှု၏ခြေရာကို လိုက်လျှောက်ခြင်းဖြင့် စစ်မှန်သောဝတ်ပြုရေးကို အားပေးထောက်ခံရန် ကြိုးစားအားထုတ်သမျှကာလပတ်လုံး ထိုပြန်လည်တည်ထောင်သော ပြည်တော်အတွင်းတွင်ရှိသည်။—၁ ပေတရု ၂:၂၁။
၂၀။ ယေဇကျေလအဆင်းအာရုံပါ “သန့်ရှင်းရာအလှူ” မှကျွန်ုပ်တို့အဘယ်မူကိုသိရှိခဲ့ကြရသနည်း။ ဤမူကို မည်သို့ကျင့်သုံးနိုင်သနည်း။
၂၀ “သန့်ရှင်းရာအလှူမြေ” ဟုခေါ်သော ပြည်တော်အပိုင်းကော မည်သို့နည်း။ ၎င်းသည် ယဇ်ပုရောဟိတ်အဖွဲ့နှင့် မြို့တော်ကိုထောက်ပံ့ဖို့အတွက် လူတို့၏အလှူဖြစ်သည်။ အလားတူ “ပြည်သားအပေါင်းတို့သည်” အကဲအမှူးအတွက် ပြည်တော်တစ်စိတ်တစ်ပိုင်းကို ပေးလှူကြရန်ဖြစ်သည်။ ယင်းသည် ယနေ့အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသခင့်လူမျိုးတော်သည် လခစား [ခရစ်ယာန်] ဓမ္မဆရာအတန်းအစားအဖွဲ့နှင့် ဝန်ပိနေကြရမည်ဟူ၍ကား မဆိုလိုပါ။ (၂ သက်သာလောနိတ် ၃:၈) ယင်းအစား အကြီးအကဲများအား ပေးရသည့်အထောက်အမမှာ အဓိကအားဖြင့် ဝိညာဉ်ရေးအရဖြစ်သည်။ ၎င်းတွင် လတ်တလောလုပ်ဆောင်နေသောအလုပ်၌ ပါဝင်ကူညီခြင်းနှင့် လက်အောက်ခံသည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းပါဝင်သည်။ သို့တိုင် ယေဇကျေလအချိန်ကကဲ့သို့ ဤအလှူသည် လူတစ်ဦးတစ်ယောက်ကိုမဟုတ် “ယေဟောဝါအား” ပေးလှူခြင်းဖြစ်သည်။—ယေဇကျေလ ၄၅:၁၊ ၇၊ ၁၆၊ ကဘ။
၂၁။ ယေဇကျေလအဆင်းအာရုံတွင် ပြည်တော်ကိုပိုင်းခြားခြင်းမှ အဘယ်အရာသိရှိနိုင်သနည်း။
၂၁ ဤပြန်လည်တည်ထောင်ထားသောပြည်တော်တွင် အကဲအမှူးနှင့် ယဇ်ပုရောဟိတ်အဖွဲ့တို့သာ နေရာခွဲဝေပေးအပ်ခံရကြသည်မဟုတ်။ ပြည်တော်ကိုပိုင်းခြားခြင်းက ၁၂ နွယ်မှတစ်နွယ်စီသည် အမွေခံရာ ကိုယ်ပိုင်နယ်မြေရရှိကြောင်း ဖော်ပြသည်။ (ယေဇကျေလ ၄၇:၁၃၊ ၂၂၊ ၂၃) ထို့ကြောင့် လူအုပ်ကြီးမှလူများသည် ယနေ့ ဝိညာဉ်ရေးပရဒိသုတွင်သာ နေရာရကြမည်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်၏မြေကြီးအရိုက်အရာတွင် အမွေခံရချိန်၌ နေရာခွဲဝေပေးအပ်ခံရပါလိမ့်မည်။
၂၂။ (က) ယေဇကျေလအဆင်းအာရုံပါမြို့တော်သည် အဘယ်အရာကိုကိုယ်စားပြုသနည်း။ (ခ) မြို့အဘက်ဘက်တွင် မြို့ဂိတ်တံခါးများရှိခြင်းမှ အဘယ်အရာသိရှိရမည်နည်း။
၂၂ နောက်ဆုံးအနေဖြင့် အဆင်းအာရုံပါမြို့တော်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ကောင်းကင်ဆိုင်ရာမြို့တော်မဖြစ်နိုင်ချေ၊ အကြောင်းမှာ ယင်းသည် “ညစ်ညူး” [မမြင့်မြတ်] သောမြေအလယ်တွင်တည်ရှိသည်။ (ယေဇကျေလ ၄၈:၁၅-၁၇၊ ကဘ) ထို့ကြောင့် မြေကြီးနှင့်ဆိုင်ရမည်။ ဤတွင် မြို့ဟူသည်ကား အဘယ်နည်း။ ယင်းက လူတို့သည် အုပ်စုဖွဲ့ပြီး စည်းစနစ်ကျနသည့်အဖွဲ့တစ်ခုကို ဖွဲ့စည်းသောသဘော မသက်ရောက်စေသလော။ သက်ရောက်စေပါသည်။ ထို့ကြောင့် ၎င်းမြို့တော်သည် ဖြောင့်မတ်သော မြေကြီးအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားမည့်သူအားလုံးကိုအကျိုးပြုသည့် မြေကြီးဆိုင်ရာစီမံခန့်ခွဲမှုကိုတင်စားပါသည်။ လာလတ္တံ့သော “မြေကြီးသစ်” တွင်ယင်းသည် အပြည့်အဝစီမံခန့်ခွဲပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) တစ်နွယ်လျှင် တစ်ဂိတ်စီရှိ မြို့အဘက်ဘက်တွင်ရှိသောဂိတ်များက ပွင့်လင်းမှုကိုကောင်းစွာပုံဆောင်သည်။ ယနေ့ ဘုရားသခင့်လူများသည် လျှို့ဝှက်ပြီး ပုန်းလျှိုးကွယ်လျှိုးပြုရသော စီမံခန့်ခွဲမှုတစ်မျိုးမျိုးအောက်တွင်မရှိကြပါ။ တာဝန်ခံညီအစ်ကိုများသည် ချဉ်းကပ်လွယ်ကြရမည်ဖြစ်၏; သူတို့ကိုလမ်းညွှန်သောမူများသည်လည်း လူအများသိဖြစ်၏။ အနွယ်အားလုံးမှလူများက ထိုမြို့ကိုထောက်မသည့်မြေကိုထွန်ယက်စိုက်ပျိုးခြင်းက ကမ္ဘာတစ်ဝန်းမှ ဘုရားသခင့်လူမျိုးတော်အတွက်ပြုစုထားသော စီမံခန့်ခွဲမှုအစီအစဉ်များကို ငွေကြေးအရဖြင့်ပင် အခြားသိုးကထောက်ပံ့ပေးကြောင်း သတိရစေသည်။—ယေဇကျေလ ၄၈:၁၉၊ ၃၀-၃၄။
၂၃။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကိုသုံးသပ်ကြမည်နည်း။
၂၃ သို့သော်လည်း ဗိမာန်တော်အရပ်မှစီးဆင်းလာသည့် မြစ်ကော မည်သို့နည်း။ ၎င်းသည် ယနေ့နှင့် အနာဂတ်တွင် အဘယ်အရာကိုကိုယ်စားပြုကြောင်း ဤအခန်းဆက်၏တတိယနှင့်နောက်ဆုံးဆောင်းပါးတွင် လေ့လာကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] စာအုပ်စာမျက်နှာ ၆၄၊ အပိုဒ် ၂၂ ရှု။
ပြန်လည်သုံးသပ်ရန်အချက်များ
◻ ယေဇကျေလအဆင်းအာရုံပါဗိမာန်တော်သည် အဘယ်အရာကိုပုံတင်ပြသနည်း။
◻ ဗိမာန်တော်တွင်အမှုထမ်းနေကြသောယဇ်ပုရောဟိတ်များသည် မည်သူ့ကိုပုံတင်ပြသနည်း။
◻ အကဲအမှူးအတန်းအစားကားအဘယ်နည်း၊ ယင်း၏တာဝန်အချို့ကားအဘယ်နည်း။
◻ ယေဇကျေလအဆင်းအာရုံပါ ပြည်တော်ကားအဘယ်နည်း။ အဘယ်သဘောဖြင့် ၁၂ နွယ်အတွက်ခွဲပေးထားသနည်း။
◻ မြို့တော်သည် အဘယ်အရာကိုပုံတင်ပြသနည်း။
[စာမျက်နှာ ၁၆ ပါ စာမျက်နှာ ၁၅ ပါ ဇယား/ မြေပုံ]
(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)
ယေဇကျေလအဆင်းအာရုံတွင် ဖော်ပြထားသည့်ခွဲဝေထားသောပြည်တော်
ဆယ့်နှစ်နွယ်
မြေထဲပင်လယ်
ဂါလိလဲပင်လယ်
ယော်ဒန်မြစ်
ဆားငန်အိုင်
ဒန်
အာရှာ
နဿလိ
မနာရှေ
ဧဖရိမ်
ရုဗင်
ယုဒ
အကဲအမှူး
ဗင်ယာမိန်
ဣသခါ
ဇာဗုလုန်
ဂဒ်
[ဇယား]
ပုံကြီးချဲ့ထားသည့်သန့်ရှင်းရာအလှူမြေ
က။ ယေဟောဝါကိုယ်နှိုက်စံတော်ရာ (ယေဟောဝါရှမ္မ); ခ။ မြို့တော်၏ဖြစ်ထွန်းသောမြေ
လေဝိသားများ၏ဝေစု
ယေဟောဝါ၏သန့်ရှင်းရာဌာန
ယဇ်ပုရောဟိတ်များ၏ဝေစု
ခ က ခ