ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၀/၁၅ စာ. ၈-၁၃
  • ‘စာတန်ကိုဆီးတားကြလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘စာတန်ကိုဆီးတားကြလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်းခရစ်ယာန်များရှေ့ စာတန်ဆင်ခဲ့သော ကျော့ကွင်းများ
  • စာတန်၏ မျက်မှောက်ခေတ်ထောင်ချောက်များ
  • စာတန်ကို ယေရှုတားဆီးခဲ့
  • စာတန်ကိုတားဆီးရန် အပြည့်အစုံဝတ်ဆင်ထား
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၀/၁၅ စာ. ၈-၁၃

‘စာတန်ကိုဆီးတားကြလော့’

၁။ လက်ရှိလောကကို ကျွန်ုပ်တို့ အဘယ်သို့ဖော်ပြနိုင်သနည်း၊ ဝိညာဉ်တော်ဖွားများနှင့် သူတို့၏အပေါင်းပါများသည် အဘယ်ကြောင့် သတိဝီရိယရှိရမည်နည်း။

“[စာတန်] ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။”—ယာကုပ် ၄:၇။

“ဘုရားသခင်ပျောက်ကွယ်သွားပြီ၊ စာတန်မူကား ရှိနေဆဲပင်။” ပြင်သစ်စာရေးဆရာ အန်ဒရေ မာရုတ်၏ အဆိုပါစကားများသည် ကျွန်ုပ်တို့အသက်ရှင်နေသော ဤလောကနှင့် သက်ဆိုင်နိုင်တုန်းပင်ဖြစ်သည်။ လူ့လုပ်ရပ်များသည် ဘုရားသခင့်အလိုတော်ထက် စာတန်၏ပရိယာယ်များကို အမှန်ပင် ထင်ဟပ်ဖော်ပြဟန်ရှိသည်။ စာတန်သည် “မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်” လူတို့ကိုလမ်းလွဲစေလျက်ရှိသည်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) သို့သော်၊ ဤ ‘နောက်ဆုံးကာလ’ တွင် စာတန်သည် ဘုရားသခင့်ဆက်ကပ်အပ်နှံကျေးကျွန်များကို မဲပြီး “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော” ဝိညာဉ်တော်ဖွား ခရစ်ယာန်များနှင့် စစ်တိုက်နေသည်။ (၂ တိမောသေ ၃:၁; ဗျာ. ၁၂:၉၊ ၁၇) ဘုရားသခင်၏ ဤဝိညာဉ်တော်ဖွား ကျေးကျွန်များနှင့် မြေကြီးမျှော်လင့်ချက်ရှိသော သူတို့၏အပေါင်းပါများသည် သတိဝီရိယရှိဖို့လိုသည်။

၂။ ဧဝကို စာတန်မည်သို့လှည့်စားခဲ့သနည်း၊ အဘယ်အရာကိုစိုးရိမ်ကြောင်း တမန်တော်ပေါလုဖော်ပြခဲ့သနည်း။

၂ စာတန်သည် လှည့်ဖြားသူအစစ်ဖြစ်၏။ သူသည် ကလိမ်ဉာဏ်ဖြင့် မြွေတစ်ကောင်ကိုအသုံးပြုပြီး ဘုရားသခင်အား မမှီခိုဘဲ ပျော်ရွှင်မှုပိုရှိနိုင်မည်ဟု ဧဝကိုထင်မြင်စေခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆) နောက်ပိုင်း နှစ်ပေါင်းလေးထောင်ခန့်အကြာတွင် တမန်တော်ပေါလုက ကောရိန္သုမြို့ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များ စာတန်၏လှည့်ဖြားမှုခံရမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ပေါလုဤသို့ရေးသားခဲ့သည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။” (၂ ကောရိန္သု ၁၁:၃) စာတန်သည် လူတို့စိတ်ကို ယိုယွင်းစေပြီး သူတို့၏တွေးခေါ်ဆင်ခြင်မှုကို ချွတ်ချော်စေသည်။ ဧဝကို စာတန်လှည့်ဖြားခဲ့သကဲ့သို့ပင် ခရစ်ယာန်များကိုလည်း မှားယွင်းစွာ ဆင်ခြင်တွေးတောစေနိုင်၏၊ မိမိတို့၏ပျော်ရွှင်မှုသည် ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့ မကြိုက်မနှစ်သက်ရာအပေါ် မူတည်သည်ဟု ထင်မှတ်စေနိုင်ပါသည်။

၃။ စာတန်၏ရန်မှ အဘယ်ကာကွယ်မှုကို ယေဟောဝါပြင်ဆင်ပေးသနည်း။

၃ စာတန်ကို ထောင်ချောက်ဆင်သော ငှက်ခတ်သမားနှင့် နှိုင်းယှဉ်နိုင်ပါသည်၊ သူသည် အမှုမဲ့အမှတ်မဲ့နေသော သားကောင်များကို ဖမ်းတတ်၏။ ကျွန်ုပ်တို့သည် စာတန်၏ထောင်ချောက်များကိုရှောင်ရန် လုပ်ဆောင်လေသမျှ၌ ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးမှုကို အသိအမှတ်ပြုသူများအတွက် ကိုယ်တော်ပြင်ဆင်ပေးထားသော ပုံဆောင်ကာကွယ်ရာနေရာတည်းဟူသော ‘အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေထိုင်’ ရကြမည်။ (ဆာလံ ၉၁:၁-၃) “[စာတန်] ၏ပရိယာယ်တို့ကို ဆီးတားနိုင်” ဖို့ ဘုရားသခင်၏နှုတ်မြွက်စကားတော်၊ ကိုယ်တော်၏ဝိညာဉ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးသော အကာအကွယ်မှန်သမျှကို ကျွန်ုပ်တို့လိုအပ်သည်။ (ဧဖက် ၆:၁၁) “ပရိယာယ်” အတွက် ဂရိစကားလုံးကို “စဉ်းလဲသည့်လုပ်ရပ်များ” သို့မဟုတ် “လှည့်ကွက်များ” ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။ ယေဟောဝါ၏ကျေးကျွန်များကို ထောင်ချောက်ဆင်ဖမ်းဖို့ စာတန်ကြိုးပမ်းရာတွင် လှည့်ကွက်နှင့် စဉ်းလဲသည့်လုပ်ရပ်များစွာကို သူအသုံးပြုခဲ့သည်မှာသေချာသည်။

အစောပိုင်းခရစ်ယာန်များရှေ့ စာတန်ဆင်ခဲ့သော ကျော့ကွင်းများ

၄။ အစောပိုင်းခရစ်ယာန်များသည် အဘယ်ပတ်ဝန်းကျင်မျိုး၌ အသက်ရှင်ခဲ့ကြသနည်း။

၄ စီ.အီး. ပထမရာစုနှင့် ဒုတိယရာစုမှ ခရစ်ယာန်များသည် ရောမအင်ပါယာ အထွတ်အထိပ်ရောက်ချိန်၌ အသက်ရှင်ခဲ့ကြသည်။ ပက်စ်ရိုမာနာ (ရောမငြိမ်းချမ်းရေးအစီအစဉ်) သည် ရောင်းဝယ်ဖောက်ကားမှုကို ကြီးပွားတိုးတက်စေခဲ့သည်။ ဤကြီးပွားတိုးတက်မှုကြောင့် အုပ်ချုပ်သူလူတန်းစားသည် အားလပ်ချိန် အတော်အတန်ရှိပြီး ပြည်သူလူထု မပုန်ကန်စေဖို့ သူတို့အတွက် ပွဲလမ်းသဘင်များစွာ စီစဉ်ပေးခဲ့ကြသည်။ အချို့အချိန်ပိုင်းတွင် ပိတ်ရက်များသည် အလုပ်ဆင်းရသည့်ရက်နှင့်အမျှ များ၏။ ထိုခေါင်းဆောင်များသည် အစားအစာနှင့် ပြည်သူလူထု၏ဝမ်းကိုဖြည့်ပြီး ပွဲလမ်းသဘင်များဖြင့် သူတို့၏စိတ်ကိုဖျော်ဖြေရန် ပြည်သူ့ရန်ပုံငွေကို အသုံးပြုခဲ့ကြသည်။

၅၊ ၆။ (က) ခရစ်ယာန်များအတွက် ရောမပြဇာတ်ရုံများနှင့် လဟာပြင်ဇာတ်ရုံများသို့ သွားကျင့်ရှိခြင်းသည် အဘယ်ကြောင့်မသင့်လျော်ခဲ့သနည်း။ (ခ) အဘယ်လှည့်ကွက်ကို စာတန်အသုံးပြုခဲ့သနည်း၊ ယင်းကို ခရစ်ယာန်များ မည်သို့ရှောင်နိုင်သနည်း။

၅ ၎င်းအခြေအနေသည် အစောပိုင်းခရစ်ယာန်များအတွက် အန္တရာယ်ရှိစေခဲ့သလော။ တာတူလျန်ကဲ့သို့၊ တမန်တော်များခေတ်နောက်ပိုင်း အသက်ရှင်ခဲ့သော အစောပိုင်းအချိန်က စာရေးဆရာများ ရေးသားခဲ့သည့် သတိပေးချက်များကို အကဲဖြတ်ရလျှင် ထိုခေတ်မှ အပန်းဖြေမှုအများအပြားသည် ခရစ်ယာန်စစ်များ၏ ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားအတွက် အန္တရာယ်ပြုရာများနှင့် ပြည့်နှက်နေ၏။ တစ်ခုတင်ပြရလျှင် ပွဲလမ်းသဘင်များနှင့် အားကစားပြိုင်ပွဲအများစုသည် အယူမှားဘုရားများကို ဂုဏ်တင်သည့်ပွဲများဖြစ်၏။ (၂ ကောရိန္သု ၆:၁၄-၁၈) ပြဇာတ်ရုံများ၌ရှုစားရသော သူတို့၏ဂန္ထဝင်မြောက် ပြဇာတ်အများ၌ပင်လျှင် တရားလွန်အကျင့်ယိုယွင်းမှု သို့မဟုတ် သွေးထွက်သံယို အကြမ်းဖက်မှုများ ပါရှိသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ပြည်သူလူထု၏အကြိုက်သည် ဂန္ထဝင်မြောက်ရာများအစား ကိုယ်ဟန်အမူအရာဖြင့် သရုပ်ဖော်သော ညစ်ညမ်းသည့် အဆိုအကပြက်လုံးများဖြစ်လာလေသည်။ ရှေးခေတ်ရောမမြို့ရှိနေ့စဉ်ဘဝဟူသော သမိုင်းဆရာဂျရုမ်း ကာကိုပီနို၏စာအုပ်တွင် သူက ဤသို့ဆို၏– “၎င်းပြဇာတ်များတွင် ဇာတ်မင်းသမီးများသည် ဝတ်လစ်စားလစ်အခြေအနေအထိ အဝတ်အစားချွတ်ခွင့်ရှိပြီး . . . ဖောဖောသီသီ သွေးသွန်းခဲ့ကြသည်။ . . . [ဇာတ်မြူး] သည် မြို့တော်သူမြို့တော်သားများ စွဲမက်သော စဉ်းလဲဖောက်ပြန်မှုကို ကောင်းကောင်းအသုံးချ တင်ဆက်ခဲ့သည်။ သူတို့သည် ထိုပွဲများကြောင့် စိတ်မသိုးမသန့်မဖြစ်ခဲ့ကြချေ၊ အကြောင်းမှာ လဟာပြင်ဇာတ်ရုံထဲ ရှုစားခဲ့သော ထိတ်လန့်ကြောက်မက်ဖွယ် သတ်ဖြတ်မှုများသည် သူတို့၏စိတ်သဘောထားကို ထုံထိုင်းစေပြီး သူတို့၏ပင်ကိုအသိစိတ်ကို ဖောက်ပြန်စေခဲ့သည်မှာ ကြာမြင့်ပေပြီ။”—မဿဲ ၅:၂၇၊ ၂၈။

၆ လဟာပြင်ဇာတ်ရုံများတွင် ဂလယ်ဒီယေတာသူရဲကောင်းများသည် အချင်းချင်းကိုဖြစ်စေ၊ သားရဲတိရစ္ဆာန်ကိုဖြစ်စေ သေသည့်အထိ ထိုးသတ်ကြသည်၊ သို့မဟုတ် အသတ်ခံကြရသည်။ ပြစ်ဒဏ်စီရင်ခံရသော ရာဇဝတ်သားများနှင့် ခရစ်ယာန်များစွာတို့ပင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ၏အစာဖြစ်ခဲ့ကြရသည်။ ထိုအစောပိုင်းခေတ်၌ပင် စာတန့်လှည့်ကွက်မှာ အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုတို့ကို သာမန်ကိစ္စအဖြစ် ရှုမြင်စေပြီး လူကြိုက်များလာသည့်အထိ ထိုအရာများအပေါ် လူတို့၏မနှစ်မြို့စိတ်ကို ထုံထိုင်းသွားစေဖို့ဖြစ်သည်။ အဆိုပါထောင်ချောက်ကိုရှောင်ရန် တစ်ခုတည်းသောနည်းမှာ ပြဇာတ်ရုံများ၊ လဟာပြင်ဇာတ်ရုံများသို့ မသွားခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၅:၃၂၊ ၃၃။

၇၊ ၈။ (က) ခရစ်ယာန်တစ်ဦးသည် မြင်းရထားပြိုင်ပွဲများသို့သွားခြင်းသည် အဘယ်ကြောင့်ပညာမဲ့ရာရောက်မည်နည်း။ (ခ) စာတန်သည် ရောမရေချိုးကန်များအသုံးပြုပြီး ခရစ်ယာန်များကို မည်သို့ထောင်ချောက်ဆင်နိုင်ခဲ့သနည်း။

၇ အလျားရှည် အားကစားကွင်းများတွင် ကျင်းပသည့် နှစ်ဘီးတပ်မြင်းရထားပြိုင်ပွဲများသည် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့ပေမည်၊ သို့သော် ပရိသတ်သည် မကြာခဏ ကြမ်းတမ်းတတ်လာကြသောကြောင့် ထိုနေရာသည် ခရစ်ယာန်များအတွက် မသင့်တော်ခဲ့ချေ။ တတိယရာစုမှ စာရေးဆရာတစ်ဦးက ပွဲကြည့်သူအချို့သည် အချင်းချင်းထိုးကြိတ်တတ်ကြသည်ဟု ဖော်ပြခဲ့ပြီး ကာကိုပီနိုက ၎င်းအားကစားရုံ အဆောက်အဦစင်္ကြံအောက်တွင် “နက္ခတ်ဗေဒင်ဆရာများနှင့် ပြည့်တန်ဆာများ၏ လုပ်ငန်းခွင်ရှိသည်” ဟုဆို၏။ ရောမအားကစားကွင်းများသည် ခရစ်ယာန်များအတွက် လုံးဝမသင့်တော်သည်မှာ ထင်ရှား၏။—၁ ကောရိန္သု ၆:၉၊ ၁၀။

၈ ထင်ပေါ်ကျော်ကြားသည့် ရောမတို့၏ ရေချိုးကန်များကော အသို့နည်း။ သန့်ရှင်းစင်ကြယ်ဖို့ ရေချိုးခြင်းသည် အမှန်ပင်မမှားပါ။ သို့သော် ရောမရေချိုးကန်အများမှာ အနှိပ်ခန်းများ၊ အားကစားလေ့ကျင့်ခန်းများ၊ လောင်းကစားခန်းများနှင့် စားသောက်ခန်းများပါဝင်သည့် အဆောက်အဦကြီးများဖြစ်ကြသည်။ ဤရေချိုးကန်များကို သဘောတရားအရ ကျား၊ မအတွက် အချိန်သတ်မှတ် ခွဲပေးထားသော်လည်း အများအားဖြင့် အတူတူရောနှောချိုးကြခြင်းကို ခွင့်ပြုလေ့ရှိသည်။ အလက်ဇန္ဒြီးယားမြို့မှ ကလဲမင့်ကဤသို့ရေးသားခဲ့သည်– “ဤရေချိုးကန်များကို အမျိုးသားများနှင့် အမျိုးသမီးများ ရောနှောရေချိုးဖို့ ဖွင့်ပေးထားသည်; ထိုတွင် ကာမဂုဏ်လိုက်စားဖို့ ဝတ်လစ်စားလစ်နေကြ၏။” သို့ဖြင့် တရားဝင်ဖွင့်ထားသော အဆောက်အအုံတစ်ခုပင် ခရစ်ယာန်များအတွက် စာတန်အသုံးပြုသော ထောင်ချောက်တစ်ခုဖြစ်နိုင်သည်။ ပညာရှိသူများသည် အဆိုပါနေရာမျိုးကို ရှောင်ခဲ့ကြသည်။

၉။ အစောပိုင်းခရစ်ယာန်များသည် အဘယ်ထောင်ချောက်များကို ရှောင်ခဲ့ကြရသနည်း။

၉ ရောမအင်ပါယာ အထွတ်အထိပ်ရောက်ချိန်၌ လူတို့ဝါသနာအပါဆုံးကား လောင်းကစားခြင်းဖြစ်သည်။ အစောပိုင်းခရစ်ယာန်များသည် ထိုပြိုင်ပွဲကွင်းများသို့မသွားခြင်းဖြင့် မြင်းရထားပြိုင်ပွဲများ၌ အလောင်းအစားပြုခြင်းကို ရှောင်နိုင်ခဲ့ကြသည်။ တည်းခိုခန်းများနှင့် ထမင်းဆိုင်များ၏ အနောက်ခန်းများတွင်လည်း လောင်းကစားဝိုင်းငယ်များ တရားမဝင်ကျင်းပခဲ့ကြသည်။ ကစားသူများက အခြားကစားသူတစ်ဦးလက်ထဲရှိ ကျောက်စရစ်ခဲများ သို့မဟုတ် သိုးခြေဖဝါးရိုးငယ်များသည် စုံဂဏန်းလော မဂဏန်းလောဆိုသည်ကို အလောင်းအစားပြုကြသည်။ လောင်းကစားခြင်းဖြင့် ငွေလွယ်လွယ်ရနိုင်ရာ လူတို့စိတ်ကို မြူးကြွစေသည်။ (ဧဖက် ၅:၅) ထို့အပြင် အရက်ဆိုင်များတွင် အရက်တည်သည့် အမျိုးသမီးများမှာ အများအားဖြင့် ပြည့်တန်ဆာများဖြစ်ကြရာ လိင်အကျင့်ယိုယွင်းဖို့ အန္တရာယ်တိုးများစေသည်။ ၎င်းတို့မှာ ရောမအင်ပါယာ၏မြို့ကြီးပြကြီးများရှိ ခရစ်ယာန်များအတွက် စာတန်ဆင်ထားသော ထောင်ချောက်အချို့သာဖြစ်၏။ ယနေ့ကော အခြေအနေကွဲပြားခြားနားပါသလော။

စာတန်၏ မျက်မှောက်ခေတ်ထောင်ချောက်များ

၁၀။ မျက်မှောက်ခေတ်အခြေအနေသည် ရောမအင်ပါယာ၌ရှိခဲ့သော အခြေအနေများနှင့် မည်သို့ဆင်တူသနည်း။

၁၀ ရာစုနှစ်များတစ်လျှောက် စာတန်၏လှည့်ကွက်များသည် များသောအားဖြင့် မပြောင်းလဲချေ။ တမန်တော်ပေါလုသည် အကျင့်ပျက်သောကောရိန္သုမြို့နေ ခရစ်ယာန်များကို ‘စာတန် အနိုင်မယူ’ စေဖို့ သူတို့ကိုပြင်းထန်စွာဆုံးမခဲ့သည်။ “[စာတန်၏] အကြံအစည်များကို ငါတို့သိကြ၏” ဟုသူဆိုသည်။ (၂ ကောရိန္သု ၂:၁၁) ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများစွာ၏ မျက်မှောက်ခေတ်အခြေအနေသည် ရောမအင်ပါယာ အထွတ်အထိပ်ရောက်ချိန်၌ ရှိခဲ့သောအခြေအနေနှင့် ဆင်တူသည်။ တစ်ခါနှင့်မျှမတူအောင် လူအများ၏ အားလပ်ချိန်တိုးများလာသည်။ ထီဖွင့်ထားခြင်းက ဆင်းရဲသားများအတွက်ပင် မျှော်လင့်ချက်ရောင်ခြည်ရှိစေသည်။ လူတို့၏စိတ်အာရုံကိုဖမ်းစားသည့် အပေါစားအပန်းဖြေမှု အများအပြားလည်းရှိသည်။ ဥပမာ၊ အားကစားရုံများသည် လူပြည့်လျှံနေ၏၊ လူတို့ အလောင်းအစားပြုနေကြ၏၊ ပရိသတ်သည် တစ်ခါတစ်ရံ စိတ်ပေါက်ကွဲပြီး ပြင်းထန်လာတတ်ကြ၏၊ အားကစားသမားများလည်း အကြမ်းဖက်လေ့ရှိကြသည်။ ယုတ်ညံ့သောတေးဂီတကို နားမဆံ့အောင် ကြားနေရ၏၊ ပြဇာတ်စင်များသာမက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဖန်သားပြင်များပေါ်မှ ညစ်ညမ်းသည့်ပြကွက်များကို တင်ဆက်နေကြ၏။ အချို့နိုင်ငံများတွင် စော်နာခေါ် ရေနွေးငွေ့ရေချိုးခန်းများနှင့် ရေပူစမ်းများရှိပြီး ဤနေရာများ၌ ကျား၊ မရော၍ ရေချိုးခြင်းသည် ခေတ်စားသည်၊ ကမ်းခြေအချို့တွင် ဝတ်လစ်စားလစ်ရေချိုးခြင်းလည်းရှိ၏။ ခရစ်ယာန်ဘာသာ၏ အစောပိုင်းရာစုနှစ်များမှာကဲ့သို့ ယနေ့ စာတန်သည် အပန်းဖြေနည်းအမျိုးမျိုးဖြင့် ဘုရားသခင့်ကျေးကျွန်များကို ကြိုးစားသွေးဆောင်ဖြားယောင်းနေသည်။

၁၁။ စိတ်ပြေလက်ပျောက်အပန်းဖြေလိုခြင်းတွင် အဘယ်ထောင်ချောက်များရှိသနည်း။

၁၁ ဤလောကတွင် ဖိစီးမှုများသည့်အတွက် စိတ်ပြေလက်ပျောက် အပြောင်းအလဲတစ်မျိုးတစ်မည် ပြုရန်လိုအပ်သည်ဟု ယူမှတ်ကြ၏။ သို့သော် ရောမရေချိုးကန်များတွင် အစောပိုင်းခရစ်ယာန်များအတွက် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများရှိခဲ့သကဲ့သို့ အားလပ်ရက်အပန်းဖြေ အဆောက်အအုံနှင့် စခန်းအချို့သည် မျက်မှောက်ခေတ်ခရစ်ယာန်အချို့ကို အကျင့်ယိုယွင်းစေဖို့၊ သောက်ကြူးစေဖို့ စာတန်အသုံးပြုသော ထောင်ချောက်ဖြစ်ခဲ့ပြီ။ ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ ပေါလုဤသို့ရေးသားခဲ့သည်– “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။ တရားသဖြင့်နိုးကြလော့။ [မကောင်းမှု] ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကိုမသိကြ။”—၁ ကောရိန္သု ၁၅:၃၃၊ ၃၄။

၁၂။ ယနေ့ ယေဟောဝါ၏ကျေးကျွန်များကို ထောင်ချောက်ဆင်ဖို့ စာတန်အသုံးပြုသော လှည့်ကွက်အချို့ကား အဘယ်နည်း။

၁၂ စဉ်းလဲဉာဏ်ကို စာတန်အသုံးပြုပြီး ဧဝ၏အတွေးအခေါ် ပျက်ပြားစေရန် မည်သို့ပြုခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ခဲ့ကြရပြီ။ (၂ ကောရိန္သု ၁၁:၃) မျက်မှောက်ခေတ် စာတန့်ကျော့ကွင်းတစ်ခုမှာ ယေဟောဝါသက်သေများသည် အခြားသူများကဲ့သို့ဖြစ်ကြောင်း ကြိုးစားတင်ပြမည်ဆိုလျှင် ခရစ်ယာန်အမှန်တရားကို လူအချို့ကြိုက်နှစ်သက်လာလိမ့်မည်ဟု ခရစ်ယာန်များကို တွေးထင်စေခြင်းဖြစ်သည်။ သို့သော် ထိုသို့တင်ပြကြရာတွင် တစ်ခါတစ်ရံ လွန်သွားရာ ပြောင်းပြန်ဖြစ်သွား၏။ (ဟဂ္ဂဲ ၂:၁၂-၁၄) စာတန်၏လှည့်ကွက်နောက်တစ်ခုမှာ နှစ်ဘဝစံ၍ ‘ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေ’ ရန် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်လူကြီး၊ လူငယ်များကို အားပေးခြင်းဖြစ်သည်။ (ဧဖက် ၄:၃၀) ခရစ်ယာန်အချို့သည် အင်တာနက်ကို အလွဲအသုံးပြုခြင်းဖြင့် ဤထောင်ချောက်ထဲ ကျော့မိခဲ့ကြပြီ။

၁၃။ အဘယ်သို့သော အန္တရာယ်ဖုံးကွယ်ထောင်ချောက်သည် စာတန်၏ စဉ်းလဲသည့်လုပ်ရပ်တစ်ခုဖြစ်သနည်း၊ နယပုံပြင်ကျမ်းမှ အဘယ်ဆုံးမစကားသည် ဤတွင် သင့်လျော်သနည်း။

၁၃ စာတန်၏ထောင်ချောက်နောက်တစ်ခုမှာ အန္တရာယ်ကိုဖုံးကွယ်ထားသော မှော်အတတ်ပညာဖြစ်သည်။ အဘယ်ခရစ်ယာန်စစ်တစ်ဦးမျှ စာတန်ဝါဒ သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ပညာကို တမင်လိုက်စားမည်မဟုတ်ပါ။ သို့တိုင် အချို့သူတို့သည် အကြမ်းဖက်မှု သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သောအတတ်ပညာများကို အသားပေးဖော်ပြသည့် ရုပ်ရှင်များ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ ဗွီဒီယိုဂိမ်းများ၊ ကလေးငယ်များဖတ်သည့် စာအုပ်များ၊ ရုပ်ပြကာတွန်းများကိုမူ အမှုမဲ့အမှတ်မဲ့ထားတတ်ကြသည်။ မှော်အတတ်ပညာအရိပ်အငွေ့ပါသော မည်သည့်အရာကိုမဆို ဝေးဝေးရှောင်ဖို့လိုသည်။ ပညာရှိစကားပုံက ဤသို့ဆို၏– “သဘောကောက်သောသူသွားရာလမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာရှောင်သွားလိမ့်မည်။” (သု. ၂၂:၅) စာတန်သည် “ဤလောကကိုအစိုးရသောဘုရား” ဖြစ်သောကြောင့် အလွန်ရေပန်းစားသော မည်သည့်အရာမဆိုသည် မသိမသာနှင့် သူ၏ထောင်ချောက်တစ်ခုဖြစ်နိုင်သည်။—၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၂:၁၅၊ ၁၆။

စာတန်ကို ယေရှုတားဆီးခဲ့

၁၄။ စာတန်၏ပထမဦးဆုံးသွေးဆောင်မှုကို ယေရှုမည်သို့တွန်းလှန်ခဲ့သနည်း။

၁၄ စာတန်ကို တားဆီး၍ ထွက်သွားစေခဲ့ရာတွင် ယေရှုသည် ကောင်းသောပုံသက်သေပြခဲ့သည်။ နှစ်ခြင်းခံပြီး၍ ရက် ၄၀ အစာရှောင်ပြီးနောက် ယေရှုသည် စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံခဲ့ရသည်။ (မဿဲ ၄:၁-၁၁) အစာရှောင်ပြီးနောက် ယေရှု ဆာလောင်နေမည်ကို အခွင့်ကောင်းယူကာ ပထမအကြိမ်သွေးဆောင်ခဲ့သည်။ အဆာပြေစေရန် ယေရှု၏ပထမဆုံး အံ့ဖွယ်အမှုကိုပြုလုပ်ဖို့ ကိုယ်တော်အား စာတန်သွေးဆောင်ခဲ့သည်။ ထိုအခါ ယေရှုသည် တရားဟောရာ ၈:၃ ကိုကိုးကားလျက် မိမိ၏တန်ခိုးကို ကိုယ်ကျိုးအတွက်အသုံးပြုရန် ငြင်းဆိုပြီး ကာယအစာထက် ဝိညာဉ်အစာကို ဦးစားထားခဲ့သည်။

၁၅။ (က) ယေရှုကိုသွေးဆောင်ရန် အဘယ်သဘာဝဆန္ဒကို စာတန်အသုံးချခဲ့သနည်း။ (ခ) ယနေ့ ဘုရားသခင်၏ကျေးကျွန်များကို ဖျက်ဆီးဖို့ စာတန်အဓိကအသုံးပြုသည့် စဉ်းလဲသောနည်းကား အဘယ်နည်း၊ သို့သော် သူ့ကို ကျွန်ုပ်တို့မည်သို့တားဆီးနိုင်သနည်း။

၁၅ ဤသွေးဆောင်မှုနှင့်ပတ်သက်၍ စိတ်ဝင်စားစရာမှာ ယေရှုအား လိင်ဆိုင်ရာပြစ်မှုပြုရန် စာတန်မတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်တွင် ယေရှုအားသွေးဆောင်ရာ၌ အသုံးပြုရန် အပြင်းထန်ဆုံးသွေးသားဆန္ဒမှာ ဓမ္မတာအရ အစာကိုတောင့်တသော ဆာလောင်မှုဖြစ်ပုံရသည်။ ယနေ့ ဘုရားသခင့်လူမျိုးတော်ကို ဖြားယောင်းရန် အဘယ်နည်းဖြင့် စာတန်သွေးဆောင်သနည်း။ သွေးဆောင်မှုများစွာနှင့် အမျိုးမျိုးရှိသော်လည်း ယေဟောဝါလူမျိုးတော်၏ သမာဓိကိုချိုးဖျက်ဖို့ ကြိုးစားရာတွင် သူအဓိကအသုံးပြုသည့် စဉ်းလဲသောလုပ်ရပ်မှာ လိင်ဆိုင်ရာသွေးဆောင်မှုများဖြစ်သည်။ ယေရှုအားတုပခြင်းဖြင့် စာတန်ကို ကျွန်ုပ်တို့တားဆီး၍ သွေးဆောင်မှုများကို တွန်းလှန်နိုင်ပါသည်။ ယေရှုသည် သက်ဆိုင်ရာကျမ်းချက်များကို ပြန်မှတ်မိခြင်းအားဖြင့် စာတန်၏အားထုတ်မှုများ ပျက်ပြားသွားစေခဲ့သည်နည်းတူ ကျွန်ုပ်တို့သွေးဆောင်ခံရသောအခါ ကမ္ဘာဦး ၃၉:၉ နှင့် ၁ ကောရိန္သု ၆:၁၈ ကဲ့သို့သော ကျမ်းချက်များကို ပြန်သတိရနိုင်သည်။

၁၆။ (က) ဒုတိယအကြိမ်တွင် ယေရှုကို စာတန် မည်သို့သွေးဆောင်ခဲ့သနည်း။ (ခ) ယေဟောဝါကိုအစုံအစမ်းပြုရန် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကို စာတန်သွေးဆောင်နိုင်သနည်း။

၁၆ ထို့နောက် စာတန်သည် ယေရှုကို ဝတ်ပြုရာအိမ်တော်တံတိုင်းမှခုန်ချကာ ကောင်းကင်တမန်များအားဖြင့် ဘုရားသခင်၏ကာကွယ်နိုင်စွမ်းကို စမ်းသပ်ဖို့ စိန်ခေါ်ခဲ့သည်။ ယေရှုသည် တရားဟောရာ ၆:၁၆ ကိုကိုးကားလျက် ခမည်းတော်အား အစုံအစမ်းပြုဖို့ ငြင်းဆိုခဲ့သည်။ ဝတ်ပြုရာအိမ်တော်တံတိုင်းမြင့်မှခုန်ချဖို့ ကျွန်ုပ်တို့ကို စာတန်သွေးဆောင်မည်မဟုတ်သော်လည်း ယေဟောဝါအား အစုံအစမ်းပြုရန် ကျွန်ုပ်တို့ကိုသွေးဆောင်နိုင်သည်။ ဆုံးမခြင်းမခံရဘဲ မည်မျှအထိ လောကဆန်ဆန်ဝတ်စားဆင်ယင်ရန် စမ်းကြည့်ဖို့ သွေးဆောင်ခံရပါသလော။ သို့မဟုတ် ဒွိဟဖြစ်ဖွယ်အပန်းဖြေမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့သွေးဆောင်ခံရပါသလော။ သို့ဖြစ်လျှင် ယေဟောဝါကို ကျွန်ုပ်တို့အစုံအစမ်းပြုရာရောက်နိုင်သည်။ ထိုသို့သောစိတ်ဆန္ဒများ ကျွန်ုပ်တို့၌ရှိမည်ဆိုလျှင် စာတန်သည် ကျွန်ုပ်တို့ထံမှထွက်ပြေးမည့်အစား ကျွန်ုပ်တို့နှင့် မခွဲမခွာနေပြီး သူ၏ဘက်တော်သားဖြစ်ဖို့ မပြတ်ကြိုးစားသွေးဆောင်ပါလိမ့်မည်။

၁၇။ (က) တတိယအကြိမ်တွင် ယေရှုကို စာတန် မည်သို့သွေးဆောင်ခဲ့သနည်း။ (ခ) ယာကုပ် ၄:၇ သည် ကျွန်ုပ်တို့အတွက် မည်သို့မှန်ကန်နိုင်မည်နည်း။

၁၇ တစ်ကြိမ်သာ ဦးချဝတ်ပြုမည်ဆိုလျှင် ဤလောကတစ်နိုင်ငံလုံးကိုပေးမည်ဟု စာတန်ဆိုသောအခါ ယေရှုသည် ကျမ်းချက်ကို တစ်ဖန်ကိုးကားပြီး သူ့ကိုတားဆီးခဲ့၏၊ သို့ဖြင့် ခမည်းတော်ကိုသာ ဝတ်ပြုကိုးကွယ်ခြင်းဘက် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ (တရားဟောရာ ၅:၉; ၆:၁၃; ၁၀:၂၀) စာတန်သည် ဤလောကတစ်နိုင်ငံလုံးကို ကျွန်ုပ်တို့အား ကမ်းလှမ်းချင်မှ ကမ်းလှမ်းပေမည်၊ သို့သော် ကိုယ်ပိုင်နိုင်ငံငယ်လေးတစ်ခုကို မြင်ယောင်မိသည့်အထိ ဖိတ်ဖိတ်တောက်ရုပ်ပစ္စည်းများနှင့် ကျွန်ုပ်တို့ကို မပြတ်မြှူဆွယ်နေပါသည်။ ယေရှုကဲ့သို့ ကျွန်ုပ်တို့တုံ့ပြန်ပါသလော၊ ယေဟောဝါအား အကြွင်းမဲ့ဆက်ကပ်ဝတ်ပြုပါသလော။ ထိုသို့ပြုပါက ယေရှုအဖြစ်မျိုးကို ကျွန်ုပ်တို့ကြုံတွေ့ရပါလိမ့်မည်။ မဿဲက “ထိုအခါ [စာတန်] သည် အထံတော်မှထွက်သွား” သည်ဟု မှတ်တမ်းတင်၏။ (မဿဲ ၄:၁၁) ကျွန်ုပ်တို့သည် သက်ဆိုင်ရာကျမ်းစာမူများကို ပြန်သတိရပြီး လက်တွေ့ကျင့်သုံးခြင်းဖြင့် အခိုင်အမာရပ်တည်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ထံမှ စာတန်ထွက်သွားပါလိမ့်မည်။ တပည့်တော်ယာကုပ်က “[စာတန်] ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟုရေးခဲ့သည်။ (ယာကုပ် ၄:၇) ပြင်သစ်နိုင်ငံဌာနခွဲရုံးသို့ ခရစ်ယာန်တစ်ဦး ဤသို့ရေးသားခဲ့သည်– “စာတန် တကယ့်ကိုစဉ်းလဲဉာဏ်များတယ်။ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားတဲ့ကြားထဲက ကျွန်တော့်ရဲ့ခံစားချက်တွေ၊ ကျွန်တော့်ရဲ့လိုအင်ဆန္ဒတွေကို ချွန်းအုပ်ဖို့ တော်တော်လေး အခက်တွေ့တယ်။ ဒါပေမဲ့၊ ရဲစွမ်းသတ္တိ၊ စိတ်ရှည်မှုနဲ့ အရေးအကြီးဆုံးကတော့ ယေဟောဝါရဲ့အကူအညီကြောင့် ကျွန်တော်အောင်မြင်ခဲ့ပြီး အမှန်တရားဘက် မြဲမြဲရပ်တည်နိုင်ခဲ့ပြီ။”

စာတန်ကိုတားဆီးရန် အပြည့်အစုံဝတ်ဆင်ထား

၁၈။ စာတန်ကိုတွန်းလှန်တားဆီးရန် အဘယ်ဝိညာဉ်ရေးလက်နက်စုံကို ကျွန်ုပ်တို့ရထားသနည်း။

၁၈ “[စာတန်] ၏ပရိယာယ်တို့ကို ဆီးတား” နိုင်ရန် ဝိညာဉ်ရေးလက်နက်အပြည့်အစုံကို ကျွန်ုပ်တို့အား ယေဟောဝါပေးထားတော်မူပြီ။ (ဧဖက် ၆:၁၁-၁၈) အမှန်တရားကို ကျွန်ုပ်တို့ချစ်မြတ်နိုးသည့်အတွက် ကျွန်ုပ်တို့၏ခါးပန်းကို စည်းထားနိုင်မည်ဖြစ်သည်၊ တစ်နည်းအားဖြင့် ခရစ်ယာန်လုပ်ဆောင်မှုအတွက် ကျွန်ုပ်တို့ အသင့်ရှိနေပါလိမ့်မည်။ ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများကိုစွဲကိုင်ထားဖို့ ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်သည့်အတွက် ၎င်းသည် ကျွန်ုပ်တို့၏နှလုံးကိုကာကွယ်ပေးသည့် ရင်အုပ်တန်ဆာနှင့် တူပါလိမ့်မည်။ သတင်းကောင်းဖိနပ်ကို ကျွန်ုပ်တို့စီးထားကြမည်ဆိုလျှင် ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ပါလိမ့်မည်၊ ယင်းက ကျွန်ုပ်တို့ကို ဝိညာဉ်ခွန်အားရှိစေပြီး အကာအကွယ်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏ခိုင်ခံ့သော ယုံကြည်ခြင်းသည် ဒိုင်းလွှားကြီးပမာဖြစ်ကာ “[စာတန်] ပစ်ခတ်သောမီးစက်လက်နက်” ဖြစ်သည့် သူ၏စဉ်းလဲသောတိုက်ခိုက်မှုများနှင့် သွေးဆောင်မှုများမှ ကာကွယ်ပေးပါလိမ့်မည်။ ယေဟောဝါ၏ကတိတော်များ ပြည့်စုံမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချသည့်အတွက် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကာကွယ်ပြီး စိတ်ငြိမ်သက်မှုပေးသော သံခမောက်နှင့်တူပါလိမ့်မည်။ (ဖိလိပ္ပိ ၄:၇) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်တတ်မည်ဆိုလျှင် ယင်းသည် စာတန်၏ ဝိညာဉ်ရေးကျွန်အဖြစ်မှ လူတို့ကိုလွတ်မြောက်စေသော ဓားကဲ့သို့ဖြစ်ပါလိမ့်မည်။ ယေရှုသည် သွေးဆောင်ခံရချိန်တွင် ၎င်းကိုအသုံးပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့ကိုယ်ကို ခုခံကာကွယ်ဖို့လည်း ၎င်းကိုအသုံးချနိုင်ပါသည်။

၁၉။ ‘စာတန်ကိုဆီးတား’ ခြင်းအပြင် အဘယ်အရာပြုရမည်နည်း။

၁၉ ကျွန်ုပ်တို့သည် “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံ” ကိုဝတ်ဆင်ထားပြီး အဆက်မပြတ်ဆုတောင်းခြင်းအားဖြင့် စာတန်တိုက်ခိုက်သောအခါ ယေဟောဝါ၏ကာကွယ်မှုရမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ (ယောဟန် ၁၇:၁၅; ၁ ကောရိန္သု ၁၀:၁၃) သို့သော် ‘စာတန်ကိုဆီးတား’ ရုံနှင့်မလုံလောက်ကြောင်း ယာကုပ်ဖော်ပြခဲ့သည်။ အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူသော “ဘုရားသခင်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံကြ” ရမည်။ (ယာကုပ် ၄:၇၊ ၈၊ သမ္မာ) ထိုသို့မည်သို့ပြုနိုင်ကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• အစောပိုင်းခရစ်ယာန်များသည် စာတန်၏ အဘယ်ထောင်ချောက်များကို ရှောင်ခဲ့ကြရသနည်း။

• ယနေ့၊ ယေဟောဝါ၏ကျေးကျွန်များကို ထောင်ချောက်ဆင်ဖို့ အဘယ်စဉ်းလဲသောလုပ်ရပ်များကို စာတန်အသုံးပြုသနည်း။

• ယေရှုသည် စာတန်၏သွေးဆောင်မှုများကို မည်သို့တားဆီးခဲ့သနည်း။

• အဘယ်ဝိညာဉ်ရေးလက်နက်စုံက ကျွန်ုပ်တို့အား စာတန်ကိုတားဆီးစေနိုင်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စာတန်ကို ယေရှု ပြတ်ပြတ်သားသားတားဆီးခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပထမရာစုခရစ်ယာန်များသည် အကြမ်းဖက်၍ အကျင့်ယိုယွင်းသောဖျော်ဖြေမှုများကို ငြင်းပယ်ခဲ့ကြ

[Credit Line]

The Complete Encyclopedia of Illustration/J. G. Heck

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ