သူတို့သည် ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ခဲ့ကြ
စစ်မှန်သောဝတ်ပြုရေးကိုတိုးမြှင့်ရန် စေတနာအလျောက်လှူဒါန်းခြင်း
ဣသရေလလူတို့သည် ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ကိုယ်တိုင်မြင်တွေ့ ခဲ့ကြ၏။ အံ့ဖွယ်နည်းဖြင့် ပင်လယ်နီနှစ်ခြမ်းကွဲသွားသည်ကို သူတို့တွေ့ မြင်ခဲ့ကြရပြီး ခြောက်သွေ့သည့်မြေပေါ်မှ ဖြတ်သွားကြကာ အီဂျစ်စစ်တပ်၏ရန်မှလွတ်မြောက်ခွင့်ရရှိခဲ့ကြသည်။ မိမိတို့နောက်လိုက်လာသူများအပေါ် ထိုရေများကျရောက်ဖျက်ဆီးသည်ကိုလည်း ကမ်းတစ်ဖက် လုံခြုံရာမှ သူတို့စောင့်ကြည့်ခဲ့ကြသည်။ သူတို့ကို ယေဟောဝါကယ်တင်ခဲ့သည်တကား!—ထွက်မြောက်ရာ ၁၄:၂၁-၃၁။
သို့သော် ဣသရေလလူအချို့သည် သူတို့အတွက်ဘုရားသခင်ပြုခဲ့သည့်အမှုကို အရေးမထားခဲ့ကြခြင်းမှာ ဝမ်းနည်းစရာပင်။ သိနာတောင်ပေါ်၌မောရှေရှိနေစဉ် သူတို့သည် အာရုန်ကို ရွှေလက်ဝတ်ရတနာများပေး၍ ဝတ်ပြုကိုးကွယ်ဖို့ ရုပ်ပုံတစ်ခုပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ မောရှေပြန်လာသောအခါ ဤပုန်ကန်သောလူအုပ်သည် စားသောက်ကခုန်ပြီး ရွှေနွားရုပ်ကိုဦးချနေကြသည်ကို တွေ့ ခဲ့ရ၏! ယေဟောဝါ၏ညွှန်ကြားချက်အရ လူ ၃,၀၀၀ ခန့်—ပုန်ကန်ရန် အဓိကလှုံ့ဆော်သူများဖြစ်နိုင်သူတို့—သေဒဏ်စီရင်ခံခဲ့ရသည်။ ထိုနေ့တွင် ဘုရားသခင်၏လူတို့သည် ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ရန်လိုအပ်ကြောင်း အရေးကြီးသောသင်ခန်းစာတစ်ခုကို သင်ယူခဲ့ကြရသည်။—ထွက်မြောက်ရာ ၃၂:၁-၆၊ ၁၉-၂၉။
ဤအဖြစ်အပျက်ပြီးနောက် များမကြာမီ မောရှေသည် ပြောင်းရွှေ့နိုင်သော ဝတ်ပြုရာတဲတော်တစ်ခုကို ဆောက်လုပ်ရန် ဘုရားသခင့်မိန့်မှာချက်ကို ဆောင်ရွက်ဖို့အသင့်ပြင်ဆင်ခဲ့သည်။ ဤဆောက်လုပ်ရေးလုပ်ငန်းအတွက် အဖိုးကြီးသောပစ္စည်းများနှင့် ကျွမ်းကျင်သောလုပ်သားများ လိုအပ်ပေမည်။ ယင်းတို့ကို အဘယ်မှရရှိမည်နည်း။ ဤကျမ်းစာမှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
ပစ္စည်းဥစ္စာများနှင့် ကျွမ်းကျင်မှုများကိုလှူဒါန်းခြင်း
ယေဟောဝါသည် မောရှေမှတစ်ဆင့် ဣသရေလလူမျိုးတို့အား ဤသို့မိန့်မှာခဲ့သည်– “ထာဝရဘုရားအား လှူသောအလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည် . . . ထာဝရဘုရားအားလှူသောအလှူကို ဆောင်ခဲ့ကြလော့။” အဘယ်အလှူမျိုးနည်း။ မောရှေစာရင်းပြုစုထားရာများတွင် ရွှေ၊ ငွေ၊ ကြေးဝါ၊ ချည်ခင်များ၊ အထည်စများ၊ သားရေများ၊ သစ်သားနှင့် ကျောက်မျက်ရတနာများပါဝင်သည်။—ထွက်မြောက်ရာ ၃၅:၅-၉။
ထိုသို့ရက်ရောစွာလှူဒါန်းဖို့ ဣသရေလလူမျိုးတို့၌ ပစ္စည်းပိုလျှံလျက်ရှိခဲ့ကြသည်။ သူတို့အီဂျစ်ပြည်မှထွက်ခွာခဲ့သောအခါ အဝတ်တန်ဆာများနှင့်အတူ ရွှေနှင့် ငွေတန်ဆာများယူဆောင်ခဲ့ကြသည်ကို သတိရပါ။ သူတို့သည် “အီဂျစ်လူတို့ ဥစ္စာများကို သိမ်းသွားကြကုန်၏။”a (ထွက်မြောက်ရာ ၁၂:၃၅၊ ၃၆၊ သမ) မကြာသေးမီက ဣသရေလလူတို့သည် မှားယွင်းသောဝတ်ပြုမှုအတွက် ရုပ်ပုံတစ်ခုပြုလုပ်ရန် မိမိတို့၏လက်ဝတ်ရတနာများကို စေတနာအလျောက်ချွတ်ပေးခဲ့ပြီးဖြစ်သည်။ ယခု သူတို့သည် စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန်အတွက် လှူဒါန်းလိုစိတ်ပြင်းပြကြဦးမည်လော။
လူတစ်ဦးမည်မျှပေးရမည်ဟု မောရှေမသတ်မှတ်ခဲ့သကဲ့သို့ မပေးလျှင်အပြစ်ရှိသည် သို့မဟုတ် ရှက်ဖွယ်ဖြစ်သည်ဟုဆိုကာ ပေးကမ်းစေရန်မလှုံ့ဆော်ခဲ့ကြောင်းသတိပြုပါ။ ထိုသို့ပြုမည့်အစား “ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့” ကိုသာတောင်းခံခဲ့သည်။ ဘုရားသခင့်လူမျိုးတော်ကို အတင်းအကျပ်ပြုစရာမလိုဟု မောရှေယူဆခဲ့ကြောင်းထင်ရှားသည်။ လူတိုင်းသူတို့တတ်နိုင်သမျှပေးကြမည်ဟု သူယုံကြည်ထားသည်။—၂ ကောရိန္သု ၈:၁၀-၁၂ နှိုင်းယှဉ်။
သို့ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းမှာ ပစ္စည်းဥစ္စာအလှူထက်မကလိုအပ်ပေမည်။ ယေဟောဝါက ဣသရေလလူတို့ကို ဤသို့လည်းမိန့်ဆိုခဲ့၏– “သင်တို့တွင် လိမ္မာသောသူရှိသမျှတို့သည်လာ၍ . . . ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း လုပ်ရကြမည်။” မှန်ပါသည်၊ ဤဆောက်လုပ်ရေးလုပ်ငန်းအတွက် ကျွမ်းကျင်သည့်လုပ်သားများလိုအပ်နေသည်။ အမှန်ဆိုလျှင် ဤလုပ်ငန်းပြီးစီးဖို့—သစ်သားထုလုပ်သောအတတ်၊ သတ္တုထုလုပ်သောအတတ်နှင့် ကျောက်မျက်ရတနာစီခြယ်သောအတတ်အပါအဝင်—“လက်မှုပညာအတတ်အမျိုးမျိုး” လိုပေမည်။ ယေဟောဝါသည် လုပ်သားများ၏စွမ်းရည်ကို ညွှန်ကြားမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုသည် ဘုရားသခင်ကြောင့် ဖြစ်ပေလိမ့်မည်။—ထွက်မြောက်ရာ ၃၅:၁၀၊ ၃၀-၃၅; ၃၆:၁၊ ၂။
ဣသရေလလူတို့သည် သူတို့၏ပစ္စည်းဥစ္စာနှင့် ကျွမ်းကျင်မှုနှစ်မျိုးစလုံးကို ပေးဆက်ဖို့ဖိတ်ခေါ်ချက်ကို ထက်သန်စွာတုံ့ပြန်ခဲ့ကြသည်။ ကျမ်းစာမှတ်တမ်းက ဤသို့ဖော်ပြသည်– “မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစိတ်သဘောရှိသောသူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာတဲတော်လုပ်ဖို့လည်းကောင်း၊ အမှုတော်ထမ်းစရာဖို့လည်းကောင်း၊ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း ထာဝရဘုရားအားလှူသောအလှူကို ဆောင်လျက်လာကြ၏။ ကြည်ညိုသောစေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည် . . . လှူကြ၏။”—ထွက်မြောက်ရာ ၃၅:၂၁၊ ၂၂။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
ယနေ့ အလွန်ကြီးမားသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်လှူဒါန်းရာများဖြင့် ထမ်းဆောင်ခဲ့ပြီ။ ၎င်းတို့မှာ များသောအားဖြင့် ငွေကြေးဖြစ်လေ့ရှိသည်။ အခြားတစ်ဖက်တွင်မူ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများသည် မိမိတို့၏အမျိုးမျိုးသော ကျွမ်းကျင်ရာများကို ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ အစည်းအဝေးခန်းမများနှင့် ဌာနခွဲအဆောက်အဦများ ဆောက်လုပ်ဖို့ကူညီရာတွင် အသုံးပြုကြသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းမှ ဗေသလအိမ်ပေါင်းတစ်ရာကျော်တွင် ဆောင်ရွက်လျက်ရှိသည့် ကျွမ်းကျင်မှုအမျိုးမျိုးလိုအပ်သည့် လုပ်ငန်းလည်းရှိသည်။ ယင်းသို့လှူဒါန်းခဲ့ကြသော စိတ်စေတနာရှိသူအားလုံးတို့၏ ကြိုးပမ်းမှုကို ယေဟောဝါမေ့လျော့မည်မဟုတ်ကြောင်း သူတို့စိတ်ချနိုင်သည်!—ဟေဗြဲ ၆:၁၀။
ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်သူတစ်ယောက်စီနှင့်လည်း သက်ဆိုင်ပါသည်။ ဟောပြောခြင်းတွင် ဇွဲရှိစွာပါဝင်ရန် အချိန်ကိုဝယ်ယူဖို့ အားလုံးတိုက်တွန်းခံရကြသည်။ (မဿဲ ၂၄:၁၄; ဧဖက် ၅:၁၅-၁၇) အချို့က အချိန်ပြည့်ဧဝံဂေလိဟောပြောသူများအဖြစ် သို့မဟုတ် ရှေ့ဆောင်များအဖြစ် ယင်းသို့ပြုကြသည်။ အခြားသူတို့သည် အခြေအနေအမျိုးမျိုးကြောင့် ရှေ့ဆောင်တစ်ဦးအဖြစ် ဓမ္မအမှုတွင်အချိန်များများမပါဝင်နိုင်ကြချေ။ သို့ရာတွင် သူတို့သည်လည်း ယေဟောဝါ၏စိတ်တော်နှင့်တွေ့သူများဖြစ်ကြသည်။ တဲတော်အလှူများကဲ့သို့ လူတစ်ဦးစီသည် မည်၍မည်မျှပေးရမည်ဟု ယေဟောဝါမသတ်မှတ်ပါ။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့၊ ခွန်အားရှိသမျှနှင့်အမှုထမ်းကြရန် ကိုယ်တော်တောင်းဆိုတော်မူ၏။ (မာကု ၁၂:၃၀) ထိုသို့ပြုနေကြမည်ဆိုလျှင် စစ်မှန်သောဝတ်ပြုရေးကိုတိုးမြှင့်ဖို့ ကျွန်ုပ်တို့စိတ်စေတနာအလျောက် လှူဒါန်းရာများအတွက် ကိုယ်တော်ဆုချပေးမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ကြပါသည်။—ဟေဗြဲ ၁၁:၆။
[အောက်ခြေမှတ်ချက်များ]
a ယင်းသည် ခိုးယူခြင်းမဟုတ်ပါ။ ဣသရေလလူတို့သည် အီဂျစ်လူမျိုးတို့ထံမှ အကူတောင်းခဲ့ကြပြီး သူတို့ကရက်ရောစွာဖြင့် ၎င်းတို့ကိုပေးခဲ့ကြသည်။ ထို့အပြင် ဦးဆုံးအနေနှင့် အီဂျစ်လူမျိုးသည် ဣသရေလလူမျိုးကို ကျွန်ပြုပိုင်ခွင့်မရှိသောကြောင့် ဘုရားသခင့်လူမျိုးတော်ကို နှစ်ချီသည့်ပင်ပန်းသော အလုပ်ကြမ်းခပေးရန်အကြွေးတင်နေကြသည်။