ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁၅ စာ. ၁၀-၁၅
  • သင်၏သွန်သင်ခြင်းကို အမြဲသတိပြုလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏သွန်သင်ခြင်းကို အမြဲသတိပြုလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်အတွင်းရှိ သွန်သင်သူများ
  • ယုံကြည်ရန်သွေးဆောင်ခံကြရ
  • သင်၏သွန်သင်ချက်ကို သတိပြုနေ
  • ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသူများ
  • သွန်သင်ခံနေသူတို့ကို ချစ်ခင်လေးစားပါ
  • သူတို့၏လိုအပ်ချက်များကို တုံ့ပြန်တတ်ပါ
  • စိတ်အားထက်သန်မှုတင်ပြပါ!
  • သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ‘သင့်ကိုယ်ကိုနှင့် သင့်စကားနားထောင် သူတို့ကို ကယ်တင်လော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခရစ်တော်ရဲ့ မိန့်မှာချက်တွေကို လိုက်နာဖို့ တခြားသူတွေကို ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁၅ စာ. ၁၀-၁၅

သင်၏သွန်သင်ခြင်းကို အမြဲသတိပြုလော့

“ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲသတိပြု၍တည်နေလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်နှင့် နားထောင်သောသူတို့ကိုပါ ကယ်တင်လိမ့်မည်။”—၁ တိမောသေ ၄:၁၆၊ ကဘ။

၁၊ ၂။ ယနေ့ ဇွဲရှိသောသွန်သင်သူများ အဘယ်ကြောင့်အရေးတကြီးလိုအပ်နေသနည်း။

“သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုခရစ်၏ ဤမိန့်မှာချက်ကြောင့် ခရစ်ယာန်အားလုံးသည် သွန်သင်သူများဖြစ်လာရန်ကြိုးစားသင့်သည်။ အချိန်မနှောင်းမီ စိတ်နှလုံးရိုးဖြောင့်သူများကို ဘုရားသခင်အားသိကျွမ်းလာစေရန် ဇွဲရှိသောသွန်သင်သူများ၏အကူအညီ လိုအပ်နေသည်။ (ရောမ ၁၃:၁၁) တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “နှုတ် [မြွက်] တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည် [“ကောင်းသည်၊” ကဘ] ဖြစ်စေ၊ မရှိသည် [“မကောင်းသည်၊” ကဘ] ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။” (၂ တိမောသေ ၄:၂) ယင်းသည် အသင်းတော်အတွင်းအပြင်တွင် သွန်သင်ရန်လိုသည်။ ဟောပြောခြင်းတာဝန်တွင် ဘုရားသခင့်သတင်းတရားကို ကြေညာခြင်းထက်မကပါဝင်သည်။ စိတ်ဝင်စားသူများသည် တပည့်များဖြစ်လာဖို့ဆိုလျှင် ထိရောက်သောသွန်သင်ခြင်းလိုအပ်သည်။

၂ ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေကြ၏။ (၂ တိမောသေ ၃:၁) လူတို့သည် လောကအတွေးအခေါ်များနှင့် မှားယွင်းသောသွန်သင်ချက်များကိုလက်ခံရန် သွေးဆောင်ခံခဲ့ကြရပြီ။ လူများစွာသည် “ဉာဏ်အလင်းကွယ်၍ အသိတရားလုံးဝကင်းမဲ့” နေကြသည်။ (ဧဖက် ၄:၁၈၊ ၁၉၊ သတင်းကောင်း) အချို့မှာ စိတ်နာစရာများရှိကြ၏။ မှန်ပါသည်၊ လူတို့ခမျာ အမှန်ပင် ‘ပင်ပန်း၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့’ ဖြစ်နေကြ၏။ (မဿဲ ၉:၃၆) သို့ငြားလည်း သွန်သင်မှုနည်းပညာကို အသုံးပြုခြင်းအားဖြင့် လိုအပ်သောပြောင်းလဲမှုများပြုလုပ်ရန် စိတ်နှလုံးရိုးဖြောင့်သူများကို ကူညီပေးနိုင်သည်။

အသင်းတော်အတွင်းရှိ သွန်သင်သူများ

၃။ (က) သွန်သင်ပေးဖို့ ယေရှုအပ်နှင်းသောတာဝန်တွင် အဘယ်အရာပါဝင်သနည်း။ (ခ) အသင်းတော်တွင်သွန်သင်ရန် အဓိကအားဖြင့် မည်သူတို့၌တာဝန်ရှိသနည်း။

၃ အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်အားဖြင့် သန်းနှင့်ချီသောလူတို့သည် ကိုယ်ထိလက်ရောက်သွန်သင်မှုရရှိနေကြသည်။ သို့သော် နှစ်ခြင်းခံပြီးကြသောအခါ လူသစ်များသည် “အမြစ်စွဲခြင်း၊ တိုက်မြစ်ချခြင်း” ရှိလာစေရန် ထပ်ဆင့်အကူအညီလိုကြသည်။ (ဧဖက် ၃:၁၇၊ သမ) ကျွန်ုပ်တို့သည် မဿဲ ၂၈:၁၉၊ ၂၀ တွင်ဖော်ပြထားသော ယေရှုပေးသည့်တာဝန်ကိုထမ်းဆောင်ပြီး လူသစ်များကို ယေဟောဝါ၏အဖွဲ့အစည်းသို့ လမ်းညွှန်ပေးရာတွင် သူတို့သည် အသင်းတော်အတွင်း သွန်သင်ခံရခြင်းမှ အကျိုးရရှိကြသည်။ ဧဖက် ၄:၁၁-၁၃ အရ “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှာ၊ . . . လူအချို့တို့ကို . . . သင်းအုပ်အရာ၊ ဆရာအရာ၌ . . . ခန့်ထား” ခဲ့ပြီဖြစ်သည်။ ရံဖန်ရံခါ သွန်သင်မှုနည်းပညာတွင် ‘အပြစ်ကိုဖော်ပြခြင်း၊ ဆုံးမခြင်း၊ အလွန်ရှည်သောစိတ်နှင့် တိုက်တွန်းသွေးဆောင်ခြင်း’ တို့ပါဝင်သည်။ (၂ တိမောသေ ၄:၂) သွန်သင်သူများ၏အလုပ်သည် အလွန်အရေးကြီးသောကြောင့် ကောရိန္သုမြို့သားများထံစာရေးရာတွင် ပေါလုသည် တမန်တော်များနှင့် ပရောဖက်များပြီးနောက် သွန်သင်သူများကိုဖော်ပြခဲ့သည်။—၁ ကောရိန္သု ၁၂:၂၈။

၄။ ဟေဗြဲ ၁၀:၂၄၊ ၂၅ တွင်ဖော်ပြထားသော ပေါလု၏တိုက်တွန်းချက်ကိုနာခံရန် ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်က မည်သို့ကူညီပေးသနည်း။

၄ ခရစ်ယာန်တိုင်းသည် အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများအဖြစ် အမှုမထမ်းကြသည်မှာ မှန်၏။ သို့သော် အားလုံးသည် အချင်းချင်း “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း” တိုက်တွန်းကြရန် အားပေးခံရသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးများတွင် ထိုသို့ပြုရန် ကောင်းစွာပြင်ဆင်ထားသည့်၊ အခြားသူများကိုအားပေးတည်ဆောက်နိုင်သည့် နှလုံးပါပါဖြေဆိုသောမှတ်ချက်များပေးခြင်းပါဝင်သည်။ အတွေ့အကြုံရှိသောနိုင်ငံတော်ကြေညာသူများသည်လည်း လယ်ကွင်းဓမ္မအမှုတွင် လူသစ်များနှင့်အတူလုပ်ဆောင်ချိန်၌ မိမိတို့၏အသိပညာနှင့် အတွေ့အကြုံတို့ကိုဝေမျှပေးခြင်းဖြင့် ‘ကောင်းသောအကျင့်ကိုကျင့်’ နိုင်ကြသည်။ ထိုသို့သောအချိန်များနှင့် အလွတ်သဘောအချိန်များတွင် အဖိုးတန်သောသွန်သင်ချက်ကိုပေးနိုင်သည်။ ဥပမာ၊ ရင့်ကျက်သောအမျိုးသမီးများသည် “ကောင်းသောအတတ်ကိုသင်ပေးတတ်သောသူ” များဖြစ်ကြရန်တိုက်တွန်းခံရကြသည်။—တိတု ၂:၃။

ယုံကြည်ရန်သွေးဆောင်ခံကြရ

၅၊ ၆။ (က) စစ်မှန်သောခရစ်ယာန်ဘာသာသည် မှားယွင်းသောဘာသာများနှင့် မည်သို့ခြားနားသနည်း။ (ခ) အကြီးအကဲများသည် လူသစ်များကို ပညာရှိသောဆုံးဖြတ်ချက်များချဖို့ မည်သို့ကူညီပေးသနည်း။

၅ သို့ဖြင့် စစ်မှန်သောခရစ်ယာန်ဘာသာသည် အသင်းသားများ၏အတွေးအခေါ်ကိုထိန်းချုပ်ရန် ကြိုးပမ်းသည့်မှားယွင်းသောဘာသာများစွာနှင့် ခြားနားလှ၏။ ယေရှုမြေကြီးပေါ်ရှိခဲ့ချိန်၌ ဘာသာရေးခေါင်းဆောင်များသည် ဖိနှိပ်ချုပ်ချယ်သောလူတို့စီရင်သည့်ထုံးတမ်းစဉ်လာများဖြင့် လူ့အသက်တာကဏ္ဍတိုင်းကို ထိန်းချုပ်ရန်ကြိုးစားခဲ့ကြသည်။ (လုကာ ၁၁:၄၆) ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် အလားတူပြုတတ်ကြသည်။

၆ သို့ရာတွင် စစ်မှန်သောဝတ်ပြုရေးသည် ကျွန်ုပ်တို့၏ ‘ဆင်ခြင်နိုင်စွမ်း’ ဖြင့်ပြုသော ‘ဘုရားဝတ်’ ဖြစ်သည်။ (ရောမ ၁၂:၁၊ ကဘ) ယေဟောဝါ၏ကျေးကျွန်များသည် “ယုံကြည်ရန်သွေးဆောင်” ခံရကြသည်။ (၂ တိမောသေ ၃:၁၄၊ ကဘ) ရံဖန်ရံခါ ဦးဆောင်သူတို့သည် အသင်းတော်ချောမောစွာလည်ပတ်ရန်အတွက် တချို့သောလမ်းညွှန်မှုများနှင့် လုပ်ထုံးလုပ်နည်းများကို အစပြုလုပ်ဆောင်ပေးရန်လိုပေမည်။ သို့ရာတွင် ခရစ်ယာန်ချင်းများအတွက် ဆုံးဖြတ်ချက်များချပေးမည့်အစား အကြီးအကဲများသည် သူတို့ကိုယ်တိုင် “ကောင်းမကောင်းပိုင်းခြားသိနိုင်” ရန်သွန်သင်ပေးကြသည်။ (ဟေဗြဲ ၅:၁၄၊ သမ္မာ) အကြီးအကဲများသည် အဓိကအားဖြင့် ‘ယုံကြည်ခြင်းစကားများနှင့် ကောင်းသောသွန်သင်ခြင်းစကားများဖြင့်’ အသင်းတော်ကိုကျွေးမွေးပြုစုကြသည်။—၁ တိမောသေ ၄:၆၊ ကဘ။

သင်၏သွန်သင်ချက်ကို သတိပြုနေ

၇၊ ၈။ (က) တော်သင့်ရုံစွမ်းရည်ရှိသူတို့သည် သွန်သင်သူများအဖြစ်မည်သို့ အမှုဆောင်နိုင်ကြသနည်း။ (ခ) ထိရောက်စွာသွန်သင်သူတစ်ဦးဖြစ်လာရန် ကိုယ်တိုင်အားထုတ်မှုလိုကြောင်း အဘယ်အရာကဖော်ပြသနည်း။

၇ သွန်သင်ရန် ကျွန်ုပ်တို့အားလုံးရရှိထားသည့်တာဝန်ကို ပြန်လည်သုံးသပ်ကြည့်ကြစို့။ ဤလုပ်ငန်း၌ပါဝင်ရန် ထူးထူးခြားခြား ကျွမ်းကျင်မှုများ၊ ပညာရေး သို့မဟုတ် စွမ်းရည်များလိုပါသလော။ မလိုပါ။ များသောအားဖြင့် ဤကမ္ဘာတစ်ဝန်းသွန်သင်ခြင်းလုပ်ငန်းကို တော်သင့်ရုံစွမ်းရည်ရှိ သာမညလူများလုပ်ဆောင်နေကြပါသည်။ (၁ ကောရိန္သု ၁:၂၆-၂၉) ပေါလုက ဤသို့ရှင်းပြသည်– “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာ [ခရစ်ယာန်ဓမ္မအမှု] သည် မြေအိုး [မစုံလင်သောခန္ဓာများ] ထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။” (၂ ကောရိန္သု ၄:၇) ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း အကြီးအကျယ်အောင်မြင်နေခြင်းသည် ယေဟောဝါ၏ဝိညာဉ်တော်တန်ခိုးကြောင့်ဖြစ်ကြောင်း သာဓကတစ်ရပ်ဖြစ်သည်!

၈ သို့သော် “ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်” လာရန် ကိုယ်တိုင်အားထုတ်ဖို့လိုသည်။ (၂ တိမောသေ ၂:၁၅) ပေါလုက တိမောသေအား ဤသို့တိုက်တွန်းခဲ့သည်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲသတိပြု၍တည်လော့။ သို့ပြုလျှင်၊ ကိုယ်တိုင်နှင့် နားထောင်သောသူတို့ကိုပါ ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆၊ ကဘ) လူတစ်ဦးသည် အသင်းတော်အတွင်းအပြင်တွင် သူ၏သွန်သင်ခြင်းကို မည်သို့သတိပြုမည်နည်း။ ထိုသို့ပြုရန် ပိုင်နိုင်သော ကျွမ်းကျင်မှု သို့မဟုတ် သွန်သင်နည်းစနစ်တစ်ခုခုလိုပါသလော။

၉။ ပင်ကိုစွမ်းရည်များထက် အဘယ်အရာက ပိုအရေးကြီးသနည်း။

၉ ယေရှုသည် မိမိ၏ကျော်ကြားသောတောင်ပေါ်တရားတော်တွင် ထူးခြားသောသွန်သင်နည်းများကို အမှန်ပင်ဖော်ပြခဲ့သည်။ ကိုယ်တော်ဟောပြောပြီးနောက် “လူပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ပုံကိုလွန်စွာအံ့သြကြကုန်၏။” (မဿဲ ၇:၂၈၊ သတင်းကောင်း) ကျွန်ုပ်တို့တစ်ယောက်မျှ ယေရှုကဲ့သို့မသွန်သင်နိုင်သည်မှာ အမှန်။ သို့သော် ကျွန်ုပ်တို့သည် ထိရောက်သောသွန်သင်သူများဖြစ်ကြရန် စကားပြောကောင်းသူများဖြစ်စရာမလိုပါ။ ယောဘ ၁၂:၇ အရ “သားယဉ်သားရဲနှင့် လေသတ္တဝါတို့” ပင် တိတ်ဆိတ်စွာသင်ပေးနိုင်၏! ကျွန်ုပ်တို့တွင်ရှိမည့် ပင်ကိုစွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုများနှင့်တကွ အထူးသဖြင့်ထည့်တွက်ရမည့်အရာမှာ ကျွန်ုပ်တို့သည် “အဘယ်သို့သောသူ” ဖြစ်သည်—သင်သားများတုပနိုင်သည့် အဘယ်အရည်အသွေးများရှိပြီး အဘယ်ဝိညာဉ်ရေးအကျင့်များကို ပျိုးထောင်ထားသည်—ဟူသည့်အချက်ဖြစ်သည်။—၂ ပေတရု ၃:၁၂; လုကာ ၆:၄၀။

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသူများ

၁၀။ ယေရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုလေ့လာသူတစ်ဦးအဖြစ် အဘယ်ပုံသက်သေကောင်းကို တင်ပြခဲ့သနည်း။

၁၀ ကျမ်းစာသမ္မာတရားကို ထိရောက်စွာသွန်သင်သူတစ်ဦးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသူတစ်ဦးဖြစ်ရမည်။ (ရောမ ၂:၂၁) ယင်းနှင့်ပတ်သက်၍ ယေရှုခရစ်သည် ထူးခြားသောစံနမူနာကို ချမှတ်ခဲ့သည်။ ယေရှုသည် သူ၏ဓမ္မအမှုဆောင်ချိန်ကာလအတွင်း ဟေဗြဲကျမ်းစာစောင်ထက်ဝက်ခန့်မှ စာပိုဒ်များပါအကြောင်းများကို ကိုးကားဖော်ညွှန်းခဲ့သည်။a ကိုယ်တော်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အကျွမ်းတဝင်ရှိကြောင်းကို ၁၂ နှစ်အရွယ်တွင် “ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်း” ခဲ့သည့်အဖြစ်က ထင်ရှားစေသည်။ (လုကာ ၂:၄၆) အရွယ်ရောက်သူတစ်ယောက်အနေနှင့် ယေရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖတ်ရှုသည့် တရားဇရပ်သို့သွားရောက်သည့်ထုံးစံရှိသည်။—လုကာ ၄:၁၆။

၁၁။ အဘယ်ကောင်းသောလေ့လာမှုအကျင့်ကောင်းများကို သွန်သင်သူတစ်ဦး ပျိုးထောင်သင့်သနည်း။

၁၁ သင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ထက်သန်စွာဖတ်ရှုသူတစ်ဦးလော။ ဤသို့ပြုနေခြင်းဖြင့် “ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍၊ ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံ” လာလိမ့်မည်။ (သု. ၂:၄၊ ၅) ထို့ကြောင့် လေ့လာမှုအကျင့်ကောင်းများကို ပြုစုပျိုးထောင်ပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ရန်ကြိုးစားပါ။ (ဆာလံ ၁:၂) ကင်းမျှော်စင်နှင့် နိုးလော့!အသစ်ရရှိသည်နှင့် ချက်ချင်းဖတ်သည့်အကျင့်လုပ်ပါ။ အသင်းတော်အစည်းအဝေးများတွင် ဂရုတစိုက်နားထောင်ပါ။ ဆည်းပူးလေ့လာမှုကို ဂရုတစိုက်ပြုလုပ်ပါ။ ‘အလုံးစုံတို့ကို စေ့စေ့ရှာဖွေစူးစမ်းခြင်း’ ဖြင့် သင်သွန်သင်သောအခါ ချဲ့ကားပြောဆိုခြင်းနှင့် မတိကျခြင်းတို့ကိုရှောင်နိုင်မည်။—လုကာ ၁:၃။

သွန်သင်ခံနေသူတို့ကို ချစ်ခင်လေးစားပါ

၁၂။ တပည့်တော်များအပေါ် ယေရှု၏သဘောထားကား အဘယ်နည်း။

၁၂ အရေးကြီးသောအရည်အသွေးနောက်တစ်ခုမှာ သင်ကြားခံရသူအပေါ် သဘောထားမှန်ရှိခြင်းဖြစ်သည်။ ဖာရိရှဲများသည် ယေရှုအားနားထောင်သူတို့ကို အထင်သေးခဲ့ကြသည်။ “တရားကိုမသိသောဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုသူတို့ဆိုခဲ့ကြသည်။ (ယောဟန် ၇:၄၉) ယေရှုမူ တပည့်တော်များကို အလွန်ချစ်ခင်လေးစားခဲ့သည်။ ကိုယ်တော်က ဤသို့ဆိုခဲ့သည်– “ယခုမှစ၍ ငါသည်သင်တို့ကိုကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏။” (ယောဟန် ၁၅:၁၅) ယင်းက ယေရှု၏တပည့်တော်များသည် သူတို့၏သွန်သင်ခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်သင့်ကြောင်း ဖော်ပြပေးသည်။

၁၃။ ပေါလုသည် သူသွန်သင်ခဲ့သူတို့ကို မည်သို့သဘောထားခဲ့သနည်း။

၁၃ ဥပမာ၊ ပေါလုသည် သူ၏သင်သားများနှင့် အေးတိအေးစက်အလုပ်သဘောမျိုး မဆက်ဆံခဲ့ပါ။ ကောရိန္သုမြို့သားများကို သူကဤသို့ဆိုခဲ့သည်– “သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသောဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ဖြစ်ပွားစေပြီ။” (၁ ကောရိန္သု ၄:၁၅) တစ်ခါတစ်ရံ ပေါလုသည် သူသွန်သင်ပေးသူတို့ကို ဆုံးမစဉ်တွင် မျက်ရည်ပင်ကျခဲ့၏! (တမန်တော် ၂၀:၃၁) သူသည် ထူးခြားစွာစိတ်ရှည်ပြီး ကြင်နာမှုကိုလည်း ပြသခဲ့သည်။ ထို့ကြောင့် သက်သာလောနိတ်မြို့သားများကို သူကဤသို့ဆိုနိုင်ခဲ့သည်– “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ . . . နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို” ပြုစုကြ၏။—၁ သက်သာလောနိတ် ၂:၇၊ ၈။

၁၄။ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများကို ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားမှုရှိခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးရသနည်း။ ဥပမာပြပါ။

၁၄ သင်သည် ယေရှုနှင့်ပေါလုတို့ကို တုပပါသလော။ ကျွန်ုပ်တို့၏သင်သားများကို စိတ်ရင်းမှန်ဖြင့် ချစ်မြတ်နိုးခြင်းက ကျွန်ုပ်တို့တွင်ရှိမည့် မည်သည့်ပင်ကိုစွမ်းရည်ချို့တဲ့မှုကိုမဆို လိုသည်ထက်ပို၍ဖြည့်ဆည်းပေးနိုင်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာသင်သားများကို ပုဂ္ဂိုလ်ရေးအရ အမှန်တကယ်စိတ်ဝင်စားကြောင်း သူတို့သိကြပါသလော။ သူတို့ကိုသိကျွမ်းရန် အချိန်ပေးပါသလော။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ဝိညာဉ်ရေးတွင်တိုးတက်ဖို့ သင်သားတစ်ဦးကိုကူညီပေးရာတွင် အခက်အခဲကြုံနေသောအခါ ကြင်နာစွာဖြင့် သူဤသို့မေးခဲ့သည်– “ရှင့်မှာ စိုးရိမ်စရာတစ်ခုခုများ ရှိနေသလား။” ထိုအခါ အမျိုးသမီးသည် များပြားလှသောစိုးရိမ်ပူပန်မှုများအကြောင်းကို ရင်ဖွင့်ပြောပြလေတော့သည်။ ထိုမေတ္တာပါသော စကားစမြည်ပြောဆိုခြင်းသည် ထိုအမျိုးသမီးအတွက် အလှည့်အပြောင်းကြီးတစ်ခုဖြစ်ခဲ့သည်။ အဆိုပါကိစ္စများတွင် ကျမ်းစာဆိုင်ရာအတွေးအခေါ်များနှင့် နှစ်သိမ့်အားပေးမှုဖြစ်သောစကားများသည် သင့်တော်လျောက်ပတ်၏။ (ရောမ ၁၅:၄) သို့သော် သတိပြုသင့်သည်မှာ– ကျမ်းစာသင်သားသည် လျင်မြန်စွာတိုးတက်ကောင်းတိုးတက်နေမည်ဖြစ်သော်လည်း ပြုပြင်စရာလိုသည့် ခရစ်ယာန်မဆန်သောလမ်းစဉ်များရှိဆဲဖြစ်ပေမည်။ ထို့ကြောင့် ထိုသူနှင့်တရင်းတနှီးပေါင်းသင်းခြင်းသည် ပညာရှိရာရောက်မည်မဟုတ်ချေ။ လျောက်ပတ်သောခရစ်ယာန်နယ်နိမိတ်များရှိထားသင့်သည်။—၁ ကောရိန္သု ၁၅:၃၃။

၁၅။ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများကို လေးစားမှုမည်သို့ပြနိုင်သနည်း။

၁၅ ကျွန်ုပ်တို့၏သင်သားများကိုလေးစားခြင်းတွင် သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ထိန်းချုပ်ရန်မကြိုးစားခြင်းပါဝင်သည်။ (၁ သက်သာလောနိတ် ၄:၁၁) ဥပမာ၊ လက်ထပ်မထားသောအမျိုးသားတစ်ဦးနှင့် အတူနေသည့် အမျိုးသမီးတစ်ဦးကို ကျွန်ုပ်တို့ကျမ်းစာသင်နေသည်ဆိုကြပါစို့။ သူတို့မှာ သားသမီးများရှိကောင်းရှိပေမည်။ ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာကိုသိရှိလာပြီဖြစ်ရာ ထိုအမျိုးသမီးသည် ယေဟောဝါ၏စံနှုန်းအတိုင်းပြုလို၏။ (ဟေဗြဲ ၁၃:၄) သူသည် ထိုအမျိုးသားကိုလက်ထပ်သင့်သလော သို့မဟုတ် သူနှင့်ခွဲသင့်သလော။ ဝိညာဉ်ရေးကိုစိတ်ဝင်စားမှုမရှိသလောက်ဖြစ်သော အမျိုးသားတစ်ဦးကို လက်ထပ်ခြင်းသည် သူ၏အနာဂတ်တိုးတက်မှုကို ဟန့်တားလိမ့်မည်ဟု ကျွန်ုပ်တို့အခိုင်အမာယူဆကောင်းယူဆပေမည်။ တစ်ဖက်တွင် ကျွန်ုပ်တို့သည် သူ့သားသမီးများ၏အရေးအတွက်စိုးရိမ်ပြီး ထိုသူ့ကိုလက်ထပ်လိုက်လျှင် သာ၍ကောင်းမည်ဟု စဉ်းစားမိပေမည်။ မည်သို့ပင်ဖြစ်စေ အဆိုပါကိစ္စများတွင် သင်သား၏အသက်တာ၌ သင်စွက်ဖက်ပြီး မိမိသဘောအတိုင်းပြုမူလုပ်ကိုင်စေရန် ကြိုးစားခြင်းသည် သူ့ကိုလေးစားမှုမရှိ၊ မေတ္တာမဲ့ရာရောက်သည်။ အမှန်မှာ သူ့ဆုံးဖြတ်ချက်အတိုင်း သူခံရမည်သာဖြစ်သည်။ ထို့ကြောင့် အဆိုပါသင်သားကို “ပိုင်းခြား၍သိနိုင်သောဉာဏ်” အသုံးပြုဖို့လေ့ကျင့်သွန်သင်ပေးပြီး သူမည်သို့ပြုသင့်သည်ကို သူ့ဘာသာသူဆုံးဖြတ်စေလျှင် အကောင်းဆုံးဖြစ်မည်မဟုတ်ပေလော။—ဟေဗြဲ ၅:၁၄။

၁၆။ အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုကို ချစ်ခင်လေးစားမှု မည်သို့ပြနိုင်သနည်း။

၁၆ အထူးသဖြင့် အသင်းတော်အကြီးအကဲများသည် သိုးတော်စုကို ချစ်ခင်လေးစားစွာဆက်ဆံဖို့အရေးကြီးသည်။ ဖိလေမုန်ထံစာရေးရာတွင် ပေါလုက ဤသို့ဆိုခဲ့သည်– “သင်သည် ပြုသင့်သောအမှုအရာကိုပညတ်ထားခြင်းငှာ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာအခွင့်ရှိသော်လည်း . . . မေတ္တာအားဖြင့်သာသင့်ကိုတောင်းပန်ပါ၏။” (ဖိလေမုန် ၈၊ ၉) ရံဖန်ရံခါ အသင်းတော်တွင် စိတ်ပျက်ဖွယ်အခြေအနေများပေါ်ပေါက်နိုင်ပေသည်။ ကြပ်ကြပ်မတ်မတ်ဖြစ်ဖို့ပင် လိုအပ်ပေမည်။ ပေါလုက “ယုံကြည်ခြင်းအမှု၌စင်ကြယ်စေခြင်းငှာ၊ သူတို့ [အမှားပြုသူများ] ကိုကျပ်တည်းစွာဆုံးမပြစ်တင်လော့” ဟုတိတုအား တိုက်တွန်းခဲ့သည်။ (တိတု ၁:၁၄) သို့တိုင် ကြီးကြပ်မှူးများသည် အသင်းတော်ကို အကြင်နာကင်းမဲ့စွာဘယ်တော့မျှမပြောဆိုမိရန် သတိထားရပေမည်။ “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမ . . . ခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်” ဟုပေါလုရေးသားခဲ့သည်။—၂ တိမောသေ ၂:၂၄; ဆာလံ ၁၄၁:၃။

၁၇။ မောရှေသည် အဘယ်အမှားကိုပြုခဲ့သနည်း၊ ယင်းမှ အကြီးအကဲများ အဘယ်အရာသင်ယူနိုင်သနည်း။

၁၇ ကြီးကြပ်မှူးများသည် “ဘုရားသခင်၏သိုးတော်စု” နှင့်ဆက်ဆံရကြောင်း ကိုယ့်ကိုယ်ကိုအမြဲသတိပေးနေရမည်။ (၁ ပေတရု ၅:၂) မောရှေသည် နှိမ့်ချမှုရှိသူဖြစ်ခဲ့သော်လည်း ဤအမြင် တစ်ခဏပျောက်ဆုံးခဲ့သည်။ ဣသရေလလူများသည် “သူ၏စိတ်ကိုနှောင့်ယှက်နှိပ်စက်ကြသဖြင့်၊ သူသည်အမှတ်တမဲ့ပြောဆိုမိ၏။” (ဆာလံ ၁၀၆:၃၃၊ သမ္မာ) ဘုရားသခင်၏သိုးတော်စုသည် အပြစ်ကင်းသူများမဟုတ်ကြသော်လည်း သူတို့အပေါ် ထိုသို့မတော်မလျော်ဆက်ဆံခြင်းကို ကိုယ်တော်လွန်စွာမနှစ်မြို့ခဲ့ချေ။ (တောလည်ရာ ၂၀:၂-၁၂) ယနေ့ အလားတူစိန်ခေါ်ချက်များရင်ဆိုင်ရသောအခါ အကြီးအကဲများသည် ထိုးထွင်းသိမြင်မှုနှင့် ကြင်နာမှုဖြင့် သွန်သင်ညွှန်ကြားဖို့ကြိုးစားသင့်သည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် စာနာထောက်ထားမှုနှင့် ဆက်ဆံခံရသောအခါ၊ နာလန်ပြန်မထူနိုင်တော့သည့်သူများအဖြစ်မဟုတ်ဘဲ အကူအညီလိုနေသူများအဖြစ်ဆက်ဆံခံရသောအခါ အကောင်းဆုံးတုံ့ပြန်တတ်ကြသည်။ အပြုသဘောကို အကြီးအကဲများအမြဲထိန်းသိမ်းထားဖို့လိုကြောင်းကို ပေါလုက ဤသို့ဆိုခဲ့သည်– “ငါတို့ ပညတ်သည်အတိုင်း သင်တို့ယခုကျင့်ကြ၏၊ နောက်၌လည်းကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကိုအမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။”—၂ သက်သာလောနိတ် ၃:၄။

သူတို့၏လိုအပ်ချက်များကို တုံ့ပြန်တတ်ပါ

၁၈၊ ၁၉။ (က) ကျွန်ုပ်တို့သည် စွမ်းရည်အကန့်အသတ်ရှိသော ကျမ်းစာသင်သားများ၏လိုအပ်ရာများကို မည်သို့ဖြည့်စွက်ပေးသင့်သနည်း။ (ခ) သတ်သတ်မှတ်မှတ်အကြောင်းအချို့ကို နားလည်ရခက်နေသောသင်သားများအား မည်သို့ကူညီပေးနိုင်မည်နည်း။

၁၈ ထိရောက်စွာသွန်သင်တတ်သူတစ်ဦးသည် မိမိသင်သား၏စွမ်းရည်များနှင့် ကန့်သတ်မှုများအရ အလိုက်သင့်ပြုပြင်ပြောင်းလဲလိုစိတ်ရှိသည်။ (ယောဟန် ၁၆:၁၂ နှိုင်းယှဉ်။) အစွမ်းသတ္တိများအကြောင်း ယေရှု၏ပုံဥပမာတွင် သခင်သည် “အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း” အခွင့်အရေးများကိုပေးအပ်၏။ (မဿဲ ၂၅:၁၅၊ သမ္မာ) ကျမ်းစာသင်အံမှုများကျင်းပသောအခါ အလားတူပုံစံကိုလိုက်လျှောက်နိုင်သည်။ တော်တန်ရုံအချိန်တိုအတွင်း ကျမ်းစာအခြေပြုထားသောစာအုပ်တစ်အုပ်ကို အပြီးဖတ်လိုမည်မှာ အမှန်။ သို့သော် လူတိုင်းသည် စာဖတ်စွမ်းရည်ကောင်းသူများမဟုတ်ကြောင်း၊ သို့မဟုတ် အယူအဆအသစ်များကို ချက်ချင်းသဘောပေါက်နိုင်မည်မဟုတ်ကြောင်း အသိအမှတ်ပြုရမည်။ ထို့ကြောင့် သင်သားများသည် အမြန်သင်အံခြင်းကို လိုက်မမီလျှင် သင်အံမှုတွင် အကြောင်းအရာတစ်ခုမှ အခြားတစ်ခုသို့ မည်သည့်အခါပြောင်းမည်ကို ပိုင်းခြားသိမြင်ဖို့လိုအပ်သည်။ အကြောင်းအရာတစ်ခုကို ကန့်သတ်ထားသည့်အချိန်အတွင်းပြီးရန် လေ့လာခြင်းထက် သင်သားများသင်ယူနေသည့်အကြောင်းကို သဘောပေါက်စေရန်ကူညီပေးခြင်းက ပို၍အရေးကြီးသည်။—မဿဲ ၁၃:၅၁။

၁၉ သုံးပါးပေါင်းတစ်ဆူ သို့မဟုတ် ဘာသာရေးပွဲနေ့များအစရှိသည့် သတ်သတ်မှတ်မှတ်အကြောင်းများကို နားလည်ရခက်နေသော ကျမ်းစာသင်သားများနှင့်ပတ်သက်၍ ထိုအတိုင်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့သင်အံမှုများတွင် ကျမ်းစာအခြေခံ၍ လေ့လာတွေ့ရှိချက်များကို များသောအားဖြင့် တင်ပြစရာလိုမည်မဟုတ်သော်လည်း အကျိုးပြုမည်ဆိုလျှင် အခါအားလျော်စွာ ဖော်ပြနိုင်ပေသည်။ သင်သားတစ်ဦး၏တိုးတက်မှုကို မလိုအပ်ဘဲမနှောင့်နှေးစေရန် ကောင်းစွာချင့်ချိန်သင့်သည်။

စိတ်အားထက်သန်မှုတင်ပြပါ!

၂၀။ ပေါလုသွန်သင်ပေးရာတွင် စိတ်အားထက်သန်မှုနှင့် ခံယူချက်အပြည့်ရှိကြောင်းကိုဖော်ပြခြင်းနှင့်ပတ်သက်၍ အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။

၂၀ “စိတ်စေတနာထက်သန်” ပါဟု ပေါလုကဆိုသည်။ (ရောမ ၁၂:၁၁၊ သမ) မှန်ပါသည်၊ အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပနေသည်ဖြစ်စေ၊ အသင်းတော်အစည်းအဝေးတွင် ပါဝင်နေသည်ဖြစ်စေ ဇွဲနပဲနှင့်စိတ်အားထက်သန်စွာပြုသင့်သည်။ သက်သာလောနိတ်မြို့သားများကို ပေါလုက ဤသို့ဆိုခဲ့သည်– “ငါတို့ဟောပြောသောဝမ်းမြောက်ဖွယ်သတင်းတရားသည်၊ သင်တို့၌ စကားမျှသာဖြစ်သည်မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ဝိစိကိစ္ဆာမရှိဘဲအမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏။” (၁ သက်သာလောနိတ် ၁:၅၊ သမ္မာ) ထို့ကြောင့် ပေါလုနှင့် သူ၏အပေါင်းပါများသည် “ဘုရားသခင်၏ [“ဝမ်းမြောက်ဖွယ်သတင်း၊” သမ္မာ] တရားကိုမျှမက၊ [“ကိုယ့်၊” သမ္မာ] အသက်ကိုပင်” ပေးခဲ့ကြသည်။—၁ သက်သာလောနိတ် ၂:၈။

၂၁။ ကျွန်ုပ်တို့၏သွန်သင်ခြင်းတာဝန်များအပေါ် စိတ်အားထက်သန်သောသဘောထားကို မည်သို့ထိန်းသိမ်းနိုင်သနည်း။

၂၁ ကျွန်ုပ်တို့ပြောစရာရှိသည်ကို ကျမ်းစာသင်သားများကြားဖို့လိုသည်ဟု အခိုင်အမာခံယူထားခြင်းမှ စစ်မှန်သောစိတ်အားထက်သန်မှုပေါ်ထွက်လာသည်။ မည်သည့်သွန်သင်ခြင်းတာဝန်ကိုမဆို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် မယူမှတ်ကြစို့နှင့်။ ဤကိစ္စတွင် ကျမ်းတတ်ဧဇရသည် သူ၏သွန်သင်ခြင်းကို အမှန်တကယ်ဂရုစိုက်ခဲ့သည်။ သူသည် “ထာဝရဘုရား၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ . . . သွန်သင်ခြင်းငှာလည်းကောင်း သဘောကျ” ၏။ (ဧဇရ ၇:၁၀) ကျွန်ုပ်တို့သည် အသေးစိတ်ဂရုတစိုက်ပြင်ဆင်ပြီး လေ့လာသည့်အကြောင်းအရာ၏ အရေးကြီးမှုကိုသုံးသပ်ခြင်းအားဖြင့် အလားတူပြုသင့်သည်။ ယုံကြည်ခြင်းနှင့် စိတ်ချမှုတို့ကိုတိုးပွားစေဖို့ ယေဟောဝါထံဆုတောင်းကြစို့။ (လုကာ ၁၇:၅) ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုသည် ကျမ်းစာသင်သားများအား သမ္မာတရားကို အမှန်တကယ်ချစ်မြတ်နိုးစိတ်တိုးပွားစေရန် ကူညီပေးနိုင်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏သွန်သင်ခြင်းကို သတိပြုနေခြင်းတွင် သတ်သတ်မှတ်မှတ်ရှိသော သွန်သင်ခြင်းနည်းပညာများကို အသုံးပြုခြင်းပါဝင်နိုင်ပေသည်။ နောက်ဆောင်းပါးတွင် အချို့ကိုဆွေးနွေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၁၀၇၁ ရှု။

သင်မှတ်မိသလော

◻ ယနေ့ ကျွမ်းကျင်သောခရစ်ယာန်သွန်သင်သူများ အဘယ်ကြောင့်လိုအပ်သနည်း။

◻ အဘယ်လေ့လာမှုအကျင့်ကောင်းများကို ကျွန်ုပ်တို့ပျိုးထောင်နိုင်သနည်း။

◻ ကျွန်ုပ်တို့သွန်သင်ပေးသူတို့ကို ချစ်ခင်လေးစားရန် အဘယ်ကြောင့် အလွန်အရေးကြီးရသနည်း။

◻ ကျမ်းစာသင်သားများ၏လိုအပ်ရာများကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်နိုင်သနည်း။

◻ အခြားသူများကိုသွန်သင်ပေးသောအခါ စိတ်အားထက်သန်မှုနှင့် ယုံကြည်စိတ်ချမှုသည် အဘယ်ကြောင့် အရေးပါသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကောင်းစွာသွန်သင်သူများကိုယ်တိုင်ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသူများဖြစ်ကြ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျမ်းစာသင်သားများကို ကိုယ်တိုင်ကိုယ်ကျစိတ်ဝင်စားမှုရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ