ယုံကြည်စိတ်ချထိုက်သောတင်ကူးဟောကြားချက်များရှာပုံတော်
မဟာအလက်ဇန္ဒားဟု လူတို့သိကြသည့် မက်ဆီဒိုးနီးယားဘုရင်သည် ဘီ.စီ.အီး. ၃၃၆ တွင် နန်းတက်ပြီးမကြာမီ ဂရိအလယ်ပိုင်းရှိ ဒဲလ်ဖီနတ်ကွန်းသို့သွားခဲ့၏။ အနာဂတ်နှင့်ပတ်သက်သည့် သူ၏ကြီးမားသောပန်းတိုင်များမှာ ထိုခေတ်မှကမ္ဘာကိုလွှမ်းမိုးရန်ဖြစ်သည်။ သို့သော် သူ၏ကြီးမားလှသောလုပ်ငန်းအောင်မြင်မည်ဟုဆိုသော နတ်ဘုရား၏အာမခံချက်ကိုရရှိလိုခဲ့သည်။ ဒဏ္ဍာရီအရ ဒဲလ်ဖီသို့သူသွားသည့်နေ့တွင် ပုရောဟိတ်နှင့်တိုင်ပင်ခွင့်မရခဲ့ချေ။ ဟောကြားချက်တစ်ခုမရဘဲ ပြန်မသွားလိုသည့် အလက်ဇန္ဒားသည် ဟောကိန်းတစ်ခုထုတ်ရန် ပုရောဟိတ်မအား အတင်းအကျပ်တောင်းဆိုခဲ့သည်။ စိတ်ပျက်ပျက်နှင့် ပုရောဟိတ်မက “ကလေးရယ်၊ မင်းဟာအင်အားကြီးလှပါကလား!” ဟုပြောလိုက်သည်။ ငယ်ရွယ်သောဘုရင်က ယင်းကို စစ်ဆင်ရေးအောင်ပွဲခံမည့် နိမိတ်ကောင်းတစ်ခုအဖြစ် ယူမှတ်ခဲ့သည်။
သို့ရာတွင် အလက်ဇန္ဒားသည် ဒံယေလကျမ်းစာစောင်၌ပါသော ပရောဖက်ပြုချက်များကို ကြည့်ရှုစစ်ဆေးခဲ့မည်ဆိုလျှင် သူ၏စစ်ဆင်ရေး၏ရလဒ်ကို သာ၍ကောင်းစွာသိရှိခဲ့ပေမည်။ ၎င်းတို့က သူ၏လျှပ်တစ်ပြက်အောင်ပွဲဆင်မှုများကို ထူးခြားတိကျစွာ ကြိုဟောထားသည်။ နောက်ဆုံးတွင် မိမိနှင့်ပတ်သက်၍ ဒံယေလမှတ်တမ်းတင်ခဲ့ရာကို အလက်ဇန္ဒားသိသွားသည်ဟု ထုံးတမ်းစဉ်လာကဆိုသည်။ ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်၏အဆိုအရ ယေရုရှလင်မြို့သို့ မက်ဆီဒိုးနီးယားဘုရင် ဝင်ရောက်လာသောအခါ ဒံယေလ၏ပရောဖက်ပြုချက်—ဒံယေလအခန်းကြီး ၈ ဟုယူဆရသည်—ကိုသူ့အားပြခဲ့ကြသည်။ (ဒံယေလ ၈:၅-၈၊ ၂၁၊ ၂၂) အများအဆိုအရ ယင်းကြောင့် အလက်ဇန္ဒား၏အဖျက်စွမ်းအားကြီးသောစစ်တပ်သည် မြို့တော်ကိုချမ်းသာပေးခဲ့ခြင်းဖြစ်သည်ဟုဆို၏။
မွေးရာပါလူ့လိုအပ်ချက်
ရှင်ဘုရင်ဖြစ်စေ၊ သာမန်လူဖြစ်စေ၊ ရှေးခေတ်ဖြစ်စေ၊ မျက်မှောက်ခေတ်ဖြစ်စေ—လူတို့သည် အနာဂတ်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချထိုက်သည့် တင်ကူးဟောကြားချက်များ ရရှိလိုကြသည်။ အသိဉာဏ်ရှိသူများအနေနှင့် လူသည် အတိတ်ကိုလေ့လာကြ၏၊ ပစ္စုပ္ပန်ကိုသတိပြုကြ၏၊ အထူးသဖြင့် အနာဂတ်ကိုစိတ်ဝင်စားကြ၏။ သင့်လျော်စွာဖြင့် တရုတ်စကားပုံတစ်ခုက ဤသို့ဆိုသည်– “အမှုများကို သုံးရက်ကြိုသိမြင်နိုင်သူသည် နှစ်ထောင်ပေါင်းများစွာ ချမ်းသာကြွယ်ဝလိမ့်မည်။”
နှစ်များတစ်လျှောက် သန်းပေါင်းများစွာသောသူတို့သည် မြင့်မြတ်ရာအဖြစ် သူတို့ယူမှတ်ရာနှင့် ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် အနာဂတ်ကိုစူးစမ်းဖို့ ကြိုးပမ်းခဲ့ကြပြီ။ သာဓကတစ်ခုအနေနှင့် ရှေးခေတ်ဂရိလူမျိုးများကိုကြည့်ပါ။ သူတို့တွင် ဒဲလ်ဖီ၊ ဒဲလော့စ်နှင့် ဒဒိုးနာအစရှိသော နတ်ကွန်းများစွာရှိခဲ့သည်၊ ထိုတွင် နိုင်ငံရေးနှင့် စစ်ရေးကိစ္စများသာမက ခရီးသွားခြင်း၊ အိမ်ထောင်ရေးနှင့် သားရေးသမီးရေးကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို သိရှိဖို့ရန် ၎င်းတို့၏ဘုရားများကိုမေးမြန်းကြသည်။ ရှင်ဘုရင်များနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသာမက လူအမျိုးအနွယ်လိုက်၊ မြို့နယ်လိုက် ဤနတ်ဝင်သည်များမှတစ်ဆင့် နာမ်ဝိညာဉ်ဘုံမှလမ်းညွှန်မှုကို ရှာယူခဲ့ကြပြီ။
ပါမောက္ခတစ်ဦး၏အဆိုအရ ယခုအခါ “အနာဂတ်ကို အဓိကလေ့လာသည့်အဖွဲ့အစည်းများ ရုတ်တရက်တိုးများလာသည်။” သို့တိုင် လူအများသည် တိကျမှန်ကန်သော ပရောဖက်ပြုချက်၏ တစ်ခုတည်းသောရင်းမြစ်ဖြစ်သည့် သမ္မာကျမ်းစာကိုကား လျစ်လျူရှုလိုကြသည်။ ကျမ်းစာပရောဖက်ပြုချက်များတွင် သူတို့ရှာဖွေနေသော သတင်းအချက်အလက်များပါဝင်နိုင်ဖွယ်ရှိကြောင်းကို သူတို့တမင်သက်သက်ငြင်းပယ်ကြသည်။ ပညာရှင်အချို့ဆိုလျှင် ကျမ်းစာပရောဖက်ပြုချက်ကို ရှေးပုရောဟိတ်များ၏ တင်ကူးဟောကြားချက်များနှင့် တန်းတူထားသည့်အထိပင်ဖြစ်သည်။ ထို့ပြင် မျက်မှောက်ခေတ်တွင် သံသယဝင်သူများသည် ကျမ်းစာပရောဖက်ပြုချက်ကို များသောအားဖြင့် ဆန့်ကျင်ဘက်ပြုလိုစိတ်ရှိကြသည်။
သင်ကိုယ်တိုင် ကျမ်းစာမှတ်တမ်းကိုဆန်းစစ်ကြည့်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ကျမ်းစာပါတင်ကူးဟောကြားချက်နှင့် လူ့ဟောကိန်းများကို အသေအချာနှိုင်းယှဉ်ကြည့်သောအခါ အဘယ်အရာပေါ်လွင်သနည်း။ ကျမ်းစာပရောဖက်ပြုချက်ကို ရှေးခေတ်မှဟောကိန်းများထက် ယုံကြည်စိတ်ချနိုင်သလော။ ထို့ပြင် သင့်ဘဝကို ကျမ်းစာပရောဖက်ပြုချက်များပေါ် ယုံကြည်စိတ်ချစွာ တည်ဆောက်နိုင်သလော။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက အလက်ဇန္ဒား၏လျှပ်တစ်ပြက်အောင်ပွဲများအကြောင်း ကြိုဟောထား
[Credit Line]
Cortesía del Museo del Prado, Madrid, Spain
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မဟာအလက်ဇန္ဒား
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
Musei Capitolini, Roma
[Picture Credit Line on page 2]
COVER: General Titus and Alexander the Great: Musei Capitolini, Roma