ကတိတော်နှင့်ပတ်သက်၍ ဘုရားသခင်သည် နှေးတော်မမူ
“အိုထာဝရဘုရား၊ ကိုယ်တော်သည်ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။” ၎င်းတို့မှာ ဘီ.စီ.အီး. ခုနစ်ရာစုတွင်အသက်ရှင်ခဲ့သည့် ဟေဗြဲပရောဖက်ဟဗက္ကုတ်၏စကားများဖြစ်သည်။ သို့သော် ယင်းတို့ကိုကြားဖူးသယောင်ယောင်ရှိမနေပေလော။ ကျွန်ုပ်တို့အလွန်မျှော်လင့်တောင့်တရာများကို ချက်ချင်း သို့မဟုတ် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်းရလိုကြသည်မှာ လူ့သဘာဝပင်ဖြစ်၏။ အလိုဆန္ဒချက်ချင်းပြည့်လိုသည့် ကျွန်ုပ်တို့ခေတ်တွင် ဤသို့ အထူးသဖြင့်ဖြစ်နေသည်။—ဟဗက္ကုတ် ၁:၂။
ဘုရားသခင်သည် မိမိ၏ကတိတော်များကို အမြန်ဆုံးပြည့်စုံစေသင့်သည်ဟု ယူဆကြခဲ့ဟန်ရှိသူအချို့ ပထမရာစုတွင်ရှိခဲ့သည်။ ဘုရားသခင်သည် နှေးတော်မူသည် သို့မဟုတ် နောက်ကျသည် ဟုပင်ယူဆကြသည့်အထိ သူတို့အလွန်စိတ်စောနေခဲ့ကြသည်။ ယင်းကြောင့် အချိန်ကိုဘုရားသခင်ရှုမြင်ပုံသည် ကျွန်ုပ်တို့နှင့်ကွာခြားကြောင်း တမန်တော်ပေတရုက သူတို့ကိုသတိပေးခဲ့ရသည်။ ပေတရုက “ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့လည်းကောင်းဖြစ်သည်အရာတစ်ခုကို မမေ့လျော့ကြနှင့်” ဟုရေးသားခဲ့သည်။—၂ ပေတရု ၃:၈။
ဤနည်းအတိုင်း အချိန်ကိုတွက်ချက်လျှင် အသက် ၈၀ အရွယ်ရှိလူတစ်ဦးသည် နှစ်နာရီခန့်သာအသက်ရှင်ခဲ့ပြီး လူ့သမိုင်းတစ်လျှောက်လုံးသည် ခြောက်ရက်မျှသာရှိသေး၏။ အရာရာကို ဤသို့ရှုမြင်သည့်အခါ ကျွန်ုပ်တို့နှင့် ဘုရားသခင်ဆက်ဆံနည်းကို နားလည်ဖို့ပိုလွယ်ကူလာသည်။
သို့ရာတွင် ဘုရားသခင်သည် အချိန်ကိုစိတ်မဝင်စားဘဲမနေပါ။ အမှန်မှာ ကိုယ်တော်သည် အချိန်ကိုအလွန်ဂရုစိုက်တော်မူ၏။ (တမန်တော် ၁:၇) ထို့ကြောင့် ပေတရုက “ယေဟောဝါသည်နှေးတော်မူ၏ဟု လူအချို့မှတ်သည်အတိုင်း ကတိတော်နှင့်ပတ်သက်၍ နှေးတော်မူသည်မဟုတ်။ မည်သူမျှဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှ နောင်တရစေရန် ဆန္ဒရှိသောကြောင့် သင်တို့အပေါ်စိတ်ရှည်တော်မူ၏” ဟုဆိုသည်။ (၂ ပေတရု ၃:၉၊ ကဘ) ဘုရားသခင်သည် လူများနည်းတူ မိမိအတွက်အချိန်မရှိတော့သကဲ့သို့ အပူတပြင်းလုပ်ဆောင်ရန်လိုသည်ဟု မယူဆပါ။ ‘ထာဝရဘုရင်’ အနေနှင့် ကိုယ်တော်သည် အရာရာကိုအံ့ချီးဖွယ်ခြုံငုံသုံးသပ်နိုင်စွမ်းရှိပြီး အချိန်၏ ရေစီးကြောင်းတွင် ကိုယ်တော်၏လုပ်ဆောင်မှုများသည် အဘယ်အချိန်၌ အားလုံးအတွက် အကောင်းဆုံးဖြစ်မည်ကို ပိုင်းဖြတ်သိမြင်နိုင်သည်။—၁ တိမောသေ ၁:၁၇။
ဘုရားသခင်နှေးတော်မူသည်ဟုထင်ရခြင်းအကြောင်းရင်းကို ရှင်းပြပြီးနောက် ပေတရုက ဤသို့သတိပေးခဲ့သည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။” ဆိုလိုသည်မှာ စာရင်းရှင်းသည့်နေ့ရက်သည် လူတို့မမျှော်လင့်သည့်အခိုက် ရောက်လာလိမ့်မည်ဖြစ်သည်။ ထို့နောက် နောက်အခန်းငယ်များတွင် ပေတရုက “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” ကိုတင်ပြသူတို့အတွက် အံ့ဖွယ်အလားအလာ၊ တစ်နည်းအားဖြင့် ဘုရားသခင်ကတိထားရာ “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ထဲသို့သူတို့ကပ်ကျော်နိုင်ပေမည်ဟုညွှန်ပြသည်။—၂ ပေတရု ၃:၁၀-၁၃။
ယင်းကြောင့် ဘုရားသခင့်တရားစီရင်ရာနေ့ ရောက်မလာသေးသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်စရာဖြစ်သင့်သည်။ ကိုယ်တော်၏စိတ်ရှည်မှုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ရည်ရွယ်ချက်ကိုသိလာခဲ့ရပြီး ကတိထားရာကောင်းချီးများခံစားရရန် မိမိတို့၏အသက်တာကိုပြုပြင်ပြောင်းလဲခွင့်ရရှိခဲ့ကြပြီ။ ပေတရုအကြောင်းပြသကဲ့သို့ ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏သည်းခံတော်မူခြင်းကို ကယ်တင်ခြင်းအဖြစ်’ မယူမှတ်သင့်ပေလော။ (၂ ပေတရု ၃:၁၅) သို့သော် ဘုရားသခင်စိတ်ရှည်ရသည့် အကြောင်းရင်းတစ်ခုရှိသေးသည်။
ဒုစရိုက်အမှုပြည့်စုံစေရန်
အတိတ်က လူသားတို့နှင့်ဘုရားသခင်ဆက်ဆံခဲ့ပုံတို့ကို လေ့လာရာတွင် မျှော်လင့်ချက်လုံးလုံးမရှိတော့သည့်အခါမှ ကိုယ်တော်တရားစီရင်လေ့ရှိကြောင်း သိရသည်။ ဥပမာ၊ ခါနာန်လူမျိုးတို့ကို ဘုရားသခင်တရားစီရင်ခဲ့ခြင်းနှင့်ပတ်သက်၍ ကိုယ်တော်သည် သူတို့၏အပြစ်များကို အာဗြဟံအားကြို၍ထောက်ပြခဲ့သည်။ သို့သော် ၎င်းအချိန်တွင် ကိုယ်တော့်တရားစီရင်ရန်အချိန်မကျရောက်ခဲ့သေးချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “အာမောရိအမျိုးသား [ခါနာန်လူမျိုး] တို့၏ ဒုစရိုက်အပြစ်သည်မစုံလင်သေး” သို့မဟုတ် နော့ခ်စ် ဘာသာပြန်ကျမ်းဆိုသည့်အတိုင်း “အာမောရိအမျိုးသားတို့၏ ဆိုးသွမ်းမှုသည် မပြည့်စုံသေး” သောကြောင့်ဟု သမ္မာကျမ်းစာကဆိုသည်။—ကမ္ဘာဦး ၁၅:၁၆။a
သို့သော် အနှစ် ၄၀၀ ခန့်ကြာပြီးနောက် ဘုရားသခင့်တရားစီရင်ချက်ကျရောက်လာပြီး အာဗြဟံ၏သားစဉ်မြေးဆက်ဖြစ်သည့် ဣသရေလလူမျိုးသည် နယ်မြေကိုသိမ်းပိုက်လိုက်ကြသည်။ ရာခပ်နှင့် ဂိဗောင်မြို့သားများကဲ့သို့သော ခါနာန်သားအချို့မှာ သူတို့၏သဘောထားနှင့်လုပ်ရပ်များကြောင့် ကာကွယ်ခံခဲ့ရကြသော်လည်း အများစုမှာမူ မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနတူးဖော်တွေ့ရှိချက်များကဖော်ပြသည့်အတိုင်း သူတို့၏မသန့်ရှင်းမှုသည် အဆုံးစွန်ထိရောက်ခဲ့ပြီ။ သူတို့သည် ယောက်ျားတန်ဆာကိုကိုးကွယ်ခြင်း၊ ဗိမာန်တော်ပြည့်တန်ဆာလုပ်ငန်းနှင့် ကလေးပူဇော်ခြင်းများပြုခဲ့ကြ၏။ ဟေလီ၏ကျမ်းစာလက်စွဲစာအုပ်ကဤသို့ဆိုသည်– “ခါနာန်မြို့များ၏အပျက်အယွင်းများကိုတူးဖော်သည့် ရှေးဟောင်းသုတေသနပညာရှင်များက သူတို့ကို ဘုရားသခင်ဖျက်ဆီးချိန်သည် နောက်ကျနေသေးသည်ဟု ယူမှတ်ကြ၏။” အဆုံးတွင် ခါနာန်လူမျိုးတို့၏ ‘အပြစ်သည်စုံလင်’ ၍သူတို့၏ဆိုးသွမ်းမှုသည် “ပြည့်စုံလာ” ခဲ့၏။ ဘုရားသခင်သည် သဘောထားမှန်တင်ပြခဲ့သူများကို ချမ်းသာပေးကာ ထိုပြည်နယ်ကိုရှင်းလင်းခဲ့သောအခါ ကိုယ်တော်သည် မတရားသဖြင့်ပြု၏ဟု မည်သူမျှမှန်ကန်စွာမစွပ်စွဲနိုင်ချေ။
နောဧခေတ်၌လည်း အလားတူဖြစ်ခဲ့သည်။ ရေလွှမ်းမိုးခြင်းမတိုင်မီက လူတို့ဆိုးသွမ်းခဲ့ကြသည်မှန်သော်လည်း သူတို့ကိုနောက်ထပ်အနှစ် ၁၂၀ ဆက်အသက်ရှင်စေဖို့ ဘုရားသခင်သည် ကရုဏာရှိစွာဆုံးဖြတ်ခဲ့သည်။ ထိုအချိန်အတောအတွင်း နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟော” သူတစ်ဦးအဖြစ်အမှုထမ်းခဲ့သည်။ (၂ ပေတရု ၂:၅) အချိန်ကုန်လွန်လာသည်နှင့်အမျှ သူတို့၏ဆိုးသွမ်းမှုရင့်မှည့်လာသည်မှာ ထင်ရှားသည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ၊ ပုပ်စပ်လျက်ရှိသည်ကိုမြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြပြီ။” (ကမ္ဘာဦး ၆:၃၊ ၁၂) သူတို့၏ ‘အပြစ်စုံလင်’ လာပြီ၊ ကုန်လွန်ခဲ့သည့်အချိန်က သူတို့၏မှားယွင်းသောစိတ်တိမ်းညွှတ်မှုများကို အဆုံးစွန်သို့ရောက်စေခဲ့ပြီဖြစ်သည်။ ဘုရားသခင်စီရင်သည့်အခါ ကိုယ်တော်သည် အမှန်ပင်တရားမျှတတော်မူ၏။ ဘုရားသခင့်မျက်မှောက်တွင် လူရှစ်ဦးသာဖြောင့်မတ်ခဲ့ပြီး သူတို့ကိုကိုယ်တော်ကယ်တင်ခဲ့သည်။
အလားတူပုံစံကို ဣသရေလလူမျိုးနှင့် ဘုရားသခင့်ဆက်ဆံပုံ၌တွေ့ရသည်။ သစ္စာမရှိ၊ အကျင့်ပျက်သည့်လမ်းစဉ်လိုက်နေကြလင့်ကစား ဘုရားသခင်သည် နှစ်ပေါင်းရာနှင့်ချီ၍ သူတို့ကိုသည်းခံခဲ့၏။ မှတ်တမ်းကဤသို့ဆိုသည်– “ထာဝရဘုရားသည် မိမိလူမျိုး . . . ကိုသနားသောကြောင့်၊ . . . အထပ်ထပ်စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ ဘုရားသခင်၏တမန်တို့ကိုပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် . . . သောကြောင့်၊ ထာဝရဘုရား၏အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကိုထွက်” တော်မူ၏။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆) လူတို့သည် ပြုပြင်၍မရနိုင်တော့သည့်အထိ ကမ်းကုန်အောင် ဆိုးသွမ်းနေကြသည်။ ယေရမိနှင့်အခြားအနည်းငယ်ကိုသာ ကယ်တင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ကျန်သူတို့ကိုတရားစီရင်သည့်အခါ ဘုရားသခင်မတရားသဖြင့်ပြုသည်ဟုမဆိုနိုင်ပါ။
ဘုရားသခင်စီရင်မည့်အချိန်ရောက်ပြီ
ဤဥပမာများမှ ကျွန်ုပ်တို့သိနိုင်သည်မှာ ဘုရားသခင်သည် အချိန်တန်သည့်အထိသာ လက်ရှိအစီအစဉ်စနစ်ကို တရားမစီရင်ဘဲထားခြင်းဖြစ်သည်။ ယင်းကို ဘုရားသခင်၏ပုံဆောင်စီရင်ပိုင်ခွင့်ရှိသူအား ပေးခဲ့သည့်အမိန့်၌ဖော်ပြထားသည်– ‘သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီး၏စပျစ်သီးပြွတ်တို့ကိုရိတ်လော့။ အသီးမှည့်ပြီ’ ဟုပြောဆို၏။ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကိုမြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ၊ ဘုရားသခင်၏အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ချလေ၏။” လူသားတို့၏ဆိုးသွမ်းမှု “မှည့်ပြီ”၊ တစ်နည်းအားဖြင့် ပြုပြင်၍မရနိုင်သည့်အထိဖြစ်နေပြီကို သတိပြုပါ။ ဘုရားသခင်တရားစီရင်သည့်အခါ ကိုယ်တော်၏ကြားဝင်မှုသည် တရားသဖြင့်ဖြစ်ကြောင်း သံသယရှိစရာလိုမည်မဟုတ်ပါ။—ဗျာဒိတ် ၁၄:၁၈၊ ၁၉။
အထက်ပါအချက်တို့ကိုသုံးသပ်ကြည့်ရာ အတိတ်က ဘုရားသခင်တရားစီရင်ရန်ဖြစ်စေခဲ့သည့် စရိုက်များကို ဤလောကထင်ရှားပြနေသောကြောင့် လောကကိုဘုရားသခင့်တရားစီရင်ချက်ချရမည့်အချိန်နီးသည်မှာ ရှင်းနေပါသည်။ မြေကြီးသည် နောဧခေတ်ရေလွှမ်းမိုးခြင်းမတိုင်မီကအတိုင်းပင် နေရာတိုင်းတွင် အကြမ်းဖက်မှုဖြင့်ပြည့်လျက်ရှိသည်။ လူ့သဘောထားများသည် ကမ္ဘာဦး ၆:၅ ၌ဖော်ပြထားသည်နှင့် သာ၍သာ၍တူလာသည်– “သူ [လူ] ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိ” ၏။ ခါနာန်လူမျိုးတို့အပေါ် ဘုရားသခင်စီရင်ချက်ချမှတ်ခဲ့ရသည့် အလွန်ဆိုးသည့်အပြစ်များပင် ယခုအခါ အဆန်းမဟုတ်တော့ပေ။
အထူးသဖြင့် ပထမကမ္ဘာစစ်မှစ၍ လူသားတို့သည် ထိတ်လန့်ဖွယ်ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ကြပြီ။ မြေကြီးသည် သန်းပေါင်းများစွာသောသူတို့၏အသွေးနှင့် ရွှဲနစ်လျက်ရှိသည်ကို မြင်ခဲ့ရပြီ။ စစ်မက်၊ အမျိုးဖြုတ်သတ်ဖြတ်မှု၊ အကြမ်းဖက်ဝါဒ၊ ရာဇဝတ်မှုနှင့် မတရားမှုတို့သည် ကမ္ဘာချီဖြစ်ပွားခဲ့ပြီ။ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါနှင့် အကျင့်ယိုယွင်းခြင်းတို့က ကျွန်ုပ်တို့ကမ္ဘာကို ခြိမ်းခြောက်ခဲ့ပြီ။ “ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုဆိုခဲ့သော ဆိုးသွမ်းသည့်လူမျိုးဆက်အလယ်တွင် ယခုကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း အထောက်အထားအားလုံးက ဖော်ပြသည်။ (မဿဲ ၂၄:၃၄) ယခုအခါ ကမ္ဘာမြေကြီးသည် ယင်း၏ “အပြစ်” အတိုင်းအတာကို ပြည့်အောင်ဖြည့်လျက်ရှိသည်။ “မြေကြီး၏စပျစ်သီးပြွတ်” တို့သည် ရိတ်သိမ်းဖို့ရင့်မှည့်လာပြီ။
သင်လုပ်ဆောင်ရမည့်အချိန်
တရားစီရင်ချိန်နီးလာသည်နှင့် ရင့်မှည့်သောအရာနှစ်မျိုးရှိမည်ဟုရေးသားရန် တမန်တော်ယောဟန်မှာကြားခံခဲ့ရသည်။ တစ်ဖက်တွင် “မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။” သို့သော် အခြားတစ်ဖက်တွင်မူ “ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာဒိတ် ၂၂:၁၀၊ ၁၁) ဤဒုတိယလုပ်ဆောင်ချက်သည် ယေဟောဝါသက်သေများကျင်းပလျက်ရှိသည့် ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းနှင့် ဆက်စပ်လျက်အကောင်အထည်ပေါ်နေသည်။ ထိုလုပ်ငန်း၏ရည်ရွယ်ချက်မှာ ထာဝရအသက်ရထိုက်သောသူများတွင်ပါဝင်နိုင်ဖို့ လူတို့အားဘုရားသခင်တောင်းဆိုရာများကို သွန်သင်ပေးရန်ဖြစ်သည်။ ဤလုပ်ဆောင်မှုသည် ယခုအခါ နိုင်ငံပေါင်း ၂၃၃ ရှိ အသင်းတော် ၈၇,၀၀၀ ခန့်သို့ ရောက်ရှိနေပြီ။
ဘုရားသခင်သည် နှေးတော်မမူပါ။ ကိုယ်တော်၏ကတိတော်များကို လူတို့ခံစားရရန် “လူသစ်ကိုယူတင်ဝတ်ဆောင်” ဖို့လိုအပ်သောအချိန်ကို စိတ်ရှည်စွာခွင့်ပြုထားသည်။ (ဧဖက် ၄:၂၄) မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေများ အဆက်မပြတ်ဆိုးလာသည့်ကြားမှ ဘုရားသခင်သည် စောင့်ဆိုင်းဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ထာဝရအသက်သို့ပို့ဆောင်သော အသိပညာကို မိမိတို့အိမ်နီးချင်းများထံဝေမျှရန် သူတို့တတ်နိုင်သမျှလုပ်ဆောင်နေကြသည်။ (ယောဟန် ၁၇:၃၊ ၁၇) နှစ်စဉ် လူပေါင်း ၃၀၀,၀၀၀ ကျော်တို့သည် တုံ့ပြန်လျက်ရှိပြီး နှစ်ခြင်းခံခဲ့ကြသည်မှာ ဝမ်းသာစရာပင်။
ထာဝရအသက်ကိုရှုမျှော်လျက် ယခုအချိန်သည် စောင့်ဆိုင်းချိန်မဟုတ်ဘဲ လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။ အကြောင်းမူကား များမကြာမီ “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်” ဟူသော ယေရှုကတိတော်၏ပြည့်စုံချက်ကို ကျွန်ုပ်တို့တွေ့မြင်ကြရပါလိမ့်မည်။—ယောဟန် ၁၁:၂၆။
[အောက်ခြေမှတ်ချက်များ]
a သည်စောန်စီနိုကူမက်ရှ်တွင် ဤအခန်းငယ်၏အောက်ခြေမှတ်ချက်၌ ဤသို့ဖော်ပြသည်– “နှင်ထုတ်ထိုက်ရန် လူမျိုးတစ်မျိုး၏အပြစ် မပြည့်စုံမချင်း သူတို့ကိုဘုရားသခင်အပြစ်မပေးသောကြောင့်ဖြစ်၏။”
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင်၏စီရင်ပိုင်ခွင့်ရှိသူသည်မြေကြီး၏စပျစ်သီးပြွတ် ရင့်မှည့်လာသောအခါတံစဉ်ကိုလွှတ်ရန် မိန့်မှာခံရ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည်ဘုရားသခင့်ထာဝရကောင်းချီးခံစားစေရန် လူတို့ကိုကူညီပေးနေကြ