ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၄/၁ စာ. ၂၃-၂၇
  • ပရဒိသုရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသုရှာပုံတော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးလက်ဘဝသို့ပြန်ရောက်
  • ဘုရားသခင်ရှိကြောင်း စအသိအမှတ်ပြုလာ
  • ကျွန်တော့်ဆုတောင်းချက်များအဖြေရ
  • ဝိညာဉ်ရေးဘက်တိုးတက်ရန် လုပ်ဆောင်ခြင်း
  • ဒုက္ခရောက်စဉ် အကူအညီရ
  • သာ၍ကောင်းသောအရာကိုရဖို့လက်လှမ်းယူခြင်း
  • ဗေသလ—အံ့ချီးလောက်သော ဝိညာဉ်ရေးပရဒိသု
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကျွန်တော် မပြတ်တမ်း သင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါ၏ မပျက်မကွက် ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၄/၁ စာ. ၂၃-၂၇

ပရဒိသုရှာပုံတော်

ပါစကယ် စတီဇီးပြောပြသည်

ညဉ့်နက်နေပြီဖြစ်၍ ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ဘီဇီယာစ်မြို့လမ်းများပေါ်တွင် လူသူကင်းမဲ့နေသည်။ ကျွန်တော့်သူငယ်ချင်းနှင့်ကျွန်တော်သည် ‘ဘုရားတွေသေကုန်ပြီ။ စူပါမင်းအသက်ရှည်ပါစေ!’ ဟူသော ဂျာမန်ဒဿနိကပညာရှင်နီချယ်၏ပြောဆိုချက်ကို ဆေးသုတ်ထားခါစ ဘာသာရေးစာအုပ်ဆိုင်တစ်ဆိုင်၏နံရံပေါ်တွင် ဧရာမစာလုံးမည်းကြီးများဖြင့်ရေးခဲ့ကြသည်။ သို့သော် ထိုသို့ပြုရန် ကျွန်တော့်ကို ဘာကလှုံ့ဆော်ပေးခဲ့သနည်း။

အီတာလျံမျိုးနွယ်ဖြစ်တဲ့ ကက်သလစ်မိသားစုဝင်အဖြစ် ပြင်သစ်နိုင်ငံမှာ ၁၉၅၁ ခုနှစ်က ကျွန်တော်မွေးဖွားခဲ့တယ်။ ငယ်ငယ်တုန်းက အီတလီတောင်ဘက်ကို ကျွန်တော်တို့ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ကြတယ်။ အဲဒီကရွာတိုင်းမှာ အပျိုတော်မာရိအရုပ်ကိုယ်စီထားကြတယ်။ အဖိုးနဲ့အတူလိုက်ပြီး အဝတ်အစားဆင်မြန်းထားတဲ့ အဲဒီအရုပ်ကြီးတွေနောက် တောင်ကြားတွေတစ်လျှောက် လူတန်းရှည်ကြီးတွေနဲ့ လျှောက်သွားခဲ့ပေမဲ့ လုံးဝမယုံကြည်ခဲ့ဘူး။ ဂျက်စူအစ်တွေဖွင့်ထားတဲ့ ဘာသာရေးကျောင်းမှာ ကျွန်တော့်ရဲ့အခြေခံပညာရေးပြီးဆုံးခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ကိုတကယ်ယုံကြည်လာအောင် တည်ဆောက်ပေးတဲ့စကားဆိုလို့ ဘာမှမကြားခဲ့ဖူးဘူး။

ဆေးပညာဆည်းပူဖို့ မိုန်ပီလ်ယက်တက္ကသိုလ်တက်မှ ဘဝရည်ရွယ်ချက်ကို စပြီးအလေးအနက်စဉ်းစားခဲ့တယ်။ စစ်ဖြစ်တုန်းက ကျွန်တော့်အဖေ ဒဏ်ရာရခဲ့လို့ အဖေ့ခုတင်ဘေးမှာ ဆရာဝန်တွေအမြဲရှိခဲ့တယ်။ စစ်ဒဏ်ခံခဲ့ရသူတွေကို အချိန်ကုန်ခံပြီး ကြိုးစားကုပေးတာထက် စစ်မတိုက်တော့ရင် ပိုမကောင်းဘူးလား။ ဒါတောင်မှ ဗီယက်နမ်စစ်ကို အကြီးအကျယ်တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော့်အမြင်မှာ အဆုတ်ကင်ဆာကိုကုဖို့ ရောဂါဖြစ်စေတဲ့ဆေးရွက်ကြီးကို ဖြတ်တာကသာ ယုတ္တိရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အာဟာရချို့တဲ့လို့ရော ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေမှာ အလွန်အကြူးစားသောက်လို့ပါ ဖျားနာကြတာတွေနဲ့ပတ်သက်ပြီးတော့ကော။ ဆိုးကျိုးတွေကို ကြိုးစားပြုပြင်ပေးမဲ့အစား အကြောင်းရင်းတွေကို ဖယ်ရှားပေးမယ်ဆိုရင် ပိုမကောင်းဘူးလား။ ကမ္ဘာပေါ်မှာ ဒီလောက်ထိဆင်းရဲဒုက္ခတွေ ဘာကြောင့်များနေရတာလဲ။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်နေတဲ့ လူ့အဖွဲ့အစည်းဟာ အမှားကြီးမှားနေတယ်လို့ ကျွန်တော်ခံစားမိပြီး အုပ်ချုပ်ရေးတွေကြောင့်ဖြစ်တယ်လို့ခံယူမိတယ်။

မင်းမဲ့ဝါဒီသမားရေးထားတဲ့စာအုပ်ကို ကျွန်တော်အကြိုက်ဆုံးပဲ၊ အဲဒီထဲကဝါကျတွေကို နံရံပေါ်တွေမှာ ကျွန်တော်လျှောက်ရေးခဲ့ဖူးတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်လည်း ယုံကြည်ခြင်းမရှိ၊ ကျင့်ဝတ်ဥပေဒမရှိတော့ဘဲ ဘုရားမရှိ၊ သခင်မရှိတဲ့ မင်းမဲ့ဝါဒီသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ လူကုံထံနဲ့အာဏာရှင်တွေဟာ ကျွန်တော်တို့ကို စိုးမိုးခြယ်လှယ်ခေါင်းပုံဖြတ်နိုင်ဖို့ ဘုရားသခင်နဲ့ဘာသာတရားကို တီထွင်ထားတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ‘မြေကြီးပေါ်မှာ ငါတို့အတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်မယ်ဆိုရင် ကောင်းကင်ပရဒိသုမှာ မင်းတို့အကြီးအကျယ်ဆုရလိမ့်မယ်’ လို့သူတို့ပြောပုံပေါက်ခဲ့တယ်။ . . . အဲဒါကို လူတွေသိဖို့လိုတယ်။ နံရံတွေလိုနေရာမျိုးတွေမှာရေးတာဟာ သူတို့ကို ပေးသိတဲ့နည်းတစ်နည်းပဲ။

ဒါနဲ့ပဲ လေ့လာဆည်းပူးမှုက ကျွန်တော့်အတွက် အဓိကမဟုတ်တော့ဘူး။ ဒီအတောအတွင်း ပထဝီနဲ့ဂေဟဗေဒလေ့လာဖို့ ဆူပူနေတဲ့ဒေသတစ်ခုမှာရှိတဲ့ မိုန်ပီလ်ယက်တက္ကသိုလ်ခွဲတစ်ခုမှာ ကျောင်းတက်ဖို့စာရင်းသွင်းထားတယ်။ ဂေဟဗေဒကိုလေ့လာလေလေ ကျွန်တော်တို့ရဲ့လှပတဲ့ဂြိုဟ်ကို ပိုပိုညစ်ညမ်းလာနေတာကိုတွေ့ပြီး အော့နှလုံးနာလေလေပဲ။

နှစ်တိုင်း နွေရာသီကျောင်းပိတ်ချိန်မှာ ဥရောပအနှံ့ မိုင်ထောင်ချီခရီးကို ကားကြုံစီးပြီး လှည့်လည်ခဲ့တယ်။ ခရီးသွားလာရင်းရာနဲ့ချီတဲ့ ကားဒရိုင်ဘာတွေနဲ့ စကားပြောဆိုတဲ့အခါ လူ့အဖွဲ့အစည်းရဲ့ဒုစရိုက်နဲ့ပျက်စီးနေတဲ့အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ရတယ်။ တစ်ခါတုန်းက ပရဒိသုရှာပုံတော်ဖွင့်နေတုန်း လှပတဲ့ကရေတေကျွန်းပေါ်က သာယာတဲ့ကမ်းခြေအချို့ကို ရောက်သွားတော့ အဲဒီမှာ ဆီတွေဖုံးနေတာကို ကျွန်တော်တွေ့ခဲ့တယ်။ အရမ်းဝမ်းနည်းမိတယ်။ ကမ္ဘာပေါ်မှာ ပရဒိသုလိုနေရာတစ်နေရာ ရှိပါ့ဦးမလား။

ကျေးလက်ဘဝသို့ပြန်ရောက်

လူ့အဖွဲ့အစည်းရဲ့အခက်အခဲတွေကို ဖြေရှင်းတဲ့အနေနဲ့ ကျေးလက်ဘဝကိုပြန်သွားကြဖို့ ပြင်သစ်ဂေဟဗေဒပညာရှင်များက ထောက်ခံအားပေးနေကြတယ်။ ကျွန်တော်လည်း ကိုယ့်လက်နဲ့ကိုယ် လုပ်ကိုင်ချင်ခဲ့တယ်။ ဒါကြောင့် ပြင်သစ်တောင်ပိုင်း စေဗဲန်တောင်ခြေက ရွာငယ်လေးမှာ ကျောက်အိမ်ဟောင်းတစ်လုံးကို ကျွန်တော်ဝယ်ခဲ့တယ်။ အိမ်တံခါးပေါ်မှာ အမေရိကန်ဟစ်ပီများရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “လက်ရှိပရဒိသု” ကိုရေးထားတယ်။ ဖြတ်ဖြတ်သွားနေတဲ့ ဂျာမန်အမျိုးသမီးငယ်ဟာ ကျွန်တော့်အဖော်ဖြစ်လာခဲ့တယ်။ စနစ်ရဲ့ကိုယ်စားလှယ် မြို့တော်ဝန်ရှေ့မှာ လက်မထပ်ချင်ဘူး။ ချာ့ချ်မှာကော။ စဉ်းတောင်မစဉ်းစားဘူး!

ကျွန်တော်တို့ဟာ အမြဲလိုလိုဖိနပ်မစီးကြဘူး။ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေးဗရပွနဲ့ပဲနေခဲ့တယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးတာကို ကျွန်တော်စိတ်ဝင်စားခဲ့တယ်။ နွေရာသီမှာ ကောင်းကင်ကပြာလဲ့လဲ့နဲ့ ပုစဉ်းရင်ကွဲတွေက သီချင်းဆိုနေကြတယ်။ တောပန်းလေးတွေက သင်းပျံ့မွှေးကြိုင်ပြီး ကျွန်တော်တို့စိုက်ပျိုးခဲ့တဲ့ မြေထဲပင်လယ်သီးနှံ—စပျစ်သီးတွေနဲ့သဖန်းသီးတွေ—ကလည်း အရည်ရွှမ်းနေတာပဲ! ပရဒိသုမှာ ကျွန်တော်တို့ရဲ့နေရာမှန်ကို တွေ့ထားတဲ့ပုံပဲ။

ဘုရားသခင်ရှိကြောင်း စအသိအမှတ်ပြုလာ

တက္ကသိုလ်မှာ ဆဲလ်ဇီဝဗေဒ၊ သန္ဓေဗေဒနဲ့ ခန္ဓာဗေဒကိုလေ့လာခဲ့လို့ အဲဒီအစိတ်အပိုင်းတွေရဲ့ ရှုပ်ထွေးပုံနဲ့ဆက်စပ်နေပုံကို ကျွန်တော်တကယ်အံ့သြမိခဲ့တယ်။ အခုတော့ ဖန်ဆင်းခြင်းကို နေ့တိုင်းငေးမောတွေးတောပြီး သတိပြုနေရတဲ့အခါ ဖန်ဆင်းခြင်းရဲ့အလှအပနဲ့ ပင်ကိုစွမ်းအင်ကို တစ်ချိန်လုံးတအံ့တသြဖြစ်ရတယ်။ ဖန်ဆင်းခြင်းက ကျွန်တော့်ကို နေ့တိုင်း တစ်မျိုးပြီးတစ်မျိုးသင်ပေးနေသလိုပဲ။ တစ်နေ့ကျတော့ တောင်ပေါ်မှာ အကြာကြီးလမ်းလျှောက်ရင်း လူ့ဘဝအကြောင်း လေးလေးနက်နက်စဉ်းစားကြည့်မိတဲ့အခါ ဖန်ဆင်းရှင်ရှိရမယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါနဲ့ ဘုရားသခင်ကိုယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အရင်ကဆို အထီးကျန်ပြီး ရင်ထဲမှာဟာတာတာဖြစ်ခဲ့ရတယ်။ ဘုရားသခင်ကို စယုံကြည်တဲ့နေ့မှာပဲ ‘ပါစကယ်၊ မင်းဘယ်တော့မှအထီးကျန်တော့မှာ မဟုတ်ဘူး’ လို့ကိုယ့်ကိုယ်ကိုပြောခဲ့တယ်။ တကယ်ဆန်းကြယ်တဲ့ခံစားချက်ပဲ။

မကြာခင်မှာ ကျွန်တော့်အဖော်နဲ့ကျွန်တော် သမီးလေးအမဲန်ဒင်ကိုရခဲ့တယ်။ သူဟာ ကျွန်တော့်ရဲ့ အသည်းတုံးပဲ။ အခု ဘုရားသခင်ကို ကျွန်တော်ယုံကြည်နေပြီဆိုတော့ ကျွန်တော်သိထားတဲ့ ကျင့်ဝတ်ဥပဒေတချို့ကို စပြီးလေးစားတန်ဖိုးထားလာတယ်။ ကျွန်တော်ဟာ မခိုးတော့မလိမ်တော့တဲ့အတွက်လည်း ပြဿနာရှောင်ဖို့အကူအညီရတယ်ဆိုတာ မကြာခင်မှာ သဘောပေါက်ခဲ့တယ်။ ကျွန်တော်တို့မှာ ပြဿနာတွေတော့ရှိခဲ့လို့ ကျွန်တော့်ရဲ့ပရဒိသုဟာ မျှော်လင့်သလိုမဟုတ်ခဲ့ဘူး။ ဒေသခံဝိုင်စိုက်ပျိုးသူများဟာ ကျွန်တော့်ရဲ့ကောက်ပဲသီးနှံတွေကို ညစ်ညမ်းစေတဲ့ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို အသုံးပြုခဲ့ကြတယ်။ ဆိုးသွမ်းမှုဘယ်လိုစပေါ်လာတယ်ဆိုတာကို အဖြေမရသေးဘူး။ ဒါတင်မကဘူး၊ မိသားစုဘဝနဲ့ပတ်သက်တဲ့ စာပေအတော်များများဖတ်ထားပေမဲ့ ကျွန်တော့်အဖော်နဲ့ အချေအတင်စကားများတာတွေကို မဟန့်တားနိုင်ခဲ့ဘူး။ ကျွန်တော်တို့မှာ မိတ်ဆွေနည်းနည်းပဲရှိတယ်၊ အဲဒီသူတွေကလည်း သစ္စာမရှိကြဘူး; တချို့ဆိုရင် ကျွန်တော့်ကိုသစ္စာဖျက်ဖို့ ကျွန်တော့်အဖော်ကို ကြိုးစားသင်ပေးခဲ့ကြတယ်။ ဒီထက်သာတဲ့ ပရဒိသုရှိကိုရှိရမယ်။

ကျွန်တော့်ဆုတောင်းချက်များအဖြေရ

ကျွန်တော့်ရဲ့ဘဝကို လမ်းညွှန်ပေးဖို့ ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ဘုရားသခင်ကို မကြာခဏဆုတောင်းခဲ့တယ်။ တနင်္ဂနွေတစ်မနက်မှာ အိုင်ရီးန်လိုပက်ဇ်ဆိုတဲ့ ဖော်ရွေတဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့သားငယ်လေး ကျွန်တော်တို့တံခါးပေါက်ကို ရောက်လာတယ်။ သူဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်။ သူပြောသွားတာတွေကို ကျွန်တော်နားထောင်ခဲ့ပြီး နောက်တစ်ခါလည်ပတ်ဖို့ ကမ်းလှမ်းတဲ့အခါ ကျွန်တော်လက်ခံခဲ့တယ်။ အမျိုးသားနှစ်ယောက် ကျွန်တော်ဆီရောက်လာတယ်။ ကျွန်တော်တို့ပြောဆိုခဲ့တာတွေကနေ ပရဒိသုနဲ့ဘုရားသခင့်နိုင်ငံတော်အကြောင်းနှစ်ခုကို မှတ်မိတယ်။ အဲဒီအချက်တွေကို ကျွန်တော့်နှလုံးထဲသေချာမှတ်ထားခဲ့တယ်၊ နောက်ပြီး စင်ကြယ်တဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်နဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုရချင်ရင် ဘုရားသခင်နဲ့ ကိုယ့်ဘဝကိုက်ညီဖို့ တစ်နေ့နေ့ လုပ်ရမယ်ဆိုတာကို လတွေကုန်လွန်တဲ့အခါ ကျွန်တော်သဘောပေါက်ခဲ့တယ်။

ဘုရားသခင့်နှုတ်မြွက်စကားနဲ့အညီအသက်ရှင်ဖို့ ကျွန်တော့်အဖော်က ကျွန်တော်နဲ့လက်ထပ်ဖို့ ပထမတော့သဘောတူခဲ့တယ်။ အဲဒီနောက် ဘုရားသခင်နဲ့ကိုယ်တော်ရဲ့ပညတ်တော်တွေကို ကဲ့ရဲ့လှောင်ပြောင်တဲ့သူတွေနဲ့ သူပေါင်းသင်းခဲ့တယ်။ နွေဦးပေါက်တစ်ညနေမှာ အိမ်ကိုပြန်ရောက်တော့ ကျွန်တော်အကြီးအကျယ်တုန်လှုပ်ချောက်ချားခဲ့ရတယ်။ ကျွန်တော်တို့အိမ်ဟာ ဟောင်းလောင်းဖြစ်နေခဲ့တယ်။ ကျွန်တော့်အဖော်က သုံးနှစ်သမီးလေးကိုခေါ်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ ရက်တော်တော်ကြာ သူတို့ပြန်လာဖို့ ကျွန်တော်စောင့်နေပေမဲ့ ပေါ်မလာပါဘူး။ ဘုရားသခင်ကို အပြစ်ပုံချမယ့်အစား ကျွန်တော့်ကိုကူညီပေးပါလို့ ဆုတောင်းခဲ့တယ်။

အဲဒီနောက် မကြာခင်မှာပဲ ကျမ်းစာကိုယူ သဖန်းပင်အောက်မှာထိုင်ဖတ်လိုက်တာ နှုတ်မြွက်စကားတွေကို တကယ်သဘောကျမိခဲ့တယ်။ စိတ်ရောဂါကုသသူနဲ့ စိတ်ရောဂါပညာရှင်တွေရဲ့ စာအုပ်အမျိုးမျိုးကို ကျွန်တော်ဖတ်ခဲ့ဖူးပေမဲ့ ဒီလိုပညာရှိစကားမျိုးကို ကျွန်တော်တစ်ခါမှမဖတ်ဖူးဘူး။ ဒီစာအုပ်ဟာ ဘုရားသခင်မှုတ်သွင်းတဲ့ကျမ်းပဲဖြစ်ရမယ်။ ယေရှုရဲ့သွန်သင်ချက်တွေနဲ့ လူ့သဘောသဘာဝကို သူသိနားလည်ပုံက ကျွန်တော့်ကို အကြီးအကျယ်အံ့အားသင့်စေခဲ့တယ်။ ဆာလံကျမ်းက ကျွန်တော့်ကို နှစ်သိမ့်မှုပေးတဲ့အပြင် နယပုံပြင်ကျမ်းရဲ့ လက်တွေ့ကျပညာရှိစကားတွေကိုလည်း အံ့ဩမိတယ်။ ဘုရားသခင်ကိုပိုသိလာရအောင် ဖန်ဆင်းခြင်းကိုလေ့လာတာဟာ တကယ်ကောင်းပေမဲ့ ဒါက ကိုယ်တော်ရဲ့ “အမှုတော်အရိပ်အမြွက်” ကိုသာဖော်ပြနိုင်တယ်ဆိုတာ ကျွန်တော်ချက်ချင်းသဘောပေါက်ခဲ့တယ်။—ယောဘ ၂၆:၁၄။

သက်သေခံတွေက ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားနဲ့ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းa စာအုပ်တွေကိုလည်း ကျွန်တော့်ကိုပေးခဲ့တယ်။ အဲဒါတွေကို ဖတ်ပြီးတဲ့နောက်မှာ အသိအမြင်ပွင့်လာတယ်။ သမ္မာတရားစာအုပ်က ညစ်ညမ်းမှု၊ စစ်ပွဲတွေ၊ တိုးများနေတဲ့အကြမ်းဖက်မှုနဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ကမ္ဘာအနှံ့အပြား ဘာကြောင့်ရင်ဆိုင်နေရတဲ့အကြောင်းကို နားလည်ဖို့ အကူအညီပေးခဲ့တယ်။ ကျွန်တော့်ခြံထဲကနေ မြင်ရတဲ့နီရဲတဲ့ကောင်းကင်က နောက်တစ်နေ့ ရာသီဥတုသာယာမယ်ဆိုတာ အရိပ်ပြတတ်သလိုပဲ။ အဲဒီအဖြစ်အပျက်တွေက ဘုရားသခင့်နိုင်ငံတော်နီးပြီဆိုတာ အရိပ်ပြနေတယ်။ မိသားစုဘဝစာအုပ်ကို ကျွန်တော့်အဖော်ကိုပြပြီး ကျမ်းစာအကြံဉာဏ်တွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ပျော်ရွှင်နိုင်ကြမယ်လို့ ပြောပြချင်လိုက်တာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ပါဘူး။

ဝိညာဉ်ရေးဘက်တိုးတက်ရန် လုပ်ဆောင်ခြင်း

ပိုသိချင်လို့ ရောဘက်ဆိုတဲ့သက်သေခံတစ်ယောက်ကို လာလည်ခိုင်းတယ်။ ကျွန်တော်နှစ်ခြင်းခံချင်တယ်လို့ ပြောလိုက်တော့ သူတော်တော်လေးအံ့သြသွားခဲ့တယ်။ ဒါနဲ့ ကျမ်းစာသင်အံမှုစခဲ့တယ်။ အခြားသူတွေကို ကျွန်တော်သိတဲ့အကြောင်းတွေ ချက်ချင်းစပြောပြခဲ့ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမကရရှိခဲ့တဲ့ စာအုပ်စာတမ်းတွေကိုလည်း စတင်ဝေငှခဲ့တယ်။

ဝမ်းစာအတွက် ပန်းရန်သင်တန်းတက်ခဲ့တယ်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ဟာ လူကိုအကျိုးပြုတယ်ဆိုတာသိလို့ သင်တန်းသားအချင်းချင်းနဲ့ ဆရာတွေကို အလွတ်သဘောသက်သေခံဖို့ အခွင့်အရေးရတိုင်းယူခဲ့တယ်။ တစ်ညနေ စင်္ကြံတစ်ခုမှာ ဆာဂ်ျနဲ့တွေ့ခဲ့တယ်။ သူ့လက်ထဲမှာ မဂ္ဂဇင်းတချို့ ကိုင်ထားတယ်။ “ခင်ဗျား စာဖတ်ဝါသနာပါတယ်ထင်တယ်” လို့သူ့ကို ကျွန်တော်ပြောတော့ သူက “ဟုတ်တယ်၊ ဒါပေမဲ့ ဒီစာအုပ်တွေက ပျင်းစရာကြီး” တဲ့။ “တကယ်ဖတ်လို့ကောင်းတဲ့စာအုပ်တွေကို ခင်ဗျားလိုချင်သလား” လို့သူ့ကိုမေးလိုက်တယ်။ အဲဒီနောက် ဘုရားသခင့်နိုင်ငံတော်အကြောင်း ကျွန်တော်တို့ အားရပါးရဆွေးနွေးကြပြီး သူကကျမ်းစာစာပေတချို့ကိုလက်ခံယူလိုက်တယ်။ နောက်တစ်ပတ်မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်တော်နဲ့အတူလိုက်တက်ပြီး ကျမ်းစာသင်အံမှုစခဲ့တယ်။

တစ်အိမ်မှတစ်အိမ်ဟောပြောနိုင်မလားလို့ ရောဘတ်ကိုမေးလိုက်တာနဲ့ သူ့ရဲ့ဗီရိုကနေ ကျွန်တော့်အတွက် ဝတ်စုံတစ်စုံရှာပေးခဲ့တယ်။ နောက်တနင်္ဂနွေမှာ သူနဲ့အတူ ပထမအကြိမ်အမှုဆောင်ထွက်ခဲ့တယ်။ နောက်ဆုံးတော့ ၁၉၈၁၊ မတ် ၇ ရက်နေ့မှာ နှစ်ခြင်းခံပြီး ကိုယ့်ကိုယ်ကို ယေဟောဝါဘုရားသခင်ထံဆက်ကပ်အပ်နှံခဲ့တယ်။

ဒုက္ခရောက်စဉ် အကူအညီရ

အဲဒီအတောအတွင်း နိုင်ငံခြားမှာ အမဲန်ဒင်နဲ့ သူ့အမေတို့နေကြတဲ့နေရာကို သတင်းရခဲ့တယ်။ ခက်တာက သူ့အမေဟာ—သူနေတဲ့နိုင်ငံရဲ့ ဥပဒေအရ—ကျွန်တော့်သမီးနဲ့ပေးမတွေ့ဘူး။ ကျွန်တော် ဝမ်းနည်းကြေကွဲခဲ့ရတယ်။ အမဲန်ဒင်ရဲ့အမေက လက်ထပ်လိုက်ပြီး ကျွန်တော့်သဘောတူညီချက်လုံးဝမပါဘဲ သမီးကို မွေးစားလိုက်ပြီဆိုတဲ့ တရားဝင်ကြေညာချက်ကို ကျွန်တော်ရရှိတဲ့အချိန်မှာ စိတ်ဓာတ်ကျပြီးရင်းကျခဲ့ရတယ်။ ကလေးနဲ့ပတ်သက်ပြီး ကျွန်တော်မှာ ဘာပိုင်ဆိုင်ခွင့်မှ မရခဲ့ဘူး။ ဥပဒေအတိုင်းကြိုးစားခဲ့ပေမဲ့ လည်ပတ်ခွင့်တောင်မရခဲ့ဘူး။ ကျွန်တော့်မှာ ပေါင်တစ်ရာထမ်းနေရသလို စိတ်ထိခိုက်ရတယ်။

ဒါပေမဲ့ ယေဟောဝါရဲ့စကားတော်ဟာ နည်းအမျိုးမျိုးနဲ့ ကျွန်တော့်ကို အားပေးတယ်။ ကျွန်တော်အကြီးအကျယ်စိတ်ဓာတ်ကျနေတဲ့တစ်နေ့မှာ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” ဆိုတဲ့ နယပုံပြင် ၂၄:၁၀ မှာပါတဲ့ စကားတွေကို ထပ်ခါတလဲလဲရွတ်မိခဲ့တယ်။ အဲဒီကျမ်းချက်က အားမလျှော့ရအောင် ကျွန်တော့်ကိုကူညီပေးခဲ့တယ်။ သမီးနဲ့တွေ့ဖို့ကြိုးစားတာ မအောင်မြင်လို့ စိတ်ဓာတ်ကျခဲ့ရတဲ့အခါမှာလည်း လက်ဆွဲအိတ်ကိုမြဲမြဲဆုပ်ကိုင်ပြီး အမှုဆောင်ထွက်ခဲ့တယ်။ ဒီလိုခက်ခဲတဲ့အချိန်မျိုးတွေမှာ “မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်” ဆိုတဲ့ ဆာလံ ၁၂၆:၆ ဟာမှန်တယ်လို့ခံစားခဲ့ရတယ်။ မှန်တယ်လို့ ကျွန်တော်ခံစားခဲ့ရတဲ့ အရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့ အရေးအကြောင်းကြုံတဲ့အခါ ကိုယ့်ဘက်ကနေ အတတ်နိုင်ဆုံးကြိုးစားပြီးနောက်မှာ အဲဒါကိုမေ့လိုက်ပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ဇွဲနပဲနဲ့ဆက်လုပ်သွားဖို့ပဲ။ ဒီလိုနည်းနဲ့ပဲ ဆက်ပျော်ရွှင်နိုင်မှာ။

သာ၍ကောင်းသောအရာကိုရဖို့လက်လှမ်းယူခြင်း

ကျွန်တော့်ရဲ့ပြောင်းလဲမှုတွေကို မိဘတွေကသိမြင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ ကူညီပေးကြမယ်တဲ့။ ကျေးဇူးတော့တင်ပါတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော်မှာ တခြားပန်းတိုင်ရှိနေပြီ။ အမှန်တရားဟာ ဒဿနိကဗေဒ၊ တန်ခိုးအသိဉာဏ်ထူးဝါဒနဲ့ နက္ခတ်ဗေဒင်တွေကနေ ကျွန်တော့်ကို လွတ်မြောက်ပေးပြီ။ အခု ကျွန်တော့်မှာ စစ်တိုက်ပြီး တစ်ယောက်ကိုတစ်ယောက် သတ်မှာမဟုတ်တဲ့ မိတ်ဆွေစစ်တွေရရှိနေပြီ။ ကမ္ဘာပေါ်မှာ ဘာကြောင့်ဒီလောက်တောင် ဒုက္ခတွေများရတယ်ဆိုတဲ့အဖြေကိုလည်း အခုရထားပြီ။ ကျေးဇူးတင်တဲ့အနေနဲ့ ခွန်အားရှိသမျှနဲ့ဘုရားသခင့်အမှုတော်ကို ကျွန်တော်ထမ်းဆောင်ချင်တာ။ ယေရှုလိုပဲ ခရစ်ယာန်ဓမ္မအမှုမှာကိုယ့်ကိုယ်ကိုလုံးလုံးလျားလျားမြှုပ်နှံထားချင်ခဲ့တယ်။

၁၉၈၃ ခုနှစ်မှာ အချိန်ပြည့်အမှုဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် ကျွန်တော့်ရဲ့ပန်းရန်လုပ်ငန်းကို စွန့်ခဲ့တယ်။ ဆုတောင်းထားတဲ့အတိုင်း ကိုယ့်ကိုယ်ကိုထောက်ပံ့နိုင်ဖို့ ပန်းခြံတစ်ခြံမှာ အချိန်ပိုင်းအလုပ်ရခဲ့တယ်။ ပန်းရန်ကျောင်းမှာ ကျွန်တော်သက်သေခံခဲ့တဲ့ လူငယ်ဆာဂ်ျနဲ့အတူ ရှေ့ဆောင်သင်တန်းတက်ခဲ့ရတာ ပျော်လိုက်တာ! မှန်မှန်ရှေ့ဆောင်သုံးနှစ်လုပ်ပြီးတဲ့နောက် ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ဒီထက်မကလုပ်ချင်ခဲ့တယ်။ ဒါနဲ့ပဲ ၁၉၈၆ ခုနှစ်မှာ ပါရီမြို့နဲ့သိပ်မဝေးတဲ့ အရမ်းလှတဲ့ ပရာဗာန်မြို့မှာ အထူးရှေ့ဆောင်အနေနဲ့ တာဝန်ခန့်အပ်ခံခဲ့ရတယ်။ ညနေအိမ်ပြန်ရောက်တဲ့အခါ ယေဟောဝါအကြောင်း လူတွေကိုပြောပြရလို့ အရမ်းပျော်ခဲ့ရတယ်လို့ ဒူးထောက်ပြီး ဘုရားသခင်ကို မကြာခဏကျေးဇူးတင်ဆုတောင်းခဲ့ရတယ်။ တကယ်တော့ ဘုရားသခင်နဲ့စကားပြောတာရယ်၊ ဘုရားသခင်အကြောင်း ပြောပြရတာဟာ ကျွန်တော့်အတွက် ဘဝမှာပျော်စရာအကောင်းဆုံးနှစ်ခုဖြစ်တယ်။

ကျွန်တော့်အတွက် နောက်ပျော်ရွှင်မှုကြီးတစ်ခုကတော့ ပြင်သစ်တောင်ဘက်က စဲဗဆာန်ရွာလေးမှာနေတဲ့ ၆၈ နှစ်အရွယ်ကျွန်တော့်အမေ နှစ်ခြင်းခံလိုက်လို့ပါပဲ။ အမေ ကျမ်းစာစဖတ်တုန်းက သူ့ကို ကင်းမျှော်စင်နဲ့နိုးလော့! နှစ်စဉ်ကြေးပို့ပေးခဲ့တယ်။ အမေဟာ စဉ်းစားတွေးတောတတ်သူဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ အမေဖတ်ခဲ့တာတွေက အမှန်တရားပဲဆိုတာ သိမြင်လာခဲ့တယ်။

ဗေသလ—အံ့ချီးလောက်သော ဝိညာဉ်ရေးပရဒိသု

ကင်းမျှော်စင်အသင်းက အထူးရှေ့ဆောင်အရေအတွက်ကိုလျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ခရစ်ယာန်ဓမ္မအမှုထမ်းသင်တန်းကျောင်းတက်ဖို့၊ ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ ပြင်သစ်ဌာနခွဲရုံးဖြစ်တဲ့ ဗေသလမှာအမှုထမ်းဖို့ လျှောက်လွှာတင်ခဲ့တယ်။ ယေဟောဝါအမှုတော်ကို အကောင်းဆုံးထမ်းဆောင်နိုင်မယ့်နည်းကို ကျွန်တော့်အတွက် ကိုယ်တော်ကိုပဲဆုံးဖြတ်ပေးစေချင်ခဲ့တယ်။ လအနည်းငယ်ကြာတဲ့အခါ ၁၉၈၉၊ ဒီဇင်ဘာလမှာ ပြင်သစ်နိုင်ငံရဲ့အနောက်မြောက်ဘက် လူဗီရေးမြို့က ဗေသလကိုဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒါက ကျွန်တော့်အတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းမှုတစ်ခုဖြစ်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာနေရလို့ ကျွန်တော့်ရဲ့မိဘတွေ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ သူတို့ကိုဝိုင်းဝန်းကြည့်ရှုပေးဖို့ အစ်ကိုနဲ့မရီးကိုကူညီပေးနိုင်ခဲ့တယ်။ သာသနာပြုလုပ်ငန်းနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာကို သွားရမယ်ဆိုရင် ကျွန်တော်ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး။

အမေက ဗေသလမှာရှိတဲ့ကျွန်တော်ဆီ မကြာခဏလာလည်တတ်တယ်။ ကျွန်တော်နဲ့အနီးကပ်မနေရတာ အမေအတွက် ကိုယ်ကျိုးစွန့်စရာတစ်ခုဖြစ်ပေမဲ့ “ဗေသလမှာနေပါသား။ ယေဟောဝါရဲ့အမှုတော်ကို သားဒီလိုထမ်းဆောင်နေတာ အမေပျော်တယ်” လို့ကျွန်တော့်ကိုခဏခဏပြောတယ်။ ဝမ်းနည်းစရာကတော့ ကျွန်တော့်မိဘနှစ်ပါးစလုံး အခုကွယ်လွန်သွားကြပြီ။ တကယ့်ပရဒိသုဖြစ်လာမယ့် မြေကြီးပေါ်မှာ သူတို့နဲ့ပြန်တွေ့ဖို့ ကျွန်တော်စောင့်မျှော်နေတယ်!

“လက်ရှိပရဒိသု” ဆိုတဲ့စာတမ်းတပ်ခံထိုက်တဲ့အိမ်ဟာ ဗေသလဖြစ်တဲ့ “ဘုရားသခင့်အိမ်တော်” ပဲရှိတယ်လို့ ကျွန်တော်တကယ်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပရဒိသုအစစ်အမှန်ဟာ ဝိညာဉ်ရေးနဲ့ဆိုင်တယ်၊ ဗေသလမှာဆိုရင် ဝိညာဉ်ရေးကိုအဓိကထားတယ်။ ဝိညာဉ်အသီးသီးခွင့် ကျွန်တော်တို့မှာရှိတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) နေ့စဉ်ကျမ်းချက်ဆွေးနွေးချိန်နဲ့ မိသားစုလိုက် ကင်းမျှော်စင်သင်တန်းလုပ်တဲ့အချိန်မှာရတဲ့ တန်ဖိုးရှိတဲ့ဝိညာဉ်အစာဟာ ဗေသလလုပ်ငန်းကို ကျွန်တော်တို့လုပ်ကိုင်နိုင်ဖို့ ခွန်အားပဲ။ အဲဒီအပြင် ဆယ်စုနှစ်တွေချီပြီး ယေဟောဝါအမှုတော်ကို သစ္စာရှိရှိလုပ်ဆောင်ခဲ့ကြတဲ့ ဝိညာဉ်ရေးစိတ်ထားရှိညီအစ်ကို၊ ညီအစ်မတွေနဲ့ပေါင်းသင်းနိုင်လို့ ဝိညာဉ်ရေးဘက်မှာတိုးတက်ဖို့ ဗေသလဟာ ထူးခြားတဲ့နေရာဖြစ်တယ်။ အခုဆိုရင် ကျွန်တော့်သမီးနဲ့ခွဲခွာရတာ ၁၇ နှစ်ရှိနေပေမဲ့ ကျွန်တော့်ရဲ့သားသမီးတွေလိုပဲယူမှတ်တဲ့ ဗေသလကဇွဲရှိတဲ့လူငယ်အတော်များများရှိနေတယ်။ သူတို့ရဲ့ဝိညာဉ်ရေးတိုးတက်မှုက ကျွန်တော့်ကိုတကယ်ပျော်ရွှင်စေတယ်။ လွန်ခဲ့တဲ့ရှစ်နှစ်ထဲမှာ တာဝန်ခုနစ်မျိုးပြောင်းခဲ့ရပြီ။ အဲဒီလိုပြောင်းလဲခဲ့တာက အမြဲတမ်းတော့ မလွယ်ကူခဲ့ပေမဲ့ ဒီလိုမျိုးလေ့ကျင့်မှုက ရေရှည်အတွက်အကျိုးရှိစေတယ်။

ကျွန်တော်စိုက်ခဲ့တဲ့ ပဲတစ်မျိုးဟာအဆတစ်ရာထွက်ခဲ့တယ်။ အဲဒီအတိုင်းပဲ မကောင်းမှုကိုစိုက်ရင် ပိုဆိုးတာကို အဆတစ်ရာရိတ်သိမ်းပြီး တစ်ကြိမ်ထက်မကရိတ်သိမ်းရမယ်ဆိုတာ ကျွန်တော်တွေ့ကြုံပြီးပြီ။ အတွေ့အကြုံဟာကျောင်းဖြစ်ပြီး အကြီးအကျယ်ဆုံးရှုံးနစ်နာရတဲ့သင်ခန်းစာတွေရတယ်။ အဲဒီကျောင်းကိုမတက်ခဲ့မိဘဲ ယေဟောဝါရဲ့လမ်းစဉ်တော်အတိုင်း ကြီးပြင်းခဲ့မယ်ဆိုရင် ကောင်းမှာပဲ။ ခရစ်ယာန်မိဘတွေလက်ထဲကြီးပြင်းလာတဲ့လူငယ်တွေဟာ တကယ်အခွင့်ထူးတယ်! ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကောင်းမှုတွေစိုက်ပျိုးပြီး ငြိမ်သက်ခြင်းနဲ့ကျေနပ်မှုကို အဆတစ်ရာရိတ်သိမ်းတာဟာ တကယ်ပဲပိုကောင်းပါတယ်။—ဂလာတိ ၆:၇၊ ၈။

ကျွန်တော်ရှေ့ဆောင်ဖြစ်တုန်းက မင်းမဲ့ဝါဒီရဲ့ဆောင်ပုဒ်ကို ကျွန်တော်တို့ရေးခဲ့ဖူးတဲ့ ဘာသာရေးစာအုပ်ဆိုင်နံရံနားက တစ်ခါတလေဖြတ်သွားခဲ့တယ်။ ဆိုင်ထဲတောင်ဝင်ပြီး အသက်ရှင်တဲ့ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ရည်ရွယ်ချက်အကြောင်း ဆိုင်ရှင်ကို ပြောပြခဲ့ဖူးတယ်။ မှန်ပါတယ်၊ ဘုရားသခင်ဟာ အသက်ရှင်နေတုန်းပါပဲ! ဒါတင်မကဘူး၊ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါဟာ သားသမီးတွေကို ဘယ်တော့မှ မစွန့်ပစ်တဲ့သစ္စာရှိဖခင်တစ်ဦးဖြစ်တယ်။ (ဗျာဒိတ် ၁၅:၄) အသက်ရှင်တဲ့ဘုရားသခင်ယေဟောဝါရဲ့ အမှုတော်ကိုထမ်းဆောင်၊ ချီးမွမ်းခြင်းဖြင့် လက်ရှိဝိညာဉ်ရေးပရဒိသုနဲ့ ပြန်လည်တည်ထောင်မယ့်ပရဒိသုကို လူမျိုးတကာကမြောက်မြားစွာ ထပ်ပြီးတွေ့နိုင်ကြပါစေ!

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း မြန်မာမှထုတ်ဝေသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အံ့ချီးဖွယ်ဖန်ဆင်းခြင်းကြောင့်ဘုရားသခင်ကို ယုံကြည်ဖို့ကျွန်တော်စိတ်ဆုံးဖြတ်ခဲ့(လက်ယာ) ယနေ့ ဗေသလလုပ်ငန်း၌

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ