ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၉/၁၅ စာ. ၄-၇
  • သင့်အိမ်ထောင်ရေးကို မြဲမြံခိုင်ခံ့ စေနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အိမ်ထောင်ရေးကို မြဲမြံခိုင်ခံ့ စေနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကတိကဝတ်ပြုခြင်းတွင် တာဝန်ဝတ္တရားပါဝင်
  • ပူးပေါင်းဆောင်ရွက်မှုက အိမ်ထောင်ရေး ကတိကဝတ်ကို ခိုင်ခံ့မြဲမြံစေ
  • ကိုယ်ကျိုးမရှာသောလုပ်ရပ်များက အိမ်ထောင်ရေးကတိကဝတ်အတိုင်း ပြုမူစေ
  • ရေရှည်အမြင် ရှိဖို့လို
  • အိမ်ထောင်ရေး ကတိသစ္စာကို ခိုင်မြဲစေနိုင်ပုံ
    နိုးလော့!—၂၀၁၅
  • သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ၁ ကတိသစ္စာ
    နိုးလော့!—၂၀၁၈
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၉/၁၅ စာ. ၄-၇

သင့်အိမ်ထောင်ရေးကို မြဲမြံခိုင်ခံ့ စေနိုင်ပုံ

အလွန်ပျက်စီးယိုယွင်းနေကာ ပြိုလဲတော့မည့် အိမ်တစ်လုံးကို မြင်ယောင်ကြည့်ပါ။ သုတ်ဆေးကွာနေ၍ ခေါင်မိုးလည်းပျက်စီးနေသည့်အပြင် မြက်ခင်းပြင်ကိုကြည့်လျှင်လည်း ဖရိုဖရဲဖြစ်နေသည်။ ဤအဆောက်အအုံသည် နှစ်ကာလတစ်လျှောက် ပြင်းထန်သောမုန်တိုင်းဒဏ်ခံခဲ့ရပုံရှိပြီး ၎င်းကို မပြုပြင်ဘဲ လျစ်လျူရှုထားခဲ့သည်။ ဤအိမ်ကို ဖြိုဖျက်သင့်သလော။ ထိုသို့ပြုစရာမလိုပါ။ အဆိုပါအဆောက်အအုံ၏ အုတ်မြစ်ခိုင်ခံ့ပြီး အဆောက်အအုံမယိုင်သေးသရွေ့ ၎င်းကို ပြန်ပြုပြင်မွမ်းမံ၍ရနိုင်ဖွယ်ရှိသည်။

ထိုအိမ်၏အခြေအနေက သင့်အိမ်ထောင်ရေးကို သတိရစေသလော။ စကားအားဖြင့် ပြင်းထန်သောမုန်တိုင်းများက သင့်အိမ်ထောင်ရေးကို နှစ်ကာလများတစ်လျှောက် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပေမည်။ သင် သို့မဟုတ် သင်တို့နှစ်ဦးစလုံးသည် သင်တို့၏အိမ်ထောင်ရေးကို အနည်းနှင့်အများ လျစ်လျူရှုခဲ့ပေမည်။ စန္ဒီနည်းတူ သင်ခံစားနေရပေမည်။ အိမ်ထောင်သက် ၁၅ နှစ်ကြာပြီးနောက် “ကျွန်မတို့ဟာ လက်ထပ်ထားတာကလွဲလို့ တစ်ဦးနဲ့တစ်ဦး သဘောတူညီတာ ဘာတစ်ခုမှမရှိဘူး။ ဒါလောက်နဲ့ပဲ စခန်းသွားလို့မရတော့ဘူး” ဟုပြောသည်။

သင့်အိမ်ထောင်ရေးသည် ဤအဖြစ်မျိုးသို့ ရောက်နေမည်ဆိုလျှင်ပင် ကွာရှင်းမည်ဟု အလျင်စလို မဆုံးဖြတ်ပါနှင့်။ သင့်အိမ်ထောင်ရေး ပြန်ကောင်းလာနိုင်စရာအကြောင်းရှိသည်။ သင်နှင့် သင့်အိမ်ထောင်ဖက်သည် တစ်ဦးနှင့်တစ်ဦး ကတိကဝတ်ပြုမှုနှင့်ပတ်သက်၍ မည်မျှအလေးထားခြင်းအပေါ် များစွာမူတည်သည်။ ကတိကဝတ်ပြုထားခြင်းက အကျပ်အတည်းကြုံရချိန်တွင် အိမ်ထောင်ရေးကို ခိုင်ခံ့မြဲမြံစေသည်။ သို့သော် ကတိကဝတ်ပြုခြင်းဟူသည် အဘယ်နည်း။ ၎င်းကို ပိုခိုင်ခံ့စေရန် သမ္မာကျမ်းစာက သင့်အား မည်သို့အကူအညီပေးနိုင်သနည်း။

ကတိကဝတ်ပြုခြင်းတွင် တာဝန်ဝတ္တရားပါဝင်

အဘိဓာန်တစ်ခုအရ ကတိကဝတ်ပြုခြင်းသည် “တာဝန်ရှိသောအခြေအနေ၊ သို့မဟုတ် စိတ်နှလုံးစေ့ဆော်ခံရခြင်း” ဖြစ်သည်ဟုဆိုသည်။ တစ်ခါတစ်ရံ အဆိုပါစကားလုံးကို စီးပွားရေးသဘောတူညီချက်ကဲ့သို့သော ပုဂ္ဂိုလ်စွဲနှင့်မဆိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး အသုံးပြုတတ်ကြသည်။ ဥပမာ၊ အိမ်ဆောက်လုပ်သူတစ်ဦးသည် အိမ်တစ်လုံးဆောက်ပေးရန် သူလက်မှတ်ရေးထိုးထားသည့် စာချုပ်ပါ တောင်းဆိုချက်များကို ပြုလုပ်ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ယူဆပေမည်။ အဆိုပါအလုပ်အပ်နှင်းသူကို သူကိုယ်တိုင် သိချင်မှသိမည်။ သို့တိုင် မိမိကတိတည်ရမည်ဟု သူခံစားရပေမည်။

အိမ်ထောင်ပြုခြင်းသည် ခံစားချက်ကင်းမဲ့သော စီးပွားရေးကိစ္စတစ်ခုမဟုတ်သော်လည်း ထိုတွင်ပါဝင်သည့် ကတိကဝတ်ပြုခြင်း၌ တာဝန်ကျေပွန်ခြင်းအကျုံးဝင်သည်။ သင်နှင့် သင့်အိမ်ထောင်ဖက်သည် အဘယ်အခြေအနေမျိုး၌မဆို အတူတကွပေါင်းသင်းနေထိုင်ပါမည်ဟု ဘုရားသခင်ရှေ့၊ လူရှေ့တွင် ထုံးတမ်းစဉ်လာနှင့်အညီ အလေးအနက်ကတိပြုခဲ့ကြပြီ။ ယေရှုက “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်’” ဟုမိန့်တော်မူသည့်အပြင် “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်” ဟူ၍ပါမိန့်ဆိုခဲ့၏။ (မဿဲ ၁၉:၄-၆) ထို့ကြောင့် ပြဿနာများပေါ်ပေါက်လာသောအခါ သင်နှင့် သင့်အိမ်ထောင်ဖက်သည် သင်တို့ပြုခဲ့သောကတိကဝတ်အတိုင်း မပျက်မကွက်ဆောင်ရွက်သင့်သည်။a ဇနီးတစ်ဦးက ဤသို့ပြောပြသည်– “ကွာရှင်းမှဖြစ်မယ်လို့ မစဉ်းစားတော့တဲ့အခါကျမှ အခြေအနေ တိုးတက်ကောင်းမွန်လာတယ်။”

သို့သော် အိမ်ထောင်ရေးကတိကဝတ်ပြုခြင်းတွင် တာဝန်ကျေပွန်ခြင်းထက်မက သာ၍အကျုံးဝင်သည်။ အခြားအဘယ်အရာ ပါဝင်သေးသနည်း။

ပူးပေါင်းဆောင်ရွက်မှုက အိမ်ထောင်ရေး ကတိကဝတ်ကို ခိုင်ခံ့မြဲမြံစေ

အိမ်ထောင်ရေးတွင် ကတိကဝတ်ပြုထားခြင်းက အိမ်ထောင်ဖက်များ တစ်ဦးနှင့်တစ်ဦး မည်သည့်အခါမျှ သဘောထားကွဲလွဲမည်မဟုတ်ဟု ဆိုလိုနေခြင်းမဟုတ်ချေ။ လင်မယားချင်း အငြင်းပွားသောအခါ ရှိနေသောကတိတာဝန်အရကြောင့်သာမဟုတ်ဘဲ စိတ်ခံစားမှုဆိုင်ရာနှောင်ကြိုးကြောင့် ဖြေရှင်းခြင်းဖြစ်သင့်သည်။ လင်၊ မယားနှင့်ပတ်သက်၍ ယေရှုက “ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။

သင့်အိမ်ထောင်ဖက်နှင့် “တစ်သားတစ်ကိုယ်တည်း” ဖြစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ တမန်တော်ပေါလုက “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်” ဟူ၍ရေးသားခဲ့သည်။ (ဧဖက် ၅:၂၈၊ ၂၉) သို့ဖြစ်၍ “တစ်သားတစ်ကိုယ်တည်း” ဖြစ်ခြင်းက သင့်အကျိုးကိုသင်ကြည့်တတ်သကဲ့သို့ သင့်အိမ်ထောင်ဖက်၏အကျိုးကို သင်စိတ်ဝင်စားခြင်းဖြစ်သည်။ အိမ်ထောင်သည်တို့သည် “ငါ့ပစ္စည်း” အစား “ငါတို့၏ပစ္စည်း” “ငါ” အစား “ငါတို့” ဟူ၍ စဉ်းစားတတ်လာရမည်။ အကြံပေးတိုင်ပင်ခံတစ်ဦးက ဤသို့ရေးသားခဲ့သည်– “အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် မိမိတို့ကိုယ်ကို နှလုံးထဲတွင် လက်မထပ်ထားသည့်အလား မယူမှတ်ဘဲ အိမ်ထောင်သည်ဟု နှလုံးထဲတွင် ယူမှတ်ကြရမည်။”

သင်နှင့် သင့်ကြင်ဖော်တို့သည် “အိမ်ထောင်သည်ဟု နှလုံးထဲတွင်ယူမှတ်ကြ” သလော။ နှစ်ချီအတူတကွ ပေါင်းသင်းနေထိုင်ခဲ့ကြပြီဖြစ်သော်လည်း ထိုသဘောထားမျိုးဖြင့် “တစ်သားတစ်ကိုယ်တည်း” မဖြစ်ဘဲ ရှိနေနိုင်သည်။ မှန်ပါသည်၊ ထိုသို့ဖြစ်နိုင်သော်လည်း အချိန်ကိုအခွင့်ပေးစာအုပ်က ဤသို့ဆိုသည်– “အိမ်ထောင်ဟူသည် ဘဝတစ်ခုကို ဝေမျှခံစားခြင်းဖြစ်၏၊ လူနှစ်ဦး သာ၍ဝေမျှခံစားကြလေ အိမ်ထောင်ရေး သာ၍စိုပြေလာလေဖြစ်သည်။”

ပျော်ရွှင်မှုမရှိသောမောင်နှံစုံအချို့သည် သားသမီးများကြောင့်၊ သို့မဟုတ် ငွေကြေးဖူလုံမှုအတွက် အတူတကွနေထိုင်ကြသည်။ အခြားသူတို့မှာမူ ကွာရှင်းခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလို၍ဖြစ်စေ၊ ခွဲခွာကြမည်ဆိုလျှင် မိမိတို့အပေါ် အခြားသူတို့ မည်သို့ထင်မြင်ယူဆကြမည်ကို စိုးရိမ်၍ဖြစ်စေ၊ တစ်ဦးကိုတစ်ဦးသည်းခံ၍ ဆက်ပေါင်းတတ်ကြသည်။ ဤအိမ်ထောင်များ တည်မြဲနေခြင်းကို ချီးကျူးစရာကောင်းသော်လည်း သင်၏ပန်းတိုင်မှာ အဓွန့်ရှည်စွာပေါင်းသင်းနိုင်ရုံမျှသာမဟုတ်ဘဲ မေတ္တာရှိရှိပေါင်းသင်းဆက်ဆံနိုင်ခြင်းဖြစ်သင့်ကြောင်း သတိရပါ။

ကိုယ်ကျိုးမရှာသောလုပ်ရပ်များက အိမ်ထောင်ရေးကတိကဝတ်အတိုင်း ပြုမူစေ

“နောက်ဆုံးသောနေ့ရက်” ကာလတွင် လူတို့သည် “ကိုယ်ကိုချစ်သောသူ” ဖြစ်ကြလိမ့်မည်ဟု သမ္မာကျမ်းစာက တင်ကူးပြောထားသည်။ (၂ တိမောသေ ၃:၁၊ ၂၊ သမ္မာ) ထိုပရောဖက်ပြုချက်အတိုင်း ယနေ့ ကိုယ့်ကိုယ်ကိုသာ အလေးပေးဂရုစိုက်ကြပုံရှိသည်။ အိမ်ထောင်အတော်များများတွင် အတုံ့အလှည့်ပြန်လည်အကျိုးပြုမှုရှိမရှိ စိတ်မချကြရာ မိမိကိုယ်ကိုပေးဆက်ခြင်းကို အားနည်းချက်ဟု ရှုမြင်တတ်ကြသည်။ သို့သော် သာယာသောအိမ်ထောင်တွင်မူကား အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြကြသည်။ သင်ကော မည်သို့တင်ပြနိုင်သနည်း။

‘ဒီဆက်ဆံရေးကနေ ငါ ဘာအကျိုးအမြတ်ရမလဲ’ ဟူသောမေးခွန်းကို အာရုံစိုက်နေမည့်အစား ‘ငါ့အိမ်ထောင်ရေးကို ပိုခိုင်ခံ့စေဖို့ ငါကိုယ်တိုင် ဘာလုပ်နေသလဲ’ ဟူ၍သင့်ကိုယ်သင်မေးမြန်းပါ။ သမ္မာကျမ်းစာက ခရစ်ယာန်များသည် “[သူတို့၏]ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြ” ရမည်ဟု ဖော်ပြထားသည်။ (ဖိလိပ္ပိ ၂:၄) ဤသမ္မာကျမ်းစာမူကို စေ့စေ့သုံးသပ်စဉ် လွန်ခဲ့သောအပတ်အတွင်း သင်ပြုမူခဲ့သည့်လုပ်ရပ်များကို ဆန်းစစ်ကြည့်ပါ။ သင့်အိမ်ထောင်ဖက်၏အကျိုးအတွက် ကြင်နာသောလုပ်ရပ်ပေါင်း မည်မျှပြုလုပ်ဆောင်ရွက်ပေးခဲ့သနည်း။ သင့်အိမ်ထောင်ဖက်က သင်နှင့်စကားပြောဆိုလိုသောအခါ အထူးသဖြင့် သင်နားထောင်လိုစိတ်မရှိသည့်အခါ၌ပင် သင် နားထောင်ပေးသလော။ သင်စိတ်ဝင်စားရာထက် သင့်အိမ်ထောင်ဖက်စိတ်ဝင်စားရာ လုပ်ဆောင်မှုများ မည်မျှတွင် သင်ပါဝင်လုပ်ဆောင်သနည်း။

ဤမေးခွန်းများကို ချင့်တွက်ရာတွင် သင်၏ကောင်းသောအပြုအမူများကို အသိအမှတ်မပြု၊ အတုံ့အလှည့်ပြန်လည်အကျိုးမခံစားရမည်ကို မစိုးရိမ်ပါနှင့်။ ရည်ညွှန်းကိုးကားချက်တစ်ရပ်က ဤသို့ဆိုသည်– “ဆက်ဆံရေးအများစုတွင် အပြုသဘောဆောင်သောလုပ်ရပ်ကို တုံ့ပြန်လေ့ရှိကြရာ သင်၏အိမ်ထောင်ဖက်အား အပြုသဘောပါပါပြုမူစေရန် အတတ်နိုင်ဆုံးအားပေးမှုဖြစ်စေဖို့ သင်ကိုယ်တိုင် အပြုသဘောပါပါ ပြုမူလုပ်ဆောင်ပါ။” ကိုယ်ကျိုးစွန့်လုပ်ရပ်များက သင့်အိမ်ထောင်ရေးကို ခိုင်ခံ့မြဲမြံစေ၏၊ အကြောင်းမှာ သင့်အိမ်ထောင်ရေးကို သင်တန်ဖိုးထားကြောင်းနှင့် အဓွန့်ရှည်တည်မြဲစေလိုကြောင်း ထိုသို့ပြုမူခြင်းအားဖြင့် တင်ပြသည်။

ရေရှည်အမြင် ရှိဖို့လို

ယေဟောဝါသည် တည်ကြည်ခြင်းကို တန်ဖိုးထားတော်မူ၏။ သမ္မာကျမ်းစာက ဤသို့အမှန်ဆိုသည်– ‘သစ္စာစောင့်သိသူကို ကိုယ်တော် [ယေဟောဝါ] သစ္စာစောင့်သိမည်။’ (၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ) ဘုရားသခင်အား သစ္စာစောင့်သိခြင်းတွင် ကိုယ်တော်အစပြုတည်ထောင်ပေးခဲ့သည့် အိမ်ထောင်ရေးအစီအစဉ်ကို သစ္စာစောင့်သိခြင်းအကျုံးဝင်သည်။—ကမ္ဘာဦး ၂:၂၄။

သင်နှင့် သင့်အိမ်ထောင်ဖက်သည် တစ်ဦးကိုတစ်ဦး သစ္စာရှိကြမည်ဆိုလျှင် သင်တို့၏ပေါင်းစည်းမှုခိုင်မြဲသည်ဟု ခံစားရလေသည်။ နောင်အနာဂတ် လများ၊ နှစ်များနှင့် ဆယ်စုနှစ်များကို သင်စဉ်းစားကြည့်လိုက်သောအခါ သင်တို့နှစ်ဦးစလုံးပေါင်းဖက်နေခြင်းကို သင်မြင်ယောင်နေမည်။ တစ်ဦးနှင့်တစ်ဦး မပေါင်းတော့ခြင်းကို လုံးဝစိတ်မကူးသည့်အတွက် သင်တို့၏ဆက်ဆံရေး ပြတ်တောက်မည်ကို စိုးရိမ်စရာမရှိပေ။ ဇနီးသည်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မ [ခင်ပွန်းသည်ကို] စိတ်အရမ်းဆိုးပြီး ကျွန်မတို့ဖြစ်ပျက်နေတဲ့အပေါ် စိတ်မကောင်းတအားဖြစ်နေတဲ့အချိန်မှာတောင် ကျွန်မတို့ရဲ့အိမ်ထောင်ရေး ပြိုကွဲတော့မယ်လို့ မစိုးရိမ်ဘူး။ အရင်အခြေအနေမျိုးကို ကျွန်မတို့ ဘယ်လိုလုပ်ပြန်ရောက်လာနိုင်ပါ့မလဲဆိုတာကိုပဲ စိုးရိမ်မိတာ။ အဲဒီအချိန်မှာ ဘယ်လိုပြန်ကောင်းလာမလဲဆိုတာကိုပဲ ကျွန်မ မသိသေးတာ၊ ပြန်ကောင်းလာမယ်ဆိုတာကိုတော့ သံသယမရှိပါဘူး။”

မိမိအိမ်ထောင်ဖက်အပေါ် ကတိကဝတ်ပြုခြင်း၏ မရှိမဖြစ်လိုအပ်ရာမှာ ရေရှည်အမြင်ဖြစ်သည်၊ သို့သော် ဝမ်းနည်းစရာကား အိမ်ထောင်အတော်များများတွင် ထိုရေရှည်အမြင်မရှိကြချေ။ ဒေါသအိုးပေါက်ကွဲသောအခါ အိမ်ထောင်ဖက်တစ်ဦးက ရှေ့နောက်မစဉ်းစားဘဲ “ငါ မင်းကိုကွာလိုက်တော့မယ်” သို့မဟုတ် “ငါ့ကို တကယ်တန်ဖိုးထားတဲ့သူကိုပဲ ငါသွားရှာတော့မယ်” ဟူ၍ ပြောချလိုက်ပေမည်။ ထိုသို့ တကယ်ဆိုလိုနေခြင်းမဟုတ်သော်လည်း လျှာသည် “သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ” နိုင်၏ဟု သမ္မာကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၈) ခြိမ်းခြောက်မှုများနှင့် ရာဇသံများသည် ‘ငါတို့ရဲ့အိမ်ထောင်ရေး တစ်သက်လုံးမြဲရမယ်လို့ ငါမယူမှတ်ဘူး၊ အချိန်မရွေး ငါထွက်သွားနိုင်တယ်’ ဟုသဘောသက်ရောက်စေသည့်အတွက် အိမ်ထောင်ရေး ပျက်ပြားစရာအကြောင်းရှိစေသည်။

သင့်အိမ်ထောင်ရေးအပေါ် ရေရှည်အမြင်ထားရှိမည်ဆိုလျှင် အေးအတူ ပူအမျှပေါင်းဖက်သွားမည်။ ၎င်းက အကျိုးကျေးဇူးနောက်တစ်ခု ဖြစ်ပွားစေ၏။ သင်နှင့် သင့်အိမ်ထောင်ဖက်အား အချင်းချင်း၏အားနည်းချက်များနှင့် အပြစ်အနာအဆာများကို လက်ခံရန်၊ တစ်ယောက်ကိုတစ်ယောက်သည်းခံ၍ အချင်းချင်းခွင့်လွှတ်တတ်ရန် ပိုလွယ်ကူစေပေလိမ့်မည်။ (ကောလောသဲ ၃:၁၃) လက်စွဲစာစောင်တစ်စောင်က ဤသို့ဆိုသည်– “သာယာသည့်အိမ်ထောင်တစ်ခုတွင် အိမ်ထောင်ဖက်နှစ်ဦးစလုံး အမှားအယွင်းများ ပြုမိနိုင်ကြသည်၊ သို့တိုင် အိမ်ထောင်တည်မြဲနိုင်သည်” ဟုဆိုသည်။

သင့်မင်္ဂလာဆောင်ရက်တွင် အိမ်ထောင်မင်္ဂလာအစီအစဉ်အပေါ် သင်ကတိကဝတ်ပြုခဲ့သည်မဟုတ်ဘဲ သက်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သော သင့်အိမ်ထောင်ဖက်အပေါ် ကတိကဝတ်ပြုခြင်းဖြစ်သည်။ ယင်းက အိမ်ထောင်ရှင်တစ်ဦးအနေဖြင့် ယခု သင်၏စဉ်းစားတွေးခေါ်လုပ်ဆောင်ပုံကို များစွာအကျိုးသက်ရောက်စေသင့်သည်။ သင်သည် အိမ်ထောင်ရေး၏မြင့်မြတ်မှုကို အခိုင်အမာယုံကြည်သောကြောင့်သာမက သင်လက်ထပ်ထိမ်းမြားထားသောပုဂ္ဂိုလ်ကို ချစ်မြတ်နိုးသောကြောင့် သင့်အိမ်ထောင်ဖက်နှင့်အတူ ဆက်ပေါင်းသင်းနေသင့်သည် မဟုတ်ပေလော။

[အောက်ခြေမှတ်ချက်]

a အစွန်းရောက်သောကိစ္စရပ်များတွင် ဇနီးမောင်နှံစုံတစ်စုံသည် ခွဲနေရန်အကြောင်းရှိနိုင်ပေသည်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁; ယေဟောဝါသက်သေများထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ် စာမျက်နှာ ၁၆၀-၁ ကိုရှု။) ထို့အပြင် မတရားသောမေထုန်မှီဝဲခြင်း (လိင်ဆိုင်ရာအကျင့်ယိုယွင်းမှု) အပြစ်ကျူးလွန်မှသာ ကွာရှင်းရန် သမ္မာကျမ်းစာ၌ ခွင့်ပြုထားသည်။—မဿဲ ၁၉:၉။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ယခု သင်ပြုလုပ်နိုင်ရာ

ကတိကဝတ်ပြုခြင်းနှင့်ပတ်သက်၍ သင်၏အိမ်ထောင်ရေးသည် မည်သို့ ရှိသနည်း။ တိုးတက်စရာလိုကြောင်း သင်တွေ့ကောင်းတွေ့မည်။ သင်၏ကတိကဝတ်ကို တိုး၍ခိုင်ခံ့​စေရန် အောက်ပါတို့ကို ကြိုးစားလုပ်ဆောင်ပါ–

● မိမိကိုယ်ကို  ဆန်းစစ်ကြည့်ပါ။ ဤသို့ ကိုယ့်ကိုယ်ကို​မေးမြန်းပါ– ‘ငါဟာ  အိမ်ထောင်သည်ပဲလို့ စိတ်နှလုံးထဲကနေ ​တကယ်ယူမှတ်ထားသလား၊  ဒါမှမဟုတ် တစ်ကိုယ်ရေလို လုပ်နေတုန်းပဲလား။’  ယင်းကိစ္စနှင့်ပတ်သက်၍  သင့်​အိမ်ထောင်ဖက်သည် သင်နှင့်စပ်လျဉ်း၍ မည်သို့ခံစားရသည်ကို စူးစမ်းမေးမြန်းပါ။

● ဤဆောင်းပါးကို သင့်အိမ်ထောင်ဖက်နှင့်အတူ ဖတ်ရှုပါ။ ထိုနောက် အေးဆေးတည်ငြိမ်စွာဖြင့် သင်တို့၏အိမ်ထောင်ရေးတွင် သင်တို့ ပြုထားသောကတိကဝတ်ကို ခိုင်ခံ့အားဖြည့်ပေးနိုင်သည့်နည်းလမ်းများကို ဆွေးနွေးကြည့်ပါ။

● သင်တို့၏ကတိကဝတ်ကို ခိုင်ခံ့အားဖြည့်ပေးမည့်လုပ်ရပ်များကို သင့်အိမ်ထောင်ဖက်နှင့်အတူ လုပ်ဆောင်ပါ။ ဥပမာ၊ သင်တို့မင်္ဂလာဆောင်ချိန်နှင့် အခြားအမှတ်တရဖြစ်ရပ်များမှ ဓာတ်ပုံများကို အတူကြည့်ပါ။ ပိုးပန်းစဉ်ကာလအတွင်း ​သို့မဟုတ် သင်တို့အိမ်ထောင်ကျစအချိန်က သင်တို့ပျော်ရွှင်ခဲ့ရာများကို လုပ်ဆောင်ပါ။ ကင်းမျှော်စင် နှင့် နိုးလော့! မှ အိမ်ထောင်ရေးနှင့်စပ်ဆိုင်သည့် ကျမ်းစာအခြေပြုဆောင်းပါးများကို အတူတကွလေ့လာပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အိမ်ထောင်ရေးတွင် ကတိကဝတ်ပြုခြင်းတွင် အောက်ပါတို့ အကျုံးဝင်

● တာဝန်ဝတ္တရား “သစ္စာကတိပြုသည်အတိုင်း ဝတ်ကိုဖြေလော့။ သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက် သစ္စာကတိအလျှင်းမပြုဘဲနေသော် သာ၍ကောင်း၏။” —ဒေ. ၅:၄၊ ၅။

● ပူးပေါင်းဆောင်ရွက်မှု “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။”—ဒေ. ၄:၉၊ ၁၀။

● ကိုယ်ကျိုးစွန့်ခြင်း “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်။”—တမန်တော် ၂၀:၃၅။

● ရေရှည်အမြင် “မေတ္တာသည် . . . ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။”—၁ ကောရိန္သု ၁၃:၄၊ ၇။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်၏အိမ်ထောင်ဖက် စကားပြောဆိုလိုသောအခါ သင် နားထောင်ပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ