ယေဟောဝါသည် ကျွန်တော့်အတွက် ကရုဏာရှင်ဘုရားသခင်ဖြစ်
ဂျွန် အန္ဒရော့နီကော့စ်ပြောပြသည်
ထိုနှစ်ကား ၁၉၅၆။ ကျွန်တော်လက်ထပ်ပြီး ကိုးရက်ခန့်တွင် ဂရိမြောက်ပိုင်း၊ ကိုမီတီနီမြို့ရှိ အယူခံတရားရုံးရှေ့မှောက်၌ ကျွန်တော်ရပ်နေခဲ့ရသည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းကြောင့် ကျွန်တော်စီရင်ခံခဲ့ရသည့် ထောင်ဒဏ် ၁၂ လကိုပယ်ဖျက်ပေးမည်ဟု စောင့်မျှော်နေ၏။ အယူခံတရားရုံး၏စီရင်ချက်—ထောင်ဒဏ်ခြောက်လ—ကမျှော်လင့်စရာမရှိစေတော့ဘဲ စမ်းသပ်မှုတသီတတန်းကြီး၏အစမျှသာဖြစ်စေခဲ့သည်။ သို့သော် စမ်းသပ်မှုများတောက်လျှောက် ယေဟောဝါသည် ကျွန်တော့်အတွက် ကရုဏာရှင်ဘုရားသခင်ဖြစ်ခဲ့သည်မှာ သိသာပါသည်။
၁၉၃၁၊ အောက်တိုဘာ ၁ ရက်၊ ကျွန်တော်မွေးခဲ့တဲ့အချိန်မှာ ကျွန်တော့်မိသားစုဟာ တမန်တော်ပေါလုရဲ့ဒုတိယသာသနာပြုခရီးစဉ်မှာ သူရောက်ခဲ့တဲ့ မာကေဒေါနိပြည်က နာပေါလိဖြစ်ခဲ့တဲ့ ကာဗာလာမြို့မှာနေထိုင်ခဲ့ကြတယ်။ ကျွန်တော်ငါးနှစ်အရွယ်မှာ အမေက ယေဟောဝါသက်သေတစ်ဦးဖြစ်ခဲ့တယ်။ အမေက စာမတတ်ပေမဲ့ ဘုရားသခင်ကိုချစ်ကြောက်ရိုသေတတ်ဖို့ ကျွန်တော့်ကို အတတ်နိုင်ဆုံးသွန်သင်ပေးခဲ့တယ်။ အဖေကတော့ ဂရိသြသဒေါက်စ်ဓလေ့ထုံးစံကို ပေကပ်ကပ်စွဲကိုင်ထားတဲ့ အလွန်ရှေးရိုးစွဲသမားဖြစ်ခဲ့တယ်။ ကျမ်းစာအမှန်တရားကို လုံးလုံးစိတ်မဝင်စားတဲ့အပြင် အမေ့ကို အတိုက်အခံလုပ်ပြီး တစ်ခါတလေကြမ်းရမ်းတော့တာပဲ။
ဒါနဲ့ပဲ ကျွန်တော်ဟာ အမေ့ကိုရိုက်နှက်ဆဲဆိုပြီး ကျွန်တော်တို့ကိုပစ်ထားခဲ့တဲ့ ဖခင်လက်အောက် ကွဲပြားတဲ့အိမ်ထောင်စုမှာ ကြီးပြင်းလာခဲ့ရတယ်။ ကျွန်တော်ကလေးဘဝကတည်းက အမေဟာ ကျွန်တော်နဲ့ညီမလေးကို ခရစ်ယာန်စည်းဝေးတွေခေါ်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ၁၅ နှစ်အရွယ်မှာ လူငယ်ဘာဝရဲ့ စိတ်ဆန္ဒတွေနဲ့လွတ်လပ်လိုစိတ်ကြောင့် ယေဟောဝါသက်သေတွေနဲ့ဝေးကွာသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သစ္စာရှိတဲ့အမေကတော့ ကျွန်တော့်ကိုကူညီဖို့ မျက်ရည်စက်လက်နဲ့ အရမ်းကိုကြိုးစားခဲ့တယ်။
ကျွန်တော့်ဘဝပျက်စီးပြီး ဆင်းရဲလွန်းတဲ့အတွက် ကျွန်တော်အသည်းအသန်ဖျားပြီး သုံးလကျော်ကျော် အိပ်ရာထဲလှဲခဲ့ရတယ်။ အဲဒီအချိန်မှာ အမေ့ကိုအမှန်တရားသင်ပေးခဲ့တဲ့ အရမ်းနှိမ့်ချတဲ့ညီအစ်ကိုက ကျွန်တော်ဟာ ဘုရားသခင်ကိုစိတ်ရင်းမှန်နဲ့ချစ်တယ်ဆိုတာကိုသိခဲ့တယ်။ ကျွန်တော့်ကို ဝိညာဉ်ရေးပြန်ကောင်းလာအောင် ကူညီပေးနိုင်မယ်လို့ သူထင်ခဲ့တယ်။ တခြားသူတွေက “ဂျွန်အတွက်နဲ့ မင်းရဲ့အချိန်တွေဖြုန်းမနေနဲ့; သူ့ဘဝကိုဘယ်တော့မှပြင်မှာမဟုတ်ဘူး” လို့ သူ့ကိုပြောခဲ့ကြတယ်။ ဒါပေမဲ့ ဒီညီအစ်ကိုရဲ့စိတ်ရှည်မှုနဲ့ဇွဲကြောင့် အသီးသီးခဲ့တယ်။ ကျွန်တော့်အသက် ၂၁ နှစ် ၁၉၅၂၊ ဩဂုတ် ၁၅ ရက်နေ့မှာ ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးကြောင်းကို နှစ်ခြင်းခံပြီးပြခဲ့တယ်။
လက်ထပ်ထားခါစနှင့်ထောင်၌
နောက်သုံးနှစ်ကြာတော့ ထူးခြားတဲ့အရည်အချင်းတွေရှိပြီး ဝိညာဉ်ရေးစိတ်ထားပြည့်ဝတဲ့ ညီအစ်မမာသာကို သိကျွမ်းလာပြီး မကြာခင်မှာ ကျွန်တော်တို့စေ့စပ်ခဲ့ကြတယ်။ တစ်နေ့ကျတော့ မာသာက “ဒီနေ့ တစ်အိမ်မှတစ်အိမ်ဟောပြောဖို့ ကျွန်မစီစဉ်ထားတယ်။ ကျွန်မနဲ့အတူလိုက်ချင်သလား” လို့ပြောတဲ့အခါ ကျွန်တော်တကယ်ပဲအံ့သြခဲ့တယ်။ အဲဒီအချိန်အထိ ကျွန်တော်အလွတ်သဘောပဲဟောပြောခဲ့ပြီး တစ်ခါမှ ဒီလုပ်ငန်းကိုမလုပ်ခဲ့ဖူးဘူး။ အဲဒီတုန်းက ဂရိနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ဟောပြောခြင်းလှုပ်ရှားမှုကို ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်ခဲ့ကြရတယ်။ ဒါ့ကြောင့် ခဏခဏအဖမ်းခံရ၊ တရားရုံးအမှုတွေနဲ့ရင်ဆိုင်ရတဲ့အပြင် ပြင်းထန်တဲ့ထောင်ဒဏ်လည်းခံခဲ့ကြရတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ချစ်သူရဲ့စကားကို မငြင်းဆိုနိုင်ခဲ့ပါလား!
၁၉၅၆ မှာမာသာဟာ ကျွန်တော့်ဇနီးဖြစ်လာခဲ့တယ်။ ကျွန်တော်တို့လက်ထပ်ပြီးကိုးရက်အကြာမှာ ကိုမီတီနီမြို့အယူခံတရားရုံးက ကျွန်တော့်ကိုထောင်ဒဏ်ခြောက်လချခဲ့တဲ့အချိန်ပေါ့။ အဲဒီအဖြစ်က အမေ့ရဲ့မိတ်ဆွေ ခရစ်ယာန်ညီအစ်မတစ်ယောက်ကို တစ်ခါက ကျွန်တော်မေးခဲ့တဲ့ “ကျွန်တော်ဟာ စစ်မှန်တဲ့ယေဟောဝါသက်သေတစ်ယောက်ဆိုတာ ဘယ်လိုပြရမလဲ။ ကျွန်တော့်ယုံကြည်ခြင်းကိုသက်သေပြခွင့် တစ်ခါမှမရသေးဘူး” ဆိုတဲ့စကားကို ပြန်သတိရခဲ့တယ်။ အဲဒီညီအစ်မက ကျွန်တော့်ကို ထောင်ထဲမှာလာတွေ့တဲ့အခါ အဲဒီမေးခွန်းကိုပြန်သတိပေးပြီး “အခု ယေဟောဝါကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကိုပြနိုင်ပြီ။ ဒါက ညီအစ်ကိုရဲ့တာဝန်ပဲ” လို့ပြောခဲ့တယ်။
ကျွန်တော့်ရဲ့ရှေ့နေက ငွေအာမခံနဲ့ ထောင်ကနေကျွန်တော့်ကိုထုတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ကျွန်တော်သိတဲ့အခါ ထောင်ဒဏ်ပဲကျခံလိုက်တော့မယ်လို့ သူ့ကိုပြောခဲ့တယ်။ ကျွန်တော့်ရဲ့ထောင်ဒဏ်ခြောက်လအဆုံးမှာ အကျဉ်းသားအဖော်နှစ်ယောက်က အမှန်တရားကိုလက်ခံခဲ့လို့ တကယ်ပဲဝမ်းသာခဲ့ရတယ်! နောက်နှစ်တွေအတွင်းမှာ သတင်းကောင်းအတွက် တရားရုံးအမှုတွဲအတော်များများမှာ ကျွန်တော်ပါခဲ့တယ်။
ကျွန်တော်တို့ဘယ်တော့မှယူကျုံးမရမဖြစ်ခဲ့တဲ့ ရွေးချယ်မှုများ
ကျွန်တော်ထောင်ကထွက်လာပြီး နောက်နှစ်နှစ်အကြာ ၁၉၅၉ မှာအသင်းတော်အမှုထမ်း ဒါမှမဟုတ် ဦးစီးကြီးကြပ်မှူးအဖြစ် အမှုထမ်းခဲ့တယ်၊ နောက်တော့ အသင်းတော်အကြီးအကဲတွေအတွက် ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်း သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့ကျွန်တော့်မိသားစုစားဝတ်နေရေးဖူလုံစေမယ့် ပြည်သူ့ဆေးရုံမှာ အမြဲတမ်းဝန်ထမ်းအလုပ်ကို ကမ်းလှမ်းခံခဲ့ရတယ်။ ဘာကိုကျွန်တော်ရွေးသင့်သလဲ။ အဲဒီဆေးရုံမှာ အစမ်းခန့်ကာလ သုံးလအထိလုပ်ခဲ့ပြီး ကျွန်တော့်ရဲ့လုပ်ဆောင်မှုကို ဆေးရုံအုပ်က ကျေနပ်အားရခဲ့တယ်။ ဒါပေမဲ့ သင်တန်းတက်ဖို့ဖိတ်ခေါ်ခံရတဲ့အခါမှာ လစာမဲ့ခွင့်ယူဖို့တောင်ခွင့်မပေးခဲ့ဘူး။ ဝေခွဲရခက်နေတာကို ဆုတောင်းစဉ်းစားပြီးတဲ့နောက် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားမယ်လို့ ဆုံးဖြတ်ပြီး အဲဒီအလုပ်ကိုငြင်းလိုက်တယ်။—မဿဲ ၆:၃၃။
အဲဒီအချိန်မှာပဲ ခရိုင်ကြီးကြပ်မှူးနဲ့တိုက်နယ်ကြီးကြပ်မှူးတို့က ကျွန်တော့်အသင်းတော်ကို လည်ပတ်လာကြတယ်။ ဂရိသြသဒေါက်စ်ဓမ္မဆရာနဲ့အာဏာပိုင်တွေရဲ့ ဆန်ကျင့်မှုကြောင့် စည်းဝေးတွေကို ကိုယ်ပိုင်အိမ်တွေမှာ တိတ်တဆိတ်ကျင်းပခဲ့ရတယ်။ စည်းဝေးတစ်ခုပြီးတော့ ခရိုင်ကြီးကြပ်မှူးက ကျွန်တော့်ဆီလာပြီး အချိန်ပြည့်အမှုဆောင်ဖို့ စဉ်းစားဖူးသလားလို့မေးခဲ့တယ်။ ကျွန်တော်နှစ်ခြင်းခံပြီးကတည်းက အဲဒီလိုအမှုဆောင်ချင်တဲ့စိတ်ရှိခဲ့တဲ့အတွက် သူ့အကြံပေးချက်က ကျွန်တော့်နှလုံးကိုထိမိခဲ့တယ်။ ဒါနဲ့ “ကျွန်တော်အရမ်းလုပ်ချင်တယ်” လို့ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ သမီးတစ်ယောက်ရနေလို့ တာဝန်ထပ်တိုးလာတယ်။ “ယေဟောဝါကိုယုံကြည်ကိုးစားပါ။ ညီအစ်ကိုရဲ့အစီအစဉ်ဖြစ်မြောက်အောင် ကူညီပေးလိမ့်မယ်” လို့အဲဒီညီအစ်ကိုကပြောခဲ့တယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ရဲ့မိသားစုတာဝန်တွေ မပျက်ကွက်ဘဲ အရှေ့ပိုင်းမက်စီဒိုးနီးယားမှာ အထူးရှေ့ဆောင်—တစ်နိုင်ငံလုံးမှာ အထူးရှေ့ဆောင်ငါးယောက်ထဲကတစ်ယောက်—အဖြစ် ၁၉၆၀၊ ဒီဇင်ဘာလမှာ စတင်အမှုဆောင်ဖို့ ကျွန်တော်တို့ရဲ့အခြေအနေကို ကျွန်တော်တို့ဇနီးမောင်နှံညှိနှိုင်းနိုင်ခဲ့ကြတယ်။
အထူးရှေ့ဆောင်တစ်နှစ်လုပ်ပြီးတဲ့နောက်မှာ အေသင်ဌာနခွဲရုံးက နယ်လှည့်ကြီးကြပ်မှူးလုပ်ဖို့ ကျွန်တော့်ကိုကမ်းလှမ်းခဲ့တယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ တစ်လသင်တန်းတက်ပြီး အိမ်ပြန်ရောက်လာတဲ့အချိန်၊ မာသာကို ကျွန်တော့်အတွေ့အကြုံတွေပြောပြနေတုန်းမှာပဲ မန်ဂနိမိုင်းကြီးရဲ့ဒါရိုက်ရောက်လာပြီး အိမ်ကောင်းတစ်လုံးနဲ့ မော်တော်ကားတစ်စီးပေးမယ့်အပြင် သန့်စင်ရေးဌာနမန်နေဂျာဖြစ်ဖို့ ငါးနှစ်စာချုပ်ချုပ်နိုင်မယ်ဆိုပြီး ကျွန်တော့်ကိုမြှူဆွယ်ခဲ့တယ်။ အကြောင်းပြန်ဖို့ နှစ်ရက်အချိန်ပေးခဲ့တယ်။ ဒီတစ်ခါလည်း လုံးဝချီတုံချတုံမဖြစ်ဘဲ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ယေဟောဝါကိုဆုတောင်းခဲ့တယ်။ (ဟေရှာယ ၆:၈) ကျွန်တော့်ဇနီးကလည်း အပြည့်အဝထောက်ခံခဲ့တယ်။ ဘုရားသခင်ကိုယုံကြည်ကိုးစားပြီး နယ်လှည့်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တယ်၊ ယေဟောဝါရဲ့ကရုဏာကြောင့် ကျွန်တော်တို့တစ်ခါမှစိတ်ဓာတ်မကျခဲ့ဘူး။
အေးအတူပူအမျှအမှုဆောင်ခြင်း
ငွေရေးကြေးရေးအခက်အခဲတွေ ရှိခဲ့ပေမဲ့လည်း ရှေ့ကိုတိုးခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့လိုအပ်ရာတွေကို ယေဟောဝါထောက်ပံ့ပေးခဲ့တယ်။ အစပိုင်းမှာတော့ အသင်းတော်တွေဆီလည်ပတ်ဖို့ မော်တော်ဆိုင်ကယ်အသေးတစ်စီးကိုအသုံးပြုခဲ့တယ်၊ မိုင် ၃၀၀ အထိခရီးသွားခဲ့တယ်။ ခဏခဏပဲ အခက်အခဲတွေကြုံတွေ့ခဲ့ရပြီး ယာဉ်တိုက်မှုတွေဖြစ်ခဲ့ရတယ်။ ဆောင်းရာသီအတွင်း အသင်းတော်တစ်ခုကနေအပြန် ရေကြီးနေတဲ့ချောင်းတစ်ခုကို ဖြစ်ကျော်နေရင်း ဆိုင်ကယ်စက်ရပ်သွားတဲ့အတွက် ဒူးအထိရေတက်လာတယ်။ ပြီးတော့ မော်တော်ဆိုင်ကယ်ဘီးပေါက်သွားခဲ့တယ်။ လေထိုးတံရှိတဲ့ တခြားခရီးသည်တစ်ယောက်က ကူညီပေးလို့အနီးဆုံးရွာကို ရောက်နိုင်ခဲ့ပြီး အဲဒီမှာ ဘီးကိုဖာနိုင်ခဲ့တယ်။ နောက်ဆုံးတော့ အရမ်းချမ်းအေးမောပန်းပြီး မနက်သုံးနာရီမှာ ခက်ခက်ခဲခဲနဲ့အိမ်ပြန်ရောက်ခဲ့တယ်။
နောက်အဖြစ်အပျက်တစ်ခုကတော့ အသင်းတော်တစ်ခုကနေ နောက်အသင်းတော်တစ်ခုကိုအသွားမှာ မော်တော်ဆိုင်ကယ်လမ်းချော်သွားလို့ ကျွန်တော့်ဒူးပြဲခဲ့တယ်။ ကျွန်တော့်ဘောင်းဘီစုတ်သွားပြီး သွေးတွေပေကုန်ရော။ ဘောင်းဘီအပိုမပါလို့ အခြားညီအစ်ကိုရဲ့ ကျွန်တော်နဲ့အရမ်းကြီးတဲ့ဘောင်းဘီကိုဝတ်ပြီး အဲဒီညနေမှာဟောပြောချက်ပေးခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ချစ်မြတ်နိုးရတဲ့ညီအစ်ကိုတွေအတွက် အမှုဆောင်ချင်တဲ့ဆန္ဒကို ဘယ်အခက်အခဲကမှ မလျော့စေနိုင်ခဲ့ဘူး။
နောက်ယာဉ်တိုက်မှုတစ်ခုမှာ ကျွန်တော်အကြီးအကျယ်ဒဏ်ရာရခဲ့တယ်၊ လက်ရော ရှေ့သွားတွေပါကျိုးကုန်တယ်။ အဲဒီအချိန်မှာ အမေရိကန်မှာနေတဲ့ သက်သေခံမဟုတ်တဲ့ကျွန်တော့်ညီမရောက်လာတယ်။ ကျွန်တော့်အတွက် မော်တော်ကားတစ်စီးဝယ်ပေးတဲ့အတွက် အဆင်ပြေလိုက်တာ! ကျွန်တော့်ရဲ့ထိခိုက်မှုအကြောင်းကို အေသင်ဌာနခွဲကညီအစ်ကိုတွေသိတဲ့အခါ သူတို့ရေးပို့တဲ့အားပေးစာထဲက အကြောင်းတစ်ခုက ရောမ ၈:၂၈၊ [သမ] ဖြစ်တယ်။ တစ်ပိုင်းကဒီလို– “ဘုရားသခင်ကို ချစ်ကြည်မြတ်နိုးသူတို့ ကောင်းကျိုးအလို့ငှာ အရာခပ်သိမ်းဝိုင်းညီပြုစုလျက်ရှိ” ၏။ အဲဒီအာမခံချက်ဟာ ကျွန်တော့်ဘဝမှာ ထပ်ခါတလဲလဲအရမ်းကိုမှန်ခဲ့ပါလား!
နှစ်လိုဖွယ်အံ့အားသင့်စရာဖြစ်ရပ်တစ်ခု
၁၉၆၃ ကတုံ့ပြန်မှုမရှိတဲ့ရွာတစ်ရွာမှာ အထူးရှေ့ဆောင်တစ်ယောက်နဲ့အတူ ကျွန်တော်အမှုဆောင်ခဲ့တယ်။ လမ်းတစ်ဖက်စီအမှုဆောင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အိမ်တစ်အိမ်ကိုကျွန်တော်တံခါးခေါက်ပြီးရုံမှာပဲ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကိုရုတ်တရက်အိမ်ထဲဆွဲသွင်းပြီး တံခါးပိတ်သော့ခတ်လိုက်တယ်။ ဘာဖြစ်မှန်းမသိဘဲ အံ့သြနေရော။ နောက်ပြီး အထူးရှေ့ဆောင်ကိုလည်း အိမ်ထဲအမြန်ဝင်ခိုင်းခဲ့တယ်။ အဲဒီနောက် အမျိုးသမီးက “တိတ်တိတ်နေ! လှုပ်တောင်မလှုပ်နဲ့!” လို့ပြောခဲ့တယ်။ ခဏအကြာမှာ အိမ်အပြင်ကနေ ရန်လိုတဲ့အသံတွေကြားခဲ့ရတယ်။ ကျွန်တော်တို့ကို လူတွေလိုက်ရှာနေတာ။ လူခြေတိတ်သွားတဲ့အခါမှ သူက “ရှင်တို့ကိုကာကွယ်ဖို့ ဒီလိုလုပ်ခဲ့ရတာ။ ရှင်တို့က ခရစ်ယာန်စစ်တွေဖြစ်တယ်ဆိုတာ ကျွန်မယုံကြည်လို့ ရှင်တို့ကိုလေးစားတယ်” လို့ပြောခဲ့တယ်။ သူ့ကို စိတ်ရင်းမှန်နဲ့ကျေးဇူးတင်တဲ့အကြောင်းပြောပြီး စာအုပ်စာတမ်းတွေပေးထားခဲ့တယ်။
နောက်ဆယ့်လေးနှစ်မှာ ဂရိနိုင်ငံကခရိုင်စည်းဝေးကြီးတစ်ခုကို ကျွန်တော်တက်နေတုန်း အမျိုးသမီးတစ်ယောက်က ကျွန်တော့်ဆီလာပြီး “ညီအစ်ကို၊ ကျွန်မကိုမှတ်မိလား။ ကျွန်မတို့ရွာမှာအမှုဆောင်ထွက်တုန်းက အတိုက်အခံလုပ်ခဲ့တဲ့လူတွေကနေ ညီအစ်ကိုကိုကာကွယ်လိုက်တဲ့အမျိုးသမီးလေ” ဆိုပြီးပြောခဲ့တယ်။ ဂျာမနီကို သူပြောင်းသွားခဲ့ပြီး ကျမ်းစာလေ့လာပြီးတဲ့နောက် ယေဟောဝါလူတွေနဲ့ပေါင်းသင်းခဲ့တယ်။ အခု သူ့မိသားစုတစ်စုလုံး အမှန်တရားမှာရှိနေကြပြီတဲ့။
အဲဒီနှစ်တွေတောက်လျှောက်မှာ “ချီးမွမ်းသောစာ” တွေရခဲ့တဲ့ကောင်းချီးကို တကယ်ပဲခံစားခဲ့ရတယ်။ (၂ ကောရိန္သု ၃:၁) ကျမ်းစာအမှန်တရားအသိပညာကိုရဖို့ ကျွန်တော်တို့ကူညီပေးခွင့်ရခဲ့တဲ့သူအတော်များများဟာ အခုဆိုရင် အကြီးအကဲတွေ၊ ခရစ်ယာန်ဓမ္မအမှုထမ်းတွေနဲ့ ရှေ့ဆောင်တွေဖြစ်ကုန်ကြပြီ။ ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းက ကျွန်တော်အမှုဆောင်ခဲ့တဲ့ တိုက်နယ်တွေမှာ ယေဟောဝါကိုဝတ်ပြုသူ လက်တစ်ဆုပ်စာကြေညာသူတွေကနေ ၁၀,၀၀၀ ကျော်အထိတိုးတက်လာတာကိုမြင်ရတာ ပီတိဖြာစရာပဲ! ဂုဏ်တင်စရာရှိသမျှဟာ ကျွန်တော်တို့ကို ကိုယ်တော်အသုံးပြုချင်သလိုအသုံးပြုခဲ့တဲ့ ကရုဏာရှင်ဘုရားသခင်ကြောင့်ပဲ။
“နာဖျား၍တုံးလုံးနေသောအခါ”
နယ်လှည့်လုပ်ငန်းလုပ်နေတဲ့နှစ်တွေအတွင်းမှာ မာသာဟာ အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ အထူးကူညီပေးခဲ့တဲ့ကူဖော်လောင်းဖက်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ ဒါပေမဲ့ ၁၉၇၆၊ အောက်တိုဘာလမှာ သူအသည်းအသန်ဖျားခဲ့ပြီး နာကျင်စရာခွဲစိတ်ကုသမှုခံခဲ့ရရှာတယ်။ နောက်ဆုံးမှာ ကိုယ်အောက်ပိုင်းသေသွားပြီး ဘီးတပ်ကုလားထိုင်သုံးနေရတယ်။ ကုန်ကျစရိတ်နဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ကျွန်တော်တို့ဘယ်လိုဖြေရှင်းနိုင်ခဲ့သလဲ။ ယေဟောဝါကိုယုံကြည်ကိုးစားတဲ့အတွက် ကိုယ်တော်ရဲ့မေတ္တာပါရက်ရောတဲ့လက်တော်ကို ကျွန်တော်တို့တစ်ခါပြန်ပြီးခံစားခဲ့ရတယ်။ မက်စီဒိုးနီးယားမှာအမှုဆောင်ဖို့ ကျွန်တော်ထွက်သွားတဲ့အခါ မာသာဟာ ကာယပိုင်းဆိုင်ရာဆေးကုဖို့ အေသင်မြို့က ညီအစ်ကိုတစ်ယောက်ရဲ့အိမ်မှာ နေရစ်ခဲ့တယ်။ “ကျွန်မနေကောင်းပါတယ်။ အလုပ်ဆက်လုပ်သွားပါ၊ ကျွန်မသွားနိုင်လာနိုင်တဲ့အခါကျရင် ဘီးတပ်ကုလားထိုင်နဲ့လိုက်ခဲ့မယ်” လို့ကျွန်တော့်ကိုဖုန်းနဲ့ အားပေးပြောဆိုခဲ့တယ်။ အဲဒီလို သူတကယ်ပဲလုပ်ခဲ့တယ်။ ဗေသလက ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကိုတွေက အားပေးစာတွေ ရေးပို့ကြတယ်။ “သူသည် နာဖျား၍တုံးလုံးနေသောအခါ၊ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်” ဆိုတဲ့ ဆာလံ ၄၁:၃ ကစကားတွေကို မာသာမကြာခဏသတိရစရာအကြောင်းပေါ်ခဲ့တယ်။
ဒီကျန်းမာရေးပြဿနာတွေကြောင့် ကျွန်တော်တို့ချစ်သမီးရဲ့မိသားစုအနား၊ ကာဗာလာမြို့မှာ အထူးရှေ့ဆောင်အဖြစ်နေထိုင်ရင် သင့်တော်လိမ့်မယ်လို့ ၁၉၈၆ မှာဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ချစ်စွာသောမာသာဟာ လွန်ခဲ့တဲ့မတ်လမှာ အဆုံးထိသစ္စာရှိပြီးကွယ်လွန်ခဲ့တယ်။ သူ မသေခင်က “နေကောင်းလား” လို့ညီအစ်ကိုတွေကမေးရင် သူက “ကျွန်မ ယေဟောဝါနဲ့တရင်းတနှီးရှိတဲ့အတွက် နေကောင်းပါတယ်” လို့အမြဲပြန်ဖြေခဲ့တယ်။ ကျွန်တော်တို့စည်းဝေးတွေအတွက် ပြင်ဆင်တဲ့အခါ၊ ရိတ်သိမ်းစရာများတဲ့ ဒေသတွေမှာအမှုဆောင်ဖို့ နှစ်လိုဖွယ်ဖိတ်ကြားချက်တွေ ရရှိတဲ့အခါ မာသာပြောတတ်တာက “အကူအညီအရမ်းလိုအပ်နေတဲ့နေရာမှာ သွားအမှုဆောင်ကြစို့လားဂျွန်” တဲ့။ သူ့ရဲ့ထက်သန်တဲ့စိတ်က တစ်ခါမှမပျောက်ခဲ့ဘူး။
လွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်က ကျွန်တော်လည်း ကျန်းမာရေးပြဿနာ အကြီးအကျယ်ရင်ဆိုင်ခဲ့ရတယ်။ ၁၉၉၄၊ မတ်လမှာ သေနိုင်တဲ့နှလုံးရောဂါရှိတယ်လို့သိခဲ့ရပြီး ခွဲစိတ်ကုသခံခဲ့ရတယ်။ စိုးရိမ်ရတဲ့အချိန်တစ်လျှောက်လုံးမှာ ယေဟောဝါရဲ့မေတ္တာပါလက်တော်ရဲ့ထောက်မမှုကိုရရှိခဲ့တယ်။ အထူးဆောင်ကနေ ကျွန်တော်ထွက်ပြီးတဲ့နောက် ကျွန်တော့်ရဲ့ကုတင်ဘေးမှာ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်တောင်းပေးတဲ့ ဆုတောင်းချက်ရယ်၊ အမှန်တရားကို စိတ်ဝင်စားခဲ့တဲ့ လူနာလေးယောက်နဲ့အတူ ဆေးရုံကကျွန်တော့်အခန်းထဲမှာ ကျွန်တော်ဦးဆောင်ကျင်းပပေးခဲ့တဲ့ သတိရအောက်မေ့ပွဲကိုပါ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။
ယေဟောဝါသည် ကျွန်ုပ်တို့၏ထောက်မရှင်ဖြစ်ခဲ့
အချိန်ကုန်မြန်ပြီး ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာ အားလျော့သွားပေမဲ့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကတော့ လေ့လာမှုနဲ့လုပ်ငန်းတော်ကြောင့် လန်းဆန်းသစ်လွင်နေဆဲပါ။ (၂ ကောရိန္သု ၄:၁၆) “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ပြောခဲ့တာ အခုဆိုရင် ၃၉ နှစ်ရှိပါပြီ။ အသက်တာတစ်လျှောက်လုံး ပျော်ရွှင်ပြီးကျေနပ်မှုအပြည့်အဝရရှိခဲ့ပါတယ်။ တစ်ခါတလေ “ဆင်းရဲငတ်မွတ်” တယ်လို့ခံစားရတာတော့အမှန်ပဲ။ ဒါပေမဲ့ “ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူဖြစ်” တယ်လို့ ယေဟောဝါကို စိတ်ချလက်ချပြောနိုင်ခဲ့ပါတယ်။ (ဆာလံ ၄၀:၁၇) ကိုယ်တော်ဟာ ကျွန်တော့်အတွက် ကရုဏာရှင်ဘုရားသခင်ဖြစ်ခဲ့တာအမှန်တကယ်ပါပဲ။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၅၆ ၌မာသာနှင့်အတူ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ကာဗာလာဆိပ်ကမ်း
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၉၇ ၌မာသာနှင့်အတူ