ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁ စာ. ၂၂-၂၉
  • ကျွန်ုပ်တို့၏ “ပြည်တော်” အပေါ်ယေဟောဝါ၏ကောင်းချီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ “ပြည်တော်” အပေါ်ယေဟောဝါ၏ကောင်းချီး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကတိထားရာပြည်တော်တွင် မြစ်ရေစီးဆင်း
  • ကောင်းချီးများစွာ သွန်းလောင်းခံရ
  • ရေသည် အသက်ပေး!
  • မြစ်ရေသည် ပရဒိသုတွင်စီးဆင်း
  • “ရေစီးဝင်တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်လာလိမ့်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့်ဗိမာန်တော်ကို“နှလုံးသွင်းလော့!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁ စာ. ၂၂-၂၉

ကျွန်ုပ်တို့၏ “ပြည်တော်” အပေါ်ယေဟောဝါ၏ကောင်းချီး

“မြစ်ရေ . . . ရောက်သမျှသောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။”—ယေဇကျေလ ၄၇:၉။

၁၊ ၂။ (က) ရေသည် မည်မျှအရေးပါသနည်း။ (ခ) ယေဇကျေလ၏အဆင်းအာရုံဆိုင်ရာ မြစ်ရေသည် အဘယ်အရာကိုပုံတင်ပြသနည်း။

ရေသည် ထူးခြားသော အရည်တစ်မျိုးဖြစ်သည်။ သက်ရှိမှန်သမျှ ယင်းကို မှီခိုနေရကြသည်။ ၎င်းမရှိလျှင် မည်သူမျှ ကြာကြာအသက်မရှင်နိုင်ပေ။ ရေသည် မစင်ကြယ်မှုများကို ဆေးကြောသန့်စင်ပစ်နိုင်သောကြောင့် သန့်ရှင်းရေးအတွက် ၎င်းကိုကျွန်ုပ်တို့သုံးစွဲကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်၊ အဝတ်အစား၊ အစားအသောက်ကိုပင် ရေဖြင့်ဆေးကြောကြရသည်။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏အသက်ကို ကယ်ဆယ်နိုင်ပေသည်။

၂ အသက်ရှင်ရေးအတွက် ယေဟောဝါ၏ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကိုပုံတင်ပြရန် ရေကို သမ္မာကျမ်းစာက အသုံးပြုထားသည်။ (ယေရမိ ၂:၁၃; ယောဟန် ၄:၇-၁၅) ဤပြင်ဆင်ပေးချက်များတွင် ခရစ်တော်၏ရွေးဖိုးပူဇော်သကာနှင့် ကိုယ်တော့်နှုတ်မြွက်စကားတော်တွင်ပါသည့် ဘုရားသခင်အားသိကျွမ်းခြင်းပညာအားဖြင့် မိမိ၏လူမျိုးတော်ကို သန့်စင်ပေးခြင်းပါဝင်သည်။ (ဧဖက် ၅:၂၅-၂၇) ယေဇကျေလ၏ ဗိမာန်တော်အဆင်းအာရုံတွင် ဗိမာန်တော်မှစီးဆင်းလာသော ထိုအံ့ဖွယ်ရာမြစ်သည် အသက်ပေးသော ထိုကောင်းချီးများကို ပုံဆောင်ပါသည်။ သို့သော် ထိုမြစ်သည် အဘယ်အချိန်တွင်စီးဆင်းပြီး၊ ယင်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

ကတိထားရာပြည်တော်တွင် မြစ်ရေစီးဆင်း

၃။ ယေဇကျေလ ၄၇:၂-၁၂ တွင်ဖော်ပြထားသကဲ့သို့ ယေဇကျေလသည် အဘယ်အရာကိုတွေ့ကြုံခဲ့သနည်း။

၃ ဗာဗုလုန်တွင် သုံ့ပန်းများအနေနှင့် ယေဇကျေလ၏လူမျိုးသည် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို အလွန်လိုအပ်နေကြသည်။ ထို့ကြောင့် သန့်ရှင်းရာဌာနမှ စိမ့်ထွက်ကာ အဆင်းအာရုံဗိမာန်တော်မှ ရေစီးထွက်လာသည်ကို တွေ့မြင်ခဲ့ရခြင်းသည် ယေဇကျေလအတွက် အလွန်အားတက်စရာပါတကား! ကောင်းကင်တမန်တစ်ပါးသည် ဤချောင်းကို အတောင် ၁,၀၀၀ တိုင်းတစ်ကြိမ်တိုင်းတာခဲ့သည်။ ၎င်း၏အနက်သည် ခြေမျက်စိမှ ဒူး၊ ဒူးမှခါး၊ ခါးမှရေကူးရသည့်အထိ ရေစီးသန်သော နက်သည်ထက်နက်သည့်ချောင်းဖြစ်လာလေသည်။ ထိုမြစ်သည် အသက်ရှင်စေ၍ ပေါက်ပွားဖြစ်ထွန်းစေ၏။ (ယေဇကျေလ ၄၇:၂-၁၁) ယေဇကျေလအား ဤသို့ပြောခဲ့သည်– “မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသောအပင်အမျိုးမျိုးပေါက်လိမ့်မည်။” (ယေဇကျေလ ၄၇:၁၂က) မြစ်ရေသည် ပင်လယ်သေ—သက်ရှိကင်းမဲ့သော ရေအစုအဝေး—ထဲစီးဆင်းသည်နှင့်အမျှ သက်ရှိများ ရှင်သန်ပေါ်ထွက်လာတော့သည်! ငါးများ အုပ်ချီရှိနေတော့သည်။ ငါးဖမ်းလုပ်ငန်း အောင်မြင်ထွန်းကားလာသည်။

၄၊ ၅။ မြစ်တစ်စင်းနှင့်ပတ်သက်သော ယောလ၏ပရောဖက်ပြုချက်သည် ယေဇကျေလ၏ပရောဖက်ပြုချက်နှင့် မည်သို့ဆင်တူသနည်း၊ ယင်းသည် အဘယ်ကြောင့်အရေးပါသနည်း။

၄ အားရစရာ ဤပရောဖက်ပြုချက်သည် လွန်ခဲ့သောအနှစ်နှစ်ရာကျော်က မှတ်တမ်းတင်ခဲ့သော ပရောဖက်ပြုချက်တစ်ခုကို ပြည်နှင်ခံဂျူးတို့အား သတိရစေခဲ့ပေမည်– “ထာဝရဘုရား၏အိမ်တော်ထဲကစမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကိုစိုလိမ့်မည်။”a (ယောလ ၃:၁၈) ယေဇကျေလ၏ပရောဖက်ပြုချက်ကဲ့သို့ ယောလ၏ပရောဖက်ပြုချက်က မြစ်တစ်စင်းသည် ဘုရားသခင့်အိမ်တော်ဖြစ်သော ဗိမာန်တော်မှ စီးဆင်းလာပြီး ခြောက်သွေ့သောဒေသကို ပြန်လည်အသက်ဝင်စေမည်ဟု တင်ကူးဟောကြားခဲ့သည်။

၅ ယောလ၏ဤပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံနေပြီဖြစ်ကြောင်း ကင်းမျှော်စင်ကရှင်းပြခဲ့သည်မှာ ကြာမြင့်ပေပြီ။b သို့ဖြစ်လျှင် ယေဇကျေလ၏ အလားတူအဆင်းအာရုံသည် ထပ်တူဖြစ်မည်မှာ သေချာပါသည်။ ယနေ့ ဘုရားသခင့်လူမျိုးတော်၏ ပြန်လည်တည်ထောင်သောပြည်တော်တွင် ရှေးဣသရေလနိုင်ငံ၌ကဲ့သို့ ယေဟောဝါ၏ကောင်းချီးများ အမှန်ပင်သွန်းလောင်းခံရပေပြီ။

ကောင်းချီးများစွာ သွန်းလောင်းခံရ

၆။ အဆင်းအာရုံပါယဇ်ပလ္လင်အပေါ် အသွေးဖျန်းခြင်းက အဘယ်အရာကို ဂျူးများအားသတိရစေသင့်သနည်း။

၆ ဘုရားသခင်၏ ပြန်လည်တည်ထောင်သောလူမျိုးအပေါ်သက်ရောက်သော ကောင်းချီးများ၏ပင်ရင်းကား အဘယ်နည်း။ ရေသည် ဘုရားသခင့်ဗိမာန်တော်မှစီးဆင်းလာကြောင်းကို သတိပြုပါ။ ယနေ့ အလားတူပင်၊ စင်ကြယ်သောဝတ်ပြုရေးအစီအစဉ်ဖြစ်သည့် ယေဟောဝါထံမှမဟာဝိညာဉ်ရေးဗိမာန်တော်မှတစ်ဆင့် ကောင်းချီးများလာသည်။ ယေဇကျေလ၏အဆင်းအာရုံသည် အရေးကြီးသည့် အသေးစိတ်အချက်အလက်ကို ဖြည့်စွက်ပေးသည်။ အတွင်းရင်ပြင်တွင် မြစ်သည် ယဇ်ပလ္လင်၏တောင်ဘက်နားမှ ဖြတ်၍စီးဆင်းသွားသည်။ (ယေဇကျေလ ၄၇:၁) ယဇ်ပလ္လင်သည် အဆင်းအာရုံမှဗိမာန်တော်၏ ဗဟိုတည့်တည့်တွင်ရှိသည်။ ယေဟောဝါသည် ယေဇကျေလကို ယဇ်ပလ္လင်အကြောင်းအသေးစိတ်ဖော်ပြပြီး ယင်းအပေါ်တွင် ယဇ်သကာ၏အသွေးကိုဖျန်းရမည်ဟု မိန့်မှာတော်မူ၏။ (ယေဇကျေလ ၄၃:၁၃-၁၈၊ ၂၀) ထိုယဇ်ပလ္လင်သည် ဣသရေလလူအားလုံးအတွက် များစွာအဓိပ္ပာယ်ရှိသည်။ မောရှေသည် သိနာတောင်ခြေတွင် ယဇ်ပလ္လင်အပေါ် အသွေးဖျန်းခဲ့သည့်ရှေးအချိန်တွင် ယေဟောဝါနှင့်ဖွဲ့သော သူတို့၏ပဋိညာဉ်သည် တရားဝင်ဖြစ်လာခဲ့သည်။ (ထွက်မြောက်ရာ ၂၄:၄-၈) ထို့ကြောင့် ပြန်လည်တည်ထောင်သောပြည်တော်သို့ သူတို့ပြန်ရောက်ကြသည့်အခါ ကိုယ်တော်နှင့်ဖွဲ့သည့်ပဋိညာဉ်ကို သူတို့လေးစားသမျှကာလပတ်လုံး ယေဟောဝါ၏ကောင်းချီးများကို ခံစားကြရမည်အကြောင်း အဆင်းအာရုံပါယဇ်ပလ္လင်အပေါ် အသွေးဖျန်းခြင်းက သူတို့ကိုသတိရစေသင့်သည်။—တရားဟောရာ ၂၈:၁-၁၄။

၇။ ပုံဆောင်ယဇ်ပလ္လင်သည် ယနေ့ခရစ်ယာန်များအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၇ အလားတူပင် ယနေ့ ဘုရားသခင့်လူမျိုးတော်သည် သာ၍ကောင်းသော ပဋိညာဉ်အသစ်တစ်ခုအားဖြင့် ကောင်းချီးခံစားနေကြရသည်။ (ယေရမိ ၃၁:၃၁-၃၄) ယင်းသည်လည်း ယေရှုခရစ်၏အသွေးအားဖြင့် ကြာမြင့်စွာကပင် တရားဝင်ဖြစ်လာခဲ့သည်။ (ဟေဗြဲ ၉:၁၅-၂၀) ယနေ့ ကျွန်ုပ်တို့သည် ထိုပဋိညာဉ်တွင်ပါသော ဘိသိက်ခံများဖြစ်စေ၊ ၎င်းမှအကျိုးရရှိကြမည့် “အခြားသိုး” မှသူများဖြစ်စေ ပုံဆောင်ယဇ်ပလ္လင်သည် ကျွန်ုပ်တို့အတွက် များစွာအဓိပ္ပာယ်ရှိသည်။ ယင်းသည် ခရစ်တော်၏ပူဇော်သကာနှင့်ပတ်သက်သော ဘုရားသခင့်အလိုတော်ကို ပုံဆောင်သည်။ (ယောဟန် ၁၀:၁၆; ဟေဗြဲ ၁၀:၁၀) ပုံဆောင်ရာယဇ်ပလ္လင်သည် ဝိညာဉ်ရေးဗိမာန်တော်၏ အလယ်ဗဟိုတွင်ရှိသကဲ့သို့ ခရစ်တော်၏ရွေးဖိုးပူဇော်သကာသည် စင်ကြယ်သောဝတ်ပြုရေးအတွက် အဓိကကျသည်။ ယင်းသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ဖို့နှင့် အနာဂတ်ဆိုင်ရာ ကျွန်ုပ်တို့မျှော်လင့်ချက်များအားလုံးအတွက် အခြေခံပင်ဖြစ်သည်။ (၁ ယောဟန် ၂:၂) ထို့ကြောင့် ပဋိညာဉ်အသစ်နှင့်ဆက်စပ်သောပညတ်ဖြစ်သည့် “ခရစ်တော်၏တရား” နှင့်အညီ အသက်ရှင်ဖို့ ကြိုးစားကြသည်။ (ဂလာတိ ၆:၂) ထိုသို့ပြုသည့်ကာလပတ်လုံး အသက်ရှင်ရေးအတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်များမှ ကျွန်ုပ်တို့အကျိုးခံစားရကြပါလိမ့်မည်။

၈။ (က) အဆင်းအာရုံပါဗိမာန်တော်၏ အတွင်းရင်ပြင်တွင် အဘယ်အရာမရှိသနည်း။ (ခ) အဆင်းအာရုံပါဗိမာန်တော်ရှိ ယဇ်ပုရောဟိတ်များသည် အဘယ်နည်းများဖြင့် ကိုယ့်ကိုယ်သန့်စင်စေနိုင်ကြသနည်း။

၈ ထိုသို့သော ပြင်ဆင်ပေးချက်တစ်ခုမှာ ယေဟောဝါရှေ့တော်မှောက် စင်ကြယ်သောရပ်တည်မှုဖြစ်သည်။ အဆင်းအာရုံပါဗိမာန်တော်ရှိ အတွင်းရင်ပြင်တွင် ဝတ်ပြုရာတဲတော်ရင်ပြင်နှင့် ရှောလမုန်၏ဗိမာန်တော်၌ အတော်ပင်အရေးပါခဲ့သော၊ နောက်ပိုင်းတွင် ပင်လယ်ဟုခေါ်သော ယဇ်ပုရောဟိတ်များ ဆေးကြောရန်အတွက် အင်တုံကြီးတစ်လုံး မရှိပါ။ (ထွက်မြောက်ရာ ၃၀:၁၈-၂၁; ၂ ရာဇဝင်ချုပ် ၄:၂-၆) ယေဇကျေလ၏အဆင်းအာရုံဗိမာန်တော်ရှိ ယဇ်ပုရောဟိတ်များသည် သန့်စင်ရန်အတွက် အဘယ်အရာကိုအသုံးပြုနိုင်ကြသနည်း။ အတွင်းရင်ပြင်မှဖြတ်၍ စီးဆင်းနေသော ထိုအံ့ဖွယ်ရာစမ်းချောင်းပင်ဖြစ်သည်! မှန်ပါသည်၊ ယေဟောဝါသည် သန့်ရှင်းစင်ကြယ်သည့်အနေအထားရှိစေရန် လိုအပ်ရာကိုကောင်းချီးပေးတော်မူမည်။

၉။ ယနေ့ ဘိသိက်ခံများနှင့် လူအုပ်ကြီးတွင်ပါဝင်သူများသည် သန့်ရှင်းစင်ကြယ်သည့်အနေအထားကို မည်သို့ရရှိနိုင်ကြသနည်း။

၉ ယနေ့တွင်လည်းထပ်တူပင် ဘိသိက်ခံတို့သည် ယေဟောဝါရှေ့တော်မှောက်တွင် စင်ကြယ်သည့်အနေအထားရှိသောကောင်းချီးကို ခံစားရကြသည်။ ကိုယ်တော်သည် သူတို့ကို သန့်ရှင်းသူအဖြစ် ရှုမြင်တော်မူပြီး ဖြောင့်မတ်သည်ဟုကြေညာတော်မူ၏။ (ရောမ ၅:၁၊ ၂) ယဇ်ပုရောဟိတ်မဟုတ်သောအမျိုးအနွယ်များဖြင့် ပုံဖော်ထားသော “လူအုပ်ကြီး” ကော မည်သို့နည်း။ သူတို့သည် အပြင်ရင်ပြင်တွင် ဝတ်ပြုကြပြီး အဆင်းအာရုံပါဗိမာန်တော်၏ ထိုနေရာကို ယင်းစမ်းချောင်းပင် ဖြတ်၍စီးဆင်းသွားသည်။ ထို့ကြောင့် လူအုပ်ကြီးသည် ဝိညာဉ်ရေးဗိမာန်တော်၏ရင်ပြင်တွင် ဝတ်ပြုကြစဉ် ဖြူ၍စင်ကြယ်သောဝတ်လုံများကိုဝတ်ဆင်ထားသည်ကို ယောဟန်တွေ့မြင်ခဲ့ခြင်းသည် အလွန်ပင် လျော်ကန်သင့်မြတ်ပါသည်တကား! (ဗျာဒိတ် ၇:၉-၁၄) ဤယုတ်ညံ့သောလောကတွင် မည်သို့ပင်ဆက်ဆံခံခဲ့ရကြပါစေ ခရစ်တော်၏ရွေးဖိုးပူဇော်သကာကို သူတို့ယုံကြည်ကြောင်းတင်ပြသည့်ကာလပတ်လုံး သူတို့ကို သန့်ရှင်းစင်ကြယ်သူများအဖြစ် ယေဟောဝါရှုမြင်တော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ကြပါသည်။ သူတို့သည် ယုံကြည်ခြင်းမည်သို့တင်ပြကြသနည်း။ ယေရှု၏ခြေရာကိုလိုက်လျှောက်ကာ ရွေးဖိုးပူဇော်သကာကို အပြည့်အဝယုံကြည်အားထားခြင်းဖြင့်ဖြစ်သည်။—၁ ပေတရု ၂:၂၁။

၁၀၊ ၁၁။ ပုံဆောင်ရေ၏ နောက်ထပ်အရေးပါသောအကြောင်းအချက်တစ်ခုကား အဘယ်နည်း။ ယင်းသည် ကျယ်ပြန့်လှသောအံ့ဖွယ်မြစ်ရေနှင့် မည်သို့ဆက်စပ်သနည်း။

၁၀ ဖော်ပြနှင့်ခဲ့သည့်အတိုင်း ဤပုံဆောင်ရေ—အသိပညာ—၏ နောက်ထပ်အရေးပါသော အကြောင်းအချက်တစ်ခုရှိသေးသည်။ ပြန်လည်တည်ထောင်သော ဣသရေလနိုင်ငံတွင် ယဇ်ပုရောဟိတ်အဖွဲ့မှတစ်ဆင့် ကျမ်းစာသွန်သင်ပေးခြင်းဖြင့် မိမိ၏လူမျိုးတော်ကို ယေဟောဝါကောင်းချီးပေးတော်မူခဲ့သည်။ (ယေဇကျေလ ၄၄:၂၃) နှိုင်းယှဉ်ချက်အနေနှင့် ယေဟောဝါသည် ယနေ့ မိမိ၏လူမျိုးတော်ကို “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်” မှတစ်ဆင့် ကိုယ်တော့်နှုတ်မြွက်စကားတော်ဆိုင်ရာ သမ္မာတရားအကြောင်းကို ဖောသီစွာသွန်သင်ပေးခြင်းဖြင့် ကောင်းချီးပေးတော်မူခဲ့ပြီ။ (၁ ပေတရု ၂:၉) ယေဟောဝါဘုရားသခင်အကြောင်း၊ လူသားများအတွက် ကိုယ်တော့်ရည်ရွယ်တော်မူချက်များအကြောင်းနှင့် အထူးသဖြင့် ယေရှုခရစ်အကြောင်းနှင့် မေရှိယနိုင်ငံတော်အကြောင်းတို့နှင့်ပတ်သက်သော အသိပညာသည် ဤနောက်ဆုံးကာလအတွင်း အလျှံပယ်စီးဆင်းလျက်ရှိသည်။ ကျွန်ုပ်တို့ရရှိနေသော ပိုမိုနက်ရှိုင်းပြည့်လျှံလာသည့် ဝိညာဉ်ရေးလန်းဆန်းမှုသည် ထူးမြတ်လှပါသည်တကား!—ဒံယေလ ၁၂:၄။

၁၁ ကောင်းကင်တမန်တိုင်းတာသည့်မြစ်ရေသည် တဖြည်းဖြည်းနက်သည်ထက်နက်လာသကဲ့သို့ ယေဟောဝါထံတော်မှစီးဆင်းသော အသက်ပေးကောင်းချီးများသည် ကျွန်ုပ်တို့၏ ကောင်းချီးခံစားနေရသော ဝိညာဉ်ရေးပြည်တော်အတွင်းသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေသူများကိုထောက်မရန် တစ်မုဟုတ်ချင်းထူးခြားစွာ တိုးပွားများပြားခဲ့ပေပြီ။ ပြန်လည်တည်ထောင်ခြင်းပရောဖက်ပြုချက်တစ်ခုက ဤသို့တင်ကြိုဟောထားသည်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာယ ၆၀:၂၂) ဤစကားများ ပြည့်စုံလာပြီ! သန်းပေါင်းများစွာတို့သည် စင်ကြယ်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့နှင့်အတူ အုပ်လိုက်ပူးပေါင်းလာခဲ့ကြပြီ! ယေဟောဝါသည် ကိုယ်တော်အားမှီခိုအားထားသူအားလုံးအတွက် “ရေ” အလျှံပယ်ရရှိစေခဲ့ပေပြီ။ (ဗျာဒိတ် ၂၂:၁၇) ကိုယ်တော်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို ကမ္ဘာတစ်ဝန်း ဘာသာစကား ရာနှင့်ချီ၍ ဖြန့်ချိစေရန် ကြီးကြပ်ကွပ်ကဲတော်မူ၏။ အလားတူစွာ ကျောက်သလင်းကဲ့သို့ကြည်လင်သော သမ္မာတရားရေကို အားလုံးရရှိနိုင်ရန် ခရစ်ယာန်အစည်းအဝေးများနှင့် စည်းဝေးကြီးများကို ကမ္ဘာတစ်ဝန်း၌ စီစဉ်ပေးထားသည်။ ထိုသို့သောပြင်ဆင်ပေးချက်များက လူတို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

ရေသည် အသက်ပေး!

၁၂။ (က) ယေဇကျေလအဆင်းအာရုံပါအပင်များသည် အဘယ်ကြောင့်ထိုမျှသီးပွင့်နိုင်ကြသနည်း။ (ခ) နောက်ဆုံးကာလအတွင်း ဤသို့သီးပွင့်သောအပင်များက အဘယ်အရာကို ကိုယ်စားပြုသနည်း။

၁၂ ယေဇကျေလ၏အဆင်းအာရုံရှိ မြစ်သည် အသက်ရှင်စေ၍ကျန်းမာစေသည်။ မြစ်ကမ်းနားနှစ်ဖက်၌ ပေါက်မည့်အပင်များအကြောင်း ယေဇကျေလသိရှိလာသောအခါ သူ့အား ဤသို့မိန့်တော်မူခဲ့၏– “အရွက်လည်းမညှိုးနွမ်းရ၊ အသီးလည်းမပြတ်ရ။ . . . အသီးသည် စားစရာဖို့ဖြစ်၏။ အရွက်သည်လည်း အနာရောဂါငြိမ်းစရာဖို့ဖြစ်သည်။” ထိုအပင်များသည် အဘယ်ကြောင့် ဤအံ့ဖွယ်နည်းဖြင့် သီးကြသနည်း။ “အကြောင်းမူကား၊ ထိုရေသည် သန့်ရှင်းရာဌာနထဲကထွက်သတည်း။” (ယေဇကျေလ ၄၇:၁၂ခ) ခရစ်တော်၏ရွေးဖိုးပူဇော်သကာကိုအခြေပြုပြီး လူသားများပြန်လည်စုံလင်သည့်အခြေအနေရောက်စေရန်အတွက် ဘုရားသခင်၏ပြင်ဆင်ပေးချက်များအားလုံးကို ထိုပုံဆောင်အပင်များက ကြို၍ညွှန်ပြသည်။ ယခု ကမ္ဘာပေါ်တွင် ဘိသိက်ခံအကြွင်းအကျန်သည် ဝိညာဉ်ရေးအာဟာရနှင့် ကုသပေးခြင်းကို ဦးဆောင်ဦးရွက်ပြုနေသည်။ အားလုံးသော ၁၄၄,၀၀၀ သည် ကောင်းကင်ဆုကျေးဇူးကို ရရှိကြပြီးနောက် ခရစ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်သူများအဖြစ် သူတို့၏ယဇ်ပုရောဟိတ်လုပ်ငန်းမှရရှိမည့် အကျိုးကျေးဇူးများသည် အနာဂတ်အထိ အကျိုးသက်ရောက်လိမ့်မည်ဖြစ်ပြီး အာဒံကြောင့်သေခြင်းကို နောက်ဆုံးတွင် အပြီးသတ်အောင်နိုင်လိမ့်မည်ဖြစ်သည်။—ဗျာဒိတ် ၅:၉၊ ၁၀; ၂၁:၂-၄။

၁၃။ ကျွန်ုပ်တို့အချိန်တွင် အဘယ်ကုစားမှု ပြီးမြောက်ခဲ့ပြီနည်း။

၁၃ အဆင်းအာရုံပါမြစ်သည် အသက်ကင်းမဲ့သောပင်လယ်သေထဲ စီးဆင်းသွားပြီး ရောက်သမျှအရပ်တို့၌ ကုသပေးလေသည်။ ဤပင်လယ်သည် ဝိညာဉ်ရေးအရ အသေဖြစ်နေသည့်ဝန်းကျင်ကို ပုံတင်ပြသည်။ သို့သော် “ထိုမြစ်ရေရောက်သမျှသောအရပ်တို့၌” သက်ရှိသတ္တဝါများ လှုပ်ရှားလေသည်။ (ယေဇကျေလ ၄၇:၉) အလားတူစွာ နောက်ဆုံးကာလတွင် အသက်ရေ ထိုးဖောက်ရောက်ရှိသည့်နေရာတိုင်းရှိ လူတို့သည် ဝိညာဉ်ရေးတွင် အသက်ပြန်ရှင်လာခဲ့ကြပေပြီ။ ဦးဆုံးပြန်လည်ရှင်သန်လာခဲ့ကြသူများသည် ဘိသိက်ခံအကြွင်းအကျန်တို့ဖြစ်ကြပြီး ၁၉၁၉ ခုနှစ်ကဖြစ်သည်။ သူတို့သည် အသေကဲ့သို့ဖြစ်သော မလှုပ်ရှားသည့်အခြေအနေမှ ဝိညာဉ်ရေးအရ ပြန်အသက်ရှင်လာကြ၏။ (ယေဇကျေလ ၃၇:၁-၁၄; ဗျာဒိတ် ၁၁:၃၊ ၇-၁၂) ထိုအချိန်မှစ၍ ယင်းအရေးပါသောရေသည် ဝိညာဉ်ရေးအရသေနေသောအခြားသူများထံရောက်ရှိသွားခဲ့ရာ အသက်ပြန်ရှင်လာကြကာ ယေဟောဝါအားချစ်မြတ်နိုးပြီး ဝတ်ပြုကြသော အစဉ်တစိုက်တိုးပွားနေသည့် အခြားသိုးဖြစ်ကြသူ လူအုပ်ကြီးတွင်ပါဝင်လာကြသည်။ မကြာမီ ဤပြင်ဆင်ချက်သည် ရှင်ပြန်ထမြောက်လာမည့်သူများစွာအတွက်ပါဖြစ်လိမ့်မည်။

၁၄။ ပင်လယ်သေကမ်းခြေတစ်လျှောက် ကြီးပွားခဲ့သောငါးဖမ်းလုပ်ငန်းသည် ယနေ့အဘယ်အရာကိုပုံဆောင်သနည်း။

၁၄ ဝိညာဉ်ရေးအားအင်ရှင်သန်မှုက သီးပွင့်မှုကိုဖြစ်စေသည်။ ယင်းကို တစ်ချိန်ကအသေဖြစ်နေခဲ့သော ပင်လယ်ကမ်းခြေတွင် တိုးတက်ကြီးပွားနေသော ငါးဖမ်းလုပ်ငန်းက ပုံဖော်ပြသည်။ မိမိ၏နောက်လိုက်များကို ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်။” (မဿဲ ၄:၁၉) နောက်ဆုံးကာလတွင် ငါးဖမ်းလုပ်ငန်းကို ဘိသိက်ခံအကြွင်းအကျန်များအား စုသိမ်းခြင်းဖြင့် အစပြုခဲ့သည်၊ သို့သော် ထိုတွင် ရပ်တန့်မသွားခဲ့ပေ။ တိကျမှန်ကန်သော အသိပညာရခြင်းကောင်းချီးအပါအဝင် ယေဟောဝါ၏ဗိမာန်တော်မှလာသော အသက်ပေးရေသည် တိုင်းနိုင်ငံအားလုံးရှိလူတို့ကိုအကျိုးပေးသည်။ မြစ်ရေရောက်ရှိသည့်နေရာတိုင်းတွင် ဝိညာဉ်ရေးအသက်ရှင်သန်မှုဖြစ်ပေါ်ခဲ့သည်။

၁၅။ အသက်ရရေးအတွက် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို လူတိုင်းလက်ခံလိမ့်မည်မဟုတ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။ ဤကဲ့သို့သောသူများ၏ဇာတ်သိမ်းကား အဘယ်နည်း။

၁၅ အသက်ပေးသတင်းတရားကို ယခု လူတိုင်းနားမထောင်လိုကြသည်မှာတော့ အမှန်ပင်; ခရစ်တော်အုပ်ချုပ်မည့် အနှစ်တစ်ထောင်အတွင်းတွင်လည်း ရှင်ပြန်ထမြောက်လာကြမည့်သူအားလုံးတော့ လက်ခံကြလိမ့်မည်မဟုတ်ချေ။ (ဟေရှာယ ၆၅:၂၀; ဗျာဒိတ် ၂၁:၈) ပင်လယ်၏အချို့အရပ်များသည် ကုသခံရမည်မဟုတ်ကြောင်း ကောင်းကင်တမန်က ကြေညာ၏။ ထိုရွှံ့ဗွက်ထူ၍ အသက်မဲ့သည့်အရပ်များသည် ‘ဆားထွက်’ ရာဖြစ်လိမ့်မည်ဖြစ်သည်။ (ယေဇကျေလ ၄၇:၁၁၊ သမ) ကျွန်ုပ်တို့ခေတ်ရှိလူတို့မူကား ယေဟောဝါ၏အသက်ပေးရေကမ်းလှမ်းခံရသူတိုင်း လက်ခံကြမည်မဟုတ်ပေ။ (ဟေရှာယ ၆:၁၀) အာမဂေဒုန်တွင် ဝိညာဉ်ရေးအရ အသက်ကင်းမဲ့ပြီး ဖျားနာသည့်အခြေအနေတွင် ရှိမြဲရှိနေလိုသူအားလုံးသည် ထာဝစဉ်ဖျက်ဆီးခံရခြင်းဖြင့် ဆားထွက်ရာဖြစ်လိမ့်မည်။ (ဗျာဒိတ် ၁၉:၁၁-၂၁) သို့ရာတွင် ထိုရေကို သစ္စာရှိရှိသောက်သုံးနေခဲ့သူများသည် ကပ်ကျော်ရန်နှင့် ဤပရောဖက်ပြုချက်၏ နောက်ဆုံးပြည့်စုံချက်ကိုတွေ့ရှိရန် မျှော်လင့်နိုင်ကြသည်။

မြစ်ရေသည် ပရဒိသုတွင်စီးဆင်း

၁၆။ ယေဇကျေလ၏ဗိမာန်တော်အဆင်းအာရုံသည် အဘယ်အချိန်တွင် မည်သို့နောက်ဆုံးပြည့်စုံမည်နည်း။

၁၆ အခြားပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်များနည်းတူ ယေဇကျေလ၏ ဗိမာန်တော်အဆင်းအာရုံသည် အနှစ်တစ်ထောင်အတွင်း နောက်ဆုံးပြည့်စုံလိမ့်မည်။ ထိုအခါ ယဇ်ပုရောဟိတ်အတန်းအစားသည် ဤကမ္ဘာမြေပေါ်တွင် ရှိကြတော့မည်မဟုတ်။ “ထိုသို့သောသူသည် . . . ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍၊ အနှစ်တစ်ထောင်ပတ်လုံး [ကောင်းကင်တွင်] ခရစ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။” (ဗျာဒိတ် ၂၀:၆) ဤကောင်းကင်ဆိုင်ရာ ယဇ်ပုရောဟိတ်များသည် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာ အကျိုးကျေးဇူးအပြည့်အဝကိုစီမံခန့်ခွဲရန် ခရစ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပါလိမ့်မည်။ သို့ဖြင့် ဖြောင့်မတ်သောလူသားများသည် ကယ်တင်ခံရကြမည်ဖြစ်ပြီး စုံလင်ခြင်းသို့ပြန်ရောက်ရှိကြပေလိမ့်မည်!—ယောဟန် ၃:၁၇။

၁၇၊ ၁၈။ (က) ဗျာဒိတ် ၂၂:၁၊ ၂ တွင်အသက်ပေးသောမြစ်ရေကို မည်သို့ဖော်ပြထားသနည်း၊ ထိုအဆင်းအာရုံအတွက် အဓိကသက်ဆိုင်သောအချိန်ကား အဘယ်နည်း။ (ခ) ပရဒိသုတွင် အသက်ရေစီးဆင်းရာမြစ်သည် အဘယ်ကြောင့်အလွန်ကျယ်ပြန့်လိမ့်မည်နည်း။

၁၇ တစ်နည်းအားဖြင့်ဆိုလျှင် ယေဇကျေလတွေ့မြင်ခဲ့သော မြစ်သည် ထိုအခါတွင် အာနိသင်အထက်မြက်ဆုံးအသက်ရေဖြင့် စီးဆင်းပါလိမ့်မည်။ ၎င်းအချိန်သည် ဗျာဒိတ် ၂၂:၁၊ ၂ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ပြည့်စုံသည့်အဓိကအချိန်ဖြစ်သည်– “ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့်သိုးသငယ်၏ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည်ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကိုသီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။”

၁၈ အနှစ်တစ်ထောင်အတွင်း ဖျားနာမှုမှန်သမျှ—ကာယ၊ စိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ—တို့သည် ပျောက်ကင်းသွားပါလိမ့်မည်။ ယင်းကို ပုံဆောင်အပင်များအားဖြင့် “လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်း” ခြင်းက ကောင်းစွာပုံတင်ပြထားသည်။ ခရစ်တော်နှင့် ၁၄၄,၀၀၀ စီမံပေးသည့် ပြင်ဆင်ပေးချက်များကြောင့် “မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ” တော့ချေ။ (ဟေရှာယ ၃၃:၂၄) ထို့ပြင် မြစ်ရေပြင်သည် အကျယ်ဆုံးဖြစ်လိမ့်မည်။ ၎င်း၏စင်ကြယ်သောအသက်ရေကို ရှင်ပြန်ထမြောက်လာကြမည့် သန်းပေါင်းများစွာမက ဘီလီယံပေါင်းများစွာပင်ဖြစ်နိုင်သောသူများ သောက်သုံးနိုင်ကြရန် ယင်းသည် ပိုကျယ်ဝန်းပြီး သာ၍နက်လာရမည်ဖြစ်သည်။ အဆင်းအာရုံရှိ မြစ်ရေသည် ပင်လယ်သေကို ပြန်လည်ရှင်သန်စေကာ ရေစီးဆင်းရာတိုင်းတွင် အသက်ရှင်စေခဲ့သည်။ ပရဒိသုတွင် အမျိုးသား၊ အမျိုးသမီးများသည် သူတို့အားကမ်းလှမ်းသည့် ရွေးနုတ်ဖိုးအကျိုးကျေးဇူးများကို ယုံကြည်ကြောင်းတင်ပြကြမည်ဆိုလျှင် အာဒံကြောင့် အမွေရသည့်သေခြင်းမရှိတော့ဘဲ အပြည့်ဝဆုံးနည်းဖြင့် အသက်ရှင်လာကြမည်ဖြစ်သည်။ ထိုအခါ “စာစောင်များ” ကိုဖွင့်ထားမည်ဖြစ်ကြောင်း ဗျာဒိတ် ၂၀:၁၂ ကတင်ကူးဟောကြားခဲ့ရာ ရှင်ပြန်ထမြောက်လာမည့်သူများအကျိုးခံစားရမည့် ထပ်ဆင့်အသိပညာထွန်းလင်းမှုရရှိလိမ့်မည်ဖြစ်သည်။ ဝမ်းနည်းစရာကား ပရဒိသု၌ပင် အချို့သူတို့သည် ကုသမှုခံလိုကြမည်မဟုတ်ချေ။ ထိုပုန်ကန်သူများသည် ‘ဆားထွက်’ သည့်ထာဝရဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်သည်။—ဗျာဒိတ် ၂၀:၁၅။

၁၉။ (က) ပြည်တော်ကိုခွဲဝေခြင်းသည် ပရဒိသုတွင် မည်သို့ပြည့်စုံမည်နည်း။ (ခ) မြို့တော်က ပရဒိသု၏အဘယ်အသွင်အပြင်ကို ပုံတင်ပြသနည်း။ (ဂ) မြို့တော်သည် ဗိမာန်တော်မှ အတော်အတန်ဝေးကွာခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၉ ထိုအချိန်တွင် ယေဇကျေလ၏အဆင်းအာရုံရှိပြည်တော်ကို ခွဲဝေသတ်မှတ်ခြင်းသည် နောက်ဆုံးပြည့်စုံပါလိမ့်မည်။ ပြည်တော်ကို တော်မှန်စွာခွဲဝေခဲ့သည်ကို ယေဇကျေလတွေ့မြင်ခဲ့သည်နည်းတူ သစ္စာရှိခရစ်ယာန်တိုင်းသည် ပရဒိသုတွင် နေရာတစ်နေရာအမွေရမည်ကို သေချာနိုင်ပါသည်။ အလားတူ ကိုယ့်အိမ်ကိုယ့်ရာနှင့်နေပြီး ယင်းကိုပြုစုမွမ်းမံလိုသည့်ဆန္ဒသည် အစီအစဉ်စနစ်တကျ ပြည့်လာပါလိမ့်မည်။ (ဟေရှာယ ၆၅:၂၁; ၁ ကောရိန္သု ၁၄:၃၃) ယေဇကျေလတွေ့မြင်ခဲ့သည့်မြို့တော်သည် မြေကြီးအသစ်အတွက် ယေဟောဝါရည်ရွယ်တော်မူခဲ့သော စီမံခန့်ခွဲရေးအစီအစဉ်ကို လျော်ကန်သင့်မြတ်စွာ ပုံတင်ပြသည်။ ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားသည် ကာယသဘောအရ လူများအလယ်တွင် ရှိနေကြတော့မည်မဟုတ်ပါ။ အဆင်းအာရုံက ယင်းကို မြို့တော်သည် ဗိမာန်တော်မှ အတော်အတန်ဝေးကွာသည့် “ညစ်ညူး” သောအရပ်တွင် တည်ရှိသည်ဟုပုံဖော်ခြင်းဖြင့် တင်ပြသည်။ (ယေဇကျေလ ၄၈:၁၅၊ ကဘ) ၁၄၄,၀၀၀ သည်ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးကြသော်လည်း ဤကမ္ဘာမြေကြီးပေါ်တွင် ဘုရင်မင်းမြတ်၏ကိုယ်စားလှယ်များမရှိဘဲမနေပါ။ ဤအကဲအမှူးအတန်းအစား၏ မေတ္တာပါသောလမ်းပြညွှန်ကြားမှုမှ ကိုယ်တော့်လက်အောက်ခံပြည်သားများသည် အကျိုးကျေးဇူးများစွာခံစားကြရလိမ့်မည်။ သို့ရာတွင် [ဘုရားသခင့်] အစိုးရတည်ရှိရာသည် မြေကြီးပေါ်မဟုတ်ဘဲ ကောင်းကင်တွင်ဖြစ်ပါလိမ့်မည်။ အကဲအမှူးအတန်းအစားအပါအဝင် မြေကြီးပေါ်ရှိသူတိုင်းသည် မေရှိယနိုင်ငံတော်၏လက်အောက်ခံဖြစ်ကြပါလိမ့်မည်။—ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၄၊ ၁၈၊ ၂၂။

၂၀၊ ၂၁။ (က) မြို့တော်၏အမည်သည် အဘယ်ကြောင့်လျောက်ပတ်သနည်း။ (ခ) ယေဇကျေလအဆင်းအာရုံကိုနားလည်လာခြင်းကြောင့် မိမိကိုယ်ကို အဘယ်မေးခွန်းများမေးသင့်သနည်း။

၂၀ ယေဇကျေလ၏ နောက်ဆုံးပရောဖက်ပြုစကားများကို သတိပြုပါ– “တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မ [“ယေဟောဝါကိုယ်နှိုက် စံတော်ရာ၊” ကဘ] အမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။” (ယေဇကျေလ ၄၈:၃၅) ဤမြို့သည် လူတို့အား တန်ခိုးအာဏာ သို့မဟုတ် ဩဇာပေးရန်တည်ရှိမည်မဟုတ်; မည်သည့် လူ့အလိုကိုမျှလိုက်လျှောက်ဖို့ကြပ်မတ်ရန် တည်ရှိမည်လည်းမဟုတ်ချေ။ ယင်းသည် ယေဟောဝါ၏မြို့တော်ဖြစ်၏။ ကိုယ်တော်၏စိတ်တော်နှင့် ကိုယ်တော့်မေတ္တာတော်ပါ ကျိုးကြောင်းညီသော နည်းလမ်းတော်များကို အမြဲရောင်ပြန်ဟပ်ပါလိမ့်မည်။ (ယာကုပ် ၃:၁၇) ယင်းက ယေဟောဝါတည်ဆောက်သည့် “မြေကြီးသစ်” လူ့အဖွဲ့အစည်းကို အကန့်အသတ်မဲ့ ထာဝရအနာဂတ်အထိတိုင် ကိုယ်တော်ကောင်းချီးပေးတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အားစိတ်ချစေသည်။—၂ ပေတရု ၃:၁၃။

၂၁ ကျွန်ုပ်တို့ရှေ့တွင်ရှိသည့် အလားအလာကြောင့် ဝမ်းသာပီတိဖြစ်ကြရသည်မဟုတ်လော။ ထို့ကြောင့် သင့်လျော်စွာပင် ကျွန်ုပ်တို့တစ်ဦးစီသည် ဤသို့မေးမြန်းသင့်သည်– ‘ယေဇကျေလအဆင်းအာရုံဖွင့်ပြခဲ့တဲ့ အံ့ဖွယ်ကောင်းချီးတွေကို ငါဘယ်လိုတုံ့ပြန်သလဲ။ ဘိသိက်ခံအကြွင်းအကျန်နဲ့ အကဲအမှူးအတန်းအစားမှာပါဝင်ဖို့အလားအလာရှိတဲ့ မေတ္တာပါကြီးကြပ်မှူးတွေရဲ့အလုပ်ကို ငါသစ္စာရှိရှိထောက်ခံသလား။ စင်ကြယ်တဲ့ဝတ်ပြုရေးကို ငါ့ဘဝရဲ့အဓိကအလုပ်လို့သဘောထားပြီလား။ အခု အလျှံပယ်စီးဆင်းနေတဲ့ အသက်ရေကနေ ငါအကျိုးအပြည့်အဝခံယူနေသလား။’ ကျွန်ုပ်တို့တစ်ဦးစီသည် ထိုသို့ဆက်၍ပြုနေကြပြီး ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို ထာဝစဉ်ပျော်မွေ့နေကြစို့လေ!

[အောက်ခြေမှတ်ချက်များ]

a ထိုချိုင့်သည် ယေရုရှလင်မှအရှေ့တောင်ဘက်သို့ကျယ်ပြန့်သွားပြီး ပင်လယ်သေတွင်ဆုံးသည့် ကေဒြုန်ချိုင့်ကိုရည်ညွှန်းပေမည်။ အထူးသဖြင့် ယင်း၏အနိမ့်ပိုင်းသည် ရေကင်းမဲ့ကာ တစ်နှစ်ပတ်လုံးခြောက်သွေ့နေသည်။

b မေ ၁၊ ၁၈၈၁ [လိပ်] နှင့် ဇွန် ၁၊ ၁၉၈၂ ကင်းမျှော်စင်စာစောင်များရှု။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ဗိမာန်တော်မှစီးဆင်းလာသောရေသည် အဘယ်အရာကိုပုံတင်ပြသနည်း။

◻ ယေဟောဝါသည် ပုံဆောင်မြစ်အားဖြင့် အဘယ်ကုသခြင်းကို ပြီးမြောက်စေခဲ့ပြီနည်း။ မြစ်ရေသည် အဘယ်ကြောင့်တိုးများလာခဲ့ပြီနည်း။

◻ မြစ်ကမ်းနံဘေးတစ်လျှောက်ရှိအပင်များသည် အဘယ်အရာကိုပုံတင်ပြသနည်း။

◻ အနှစ်တစ်ထောင်အုပ်စိုးမှုအတွင်း မြို့တော်သည် အဘယ်အရာကိုပုံတင်ပြသနည်း။ မြို့တော်၏အမည်သည် အဘယ်ကြောင့်လျောက်ပတ်သနည်း။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အသက်ပေးသောမြစ်ရေသည် ကယ်တင်ခြင်းအတွက် ဘုရားသခင့်ပြင်ဆင်ပေးချက်ကို ကိုယ်စားပြု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ