ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁ စာ. ၈-၁၃
  • “ထိုအမှုအရာများသည် ဖြစ်ရမည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ထိုအမှုအရာများသည် ဖြစ်ရမည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နီးကပ်နေသောဝမ်းနည်းဖွယ်ပြည့်စုံချက်တစ်ခု
  • ယင်းကိုတစ်ခေတ်တည်းသားများမြင်တွေ့ရမည်
  • ပြည့်စုံရမည့်နောက်ထပ်ဖြစ်ရပ်တစ်ခု
  • ရှေ့တွင်ရှိတရားစီရင်ချက်!
  • ဘုရားသခင် အရေးယူလုပ်ဆောင်တော်မူသောအခါ အသင်ကယ်တင်ခံရလိမ့်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘ကိုယ်တော်ရောက်ရှိနေခြင်း၏ နိမိတ်ကား အဘယ်နည်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘ဆိုးညစ်သောဤလူမျိုးဆက်’ မှ ကယ်တင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁ စာ. ၈-၁၃

“ထိုအမှုအရာများသည် ဖြစ်ရမည်”

“ယေရှုက ‘. . . ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။’”—မဿဲ ၂၄:၄-၆။

၁။ အဘယ်အကြောင်းအရာကို ကျွန်ုပ်တို့စိတ်ဝင်စားသင့်သနည်း။

သင့်ဘဝနှင့် သင့်အနာဂတ်ကို သင်စိတ်ဝင်စားမည်မှာ မုချ။ သို့ဆိုလျှင် ၁၈၇၇ ခုနှစ်က စီ. တီ. ရပ်စယ်လ်အာရုံစိုက်ခဲ့သောအကြောင်းအရာတစ်ခုကို သင်လည်း စိတ်ဝင်စားသင့်ပေသည်။ နောက်ပိုင်းတွင် ကင်းမျှော်စင်အသင်းကိုတည်ထောင်ခဲ့သူ ရပ်စယ်လ်သည် ကျွန်ုပ်တို့သခင်ပြန်လာရခြင်း၏ရည်ရွယ်ချက်နှင့် အသွင်ဟူသောစာအုပ်ကို ရေးသားခဲ့သည်။ ၆၄ မျက်နှာရှိသော ဤစာအုပ်ငယ်သည် ယေရှုပြန်လာခြင်း၊ သို့မဟုတ် အနာဂတ်ပြန်ကြွလာခြင်းနှင့်သက်ဆိုင်၏။ (ယောဟန် ၁၄:၃) သံလွင်တောင်ပေါ်တွင်ရှိနေချိန်သမယတစ်ခု၌ ထိုပြန်လာခြင်းနှင့်ပတ်သက်၍ တမန်တော်များက ဤသို့မေးမြန်းခဲ့ကြသည်– ‘ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်ပြီး ကိုယ်တော်ကြွလာ၍ [“ရောက်ရှိနေခြင်းနှင့်၊” ကဘ] ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။’—မဿဲ ၂၄:၃။

၂။ ယေရှုကြိုတင်မိန့်ဆိုခဲ့ရာနှင့်ပတ်သက်၍ အဘယ်ကြောင့် အငြင်းပွားစရာအယူအဆများစွာရှိသနည်း။

၂ ယေရှု၏အဖြေကို သင်သိနားလည်ပါသလော။ ယင်းကို ခရစ်ဝင်ကျမ်းသုံးစောင်တွင် တွေ့ရ၏။ ပါမောက္ခ ဒီ. အေ. ကာဆင်က ဤသို့ဆိုသည်– “မဿဲ ၂၄ နှင့်ယင်း၏အပြိုင်ကျမ်းများဖြစ်သော မာကု ၁၃၊ လုကာ ၂၁ တို့လောက် ဘာသာပြန်ဆိုသူများ သဘောကွဲလွဲစရာအခန်းများမရှိပါ။” ထို့နောက် သူက ယင်းသည် လူတို့အငြင်းပွားစရာအယူအဆတစ်ခုမျှသာဖြစ်၏ဟု သူ၏ကိုယ်ပိုင်ထင်မြင်ချက်ကိုပေးခဲ့သည်။ လွန်ခဲ့သောရာစုအကုန်ပိုင်းခန့်တွင် ထိုသို့သောသဘောထားများစွာသည် ယုံကြည်ခြင်းကင်းမဲ့မှုကိုဖော်ပြခဲ့သည်။ ထိုသဘောထားများကို တင်ပြသူများက ခရစ်ဝင်ကျမ်းများတွင် ကျွန်ုပ်တို့ဖတ်ရသည့်အကြောင်းအရာများကို ယေရှုတစ်ခါမျှမပြောခဲ့ဖူးကြောင်း၊ ကိုယ်တော်၏စကားကို နောက်ပိုင်းတွင်ပြောင်းလဲပစ်ခဲ့ကြကြောင်း၊ သို့မဟုတ် ကိုယ်တော့်တင်ကူးဟောကြားချက်သည် မဖြစ်ခဲ့ကြောင်းဟူသည့် အဆင့်မြင့်ဝေဖန်ရေးအမြင်များကို အဆိုတင်သွင်းခဲ့ကြသည်။ အစီရင်ခံသူတစ်ဦးက မာကုခရစ်ဝင်ကျမ်းကို ‘. . . အတွေးအခေါ်အရ’ ဟုပင်ဖော်ပြခဲ့၏!

၃။ ယေဟောဝါသက်သေများသည် ယေရှု၏ပရောဖက်ပြုချက်ကို မည်သို့သဘောထားကြသနည်း။

၃ ယင်းနှင့်ဆန့်ကျင်၍ ယေဟောဝါသက်သေများသည် ယေရှုမသေဆုံးမီသုံးရက်အလို သံလွင်တောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိခဲ့သည့် တမန်တော်လေးပါးအား မိန့်ဆိုခဲ့သည့်စကားများအပါအဝင် သမ္မာကျမ်းစာ၏စစ်မှန်မှုနှင့် အားထားနိုင်မှုကိုလက်ခံယုံကြည်ကြသည်။ စီ. တီ. ရပ်စယ်လ်ခေတ်ကတည်းက ယေရှုပေးခဲ့သောပရောဖက်ပြုချက်ကို ဘုရားသခင်၏လူတို့သည် တိုး၍သဘောပေါက်လာခဲ့ကြပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကင်းမျှော်စင်သည် ဤပရောဖက်ပြုချက်အပေါ် သူတို့၏သဘောထားကို ပို၍ပင်ရှင်းလင်းဖော်ပြခဲ့ပြီ။ ယင်းသည် သင့်ဘဝနှင့်မည်မျှသက်ဆိုင်သည်ကိုတွေ့မြင်ပြီး ၎င်းအချက်အလက်များကို သတိပြုခဲ့ပြီလော။a ပြန်လည်သုံးသပ်ကြည့်ကြစို့။

နီးကပ်နေသောဝမ်းနည်းဖွယ်ပြည့်စုံချက်တစ်ခု

၄။ တမန်တော်များသည် အနာဂတ်အကြောင်း ယေရှုအား အဘယ်ကြောင့်မေးခဲ့ကြသနည်း။

၄ ယေရှုသည် မေရှိယဖြစ်ကြောင်းကို တမန်တော်များသိခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်ပြောပြသည့် သူ၏သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ပြန်လာခြင်းအကြောင်းကို သူတို့ကြားသိကြရသောအခါ သူတို့က ‘ယေရှုသေပြီးထွက်သွားလျှင် မေရှိယပြုလုပ်ပေးမည်ဟုမျှော်လင့်ထားသည့် ကောင်းမြတ်သည့်အရာများကို ကိုယ်တော်မည်သို့လုပ်ဆောင်နိုင်မည်နည်း’ ဟုတွေးတောခဲ့ကြပေမည်။ ထို့ပြင် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ဆုံးခန်းအကြောင်း ယေရှုပြောခဲ့သည်။ ထိုအခါ တမန်တော်များက ‘ထိုအရာသည် မည်သည့်အချိန်တွင် မည်သို့ပြည့်စုံမည်နည်း’ ဟုစဉ်းစားခဲ့ကြပေမည်။ ယင်းတို့ကိုနားလည်လို၍ တမန်တော်များက ဤသို့မေးမြန်းခဲ့ကြသည်– ‘ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်၍ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်နိမိတ်ပေါ်ထွန်းမည်နည်း။’—မာကု ၁၃:၄; မဿဲ ၁၆:၂၁၊ ၂၇၊ ၂၈; ၂၃:၃၇–၂၄:၂။

၅။ ယေရှုမိန့်ဆိုခဲ့ရာများသည် ပထမရာစုတွင် မည်သို့ပြည့်စုံခဲ့သနည်း။

၅ စစ်မှုများ၊ ငတ်မွတ်မှုများ၊ ကပ်ရောဂါများ၊ မြေငလျင်များ၊ ခရစ်ယာန်များကိုမုန်းတီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မေရှိယအတုအယောင်များနှင့် နိုင်ငံတော်သတင်းကောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောခြင်းတို့ဖြစ်မည်ဟု ယေရှုကြိုတင်မိန့်ဆိုခဲ့သည်။ သို့ပြီးမှ အဆုံးရောက်လာမည်ဖြစ်သည်။ (မဿဲ ၂၄:၄-၁၄; မာကု ၁၃:၅-၁၃; လုကာ ၂၁:၈-၁၉) ထိုစကားကို စီ.အီး. ၃၃ အစောပိုင်းတွင် ယေရှုပြောခဲ့သည်။ နောက်ပိုင်းဆယ်စုနှစ်များအတွင်း ကြိုတင်ဟောထားသောအရာများသည် ထူးခြားသည့်နည်းဖြင့်အမှန်ပင်ဖြစ်ပျက်နေကြောင်း နိုးကြားလျက်ရှိသော တပည့်တော်များသိရှိနိုင်ခဲ့ကြသည်။ မှန်ပါသည်၊ ထိုအချိန်တွင် နိမိတ်ပြည့်စုံခဲ့ရာ စီ.အီး. ၆၆-၇၀ ၌ရောမတို့လက်ချက်ဖြင့် ဂျူးစနစ်ဆုံးခန်းတိုင်ခဲ့ကြောင်း သမိုင်းကသက်သေထူသည်။ မည်သို့ဖြစ်ပျက်လာခဲ့သနည်း။

၆။ စီ.အီး. ၆၆ တွင်ရောမနှင့်ဂျူးများစပ်ကြား အဘယ်အရာဖြစ်ပေါ်ခဲ့သနည်း။

၆ စီ.အီး. ၆၆ ၏ပူပြင်းလှသောယုဒပြည်နွေကာလအတွင်း ဂျူးဇီးလော့ထ်များသည် ယေရုရှလင်မြို့ဗိမာန်တော်အနီးရှိ ရောမအစောင့်များကိုတိုက်ခိုက်ခဲ့ကြရာ ထိုပြည်နယ်တစ်လျှောက် အကြမ်းဖက်မှုထကြွလေတော့သည်။ ပါမောက္ခဟင်းနရိခ်ဂရက်စ်က ဂျူးသမိုင်းစာအုပ်တွင် ဤသို့ဖော်ပြထားသည်– “ဆီးရီးယားဘုရင်ခံအဖြစ် ရောမတပ်၏ဂုဏ်ကိုထိန်းသိမ်းရန်တာဝန်ရှိသူ စက်စ်တီးယပ်စ်ဂဲလပ်စ်သည် . . . နေရာအနှံ့ပြန့်ပွားနေသောပုန်ကန်မှုကို တားဆီးရန်မကြိုးစားဘဲ ဘာသိဘာသာမနေနိုင်တော့ချေ။ ထိုအခါတပ်ဖွဲ့လိုက်ရာ အနီးအနားရှိမြို့စားနယ်စားများကလည်း ၎င်းတို့၏တပ်များကိုစေတနာဖြင့်စေလွှတ်ပေးခဲ့ကြသည်။” အင်အား ၃၀,၀၀၀ ရှိသောဤတပ်သည် ယေရုရှလင်မြို့ကိုဝန်းရံခဲ့၏။ တိုက်ပွဲအနည်းငယ်ဖြစ်ပြီးနောက် ဂျူးများသည် ဗိမာန်တော်အနီး တံတိုင်းများနောက်သို့ဆုတ်ခွာခဲ့ကြသည်။ ရောမတို့သည် တံတိုင်းများကို ငါးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြသော်လည်း ယုဒလူတို့၏လက်နက်များကြောင့် အကြိမ်ကြိမ်တပ်ပြန်ဆုတ်ခဲ့ကြရသည်။ ခြောက်ရက်မြောက်နေ့ကျမှသာ ဗိမာန်တော်အရှေ့ဘက်ရှိ မြောက်ပိုင်းတံတိုင်းတစ်ပိုင်းကို အောက်ခြေမှတူးဆွဝင်ရောက်နိုင်ခဲ့ကြသည်။”

၇။ ယေရှု၏တပည့်တော်များသည် ဂျူးအများစုမှ အဘယ်ကြောင့် ခြားနားစွာရှုမြင်နိုင်ခဲ့ကြသနည်း။

၇ ဂျူးများက မိမိတို့နှင့် မိမိတို့၏သန့်ရှင်းသောမြို့တော်ကို ဘုရားသခင်ကာကွယ်လိမ့်မည်ဟု ကြာမြင့်စွာကတည်းကယူဆထားခဲ့ကြရာ မည်မျှစိတ်ရှုပ်သွားခဲ့ကြမည်ကို စဉ်းစားကြည့်ပါ! သို့သော် ယေရုရှလင်မြို့အပေါ် ဘေးဆိုးဆိုက်လိမ့်မည်အကြောင်း ယေရှု၏တပည့်တော်များ ကြိုတင်သတိပေးခံခဲ့ကြရ၏။ ယေရှုက ဤသို့တင်ကြိုမိန့်ဆိုခဲ့သည်– “သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ဝိုင်းရံလျက် ချုပ်ထားပြီးလျှင် သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့် သင်၌ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍မကျန်ရစ်စေခြင်းငှာပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်။” (လုကာ ၁၉:၄၃၊ ၄၄) သို့သော် ယင်းကြောင့် စီ.အီး. ၆၆ တွင်ယေရုရှလင်မြို့ထဲရှိ ခရစ်ယာန်များ သေကြရမည်လော။

၈။ အဘယ်ဘေးဆိုးကို ယေရှုတင်ကြိုမိန့်ဆိုခဲ့သနည်း၊ အဘယ် “ရွေးချယ်တော်မူသောသူတို့” အတွက် နေ့ရက်ကာလကိုတိုစေမည်နည်း။

၈ သံလွင်တောင်ပေါ်တွင် တမန်တော်များကိုအဖြေပေးခဲ့သောအခါ ယေရှုက ဤသို့တင်ကူးမိန့်ဆိုခဲ့သည်– “ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော [ဆင်းရဲခြင်း] သည် ထိုနေ့ရက်ကာလ၌ဖြစ်လိမ့်မည်။ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်တော်မူသောသူတို့အဖို့အလိုငှာ ထိုကာလကိုတိုစေတော်မူမည်။” (မာကု ၁၃:၁၉၊ ၂၀; မဿဲ ၂၄:၂၁၊ ၂၂) ထို့ကြောင့် ထိုနေ့ရက်ကာလသည် တိုမည်ဖြစ်ပြီး “ရွေးချယ်တော်မူသောသူတို့” ကယ်တင်ခံရကြလိမ့်မည်။ ထိုသူတို့ကား မည်သူများနည်း။ ယေဟောဝါအားကိုးကွယ်ပါသည်ဟုဆိုကြသော်လည်း ကိုယ်တော့်သားတော်ကိုငြင်းပယ်ခဲ့ကြသည့် ပုန်ကန်သူဂျူးများမဟုတ်သည်မှာ သေချာ၏။ (ယောဟန် ၁၉:၁-၇; တမန်တော် ၂:၂၂၊ ၂၃၊ ၃၆) ထိုစဉ်က အမှန်ရွေးချယ်ခံရသူတို့မှာ ယေရှုအား မေရှိယနှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်ကြောင်းတင်ပြခဲ့ကြသည့် ဂျူးများနှင့်ဂျူးမဟုတ်သူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသူတို့ကိုရွေးချယ်ခဲ့ပြီး စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “ဘုရားသခင်၏ဣသရေလအမျိုး” ဝိညာဉ်ရေးလူမျိုးသစ်အဖြစ် သူတို့ကိုဖွဲ့စည်းခဲ့သည်။—ဂလာတိ ၆:၁၆; လုကာ ၁၈:၇; တမန်တော် ၁၀:၃၄-၄၅; ၁ ပေတရု ၂:၉။

၉၊ ၁၀။ ရောမတို့တိုက်ခိုက်သည့်နေ့ရက်ကာလကို မည်သို့ “တို” စေခဲ့ပြီး အဘယ်ရလဒ်ရခဲ့သနည်း။

၉ နေ့ရက်ကာလသည် “တို” ခဲ့ပြီး ယေရုရှလင်မြို့ရှိဘိသိက်ပေးခံရသောရွေးချယ်ခံရသူတို့သည် ကယ်တင်ခံခဲ့ရကြပါသလော။ ပါမောက္ခ ဂရက်စ်က ဤသို့ဆိုသည်– “ဆောင်းဦးမိုးသည် မကြာမီရွာချတော့မည်ဖြစ်ကာ . . . စစ်တပ်ရိက္ခာပြတ်တောက်သွားနိုင်သည့် ထိုရာသီတွင် သူရဲကောင်းဆန်လှသူများကို တိုက်ပွဲဆက်ဆင်နွှဲပြီး တာရှည်စစ်ဆင်ရေးကိုအစပြုရန်မသင့်ဟု [စက်စ်တီးယပ်စ်ဂဲလပ်စ်] ယူဆခဲ့သည်။ သို့နှင့် တပ်ပြန်ဆုတ်ခွာခြင်းက ပိုကောင်းသည်ဟု သူယူဆကောင်းယူဆခဲ့ပေမည်။” စက်စ်တီးယပ်စ်ဂဲလပ်စ်သည် မည်သို့ပင်တွေးတောခဲ့သည်ဖြစ်စေ ရောမစစ်တပ်သည် လိုက်လံတိုက်ခိုက်သည့်ဂျူးများကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် ပြန်ဆုတ်ခွာခဲ့ရသည်။”

၁၀ မထင်မမှတ်ဘဲ ထိုသို့ရောမတပ်ပြန်လည်ဆုတ်ခွာမှုကြောင့် ယေရုရှလင်မြို့ထဲတွင် ဘေးကြုံနေကြရသော ယေရှု၏တပည့်တော်များ လွတ်ခွင့်ရခဲ့ကြသည်။ ဤအခွင့်အလမ်းပွင့်သည်နှင့် ခရစ်ယာန်များသည် ထိုဒေသမှထွက်ပြေးခဲ့ကြကြောင်း သမိုင်းကတင်ပြထား၏။ အနာဂတ်ကိုကြိုသိပြီး ကိုယ်တော်အားဝတ်ပြုသူများ အမှန်တကယ်လွတ်မြောက်စေရန် ဘုရားသခင့်စွမ်းဆောင်မှုသည် ကြီးမားလှပါသည်တကား! သို့တိုင် ယေရုရှလင်မြို့နှင့် ယုဒနယ်တွင်ကျန်ခဲ့သည့် မယုံကြည်သောဂျူးများကော။

ယင်းကိုတစ်ခေတ်တည်းသားများမြင်တွေ့ရမည်

၁၁။ ‘ဤလူမျိုးဆက်’ အကြောင်း ယေရှုအဘယ်အရာပြောခဲ့သနည်း။

၁၁ ဂျူးအများသည် ဗိမာန်တော်တွင်ဗဟိုပြုသော သူတို့၏ဝတ်ပြုရေးစနစ် ဆက်တည်တံ့လိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ယေရှုက ဤသို့ဆိုခဲ့သည်– “သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ . . . မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။”—မဿဲ ၂၄:၃၂-၃၅။

၁၂၊ ၁၃။ ‘ဤလူမျိုးဆက်’ ဟုယေရှုရည်ညွှန်းခဲ့ခြင်းကို တပည့်တော်များ မည်သို့နားလည်ခဲ့ကြသနည်း။

၁၂ စီ.အီး. ၆၆ သို့ဦးတည်သွားသောနှစ်များတွင် ခရစ်ယာန်များသည် စုပေါင်းနိမိတ်မှ အကြိုဖြစ်ရပ်ပြည့်စုံမှုများစွာ—စစ်မှုများ၊ ငတ်မွတ်မှုများ၊ နိုင်ငံတော်သတင်းကောင်းကျယ်ပြန့်စွာဟောပြောခြင်းကိုပင်—မြင်ခဲ့ကြပေမည်။ (တမန်တော် ၁၁:၂၈; ကောလောသဲ ၁:၂၃) သို့သော် အဘယ်အချိန်တွင် အဆုံးတိုင်မည်နည်း။ ယေရှုက ‘ဤလူမျိုးဆက် [ဂရိ၊ ဂျီနေးယား] မကုန်မီ’ ဟုဆိုသောအခါ အဘယ်အရာကိုဆိုလိုသနည်း။ ယေရှုသည် ဘာသာရေးခေါင်းဆောင်များအပါအဝင် တစ်ခေတ်တည်းသားများဖြစ်ကြသည့် အတိုက်အခံပြုသောဂျူးအများစုကို ‘ဆိုးညစ်၍မျောက်မထားသောလူမျိုးဆက်’ ဟုမကြာခဏခေါ်ခဲ့သည်။ (မဿဲ ၁၁:၁၆; ၁၂:၃၉၊ ၄၅; ၁၆:၄; ၁၇:၁၇; ၂၃:၃၆) ထို့ကြောင့် သံလွင်တောင်ပေါ်တွင် ‘ဤလူမျိုးဆက်’ ဟုကိုယ်တော်ထပ်မံပြောသောအခါ သမိုင်းတစ်လျှောက်ရှိ ဂျူးလူမျိုးတစ်မျိုးလုံးကိုဆိုလိုခြင်းမဟုတ်သည်မှာ ရှင်းနေပါသည်; မိမိ၏တပည့်တော်များကို “ရွေးချယ်တော်မူသောအမျိုး” ဟုဆိုသည့်တိုင် သူတို့ကိုလည်း ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်ချေ။ (၁ ပေတရု ၂:၉) ‘ဤလူမျိုးဆက်’ သည်ခေတ်ကာလတစ်ခုဖြစ်၏ဟု ယေရှုဆိုနေခြင်းလည်းမဟုတ်ချေ။

၁၃ ယင်းအစား၊ ယေရှုပေးခဲ့သောနိမိတ်ပြည့်စုံမှုကိုကြုံတွေ့ခဲ့ကြမည့် ထိုစဉ်ကအတိုက်အခံပြုသည့်ဂျူးများကို ကိုယ်တော်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ လုကာ ၂၁:၃၂ တွင် ‘ဤလူမျိုးဆက်’ ကိုကိုးကားခြင်းနှင့်ပတ်သက်၍ ပါမောက္ခ ဂျိုအဲလ် ဘီ. ဂရင်းက ဤသို့ဖော်ပြသည်– “တတိယခရစ်ဝင်ကျမ်းတွင် ‘ဤလူမျိုးဆက်’ (နှင့် ဆက်စပ်သောစကားစုများ) သည် ဘုရားသခင့်ရည်ရွယ်ချက်ကို ဆန့်ကျင်သူများနှင့် အများအားဖြင့်ပတ်သက်သည်။ . . . ဘုရားသခင့်ရည်ရွယ်ချက်ကို ခေါင်းမာစွာငြင်းဆန်သည့် လူတို့ကို [ရည်ညွှန်းသည်]။b

၁၄။ ထို ‘လူမျိုးဆက်’ သည်အဘယ်အရာကိုကြုံတွေ့ခဲ့သနည်း၊ သို့သော် ခရစ်ယာန်များအတွက် ခြားနားသောရလဒ် မည်သို့ဖြစ်ပေါ်ခဲ့သနည်း။

၁၄ နိမိတ်ပြည့်စုံမှုကို သတိပြုမိနိုင်ကြသည့် အတိုက်အခံပြုသူဆိုးညစ်သောဂျူးလူမျိုးဆက်သည် အဆုံးကိုလည်းတွေ့ကြုံကြရလိမ့်မည်။ (မဿဲ ၂၄:၆၊ ၁၃၊ ၁၄) ၎င်းကို သူတို့အမှန်ကြုံခဲ့ကြရ၏! စီ.အီး. ၇၀ တွင်ဧကရာဇ်ဗက်စပေရှီယန်၏သား တိုက်တပ်စ်ဦးဆောင်သော ရောမတပ်ပြန်ရောက်လာခဲ့သည်။ မြို့ထဲတွင် ပြန်ပိတ်လှောင်ခံရသောဂျူးများ၏ဆင်းရဲခြင်းသည် မယုံနိုင်စရာပင်။c မြို့တော်ကို ရောမတို့ဖျက်ဆီးခဲ့ချိန်တွင် ဂျူး ၁,၁၀၀,၀၀၀ ခန့်သေဆုံးခဲ့ပြီဖြစ်ပြီး ၁၀၀,၀၀၀ ခန့်ကိုသုံ့ပန်းအဖြစ်ဖမ်းဆီးသွားခဲ့ရာ အများစုသည် များမကြာမီတွင် ငတ်မွတ်မှုကြောင့် သို့မဟုတ် ရောမအားကစားကွင်းများ၌ ထိတ်လန့်စဖွယ်ဆုံးပါးခဲ့ကြရသည်။ မှန်ပါသည်၊ စီ.အီး. ၆၆-၇၀ ၏ကြီးစွာသောဆင်းရဲခြင်းသည် ယေရုရှလင်မြို့နှင့် ဂျူးစနစ်ကြုံတွေ့ခဲ့ဖူးသမျှ သို့မဟုတ် ကြုံတွေ့ရမည့်ဆင်းရဲခြင်းမှန်သမျှတွင် အကြီးမားဆုံးဖြစ်ခဲ့သည်။ ယေရှုပရောဖက်ပြုသတိပေးသောစကားကို နာခံပြီး စီ.အီး. ၆၆ တွင်ရောမတပ်များဆုတ်ခွာပြီးနောက်ပိုင်း ယေရုရှလင်မြို့မှထွက်ခဲ့ကြသည့် ခရစ်ယာန်များ၏အဖြစ်မူကား အလွန်ကွာခြားခဲ့သည်တကား! စီ.အီး. ၇၀ တွင် “ရွေးချယ်သောသူ” ဘိသိက်ခံခရစ်ယာန်များသည် ကယ်တင်ခံကြရပြီး လုံခြုံခဲ့ကြသည်။—မဿဲ ၂၄:၁၆၊ ၂၂။

ပြည့်စုံရမည့်နောက်ထပ်ဖြစ်ရပ်တစ်ခု

၁၅။ ယေရှု၏ပရောဖက်ပြုချက်သည် စီ.အီး. ၇၀ ပြီးနောက် သာ၍ကြီးမားသောပြည့်စုံချက်တစ်ခုရှိဦးမည်ဟု မည်သို့သေချာနိုင်သနည်း။

၁၅ သို့ရာတွင် ယင်းသည် ဇာတ်သိမ်းခန်းမဟုတ်ချေ။ မြို့တော်ပျက်စီးပြီးနောက် ယေရှုသည် ယေဟောဝါ၏နာမနှင့်ကြွလာမည်ဟု အစောပိုင်းက ကိုယ်တော်ဖော်ပြခဲ့သည်။ (မဿဲ ၂၃:၃၈၊ ၃၉; ၂၄:၂) ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်တွင်မိန့်ဆိုခဲ့သော ပရောဖက်ပြုချက်၌ ယင်းကိုပိုမိုရှင်းပြခဲ့သည်။ လာမည့် ‘ကြီးစွာသောဆင်းရဲခြင်း’ အကြောင်းဖော်ပြပြီးနောက် ခရစ်တော်အတုအယောင်များပေါ်လာမည့်အကြောင်း၊ ယေရုရှလင်မြို့သည် ကာလအတန်ကြာ တစ်ပါးအမျိုးသားများ၏ခြေနှင့်နင်းခြင်းခံရမည်အကြောင်း ဆက်မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၂၁၊ ၂၃-၂၈; လုကာ ၂၁:၂၄) သာ၍ကြီးမားသော နောက်ထပ်ပြည့်စုံချက်တစ်ခုရှိနိုင်ပါဦးမည်လော။ ဖြစ်ရပ်မှန်များက ဖြစ်နိုင်သည်ဟူ၏။ (စီ.အီး. ၇၀ တွင်ယေရုရှလင်မြို့အပေါ် ကျရောက်ခဲ့သည့် ဆင်းရဲခြင်းဖြစ်ပြီးနောက် ရေးသားခဲ့သော) ဗျာဒိတ် ၆:၂-၈ ကိုမဿဲ ၂၄:၆-၈၊ လုကာ ၂၁:၁၀၊ ၁၁ တို့နှင့်နှိုင်းယှဉ်ကြည့်လျှင် စစ်မှု၊ အစာခေါင်းပါးမှု၊ ကပ်ဘေးတို့သည် သာ၍ကြီးမားသောအတိုင်းအတာဖြင့် ဖြစ်ပျက်ရန်ရှိနေကြောင်းတွေ့ရသည်။ ယေရှုစကား၏ ဤသာ၍ကြီးမားသောပြည့်စုံမှုသည် ၁၉၁၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ကတည်းက ဖြစ်ပျက်နေခဲ့ပြီ။

၁၆-၁၈။ အဘယ်အရာ ဖြစ်ပျက်ဦးမည်ဟု ကျွန်ုပ်တို့မျှော်လင့်သနည်း။

၁၆ ယခု ဆယ်စုနှစ်များအတွင်း ယေဟောဝါသက်သေများသည် “ကြီးစွာသော [ဆင်းရဲခြင်း]” လာရဦးမည်ဖြစ်ကြောင်းကို နိမိတ်၏လက်ရှိပြည့်စုံမှုက သက်သေထူသည်ဟု သွန်သင်နေခဲ့ကြပေပြီ။ လက်ရှိဆိုးညစ်သော ‘လူမျိုးဆက်’ သည် ထိုဆင်းရဲခြင်းကိုမြင်ရပါလိမ့်မည်။ စီ.အီး. ၆၆ တွင်ဂဲလပ်စ်၏တိုက်ခိုက်မှုသည် ယေရုရှလင်မြို့အပေါ်ကျရောက်ခဲ့သော ဆင်းရဲခြင်းကိုအစပြုပေးခဲ့သကဲ့သို့ပင် စတင်ပေးမည့်အမှုတစ်ခု (ဗာဗုလုန်ဘာသာအားလုံးကိုတိုက်ခိုက်မှု) ထပ်ဖြစ်မည့်ဟန်ရှိသည်။d ထို့နောက် သတ်မှတ်မထားသောကာလတစ်ခုပြီးနောက် အဆုံး—စီ.အီး. ၇၀ တွင်ဖြစ်ပျက်ခဲ့သည့်ဖျက်ဆီးခြင်းနှင့်ဆင်တူသော ကမ္ဘာချီဖျက်ဆီးခြင်းဘေး—ရောက်လာပါလိမ့်မည်။

၁၇ ကျွန်ုပ်တို့ရှေ့တွင်ရှိသော ဆင်းရဲခြင်းကိုရည်ညွှန်းကာ ယေရှုက ဤသို့ဆိုခဲ့သည်– “ထိုကာလ၏ . . . ဆင်းရဲခြင်း [ဗာဗုလုန်ဘာသာကိုဖျက်ဆီးခြင်း] နောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”—မဿဲ ၂၄:၂၉၊ ၃၀။

၁၈ သို့ဖြင့် ယေရှုကိုယ်တော်တိုင်က “ထိုကာလ၏ . . . ဆင်းရဲခြင်းနောက်” ကောင်းကင်တွင် အံ့ဖွယ်ရာအချို့ဖြစ်လိမ့်မည်ဟုဆိုသည်။ (ယောလ ၂:၂၈-၃၂; ၃:၁၅ နှိုင်းယှဉ်။) ၎င်းသည် နာခံမှုမရှိသောလူသားများကို အလွန်ထိတ်လန့်တုန်လှုပ်ချောက်ချားစေမည်ဖြစ်ရာ “ငိုကြွေးမြည်တမ်း” ကြပါလိမ့်မည်။ လူများစွာသည် “မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကို မျှော်၍ကြောက်လန့်” ကြလိမ့်မည်။ သို့သော် စစ်မှန်သောခရစ်ယာန်များမူ ထိုသို့ဖြစ်မည်မဟုတ်ချေ! ဤသူများသည် ‘ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြွကြ’ ပါလိမ့်မည်။—လုကာ ၂၁:၂၅၊ ၂၆၊ ၂၈။

ရှေ့တွင်ရှိတရားစီရင်ချက်!

၁၉။ သိုးနှင့်ဆိတ်ပုံဥပမာပြည့်စုံမည့်အချိန်ကို ကျွန်ုပ်တို့မည်သို့သတ်မှတ်နိုင်မည်နည်း။

၁၉ မဿဲ ၂၄:၂၉-၃၁ တွင် (၁) လူသားကြွလာသည်၊ (၂) ဤကြွလာခြင်းသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ဖြင့်ဖြစ်မည်၊ (၃) ကောင်းကင်တမန်များသည် ကိုယ်တော်နှင့်အတူရှိမည်ဖြစ်ကာ၊ (၄) မြေကြီးပေါ်ရှိလူအမျိုးအနွယ်အားလုံး ကိုယ်တော့်ကိုမြင်ရကြလိမ့်မည်ဟု ကြိုတင်မိန့်ဆိုကြောင်းသတိပြုပါ။ ယေရှုသည် သိုးနှင့်ဆိတ်ပုံဥပမာတွင် ဤဖြစ်ရပ်များကို ထပ်မံပြောဆိုသည်။ (မဿဲ ၂၅:၃၁-၄၆) ထို့ကြောင့် ဤပုံဥပမာသည် ဆင်းရဲခြင်းစတင်ဖြစ်ပျက်ပြီးနောက် ကောင်းကင်တမန်များခြံရံလျက် ယေရှုကြွလာကာ တရားစီရင်ရန် မိမိ၏ပလ္လင်ပေါ်ထိုင်မည့် အချိန်ကာလနှင့်သက်ဆိုင်သည်ဟု ကျွန်ုပ်တို့ကောက်ချက်ချနိုင်၏။ (ယောဟန် ၅:၂၂; တမန်တော် ၁၇:၃၁; ၃ ဓမ္မရာဇဝင် ၇:၇; ဒံယေလ ၇:၁၀၊ ၁၃၊ ၁၄၊ ၂၂၊ ၂၆; မဿဲ ၁၉:၂၈ နှိုင်းယှဉ်။) မည်သူများတရားစီရင်ခံရမည်ဖြစ်ပြီး အဘယ်ရလဒ်ရမည်နည်း။ လူမျိုးအားလုံးသည် ယေရှု၏ကောင်းကင်ပလ္လင်ရှေ့မှောက်တွင် စုရုံးနေကြသည့်အလားရှိပြီး သူတို့ကိုအာရုံပြုတော်မူမည်ဟု ပုံဥပမာကဖော်ပြသည်။

၂၀၊ ၂၁။ (က) ယေရှု၏ပုံဥပမာပါသိုးတို့အတွက် အဘယ်အရာဖြစ်ပျက်မည်နည်း။ (ခ) အနာဂတ်တွင် ဆိတ်များသည် အဘယ်အရာကိုကြုံတွေ့ကြမည်နည်း။

၂၀ သိုးကဲ့သို့သော အမျိုးသား၊ အမျိုးသမီးများကို ယေရှု၏မျက်နှာသာရသည့် လက်ယာဘက်သို့ သီးခြားခွဲထားလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် ကိုယ်တော်၏ညီတော်များ—ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်မည့် ဘိသိက်ခံခရစ်ယာန်များ—အကျိုးအတွက် သူတို့ရရှိသမျှအခွင့်အရေးများကို အသုံးပြုခဲ့ကြသောကြောင့်ဖြစ်သည်။ (ဒံယေလ ၇:၂၇; ဟေဗြဲ ၂:၉–၃:၁) ထိုပုံဥပမာနှင့်အညီ သိုးကဲ့သို့သောသန်းနှင့်ချီသည့်ခရစ်ယာန်များသည် ယေရှု၏ဝိညာဉ်ရေးညီတော်များကို အသိအမှတ်ပြုခဲ့ကြပြီး တွဲဖက်လုပ်ဆောင်နေကြသည်။ ယင်းကြောင့် ဤလူအုပ်ကြီးသည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်ပြီး ဘုရားသခင့်နိုင်ငံတော်၏မြေကြီးဆိုင်ရာပရဒိသုလူ့ဘောင်တွင် ထာဝစဉ်အသက်ရှင်နိုင်သော ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို ရရှိထားကြသည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၂၁:၃၊ ၄; ယောဟန် ၁၀:၁၆။

၂၁ ဆိတ်များခံစားရမည့်အကျိုးမူကား ခြားနားလှသည်တကား! သူတို့သည် ယေရှုကြွလာသောအခါ ‘ငိုကြွေးမြည်တမ်း’ နေကြမည်ဟု မဿဲ ၂၄:၃၀ တွင်ဖော်ပြထား၏။ ထိုသို့ပြုထိုက်ပေ၏၊ အကြောင်းမှာ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုငြင်းပယ်၍ ယေရှု၏တပည့်တော်များကိုအတိုက်အခံပြုကာ ရွေ့သွားကွယ်ပျောက်တော့မည့် ဤလောကကိုပို၍နှစ်လိုသည့်မှတ်တမ်းရှိထားသောကြောင့်ဖြစ်သည်။ (မဿဲ ၁၀:၁၆-၁၈; ၁ ယောဟန် ၂:၁၅-၁၇) မည်သူဆိတ်ဖြစ်ကြောင်းကို မြေကြီးပေါ်ရှိ အဘယ်တပည့်တော်မျှမဆုံးဖြတ်ဘဲ ယေရှုကဆုံးဖြတ်သည်။ သူတို့နှင့်ပတ်သက်၍ ကိုယ်တော်က ဤသို့ဆိုသည်– “ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ . . . သွားရကြလတ္တံ့။”—မဿဲ ၂၅:၄၆။

၂၂။ ယေရှုပရောဖက်ပြုချက်၏ အဘယ်အပိုင်းကို ထပ်၍သုံးသပ်သင့်သနည်း။

၂၂ မဿဲအခန်းကြီး ၂၄ နှင့် ၂၅ ပါပရောဖက်ပြုချက်ကို ကျွန်ုပ်တို့တိုး၍နားလည်လာခြင်းက ပီတိဖြစ်စေခဲ့ပြီ။ သို့ရာတွင် ကျွန်ုပ်တို့အာရုံစိုက်သင့်သည့် ယေရှု၏ပရောဖက်ပြုချက်မှအပိုင်းတစ်ပိုင်းမှာ—“ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေ” ခြင်း—ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုကိုအသုံးပြုကာ လုပ်ဆောင်ဖို့အသင့်ရှိကြရန် တပည့်တော်များကို ယေရှုတိုက်တွန်းခဲ့သည်။ (မဿဲ ၂၄:၁၅၊ ၁၆) ဤ “ရွံရှာဖွယ်အရာ” ကားအဘယ်နည်း။ ၎င်းသည် အဘယ်အချိန်တွင် သန့်ရှင်းသောအရပ်၌စိုက်နေသနည်း။ ကျွန်ုပ်တို့၏လက်ရှိနှင့် အနာဂတ်အသက်တာတွင် မည်သို့ပတ်သက်နေသနည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဖေဖော်ဝါရီ ၁၅၊ ၁၉၉၄; အောက်တိုဘာ ၁၅ နှင့် နိုဝင်ဘာ ၁၊ ၁၉၉၅; ဩဂုတ် ၁၅၊ ၁၉၉၆ ထုတ်ကင်းမျှော်စင်စာစောင်များပါ လေ့လာရန်ဆောင်းပါးများကိုရှု။

b ဗြိတိသျှလူမျိုးကျမ်းပညာရှင် ဂျီ.အာရ်. ဘီဇလီ-မာရေးက ဤသို့ယူဆသည်– “‘ဤလူမျိုးဆက်’ ဟူသောစကားစုသည် စကားပြန်များအတွက် အခက်အခဲမရှိသင့်ပါ။ အစောပိုင်းဂရိဘာသာစကားတွင် ဂျီနေးယာသည် မွေးဖွားခြင်း၊ အမျိုးအနွယ်နှင့် မျိုးရိုးကိုဆိုလိုသည်မှာ မငြင်းသာသော်လည်း . . . [ဂရိစက်ပ်တွားဂျင့်] တွင်ယင်းက ခေတ်၊ လူသားတို့၏ခေတ် သို့မဟုတ် လူမျိုးဆက်ဟု အဓိပ္ပာယ်ရှိသော ဟေဗြဲဝေါဟာရ ဒိုးရ်ကိုတစ်ခေတ်တည်းသားများဟူသည့်သဘောမျိုးဖြင့် ပြန်ဆိုလေ့ရှိသည်။ . . . ယေရှုသုံးနှုန်းခဲ့သောဝေါဟာရတွင် အဓိပ္ပာယ်နှစ်မျိုးတွေ့ရသည်– တစ်ဖက်တွင် ကိုယ်တော့်တစ်ခေတ်တည်းသားများကိုဆိုလိုလေ့ရှိပြီး အခြားတစ်ဖက်တွင် အပြစ်တင်ဝေဖန်သည့်သဘောကိုဖော်ပြလေ့ရှိသည်။”

c ရောမတို့သည် တစ်ခါတစ်ရံ တစ်နေ့တည်းတွင် အကျဉ်းသား ၅၀၀ ကိုသစ်တိုင်တင်ကွပ်မျက်လေ့ရှိသည်ဟု ဂျူးသမိုင်းစာအုပ်တွင် ပါမောက္ခဂရက်စ်ကဆို၏။ ဖမ်းဆီးရမိသော အခြားဂျူးများ၏လက်ကိုဖြတ်ကာ မြို့ထဲသို့ပြန်လွှတ်ခဲ့ကြသည်။ ထိုတွင် အဘယ်အခြေအနေများ ရှိသနည်း။ “ငွေဖြင့် မုန့်ဝယ်မရဖြစ်ခဲ့ရာ ငွေသည် တန်ဖိုးမရှိတော့ချေ။ လူတို့သည် ရွံရှာဖွယ်အစားအစာ၊ လက်တစ်ဆုပ်စာကောက်ရိုး၊ သားရေအပိုင်းအစတစ်ခု သို့မဟုတ် ခွေးများကိုပစ်ကျွေးသည့်အစာအတွက် လမ်းများပေါ်တွင် လုယက်တိုက်ခိုက်ကြသည်။ . . . တစ်မုဟုတ်ချင်းတိုးများလာသည့် မြေမမြှုပ်သောအလောင်းများကြောင့် အိုက်စပ်စပ်နွေရာသီလေသည် ရောဂါထူပြောစေသဖြင့် အများပြည်သူ ဖျားနာ၊ ငတ်မွတ်၍ ဓားဖြင့် သေဆုံးခဲ့ကြရသည်။”

d နောက်ဆောင်းပါးတွင် အနာဂတ်ဆင်းရဲခြင်း၏ ဤကဏ္ဍကိုဆွေးနွေးထားသည်။

သင်မှတ်မိသလော

◻ ပထမရာစုတွင် မဿဲ ၂၄:၄-၁၄ သည် အဘယ်ပြည့်စုံမှုရှိခဲ့သနည်း။

◻ တမန်တော်များခေတ်၌ မဿဲ ၂၄:၂၁၊ ၂၂ တွင်တင်ကြိုဟောထားသကဲ့သို့ နေ့ရက်ကာလသည်မည်သို့တိုခဲ့ပြီး လူတို့မည်သို့ကယ်တင်ခံခဲ့ကြရသနည်း။

◻ မဿဲ ၂၄:၃၄ တွင်ဖော်ပြထားသော ‘လူမျိုးဆက်’ ကိုအဘယ်အရာကထင်ရှားစေသနည်း။

◻ သံလွင်တောင်ပေါ်တွင်ပေးခဲ့သော ပရောဖက်ပြုချက်သည် သာ၍ကြီးမားသောနောက်ထပ်ပြည့်စုံချက်တစ်ခုရှိဦးမည်ဖြစ်ကြောင်း မည်သို့သိရသနည်း။

◻ သိုးနှင့်ဆိတ်ပုံဥပမာသည် အဘယ်အချိန်တွင် မည်သို့ပြည့်စုံမည်နည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ရောမပြည်ရှိ တိုက်တပ်စ်၏မုခ်ခုံးပေါ်တွင် ဖော်ပြထားသည့် ယေရုရှလင်မြို့ပျက်စီးခြင်းမှအပျက်အစီးများ

[Credit Line]

Soprintendenza Archeologica di Roma

ဆော့ပ်ရင်တဲန်ဒဲန်ဇာ အာခီအော်လောဂျီကာ ဒီရောမာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ