ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁/၁၅ စာ. ၂၁-၂၅
  • လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမနေ့ အဓိကအကြောင်း– ‘ယေဟောဝါ၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏’
  • ဒုတိယနေ့ အဓိကအကြောင်း– “ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌ ... ဖော်ပြကြလော့”
  • တတိယနေ့ အဓိကအကြောင်း– “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့”
  • မြင့်မြတ်သောသွန်သင်ခြင်းကို အားရရွှင်လန်းဖွယ် စည်းဝေးပွဲကြီးများက မြှင့်တင်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင့်စကားတော်ကို သွန်သင်သူများ တာဝန်ကျေပွန်ရန် တိုက်တွန်းခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများက ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် လှုံ့ဆော်ပေး!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁/၁၅ စာ. ၂၁-၂၅

လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့

မကြာသေးမီလများတွင် ကမ္ဘာတစ်ဝန်းမှ ဖြောင့်မတ်ခြင်းတရား ချစ်မြတ်နိုးသူများသည် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ဟူသော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးတွင် စုရုံးကြသောအခါ ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ထင်ရှားစေနိုင်ကြောင်း သင်ယူခဲ့ကြပြီ။ ထိုတွင် တင်ဆက်ခဲ့သော ပညာပေးအစီအစဉ်ကို ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ကြည့်ကြစို့။

ကျမ်းစာအခြေပြုအစီအစဉ်မှာ စည်းဝေးကြီးတက်ရောက်သူအများစုအတွက် သုံးရက်ဆက်တိုက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအထူးစည်းဝေးကြီးများ တက်ရောက်နိုင်သူများအတွက်မူ လေးရက်ကြာသည်။ ဝိညာဉ်ရေးဆိုင်ရာလေးမြတ်မှုကို တိုးပွားစေသော ဟောပြောချက်များ၊ ယုံကြည်ခြင်းခိုင်ခံ့စေသော တွေ့ကြုံမှုများ၊ ကျမ်းစာမူများလက်တွေ့အသုံးပြုခြင်းကို အလေးပေးသည့် သရုပ်ပြခန်းများနှင့် ပထမရာစုခရစ်ယာန်များ ကြုံတွေ့ခဲ့ရသော စိန်ခေါ်ချက်များကို သရုပ်ဖော်ပြသည့် ဝတ်စုံပြည့်ပြဇာတ်တစ်ခုအပါအဝင် ကျမ်းစာဆိုင်ရာ တင်ဆက်မှုများ စုစုပေါင်း ၃၀ ကျော်ကို တက်ရောက်သူများ ကြည့်ရှုကြားနာခဲ့ကြရသည်။ စည်းဝေးကြီးတစ်ခုကို သင်တက်ရောက်ခဲ့ပြီးဖြစ်လျှင် ဤဆောင်းပါးကိုဖတ်ရှုစဉ် သင်၏မှတ်စုကို ပြန်လှန်ကြည့်ပါလေ။ ကြွယ်ဝသော ဝိညာဉ်ရေးခဲဖွယ်စားဖွယ်များကို ပြန်လည်အမှတ်ရစေသည့်အပြင် ဗဟုသုတလည်းတိုးမည်မှာ သေချာပါသည်။

ပထမနေ့ အဓိကအကြောင်း– ‘ယေဟောဝါ၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏’

အဖွင့်သီချင်းနှင့် ဆုတောင်းချက်ပြီးနောက် ပထမဟောပြောသူသည် စည်းဝေးကြီး၏အဓိကအကြောင်းရင်းကို အာရုံစိုက်စေသော၊ “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် စုဝေးကြ” ဟူသည့် ဟောပြောချက်ဖြင့် တက်ရောက်သူအားလုံးကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့သည်။ ဟောပြောသူသည် ဗျာ. ၄:၁၁ ကိုကိုးကားပြီး စည်းဝေးကြီးတစ်ခုလုံး၏ အဓိကအကြောင်းကို အလေးပေးဖော်ပြခဲ့သည်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သူအမြန်ထောက်ပြခဲ့သည်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်းတွင် ‘ကိုးကွယ်ခြင်း၊’ ‘ကျေးဇူးတော်ချီးမွမ်းခြင်း’ နှင့် ‘ချီးမွမ်းခြင်း’ တို့ပါဝင်ကြောင်း ဆာလံကျမ်းကိုသုံး၍ သူပေါ်လွင်ထင်ရှားစေခဲ့သည်။—ဆာလံ ၉၅:၆; ၁၀၀:၄၊ ၅; ၁၁၁:၁၊ ၂။

နောက်အပိုင်းတစ်ခု၏ ခေါင်းစဉ်မှာ “ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသူများ ကောင်းချီးခံစားကြ”ဖြစ်သည်။ ဟောပြောသူသည် စိတ်ဝင်စားဖွယ်တွေ့ရှိချက်တစ်ခုကို ဖော်ပြသည်။ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၄ နိုင်ငံတွင် ယေဟောဝါသက်သေ ခြောက်သန်းကျော်ရှိသည်ဖြစ်ရာ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကြသူများအဖို့ တစ်ခါမျှနေမဝင်ဟု ဆိုနိုင်ပါသည်။ (ဗျာ. ၇:၁၅) အထူးအချိန်ပြည့်လုပ်ငန်းတွင် တစ်နည်းနည်းဖြင့် ပါဝင်နေကြသော ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မအတော်များများကို လူတွေ့မေးမြန်းခြင်းသည် နှစ်ထောင်းအားရစရာအပိုင်းတစ်ခုဖြစ်ပြီး ပရိသတ်၏နှလုံးကို နွေးထွေးစေခဲ့သည်။

နောက်ဟောပြောချက်မှာ “ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြော” ဖြစ်၏။ ပကတိမိုးကောင်းကင်သည် စကားမပြောသော်လည်း ဘုရားသခင်၏ကြီးမြတ်မှုကို ဂုဏ်တင်ချီးမြှောက်ပြီး ကိုယ်တော်၏မေတ္တာပါသောစောင့်ရှောက်မှုကို ကျွန်ုပ်တို့အား တိုး၍ကျေးဇူးတင်လေးမြတ်စေသည်။ ဤအချက်ကို အသေးစိတ်ရှင်းပြခဲ့သည်။—ဟေရှာယ ၄၀:၂၆။

နှိပ်စက်ညှဉ်းပန်းမှု၊ အတိုက်အခံ၊ လောကသြဇာလွှမ်းမိုးမှုများနှင့် အပြစ်ပြုလိုသောသဘောများက ခရစ်ယာန်စစ်တို့၏တည်ကြည်မှုကို စမ်းသပ်သည်။ ထို့ကြောင့် “သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့” ဟူသည့် ဟောပြောချက်က ပရိသတ်၏အာရုံကို ဆွဲယူခဲ့သည်။ ဟောပြောသူသည် ဆာလံအခန်းကြီး ၂၆ ကို အခန်းငယ်တစ်ပိုဒ်ချင်းစီ ဆွေးနွေးပြီးနောက် ကိုယ်ကျင့်တရားအတွက် အခိုင်အမာရပ်တည်ခဲ့သော ကျောင်းနေရွယ်သက်သေခံတစ်ဦးနှင့် သံသယဖြစ်ဖွယ်ဖျော်ဖြေမှုနှင့် အချိန်ကုန်ခဲ့သော်လည်း ထိုပြဿနာကိုကျော်လွှားရန် ခြေလှမ်းလှမ်းခဲ့သူ နောက်တစ်ဦးကို လူတွေ့မေးမြန်းခဲ့သည်။

အဓိကဟောပြောချက်ဖြစ်သော “ဘုန်းကျက်သရေရှိသော ပရောဖက်ပြုချက်ဆိုင်ရာ အဆင်းအာရုံများက ကျွန်ုပ်တို့အား စိတ်ထက်သန်မှုရှိစေ” ဖြင့်နံနက်ပိုင်းအစီအစဉ်ကို နိဂုံးချုပ်ခဲ့သည်။ ဟောပြောသူသည် ဘုရားသခင်၏မေရှိယနိုင်ငံတော် တည်ထောင်ခြင်းနှင့် လုပ်ဆောင်မှုတို့ပါဝင်သော ဘုန်းရှိသောပရောဖက်ပြုချက်ဆိုင်ရာ အဆင်းအာရုံများကြောင့် ယုံကြည်ခြင်းခိုင်ခံ့ခဲ့ကြသည့် ပရောဖက်ဒံယေလ၊ တမန်တော်ယောဟန်နှင့် ပေတရုတို့၏ပုံနမူနာများကို ကိုးကားဖော်ပြခဲ့သည်။ ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၌ အသက်ရှင်နေကြကြောင်း အထင်အရှားသက်သေထူသော သာဓကများကို မျက်ခြည်ပြတ်သွားနိုင်သူ မည်သူမဆိုအား ဟောပြောသူက ဤသို့ပြောခဲ့သည်– “အဲလိုသူတွေဟာ ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုးနဲ့ ခရစ်တော်ရောက်ရှိနေခြင်းအဖြစ်မှန်ကို ပြန်လည်အာရုံစိုက်ကြပြီး ဝိညာဉ်ခွန်အား ပြန်ရရှိလာအောင် အကူအညီယူကြမယ်လို့ ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်။”

“နှိမ့်ချသူများအား ယေဟောဝါ၏ဘုန်းတော်ကို ဖော်ပြခဲ့” ဟူသော ဟောပြောချက်ဖြင့် မွန်းလွဲပိုင်းအစီအစဉ်ကို စတင်ခဲ့သည်။ ဟောပြောသူက ယေဟောဝါသည် စကြဝဠာတွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည့်တိုင် နှိမ့်ချခြင်းဆိုင်ရာ ပုံနမူနာ မည်သို့တင်ပြခဲ့ကြောင်း ဖော်ပြခဲ့သည်။ (ဆာလံ ၁၈:၃၅) အမှန်စိတ်နှိမ့်ချသူများကို ယေဟောဝါမျက်နှာသာပေးတော်မူ၏၊ သို့ရာတွင် မိမိတို့နှင့်ဂုဏ်ရည်တူသူများ သို့မဟုတ် မိမိတို့ထက်သာလွန်သူများနှင့် ဆက်ဆံသည့်အခါမှသာ နှိမ့်ချဟန်ပြပြီး မိမိတို့လက်အောက်ရှိသူများကို ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံသူများကိုမူ ကိုယ်တော်ဆန့်ကျင်တော်မူ၏။—ဆာလံ ၁၃၈:၆။

ထို့နောက် “အာမုတ်၏ပရောဖက်ပြုချက်—ကျွန်ုပ်တို့ခေတ်အတွက် သတင်းစကား” ဟူသော အဓိကအကြောင်းအရာကို အဘက်ဘက်မှအလေးပေးဖော်ပြသည့် အခန်းဆက်ဟောပြောချက်တွင် ကျမ်းစာပရောဖက်ပြုချက်ကို တင်ဆက်ခဲ့သည်။ ပထမဟောပြောသူသည် အာမုတ်၏ပုံနမူနာကို ထောက်ပြပြီး ရောက်လာတော့မည့် ယေဟောဝါ၏တရားစီရင်ခြင်းအကြောင်း လူတို့ကိုသတိပေးဖို့ ကျွန်ုပ်တို့၌ တာဝန်ရှိကြောင်း အာရုံစိုက်စေခဲ့သည်။ သူ့ဟောပြောချက်၏အဓိကအကြောင်းမှာ “ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရဲရင့်စွာဟောပြောလော့” ဖြစ်သည်။ ဒုတိယဟောပြောသူက “ဒီကမ္ဘာပေါ်မှာရှိတဲ့ ဆိုးသွမ်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို တစ်ချိန်ချိန်မှာ ယေဟောဝါအဆုံးတိုင်စေမလား” ဟုမေးခွန်းထုတ်ခဲ့သည်။ “ဆိုးညစ်သူတို့တစ်ဖက် ဘုရားသခင့်တရားစီရင်ချက်” ဟူသော သူ၏အပိုင်းက ဘုရားသခင့်တရားစီရင်ချက်သည် အစဉ်သဖြင့် ထိုက်သင့်လျော်ကန်ပြီး ရှောင်လွှဲ၍မရသည့်ပြင် ရွေး၍စီရင်လေ့ရှိကြောင်း တင်ပြသည်။ နောက်ဆုံးအခန်းဆက်ဟောပြောသူက “ယေဟောဝါသည် စိတ်နှလုံးကို စစ်ဆေးတော်မူ၏” ဟူသောအကြောင်းကို အာရုံစိုက်စေခဲ့သည်။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုသူများသည် “[မကောင်းမှု]ကိုမုန်း၍ [ကောင်းမှု]ကိုချစ်ကြလော့” ဟူသော အာမုတ် ၅:၁၅ ပါစကားကို လိုက်နာကြပါလိမ့်မည်။

ဘုရားသခင်၏လက်ဆောင်တစ်ခုဖြစ်ပြီး စိတ်ရွှင်လန်းစေသည့် အရက်ယမကာကို အလွဲသုံးမိနိုင်သည်။ “အရက်သေစာအလွဲသုံးခြင်း ကျော့ကွင်းကိုရှောင်လော့” ဟောပြောချက်တွင် သောက်ကြူးသူတစ်ဦးမဟုတ်လျှင်ပင် အရက်အလွန်အကျွံသောက်သုံးခြင်း၏ ကာယရေးနှင့် ဝိညာဉ်ရေးအန္တရာယ်များကို ဟောပြောသူက စာရင်းတင်ပြခဲ့သည်။ လမ်းညွှန်ပေးသည့်ဤမူကို သူဖော်ပြခဲ့သည်– အရက်ဒဏ်ခံနိုင်ရည်မှာ တစ်ဦးနှင့်တစ်ဦးမတူသောကြောင့် သင်၏ “လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုထိခိုက်စေသည့် မည်သည့်ပမာဏမဆိုသည် သင့်အတွက် များနေပြီ။—သု. ၃:၂၁၊ ၂၂။

ခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ဖြစ်၍ “ယေဟောဝါ၊ ‘ဘေးရောက်သည်ကာလ၌’ ကျွန်ုပ်တို့၏ ‘ခိုလှုံရာ’” ဟူသော နောက်အကြောင်းတစ်ခုက နှစ်သိမ့်မှုပေးပါသည်။ ဆုတောင်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ခရစ်ယာန်ရောင်းရင်းတို့က ကျွန်ုပ်တို့ကို အောင်မြင်ကျော်လွှားစေနိုင်သည်။

ထိုနေ့၏နောက်ဆုံးဟောပြောချက်ဖြစ်သော “ကောင်းမွန်သောပြည်—ပရဒိသုကြိုတင်မြင်ကွင်း” က ကျမ်းစာမြေပုံများစွာပါသော စာအုပ်အသစ်တစ်အုပ် ထုတ်ဝေလိုက်ခြင်းဖြင့် အားလုံးကို အံ့အားသင့်သွားစေပြီး ဝမ်းသာအားရ နိဂုံးချုပ်ခဲ့သည်! ယင်းက ကောင်းမွန်သောပြည်ကို ကြည့်လော့အမည်ရှိစာအုပ်ဖြစ်သည်။

ဒုတိယနေ့ အဓိကအကြောင်း– “ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌ ... ဖော်ပြကြလော့”

နေ့စဉ်ကျမ်းချက်ကိုသုံးသပ်ပြီးနောက် “ယေဟောဝါ၏ ဘုန်းအသရေတော်ကို ကြေးမုံများကဲ့သို့ ရောင်ပြန်ဟပ်လော့” ဟူသော အဓိကအကြောင်းဖြင့် စည်းဝေးကြီး၏ ဒုတိယအခန်းဆက်ဟောပြောချက်ကို တင်ဆက်ခဲ့သည်။ ပထမဟောပြောသူက “နေရာတိုင်းတွင် သတင်းကောင်းဝေမျှခြင်း” အကြောင်း အကျယ်တဝင့်ရှင်းပြပြီး လယ်ကွင်းလုပ်ငန်းတွင် တွေ့ကြုံခဲ့သော တွေ့ကြုံမှုများကို ပြန်သရုပ်ပြစေခဲ့သည်။ “အလင်းကွယ်နေသူများထံမှ မျက်နှာဖုံးကို ဖယ်ရှားခြင်း” ဟူသောအကြောင်းကို ဒုတိယဟောပြောသူက တင်ဆက်သောအခါ သူသည် ပြန်လည်ပတ်မှုတစ်ခုကို သရုပ်ပြစေခဲ့သည်။ လယ်ကွင်းမှ စိတ်ဝင်စားဖွယ် တွေ့ကြုံမှုများအကြောင်း လူတွေ့မေးမြန်းခန်းများပါဝင်သည့်အတွက် “ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ပို၍အပြည့်အဝလုပ်ဆောင်ခြင်း” အမည်ရှိ နောက်ဆုံးအခန်းဆက်ဟောပြောချက်သည် ပို၍စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

အစီအစဉ်၏နောက်အပိုင်းတစ်ခုမှာ “အကြောင်းမဲ့ မုန်းတီးခြင်း” အမည်ရှိ၏။ ဤအပိုင်းတွင် အတိုက်အခံကြုံနေရစဉ် ဘုရားသခင်ပေးသောခွန်အားဖြင့် ဆက်၍တည်ကြည်ခဲ့ကြသူများကို လူတွေ့မေးမြန်းသည့် အားရှိစရာမေးမြန်းခန်းများ ပါဝင်သည်။

စည်းဝေးကြီးများတွင် မျှော်လင့်တကြီး စောင့်စားကြသောကဏ္ဍတစ်ခုမှာ နှစ်ခြင်းဟောပြောချက်ပြီးနောက် နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီသူအားလုံးကို ရေတွင်စုံးစုံးမြုပ် နှစ်ခြင်းပေးခြင်းဖြစ်သည်။ ရေတွင်နှစ်ခြင်းခံခြင်းသည် ယေဟောဝါထံ လုံးလုံးဆက်ကပ်အပ်နှံခြင်း အထိမ်းအမှတ်ဖြစ်၏။ ထို့ကြောင့် “ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်ခြင်းက ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ” ဟူသောအကြောင်းက အလွန်လျောက်ပတ်ပေသည်။

“ကြီးမြတ်မှုဆိုင်ရာ ခရစ်တော်၏အမြင်မျိုးကို မွေးမြူခြင်း” ဟူသော မိမိကိုယ်ကိုဆန်းစစ်စေသည့် ဟောပြောချက်ဖြင့် မွန်းလွဲပိုင်း အစီအစဉ်ကို အစပြုခဲ့သည်။ ဟောပြောသူက ကြီးမြတ်မှုသည် ခရစ်တော်၏နှိမ့်ချမှုကို တုပခြင်းမှဖြစ်လာဟူသော စိတ်ဝင်စားဖွယ်အချက်ကို ဖော်ပြခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် ပုဂ္ဂိုလ်ရေးရည်မှန်းချက်ပြည့်ဝဖို့ တာဝန်ရှိအခွင့်အရေးကို မရှာကြံသင့်ပါ။ ‘ထင်ပေါ်မှာမဟုတ်တဲ့ အထောက်အကူပြုတာဝန်တွေကို ထမ်းဆောင်ဖို့ ငါတလိုတလားရှိရဲ့လား’ ဟုမိမိကိုယ်ကိုမေးသင့်သည်။

သင်မောပန်းဖူးသလော။ အဖြေမှာ ရှင်းနေပါသည်။ “မောပန်းသော်လည်း ပန်းလျနွမ်းနယ်မှုမရှိ” ဟူသည့်ဟောပြောချက်ကို အားလုံးနှစ်ခြိုက်ခဲ့ကြသည်။ သက်တမ်းကြာသက်သေခံများကို လူတွေ့မေးမြန်းခြင်းမှ ယေဟောဝါသည် ကျွန်ုပ်တို့ကို “ဝိညာဉ်တော်အားဖြင့် ... ခွန်အားနှင့်မြဲမြံခိုင်ခံ့” စေနိုင်ကြောင်း ပြောပြသည်။—ဧဖက် ၃:၁၆။

ရက်ရောခြင်းသည် ကျွန်ုပ်တို့၏မွေးရာပါအရည်အချင်းတစ်ခုမဟုတ်ပါ၊ သင်ယူရမည့် အရည်အချင်းတစ်ခုဖြစ်၏။ အရေးပါသောဤအချက်ကို ‘စွန့်ကြဲချင်သောစေတနာစိတ်ရှိလော့’ ဟူသည့် ဟောပြောချက်တွင် အလေးပေးဖော်ပြခဲ့သည်။ စဉ်းစားစရာမေးခွန်းတစ်ခုကား “ကျွန်ုပ်တို့သည် သက်ကြီးရွယ်အို၊ ဖျားနာသူ၊ စိတ်ဓာတ်ကျနေသူ သို့မဟုတ် အထီးကျန်နေသူ ညီအစ်ကို၊ ညီအစ်မများအား ကျွန်ုပ်တို့၏အချိန် မိနစ်အနည်းငယ်ကို ဝေမျှပေးရန် အသင့်ရှိသလော” ဖြစ်သည်။

“‘သူစိမ်းများ၏စကားသံ’ ကိုသတိပြုကြလော့” က ပရိသတ်၏အာရုံကိုဖမ်းစားခဲ့သည်။ ထိုဟောပြောချက်က “ကောင်းသောသိုးထိန်း” ဖြစ်သူ ယေရှု၏စကားသံကိုသာ နားထောင်ပြီး စာတန့်ဩဇာအောက်ရှိ ကိုယ်စားလှယ် ‘သူစိမ်းများ၏စကားသံ’ ကို နားမထောင်ကြသော ကိုယ်တော့်နောက်လိုက်များကို သိုးများနှင့်နှိုင်းယှဉ်ပြခဲ့သည်။—ယောဟန် ၁၀:၅၊ ၁၄၊ ၂၇။

သံပြိုင်သီဆိုသည့်သီချင်းသည်စုသည် အသံတညီတည်း သီဆိုကြရပေမည်။ကမ္ဘာတစ်ဝန်းရှိ စစ်မှန်သောဝတ်ပြုသူများသည် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေဖို့စည်းလုံးရကြမည်။ထို့ကြောင့် “စင်ကြယ်သောဘာသာစကား” တစ်မျိုးတည်းကိုပြောဆို၍ ယေဟောဝါ၏အမှုတော်ကို “ပခုံးချင်းယှဉ်” ထမ်းဆောင်နိုင်ဖို့ မည်သို့ပြုလုပ်ရမည်အကြောင်း “‘တစ်သံတည်းဖြင့်’ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ကသွန်သင်ပေးသည်။—ဇေဖနိ ၃:၉၊ ကဘ။

မိဘများ၊ အထူးသဖြင့် ကလေးငယ်ရှိသည့်မိဘများသည် “ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ” ဟူသော အဆိုပါနေ့၏နောက်ဆုံးဟောပြောချက်ကို အလွန်ကြိုက်နှစ်သက်ခဲ့ကြသည်။ ၂၅၆ မျက်နှာရှိ စာအုပ်အသစ်တစ်အုပ်ထုတ်ဝေခဲ့ရာ ပရိသတ်ကို နှစ်ထောင်းအားရဖြစ်စေခဲ့သည်။ ဘုရားသခင်ထံမှ ဆုကျေးဇူးဖြစ်သော သားသမီးများနှင့်အတူ မိဘများရှိနေချိန်ကို ဝိညာဉ်ရေးရာ အကျိုးဖြစ်ထွန်းစေဖို့ ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်က ကူညီပေးပါလိမ့်မည်။

တတိယနေ့ အဓိကအကြောင်း– “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့”

နေ့စဉ်ကျမ်းချက်မှ သတိပေးချက်များက ဝိညာဉ်ရေးဆိုင်ရာ စကားများဖြင့် စည်းဝေးကြီးနောက်ဆုံးနေ့ကို အစပြုခဲ့သည်။ ဤနေ့၏ပထမပိုင်းအစီအစဉ်က မိသားစုအစီအစဉ်ကို အထူးအာရုံစိုက်စေခဲ့သည်။ “မိဘများ၊ မိသားစုကို ဆောက်တည်ပေးကြလော့” ဟူသော ပထမဟောပြောချက်က ပရိသတ်၏စိတ်အနေအထားကို အသင့်ပြင်ဆင်ပေးလိုက်သည်။ ဟောပြောသူသည် မိသားစု၏ကာယရေးအတွက် မိဘဝတ်များကို ပြန်လည်သုံးသပ်တင်ပြပြီးနောက် မိဘများ၏အဓိကတာဝန်မှာ ဝိညာဉ်ရေးအရ ကြည့်ရှုပြုစုပေးဖို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

နောက်ဟောပြောသူက “ယေဟောဝါအား လူငယ်များ ချီးမွမ်းနေကြပုံ” အကြောင်း ဆန်းစစ်ပြီး ကလေးငယ်များကို တိုက်ရိုက်ဟောခဲ့သည်။ လူငယ်အများအပြားရှိပြီး လူငယ့်ဇွဲမှာ လန်းဆန်းစေသောကြောင့် သူတို့သည် “ဆီးနှင်း” ပေါက်များနှင့်တူသည်ဟု သူပြောဆို၏။ ယေဟောဝါ၏လုပ်ငန်းတော်တွင် သူတို့နှင့်အတူ လုပ်ဆောင်ရသည့်အတွက် လူကြီးများ ဝမ်းမြောက်ကြသည်။ (ဆာလံ ၁၁၀:၃) ဤအပိုင်းတွင် စံထားလောက်သော လူငယ်လူရွယ်များနှင့် နှစ်လိုဖွယ်ကောင်းသည့် လူတွေ့မေးမြန်းခန်းများပြုလုပ်ပါသည်။

ဝတ်စုံပြည့် ကျမ်းစာပြဇာတ်များသည် ခရိုင်စည်းဝေးကြီးများ၏ စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ခု အစဉ်ဖြစ်ခဲ့ပြီ၊ ဤစည်းဝေးကြီးတွင်လည်း ပြဇာတ်ပါရှိသည်။ “ဆန့်ကျင်မှုကြား ရဲရင့်စွာသက်သေခံခြင်း” ပြဇာတ်က ပထမရာစုမှ ယေရှု၏နောက်လိုက်များအကြောင်း သရုပ်ဖော်ပြခဲ့သည်။ စိတ်ဝင်စားစရာကောင်းရုံမက သာ၍အရေးကြီးသည်မှာ ဗဟုသုတရစေသည်။ ပြဇာတ်ပြီးနောက် ဆက်လက်တင်ဆက်သော “သတင်းကောင်းကို ‘မပြတ်’ ကြေညာကြ” ဟူသည့်ဟောပြောချက်က ပြဇာတ်၏အဓိကအချက်များကို ပေါ်လွင်စေခဲ့သည်။

တနင်္ဂနွေနေ့အစီအစဉ်၏ ပေါ်လွင်ချက်တစ်ခုဖြစ်သော “ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း” ဟူသည့် လူထုဟောပြောချက်ကို တက်ရောက်သူအားလုံးက စောင့်မျှော်နေကြသည်။ အများအားဖြင့် သိပ္ပံပညာနယ်ပယ်နှင့် ကိုးကွယ်မှုဆိုင်ရာ အဖွဲ့အစည်းတို့သည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် မလုပ်ဆောင်ခဲ့ကြကြောင်း ဟောပြောသူက အထောက်အထားနှင့်တင်ပြခဲ့သည်။ ကိုယ်တော်၏နာမကိုခံယူထားသူ၊ ယေဟောဝါနှင့်ပတ်သက်သောအမှန်တရားကို ဟောပြော၊ သွန်သင်နေသူများသာလျှင် ယနေ့ ကိုယ်တော်၏နာမတော်ကို အမှန်တကယ်ဂုဏ်တင်နေကြသည်။

လူထုဟောပြောချက်ပြီးနောက် ထိုအပတ်အတွက် ကင်းမျှော်စင် သင်တန်း အကျဉ်းချုပ်နှင့် “ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေဖို့ ‘များစွာသောအသီးကို သီးနေလော့’” ဟူသော နိဂုံးချုပ်ဟောပြောချက်တို့ကို ဆက်၍တင်ဆက်ခဲ့သည်။ ဖန်ဆင်းရှင်၊ ယေဟောဝါကို ဘုန်းထင်ရှားစေနိုင်သော နည်းအမျိုးမျိုးကို အဓိကထားသည့် အဓိဋ္ဌာန်ပြုချက်ဆယ်ခုကို တက်ရောက်သူအားလုံး ခံယူနိုင်ဖို့ ဟောပြောသူက တင်ပြဟောပြောခဲ့သည်။ မြေကြီးတစ်စွန်းမှ တစ်စွန်းတိုင်အောင် ကျင်းပလျက်ရှိသော စည်းဝေးကြီးအားလုံးတွင် “တူပါတယ်” ဟုတစ်သံတည်း ထွက်ဆိုခဲ့ကြသည်။

“ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ဟူသောအဓိကအကြောင်းဖြင့် စည်းဝေးကြီးကိုနိဂုံးချုပ်ခဲ့ရာ တက်ရောက်သူ ယောက်စီယောက်တိုင်း၏နားတွင် ထိုစကားများ ပဲ့တင်ရိုက်ခတ်နေသည်။ ယေဟောဝါ၏ဝိညာဉ်တော်နှင့် ကိုယ်တော့်မျက်မြင်ရအဖွဲ့အစည်း၏ အကူအညီဖြင့် လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် အစဉ်ရှာကြံကြစို့လေ။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ

အာရှ၊ ဩစတြေးလျ၊ ဥရောပ၊ မြောက်အမေရိကနှင့်တောင်အမေရိကတို့တွင် လေးရက်ကြာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကို ကျင်းပခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းမှ သက်သေခံများသည် ဤစည်းဝေးများတွင် ကိုယ်စားလှယ်များအဖြစ်တက်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။ သို့ဖြင့် ဧည့်သည်များနှင့် အိမ်ရှင်များသည် ‘အချင်းချင်းအားပေး’ တည်ဆောက်ခွင့် ရရှိခဲ့ကြသည်။ (ရောမ ၁:၁၂) အသိမိတ်ဆွေဟောင်းများ ပြန်တွေ့ဆုံကြပြီး မိတ်ဆွေသစ်များနှင့်လည်း မိတ်ဖွဲ့ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ၏ အထူးအစီအစဉ်တစ်ခုမှာ “အခြားနိုင်ငံများမှ သတင်းများ” အမည်ရှိ အစီအစဉ်အပိုင်းဖြစ်သည်။

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေသော စာစောင်အသစ်များ

“ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးများတွင် စာစောင်အသစ်နှစ်အုပ်ကိုထုတ်ဝေခဲ့ပါသည်။ ကောင်းမွန်သောပြည်ကို ကြည့်လော့ဟူသော ၃၆ မျက်နှာရှိ ကျမ်းစာမြေပုံစာအုပ်သည် တာရှည်ခံအဖုံးနှင့်ဖြစ်ပြီး ကျမ်းစာနယ်မြေ၏ မြေပုံများနှင့်ဓာတ်ပုံများပါရှိသည်။ စာမျက်နှာတိုင်းမှာရောင်စုံဖြစ်ပြီး အာဆီးရီးယား၊ ဗာဗုလုန်၊ မီဒို-ပါးရှား၊ ဂရိနှင့် ရောမအင်ပါယာများ၏ မြေပုံများ ပါရှိသည်။ ယေရှု၏ဓမ္မအမှုနှင့် ခရစ်ယာန်ဘာသာပြန့်ပွားမှုတို့ကို ဖော်ပြသော သီးခြားမြေပုံများလည်း ပါရှိသည်။

၂၅၆ မျက်နှာရှိ ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်တွင် ရုပ်ပုံပေါင်း ၂၃၀ ခန့်ပါရှိသည်။ ရုပ်ပုံများကိုကြည့်ပြီး စာအုပ်တွင်ပါသော စဉ်းစားတွေးတောစရာမေးခွန်းများကို ဖြေဆိုရုံဖြင့် ကလေးများနှင့် ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနိုင်ပါသည်။ ကျွန်ုပ်တို့လူငယ်များ၏ ကိုယ်ကျင့်တရားကို ယိုယွင်းစေဖို့ချိန်ရွယ်ထားသော စာတန်၏တိုက်ခိုက်မှုကို တိုက်ဖျက်ရန်ရည်ရွယ်လျက် ဤစာအုပ်အသစ်ကို ထုတ်ဝေထားပါသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယုံကြည်ခြင်းခိုင်ခံ့စေသော တွေ့ကြုံမှုများကို ခရစ်ယာန်သာသနာပြုများ ပြန်ပြောပြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

နှစ်ခြင်းခံခြင်းသည် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” စည်းဝေးကြီးများ၏ အရေးပါသောအပိုင်းဖြစ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျမ်းစာပြဇာတ်များကို ကြီးငယ်မဟူ ကြိုက်နှစ်သက်ခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ