၂၀၀၀—ထူးခြားသောနှစ်လော
သက္ကရာဇ် ၂၀၀၀ နှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားပါသလော။ အနောက်တိုင်းနိုင်ငံများ၌ နေထိုင်ကြသူတို့သည် ယင်းကို တတိယထောင်စုနှစ်၏ ပထမဆုံးနှစ်အဖြစ် အများအားဖြင့် ရှုမြင်ကြသည်။ ၎င်းကိုဂုဏ်ပြုပွဲကျင်းပဖို့ အကြီးအကျယ်ပြင်ဆင်နေကြ၏။ ထောင်စုနှစ်သစ်ဝင်စပြုချိန်အထိ စက္ကန့်လျော့ရေတွက်ဖို့ ကြီးမားသည့်လျှပ်စစ်နာရီများကို တပ်ဆင်ထားကြသည်။ နှစ်သစ်အကြိုပွဲတော်အတွက် ကပွဲများကိုစီမံလျက်ရှိသည်။ ထောင်စုနှစ်အဆုံးပိုင်းကြော်ငြာဆောင်ပုဒ်များပါသည့် တီရှပ်များကို ကျေးလက်ဒေသစတိုးဆိုင်များ၌သာမက မြို့ပေါ်မှလဟာပြင်ဈေးကွက်များတွင်လည်း လှည့်လည်ရောင်းချလျက်ရှိ၏။
ချာ့ချ်အကြီးအငယ်တို့သည် နှစ်လုံးပေါက်ကြာမည့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ကြမည်။ လာမည့်နှစ်အစောပိုင်းတွင် ပုပ်ဂျွန်ပေါလ် ၂ သည် “ရိုမန်ကက်သလစ်ချာ့ချ်၏ ထောင်စုနှစ်အခမ်းအနား” ဟုခေါ်ဆိုသည့်ပွဲကိုကျင်းပဖို့ ရိုမန်ကက်သလစ်များကို ဦးဆောင်ပေးရန် အစ္စရေးသို့သွားမည်ဆိုသည်။ လာမည့်နှစ်တွင် ဘာသာတရားကိုင်းရှိုင်းသူမှ သိလိုမြင်လိုသူ နှစ်သန်းခွဲမှ ခြောက်သန်းအထိရှိ ကမ္ဘာလှည့်ခရီးသည်များသည် အစ္စရေးသို့လည်ပတ်ရန်စီစဉ်နေကြကြောင်း ခန့်မှန်းထားသည်။
ဤမျှများလှသောသူတို့သည် အစ္စရေးသို့လည်ပတ်ရန် အဘယ်ကြောင့်စီစဉ်နေကြသနည်း။ ပုပ်ရဟန်းမင်း၏ပြောရေးဆိုခွင့်ရှိသူ ဗက်တီကန်အရာရှိ ရော်ဂျာ ကာဒီနယ်လ် အဲတ်ချယ်ကရီကဤသို့ဆိုသည်– “သက္ကရာဇ် ၂၀၀၀ ဟာ ဒီနယ်မြေမှာ ခရစ်တော်နှင့်ကိုယ်တော်ရဲ့ဘဝကို ဂုဏ်ပြုပွဲခံပေးဖို့ဖြစ်တယ်။ ဒါကြောင့် ဒီနေရာကို ပုပ်ရဟန်းမင်းလာခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။” သက္ကရာဇ် ၂၀၀၀ သည် ခရစ်တော်နှင့်မည်သို့ဆက်စပ်သနည်း။ သက္ကရာဇ် ၂၀၀၀ သည် ခရစ်တော်မွေးဖွားချိန်မှ အနှစ် ၂၀၀၀ တိတိဖြစ်သည်ဟု များသောအားဖြင့်ယူဆကြသည်။ သို့သော် ထိုသို့မှန်ပါသလော။ ကြည့်ကြပါစို့။
သက္ကရာဇ် ၂၀၀၀ သည် အချို့ဘာသာဝင်များအတွက် ပို၍ပင်အဓိပ္ပာယ်ရှိသည်။ လာမည့်နှစ်အတွင်း သို့မဟုတ် ထိုအချိန်လောက်တွင် ယေရှုသည် သံလွင်တောင်ပေါ်သို့ပြန်လာကာ ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော အာမဂေဒုန်စစ်ပွဲကို မေဂိဒ္ဒေါချိုင့်၌ဆင်နွှဲမည်ဟု သူတို့ယုံကြည်ကြ၏။ (ဗျာဒိတ် ၁၆:၁၄-၁၆) ဤအဖြစ်အပျက်များကိုမြော်မှန်း၍ ယူ.အက်စ်. နိုင်ငံသားရာပေါင်းများစွာတို့သည် မိမိတို့နေအိမ်များနှင့် ကိုယ်ပိုင်ပစ္စည်းများကိုရောင်းချကာ အစ္စရေးသို့ပြောင်းရွှေ့နေကြသည်။ အိမ်မှထွက်ခွာမသွားနိုင်သူများအတွက် ကျော်ကြားသော ယူ.အက်စ်. ဧဝံဂေလိဆရာတစ်ဦးက ယေရှုပြန်ကြွလာခြင်းကို ရုပ်မြင်သံကြားမှ—ဆေးရောင်စုံဖြင့်—ထုတ်လွှင့်ပေးမည်ဟု ကတိရှိသည်ဆို၏!
အနောက်တိုင်းနိုင်ငံများတွင် တတိယထောင်စုနှစ်ကို ကြိုဆိုသည့်အစီအစဉ်များကို အကြီးအကျယ်ပြုလုပ်နေကြသည်။ သို့သော် အခြားနိုင်ငံများရှိလူတို့မူ ပုံမှန်လှုပ်ရှားလျက်ပင်။ နာဇရက်မြို့သားယေရှုသည် မေရှိယဖြစ်ကြောင်း ဤသူတို့—ကမ္ဘာ့လူဦးရေအများစု—မယုံကြည်ကြချေ။ ဘီ.စီ.-အေ.ဒီ. ရက်စွဲသတ်မှတ်ပုံကိုလည်း သူတို့လက်မခံလိုကြပါ။a ဥပမာ၊ မွတ်စလင်အများသည် လာမည့်နှစ်ကို သက္ကရာဇ် ၂၀၀၀ ဟုမသတ်မှတ်ဘဲ ၁၄၂၀ အဖြစ်သတ်မှတ်သည့် ကိုယ်ပိုင်ပြက္ခဒိန်ကိုအသုံးပြုကြသည်။ မွတ်စလင်တို့သည် ပရောဖက်မိုဟာမက် မက္ကာမှ မယ်ဒီနာမြို့သို့ထွက်ပြေးသည့်ရက်စွဲမှ နှစ်ကိုရေတွက်ကြသည်။ ကမ္ဘာတစ်ဝန်းရှိလူတို့သည် ကွဲပြားခြားနားသည့်ပြက္ခဒိန် စုစုပေါင်း ၄၀ ခန့်ကိုအသုံးပြုနေကြသည်။
သက္ကရာဇ် ၂၀၀၀ သည် ခရစ်ယာန်များအတွက် အဓိပ္ပာယ်ရှိနိုင်သလော။ သက္ကရာဇ် ၂၀၀၀၊ ဇန်နဝါရီလ ၁ ရက်နေ့သည် အမှန်ပင်နေ့ထူးနေ့မြတ်လော။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဖြေဆိုပါမည်။
[အောက်ခြေမှတ်ချက်များ]
a ဘီ.စီ.-အေ.ဒီ. ရက်စွဲသတ်မှတ်သည့်စနစ်တွင်၊ ယေရှုမွေးဖွားချိန်မတိုင်မီ ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များကို “ဘီ.စီ.” နှစ်များ (ခရစ်မတိုင်မီ) ဟုသတ်မှတ်ခဲ့ကြသည်; ထိုနှစ်နောက်ပိုင်းဖြစ်ပျက်ရာများကို “အေ.ဒီ.” နှစ်များ (အန်နိုဒိုမီနီ—“ငါတို့သခင်၏နှစ်အတွင်း”) ဟုမှတ်သားဖော်ပြခဲ့ကြသည်။ သို့ရာတွင် ဗဟုသုတကြွယ်သောပညာတတ်အချို့သည် “ဘီ.စီ.အီး.” (ခေတ်သက္ကရာဇ်မတိုင်မီ) နှင့် “စီ.အီး.” (ခေတ်သက္ကရာဇ်) ဟုမှတ်သားဖော်ပြလိုကြသည်။