စာရှုသူများထံမှမေးခွန်းလွှာ
ဒုရလွင်ပြင်၌ နေဗုခဒ်နေဇာတည်ခဲ့သော ကြီးမားလှသည့်ရုပ်တုရှေ့တွင် ဟေဗြဲလူသုံးဦး စမ်းသပ်ခံခဲ့ရချိန်၌ ဒံယေလသည် အဘယ်မှာရှိသနည်း။
ထိုသို့စမ်းသပ်ခံရချိန်တွင် ဒံယေလအဘယ်နေရာတွင်ရှိကြောင်း သမ္မာကျမ်းစာကမဖော်ပြသဖြင့် ယနေ့ မည်သူမျှ အတိအကျမပြောနိုင်ချေ။
အချို့က ဒံယေလ၏ ရာထူးအဆင့် သို့မဟုတ် နေဗုခဒ်နေဇာ၏မျက်နှာသာကိုရမှုမှာ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ထက် သာလွန်သောကြောင့် ဒံယေလသည် ဒုရလွင်ပြင်သို့သွားစရာမလိုအပ်ခဲ့ဟု ဆိုကြသည်။ ဒံယေလ ၂:၄၉ က တစ်ချိန်တွင် ဒံယေလသည် သူ၏အဖော်သုံးဦးတို့ထက် သာ၍အဆင့်မြင့်သောရာထူးရှိခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ယင်းက သူ့အား ထိုရုပ်တုရှေ့ အခြားသူတို့နှင့်အတူ စုဝေးစရာမလိုအပ်စေခဲ့ဟူသည်ကို ကျွန်ုပ်တို့ သက်သေမထူနိုင်ချေ။
ဒံယေလမရှိခဲ့ရခြင်းကို ရှင်းပြဖို့ကြိုးစားရာ၌ အခြားသူတို့က သူသည် ရပ်ဝေးတစ်နေရာရာတွင် သွားရောက်တာဝန်ထမ်းရွက်နေရခြင်းဖြစ်ပေမည် သို့မဟုတ် ဖျားနာနေသဖြင့် မတက်ရောက်နိုင်ခြင်းဖြစ်ပေမည်ဟု ပြောဆိုကြ၏။ သို့သော် သမ္မာကျမ်းစာက ထိုသို့မဆိုပေ။ မည်သို့ပင်ဖြစ်ပါစေ ဒံယေလ၏အပြုအမူကို ပြစ်တင်ဝေဖန်စရာအကြောင်း မရှိခဲ့၍ဖြစ်မည်၊ ထိုသို့ဖြစ်ခဲ့ပါမူ မနာလိုသောဗာဗုလုန်အရာရှိများသည် ယင်းကို အသုံးပြု၍ သူ့အား စွဲချက်များတင်လိမ့်မည်မှာ မလွဲဧကန်ပင်။ (ဒံယေလ ၃:၈၊ ၁၂) ဤအဖြစ်အပျက် မတိုင်ခင်နှင့် ပြီးနောက်အချိန်နှစ်ရပ်စလုံးတွင်ပင် ဒံယေလသည် တည်ကြည်ဖြောင့်မတ်သူဖြစ်ကြောင်း သက်သေထူခဲ့၏၊ မည်သည့်စိန်ခေါ်ချက်ကိုမဆို သူရင်ဆိုင်ခဲ့ရပါစေ ဘုရားသခင်အပေါ် ကျေးဇူးတော်စောင့်သိခဲ့သည်။ (ဒံယေလ ၁:၈; ၅:၁၇; ၆:၄၊ ၁၀၊ ၁၁) သို့ဖြစ်၍ သမ္မာကျမ်းစာက ဒံယေလသည် ဒုရလွင်ပြင်၌အဘယ်ကြောင့်မရှိရကြောင်း ဖော်ပြမထားသော်လည်း သူသည် အလျော့ပေးလိုက်လျောခြင်းမရှိဘဲ ယေဟောဝါဘုရားသခင်အပေါ် တည်ကြည်ခဲ့ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—ယေဇကျေလ ၁၄:၁၄; ဟေဗြဲ ၁၁:၃၃။