ယနေ့အတွက်သတင်းတစ်ရပ်ပါသော ဉာဏ်ပညာဆိုင်ရာစာအုပ်
သူ့ခေတ်သူ့အချိန်က အချမ်းသာဆုံးများမှတစ်ဦးဖြစ်သူသေချာသည့် ရှေးခေတ်မှဘိုးဘေးယောဘက “ပညာ [“ဉာဏ်ပညာအိတ်အပြည့်၊” ကဘ] သည်ပတ္တမြား [“ပုလဲအပြည့်ရှိသောအိတ်၊” ကဘ] ထက်သာ၍အဖိုးကြီး[“ထိုက်၊” ကဘ] ကြောင်းသိရှိခဲ့သည်။ (ယောဘ ၁:၃; ၂၈:၁၈; ၄၂:၁၂) ဘဝအောင်မြင်မှုအတွက် စည်းစိမ်ထက် ဉာဏ်ပညာသည် အမှန်တကယ်ပင် သာ၍တန်ဖိုးရှိ၏။ ပညာရှိရှောလမုန်ဘုရင်က “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်းကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏” ဟုဆိုခဲ့သည်။—ဒေ. ၇:၁၂။
သို့သော် ထိုဉာဏ်ပညာကို ယနေ့မည်သည့်နေရာ၌ ရှာတွေ့နိုင်မည်နည်း။ လူတို့သည် မိမိတို့၏ကိုယ်ရေးကိုယ်တာပြဿနာများကို ပင်တိုင်သတင်းဆောင်းပါးရှင်များ၊ စိတ်ပညာရှင်များ၊ စိတ်ရောဂါကုဆရာဝန်များ၊ ဆံပင်အလှပြုပြင်သူများနှင့် အငှားယာဉ်မောင်းများအားပင် တင်ပြကြပြီး အကြံဉာဏ်တောင်းတတ်ကြသည်။ ကျွမ်းကျင်သူများစွာတို့ကလည်း အခကြေးငွေအသင့်အတင့်တောင်းဆိုကာ မည်သည့်အကြောင်းနှင့်ပတ်သက်၍မဆို အကြံပေးရန်အသင့်ရှိကြသည်။ သို့သော် များသောအားဖြင့် ထိုသို့သော ‘ဉာဏ်ပညာ’ စကားများသည် စိတ်ဓာတ်ကျဆင်းမှုသာမက ဘေးဥပဒ်ပင်ရောက်စေခဲ့ပြီ။ သို့ဖြစ်လျှင် စစ်မှန်သောဉာဏ်ပညာကို မည်သို့ရှာတွေ့နိုင်မည်နည်း။
လူ့ရေးရာကို ထိုးထွင်းသိမြင်နိုင်သူ ယေရှုခရစ်သည် တစ်ကြိမ်ကဤသို့မိန့်ဆိုခဲ့၏– ‘ပညာသည် အပြုအမူဖြင့် ဖြောင့်မတ်ကြောင်းထင်ရှား၏။’ (မဿဲ ၁၁:၁၉) လူတို့တွေ့ကြုံလေ့ရှိသော ပြဿနာအချို့ကိုသုံးသပ်ကာ အဘယ်ပညာရှိစကားများက သူတို့ကိုအမှန်ထောက်ကူပေးခဲ့ပြီး ‘ပုလဲအပြည့်ရှိသောအိတ်’ တစ်အိတ်ထက်သာ၍အဖိုးထိုက်ပြီး အကျိုးပြုခဲ့ကြောင်းကို ကြည့်ကြပါစို့။ အသင်လည်း ထို ‘ဉာဏ်ပညာအိတ်အပြည့်’ ကိုတွေ့ရှိပြီး အကျိုးရယူနိုင်ပေမည်။
စိတ်ကျဝေဒနာခံစားနေရသလော
လန်ဒန်မြို့ထုတ် အင်တာနေရှင်နယ် ဟယ်ရယ်လ် ထရီဘျွန်းသတင်းစာက ဤသို့ဆိုသည်– “၂၀ ရာစုက စိုးရိမ်ဖွယ်ခေတ်ကိုဆောင်ကြဉ်းခဲ့လျှင် ယင်းအကုန်ပိုင်းတွင် မှိုင်တွေခေတ်၏အစကို တွေ့မြင်နေကြရသည်။” ယင်းကထပ်ဆင့်၍ ဤသို့ဆိုသည်– “ပြင်းထန်စွာစိတ်ကျဝေဒနာခံစားရခြင်းကို ဦးဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာလေ့လာမှုပြုခဲ့ရာ ကမ္ဘာတစ်ဝန်းတွင် စိတ်ရောဂါသည်တိုးများလာကြောင်း ဖော်ပြသည်။ တိုင်ဝမ်၊ လက်ဘနွန်နှင့် နယူးဇီလန်တို့လောက် ကွဲပြားသည့်နိုင်ငံများတွင် လူမျိုးဆက်တစ်ခုစီသည် ထိုဝေဒနာကိုပိုမိုတိုး၍ခံစားနေရကြသည်။” ၁၉၅၅ ခုနှစ်နောက်ပိုင်း မွေးဖွားလာသူများသည် သူတို့၏ဘိုးဘေးများထက် စိတ်ကျဝေဒနာကိုပြင်းထန်စွာခံစားကြရဖို့အကြောင်း သုံးဆရှိသည်ဟုဆိုကြသည်။
စိတ်ကျဝေဒနာအပြင်းအထန်ခံစားခဲ့ရပြီး အိပ်ရာထဲလှဲနေရသည့် တိုမိုအေး၏အဖြစ်က ထိုသို့ဖြစ်ခဲ့သည်။ နှစ်နှစ်အရွယ်သားလေးကို သူမစောင့်ရှောက်နိုင်သောကြောင့် မိဘများနှင့်ပြန်နေထိုင်ခဲ့သည်။ မကြာမီပင် တိုမိုအေး၏သားနှင့်ရွယ်တူသမီးတစ်ယောက်ရှိသော အိမ်နီးချင်းတစ်ဦးနှင့် သူမိတ်ဆွေဖြစ်လာသည်။ တိုမိုအေးက မိမိသည်ဘာမျှအသုံးမကျဟုခံစားရကြောင်း ပြောပြသည့်အခါ အိမ်နီးချင်းဖြစ်သူက စာအုပ်တစ်အုပ်မှ ကျမ်းချက်တစ်ချက်ကိုပြသည်။ ထိုတွင်ဤသို့ဖတ်ရသည်– “မျက်စိက ‘သင့်ကိုငါအလိုမရှိ’ ဟု လက်ကိုမဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ ‘သင်တို့ကို ငါအလိုမရှိ’ ဟု ခြေတို့ကိုမဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသောအင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။”a ကမ္ဘာပေါ်တွင် လူတိုင်းကိုယ့်နေရာနှင့်ကိုယ်ရှိကြပြီး လိုအပ်ကြောင်းကို တိုမိုအေးသိလာသောအခါ မျက်ရည်များဝဲလာလေသည်။
အိမ်နီးချင်းက ထိုစကားများပါသည့်စာအုပ်ကို ကြည့်ရှုစစ်ဆေးရန် အကြံပြုသည်။ ထိုအချိန်မတိုင်မီအထိ သာမန်အရာလေးပင်ပြုရန် ကတိမပေးနိုင်ခဲ့သော တိုမိုအေးသည် ခေါင်းညိတ်သဘောတူခဲ့သည်။ အိမ်နီးချင်းဖြစ်သူသည် တိုမိုအေးနှင့်အတူ ဈေးဝယ်ခြမ်းပြီး ချက်ပြုတ်ဖို့ နေ့စဉ်ကူညီပေးခဲ့သည်။ တစ်လအကြာတွင် တိုမိုအေးသည် အခြားအိမ်ရှင်မများနည်းတူ နေ့စဉ်အိပ်ရာထ၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်၊ ဈေးဝယ်၍ စားစရာများ ချက်ပြုတ်ပြင်ဆင်လျက်ရှိသည်။ အခက်အခဲများစွာကို သူကျော်လွှားခဲ့ရသော်လည်း သူက– “ကျွန်မတွေ့ရှိထားတဲ့ ဉာဏ်ပညာစကားအတိုင်းသာ လိုက်လျှောက်လုပ်ကိုင်မယ်ဆိုရင် ကျွန်မကောင်းလာလိမ့်မယ်လို့ယုံတယ်” ဟုဆိုခဲ့သည်။
သူတွေ့ရှိထားသောဉာဏ်ပညာကိုကျင့်သုံးခြင်းဖြင့် တိုမိုအေးသည် စိတ်ဓာတ်ကျပြီးမှိုင်တွေသည့်အဖြစ်ကို ကျော်လွှားနိုင်ခဲ့သည်။ ယခုတိုမိုအေးသည် သူ့အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်စေခဲ့သည့် စကားများကိုပင် အခြားသူများပါကျင့်သုံးစေရန် အချိန်ပြည့်ကူညီပေးလျက်ရှိသည်။ ထိုဉာဏ်ပညာစကားများသည် ယနေ့လူသားအားလုံးအတွက် သတင်းတစ်ရပ်ပါသည့် ရှေးဟောင်းစာအုပ်တစ်အုပ်တွင် ပါရှိသည်။
အိမ်တွင်းရေးပြဿနာများ ရင်ဆိုင်နေရသလော
ကမ္ဘာတစ်ဝန်းတွင် ကွာရှင်းမှုနှုန်းထိုးတက်နေသည်။ တစ်ချိန်က မိမိတို့၏ရင်းနှီးချစ်ခင်သောမိသားစုများအတွက် ဂုဏ်ယူခဲ့ကြသူများနေထိုင်ရာ အရှေ့တိုင်းနိုင်ငံများ၌ပင် အိမ်တွင်းရေးပြဿနာများ တိုးများလာသည်။ အကျိုးဖြစ်ထွန်းသော ပညာရှိသည့်အိမ်ထောင်ရေးလမ်းညွှန်မှုကို အဘယ်တွင်တွေ့ရှိနိုင်မည်နည်း။
အိမ်ထောင်ရေးပြဿနာများအမြဲရှိသည့် ရှုဂိုနှင့်မီဟိုကိုဟူသည့်မောင်နှံစုံ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ အသေးအဖွဲကိစ္စလေးနှင့်ပင် သူတို့ရန်ဖြစ်တတ်ကြသည်။ ရှုဂိုကစိတ်တိုတတ်ပြီး မီဟိုကိုကလည်း အပြစ်တင်ခံရတိုင်း ခွန်းတုံ့ပြန်တတ်သည်။ ‘ဘာတစ်ခုမှသဘောချင်းမတိုက်ဆိုင်နိုင်ဘူး’ ဟုပင် မီဟိုကိုထင်ခဲ့သည်။
တစ်နေ့သောအခါ မီဟိုကိုထံသို့ အမျိုးသမီးတစ်ဦးလာရောက်လည်ပတ်ကာ စာအုပ်တစ်အုပ်မှ ဤစကားများကိုဖတ်ပြသည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။”b မီဟိုကိုသည် ဘာသာရေးကိုစိတ်မဝင်စားသော်လည်း ထိုစကားများပါသည့်စာအုပ်ကိုလေ့လာရန် သဘောတူလိုက်သည်။ သူစိတ်ဝင်စားရာမှာ သူ့မိသားစုဘဝတိုးတက်ရန်ဖြစ်သည်။ ထို့ကြောင့် သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း အမည်ရှိစာအုပ်ကို ဆွေးနွေးသည့်စည်းဝေးတစ်ခုတက်ရောက်ရန် ဖိတ်ခေါ်ခံရသည့်အခါ မီဟိုကို—နှင့်သူ့ခင်ပွန်း—တို့သည် ချက်ချင်းလက်ခံခဲ့ကြသည်။c
အစည်းအဝေး၌ တက်ရောက်သူများသည် သူတို့သင်ယူနေကြရာကို အမှန်ပင်ကျင့်သုံးနေကြကြောင်းနှင့် ပျော်ရွှင်ကြပုံပေါ်ကြောင်း ရှုဂိုသတိပြုမိခဲ့သည်။ သူ့ဇနီးသည်လေ့လာနေသည့်စာအုပ်ကို ကြည့်ရှုစစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။ မကြာမီ “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့်မိုက်ပေ၏”d ဟူသောဖော်ပြချက်တစ်ခုက သူ့အာရုံကိုဖမ်းစားလိုက်သည်။ ဤမူကိုကျင့်သုံးရန် အချိန်အနည်းငယ်ကြာခဲ့သော်လည်း သူ၏ပြောင်းလဲမှုသည် သူ့ဇနီးအပါအဝင် သူ့ပတ်ဝန်းကျင်ရှိသူတို့ရှေ့ တဖြည်းဖြည်းသိသာထင်ရှားလာသည်။
ခင်ပွန်းသည်၏ပြောင်းလဲမှုများကို မြင်တွေ့သည့်အခါ မီဟိုကိုလည်း သင်ယူနေရာများကို စတင်ကျင့်သုံးလာသည်။ အထူးသဖြင့် သူ့ကိုထောက်ကူပေးခဲ့သည့်မူတစ်ခုကား– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကိုခံရကြမည်”e ဖြစ်သည်။ သို့ဖြစ်၍ မီဟိုကိုနှင့်သူ့ခင်ပွန်းတို့သည် သူတို့၏ကောင်းကွက်များနှင့် တစ်ဦးကိုတစ်ဦးအပြစ်ရှာမည့်အစား မည်သို့တိုးတက်နိုင်မည့်အကြောင်းတို့ကိုပြောဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ရလဒ်ကား အဘယ်နည်း။ မီဟိုကိုက ဤသို့ပြန်ပြောပြသည်– “ကျွန်မကိုတကယ်ပဲပျော်ရွှင်စေခဲ့တယ်။ ညနေတိုင်း ညစာစားချိန်မှာ အဲလိုပြောဆိုခဲ့ကြတယ်။ ကျွန်မတို့ရဲ့သုံးနှစ်သားလေးတောင် ဝင်ပြောဆိုတတ်တယ်။ အဲလိုပြောဆိုကြတာက ကျွန်မတို့ကို တကယ်လန်းဆန်းစေခဲ့တယ်!”
ဤမိသားစုသည် သူတို့ရရှိခဲ့သောအဓိပ္ပာယ်ရှိသည့်အကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြသောအခါ ပြတ်တောက်လုဆဲ ဆက်ဆံရေးရှိစေသည့်ပြဿနာများကို ကျော်လွှားနိုင်ခဲ့ကြသည်။ ယင်းသည် သူတို့အတွက် ပုလဲအပြည့်ရှိအိတ်တစ်လုံးထက် သာ၍အဖိုးထိုက်သည်မဟုတ်ပေလော။
သင့်ဘဝအောင်မြင်စေလိုသလော
ယနေ့ များစွာသောသူတို့၏ဘဝပန်းတိုင်မှာ စည်းစိမ်ဥစ္စာစုဆောင်းခြင်းဖြစ်သည်။ သို့တိုင် ဒေါ်လာသန်းရာပေါင်းများစွာကိုလှူဒါန်းခဲ့သူ အမေရိကန်ပြည်ထောင်စုမှ ကြွယ်ဝသည့်လုပ်ငန်းရှင်တစ်ဦးသည် တစ်ကြိမ်ကဤသို့ဆိုခဲ့သည်– “လူအချို့အတွက် ငွေသည် ဆွဲဆောင်မှုရှိသော်လည်း မည်သူမျှ ဖိနပ်နှစ်ရံကိုတစ်ချိန်တည်းမစီးနိုင်ပါ။” ဤဖြစ်ရပ်မှန်ကို ဝန်ခံသူနည်းပါးပြီး စည်းစိမ်ဥစ္စာမရှာတော့သူက ပိုနည်းပေသည်။
ဟီတိုရှီသည် ဆင်းရဲချို့ငဲ့စွာကြီးပြင်းလာသောကြောင့် ချမ်းသာကြွယ်ဝလိုစိတ်ပြင်းပြခဲ့သည်။ မြီရှင်တို့က မြီစားတို့ကို မလိမ့်တစ်ပတ်နှင့် မည်သို့လှည့်စားသည်ကိုတွေ့ပြီးနောက် သူက– “ငွေများများရသူသည် နိုင်သည်” ဟုစိတ်ပိုင်းဖြတ်ခဲ့သည်။ လူ့ဘဝပင် ငွေဖြင့်ဝယ်ယူနိုင်သည်ဟုယူဆသည့်အထိ ငွေ၏အစွမ်းကို သူယုံကြည်ခဲ့သည်။ စည်းစိမ်ဥစ္စာစုဆောင်းရန်အတွက် သူ၏ရေပိုက်လုပ်ငန်းကို စူးစိုက်ကြိုးပမ်းလုပ်ကိုင်ကာ တစ်နှစ်ပတ်လုံးခွင့်မယူဘဲ အလုပ်လုပ်ခဲ့သည်။ မည်မျှပင် သူကြိုးပမ်းလုပ်ကိုင်ပါစေ မိမိသည် တစ်ဆင့်ခံကန်ထရိုက်တာဖြစ်သောကြောင့် မိမိကိုအလုပ်ပေးသည့်ကန်ထရိုက်တာများကဲ့သို့ ဘယ်တော့မျှမစွမ်းဆောင်နိုင်ကြောင်း ဟီတိုရှီမကြာမီသိလာသည်။ စိတ်ရှုပ်ထွေးကာ ဒေဝါလီခံရမည်ကို နေ့စဉ်ကြောက်ရွံ့နေခဲ့သည်။
ထိုအချိန်တွင် လူတစ်ဦးသည် ဟီတိုရှီ၏အိမ်ပေါက်ဝသို့လာ၍ သူ့အတွက် ယေရှုခရစ်အသေခံခဲ့ကြောင်း သိပါသလောဟုမေးခဲ့သည်။ မိမိကဲ့သို့သောသူတစ်ဦးအတွက် မည်သူမျှအသေခံမည်မဟုတ်ဟု ဟီတိုရှီခံစားရသောကြောင့် သိလိုစိတ်ပေါ်လာကာ နောက်ထပ်ဆွေးနွေးဖို့ သဘောတူခဲ့သည်။ နောက်တစ်ပတ်တွင် ဟောပြောချက်တစ်ခုကို တက်ရောက်နားထောင်ခဲ့ပြီး ‘မျက်စိကိုရိုးရှင်းစွာထား’ ဖို့တိုက်တွန်းချက်ကို ကြားသည့်အခါ အံ့အားသင့်ခဲ့သည်။ ဟောပြောသူက “ရိုးရှင်း” သောမျက်စိသည် အမြင်ကျယ်၍ ဝိညာဉ်ရေးရာများပေါ် အာရုံစူးစိုက်ပြီး အခြားတစ်ဖက်၌မူ “ဆိုးယုတ်” သောမျက်စိ သို့တည်းမဟုတ် “မနာလို” သောမျက်စိသည် လတ်တလောဇာတိအလိုဆန္ဒများကိုသာ အာရုံစူးစိုက်ပြီး အမြင်တိုကြောင်းရှင်းပြသည်။ “အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏”f ဟူသောအကြံပေးချက်က သူ့ကိုအထိနာစေခဲ့သည်။ စည်းစိမ်ဥစ္စာရယူခြင်းထက် သာ၍အရေးကြီးသောအရာ ရှိသေးသည်တကား! ယင်းသို့ သူတစ်ခါမျှမကြားခဲ့ဖူးချေ။
စိတ်စွဲမှတ်သွားခဲ့ရာ သူတတ်သိလာသည့်အရာများကို စ၍ကျင့်သုံးလေတော့သည်။ ငွေအတွက် ကြိုးစားပမ်းစားလုပ်ကိုင်မည့်အစား သူ့ဘဝတွင် ဝိညာဉ်ရေးစံများကို ဦးစားထားလာသည်။ သူ့မိသားစု၏ ဝိညာဉ်ရေးကောင်းကျိုးအတွက်လည်း အချိန်ယူ၍ဂရုစိုက်ပေးသည်။ ယင်းကြောင့် အလုပ်လုပ်ချိန်မှာ အလိုလိုလျော့သွားသည်၊ သို့တိုင် သူ့လုပ်ငန်းမှာအဆင်ပြေလာသည်။ အဘယ်ကြောင့်နည်း။
သူရရှိသောအကြံပေးချက်ကို လက်ခံကျင့်သုံးသောကြောင့် သူ၏ရန်လိုတတ်သောစရိုက်သည် နူးညံ့၍ကြင်နာတတ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ဤတိုက်တွန်းချက်ကို သူစွဲမှတ်ခဲ့သည်– “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားတို့ကိုသုံးခြင်းတို့ကိုလည်းကောင်း၊ သင်တို့နှုတ်မှပယ်ရှင်းကြလော့။ အချင်းချင်းမုသာစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့်အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။”g ဤအကြံပေးချက်ကိုလိုက်နာခြင်းက သူ့ကိုမကြွယ်ဝစေသော်လည်း သူ၏ ‘ဥပဓိရုပ်အသစ်’ ကို သူ့ဖောက်သည်များလေးစားကြပြီး သူတို့၏ယုံကြည်အားထားမှုကိုရရှိစေသည်။ သူတွေ့ရှိထားသော ဉာဏ်ပညာစကားများက ဘဝအောင်မြင်မှု အမှန်ရရှိရန်ထောက်ကူပေးခဲ့သည်။ ထိုစကားများသည် သူ့အတွက် ပုလဲ သို့မဟုတ် ငွေအပြည့်ရှိသောအိတ်တစ်အိတ်ထက် တကယ်ပင်သာ၍အဖိုးထိုက်ခဲ့သည်။
အိတ်ကိုသင်ဖွင့်မည်လော
အထက်ပါဥပမာများမှသူတို့အတွက် အလွန်အဖိုးထိုက်တန်ခဲ့သည့် ဉာဏ်ပညာအိတ်အပြည့်ကို သင်ဖော်ပြနိုင်သလော။ ယင်းသည် ကမ္ဘာပေါ်တွင် အဖြန့်ဝေရဆုံးနှင့် ရရှိဖို့အလွယ်ကူဆုံးစာအုပ်ဖြစ်သော သမ္မာကျမ်းစာ၌တွေ့ရသည့် ဉာဏ်ပညာဖြစ်သည်။ သင်၌တစ်အုပ်ရှိကောင်းရှိမည် သို့မဟုတ် ယင်းကိုအလွယ်တကူရရှိနိုင်ပေမည်။ သို့ရာတွင် အဖိုးတန်သောပုလဲအပြည့်အိတ်တစ်အိတ်ကိုရရှိထားသော်လည်း ယင်းကိုအသုံးမပြုပါက ပိုင်ရှင်ကိုအကျိုးမပြုသကဲ့သို့ ကျမ်းစာတစ်အုပ်ကိုပိုင်ဆိုင်ရုံသက်သက်ဖြင့် တန်ဖိုးရှိမည်မဟုတ်ပေ။ ပုံဆောင်စကားဖြင့်ပြောရလျှင် အိတ်ကိုဖွင့်၍ ကျမ်းစာ၏ပညာရှိသွန်သင်ချက်နှင့် အချိန်သင့်အကြံပေးချက်ကို လိုက်နာကျင့်သုံးကာ ဘဝပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် မည်သို့ထောက်ကူနိုင်သည်ကို ဆန်းစစ်ကြည့်ပါလေ။
သင်သည် ပုလဲအိတ်တစ်အိတ်ကိုရမည်ဆိုလျှင် ကျေးဇူးတင်စွာနှင့် ကျေးဇူးရှင်ကိုကျေးဇူးတင်ကြောင်းပြောနိုင်ရန် ကြိုးစားရှာဖွေမည်မဟုတ်လော။ ကျမ်းစာကို မည်သူပေးကြောင်း သင်သိသလော။
သမ္မာကျမ်းစာက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ . . . ကျေးဇူးများကို ပြုတတ်၏” ဟုဆိုရာတွင် ယင်း၌တွေ့ရှိရသော ဉာဏ်ပညာ၏အရင်းအမြစ်ကိုဖော်ပြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ‘ဘုရားသခင်၏နှုတ်[မြွက်စကား] တော်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်’ ၏ဟုလည်းပြောပြသည်။ (ဟေဗြဲ ၄:၁၂) ထို့ကြောင့် သမ္မာကျမ်းစာ၌တွေ့ရှိရသော ပညာရှိစကားများသည် ကျွန်ုပ်တို့အတွက် ယနေ့ အချိန်သင့်အခါသင့်ဖြစ်ပြီး အကျိုးပြုသည်။ ယနေ့လူတို့အတွက် သတင်းတစ်ရပ်ပါသော ဉာဏ်ပညာဆိုင်ရာစာအုပ်—သမ္မာကျမ်းစာ—ရှိ ‘ဉာဏ်ပညာအိတ်အပြည့်’ မှအကျိုးခံစားနိုင်ရန် ရက်ရောသည့်ပေးကမ်းရှင် ယေဟောဝါဘုရားသခင်အကြောင်းသင်ယူဖို့ ယေဟောဝါသက်သေများက သင့်အားကူညီပေးလိုကြပါသည်။
[အောက်ခြေမှတ်ချက်များ]
a ၁ ကောရိန္သု ၁၂:၂၁၊ ၂၂ မှကောက်နုတ်ထားခြင်းဖြစ်သည်။
c ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည်။
f မဿဲ ၆:၂၁-၂၃၊ ကဘ၊ အောက်ခြေမှတ်ချက်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
စိတ်ပိုင်းတည်ငြိမ်မှုအတွက်ပညာရှိစကားများ
“အို [ဘုရားသခင်] ထာဝရဘုရား ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်ကိုကြောက်ရွံ့စရာအကြောင်းရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်းအခွင့်ကိုပိုင်တော်မူ၏။”—ဆာလံ ၁၃၀:၃၊ ၄။
“ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကိုဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။”—သု. ၁၅:၁၃။
“လွန်ကျူးစွာမဖြောင့်မတ်နှင့်။ လွန်ကျူးစွာပညာမရှိနှင့်။ အဘယ်ကြောင့်ကိုယ်အကျိုးကိုဖျက်ချင်သနည်း။”—ဒေ. ၇:၁၆။
“ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။”—တမန်တော် ၂၀:၃၅၊ ကဘ။
“အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။”—ဧဖက် ၄:၂၆၊ ၂၇။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပျော်ရွှင်သောမိသားစုဘဝအတွက်ဉာဏ်ပညာစကားများ
“တိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။”—သု. ၁၅:၂၂။
“[ကောင်းသော] သတိရှိသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကိုသိုထားတတ်၏။ ပညာရှိသောသူ၏နားသည်လည်း၊ ပညာစကားကိုရှာတတ်၏။”—သု. ၁၈:၁၅။
“အခန့်သင့်ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်။”—သု. ၂၅:၁၁၊ ကဘ။
“တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။ ဤအရာများအပြင် စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၃၊ ၁၄၊ ကဘ။
“သို့ ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေးကြစေ။”—ယာကုပ် ၁:၁၉။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘဝအောင်မြင်စေဖို့အတွက်ဉာဏ်ပညာစကားများ
“မမှန်သောချိန်ခွင်သည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား နှစ်သက်တော်မူဖွယ်ဖြစ်၏။”—သု. ၁၁:၁။
“မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။”—သု. ၁၆:၁၈။
“ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ၏။”—သု. ၂၅:၂၈။
“အမျက်ထွက်သည်တိုင်အောင်စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။”—ဒေ. ၇:၉။
“သင်၏အစာကိုရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။”—ဒေ. ၁၁:၁။
“ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။”—ဧဖက် ၄:၂၉။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
‘ဉာဏ်ပညာအိတ်အပြည့်’ မှအကျိုးခံစားရသူဖြစ်လာရန် ဦးဆုံးခြေလှမ်းမှာ သမ္မာကျမ်းစာကိုလေ့လာခြင်းဖြစ်