ယေဟောဝါသည် စိတ်နှိမ့်ချသူများကို ဘုန်းတော်ထင်ရှားပြ
‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။’—သု. ၂၂:၄။
၁၊ ၂။ (က) သတေဖန်သည် “ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံ” သောသူဖြစ်ကြောင်း တမန်တော်ကျမ်းက မည်သို့ဖော်ပြသနည်း။ (ခ) သတေဖန်သည် စိတ်နှိမ့်ချသူဖြစ်ကြောင်း အဘယ်သက်သေသာဓကရှိသနည်း။
သတေဖန်သည် “ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံ” သောသူဖြစ်၏။ ထို့ပြင် “ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံ” သောသူလည်းဖြစ်၏။ ယေရှု၏ကနဦးတပည့်တစ်ဦးအနေနှင့် သူသည် လူအများရှေ့တွင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုလုပ်လျက်ရှိသည်။ တစ်ချိန်တွင် လူအချို့သည် သတေဖန်နှင့်ငြင်းခုံကြသော်လည်း “သူဟောပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ” ချေ။ (တမန်တော် ၆:၅၊ ၈-၁၀) သတေဖန်သည် သမ္မာကျမ်းစာကို ကြိုးစားအားထုတ်၍ လေ့လာသူဖြစ်ရာ သူ့ခေတ်အခါက ဂျူးဘာသာရေးခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ယင်းကို ပိုင်နိုင်စွာ ဟောပြောနိုင်ခဲ့သည်။ တမန်တော်ကျမ်းအခန်းကြီး ၇ တွင်မှတ်တမ်းတင်ထားသည့် သူ၏အသေးစိတ်သက်သေခံချက်က တဖြည်းဖြည်းဖွင့်ပြသော ဘုရားသခင်၏ရည်ရွယ်ချက်ကို သူအလွန်စိတ်ဝင်စားကြောင်း ထင်ရှား၏။
၂ မိမိတို့၏ရာထူးနှင့် အသိပညာကြောင့် သာမန်လူတန်းစားများထက် သာလွန်သည်ဟု ယူမှတ်ကြသော အဆိုပါ ဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ သတေဖန်သည် စိတ်နှိမ့်ချမှုရှိ၏။ (မဿဲ ၂၃:၂-၇; ယောဟန် ၇:၄၉) သူသည် သမ္မာကျမ်းစာကို ကျွမ်းကျင်တတ်မြောက်သူဖြစ်သော်လည်း ‘ဆုတောင်းခြင်း၊ နှုတ်မြွက်တရားတော် ဟောပြောခြင်းအမှုကို’ တမန်တော်များ အမြဲပြုနိုင်ရန် သူ့အား “စားပွဲ၌လုပ်ကျွေး” ခြင်းတာဝန် အပ်နှင်းခြင်းကို အလွန်အားရကျေနပ်ခဲ့သည်။ သတေဖန်သည် ညီအစ်ကိုများကြားတွင် နာမည်ကောင်းရရှိထားသူဖြစ်ရာ နေ့စဉ် အစာဝေမျှခြင်းတာဝန်ကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် အရည်အချင်းပြည့်မီသူ အမျိုးသားခုနစ်ဦးကို ရွေးချယ်ရာ သူလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ထိုတာဝန်ကို သူနှိမ့်ချစွာ လက်ခံခဲ့သည်။—တမန်တော် ၆:၁-၆။
၃။ ဘုရားသခင်၏မခံစားထိုက်သောကရုဏာတော်၏ အဘယ်ထူးခြားသောဘုန်းတော်ထင်ရှားချက်ကို သတေဖန်မြင်တွေ့ခဲ့ရသနည်း။
၃ သတေဖန်၏ဝိညာဉ်ရေးစိတ်ထား၊ သမာဓိနှင့် စိတ်နှိမ့်ချမှုကို ယေဟောဝါ သတိမပြုမိဘဲမနေပါ။ ဆဲန်ဟီဒရင်တွင် ရန်လိုနေသောဂျူးခေါင်းဆောင်များအား သတေဖန်သက်သေခံနေစဉ် “သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်” ကိုအတိုက်အခံပြုသူများ မြင်တွေ့ခဲ့ကြ၏။ (တမန်တော် ၆:၁၅) သူ၏မျက်နှာပုံက ယေဟောဝါဘုရားသခင်၏ဘုန်းတန်ခိုးမှ ငြိမ်သက်မှုရရှိသည့် ဘုရားသခင်၏စေတမန်တစ်ဦးကဲ့သို့ဖြစ်၏။ သတေဖန်သည် ဆဲန်ဟီဒရင်အဖွဲ့ဝင်များကို သတ္တိရှိရှိ သက်သေခံပြီးနောက် ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်၏ ထူးခြားသောဘုန်းတော်ထင်ရှားချက်ကို မြင်တွေ့ခဲ့ရသည်။ “သူသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်းမြင်” ရသည်။ (တမန်တော် ၇:၅၅) သတေဖန်အတွက် ဤထူးခြားသောအဆင်းအာရုံက ယေရှု၏အခွင့်အရာသည် ဘုရားသခင်၏သားတော်နှင့်မေရှိယဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။ ယင်းက စိတ်နှိမ့်ချသူသတေဖန်ကို အားရှိစေပြီး သူသည် ယေဟောဝါ၏မျက်နှာသာတော်ရရှိထားကြောင်း ယုံကြည်စိတ်ချစေ၏။
၄။ ယေဟောဝါသည် အဘယ်သူကို ဘုန်းတော်ထင်ရှားပြသနည်း။
၄ သတေဖန် မြင်တွေ့ခဲ့သော အဆင်းအာရုံက ယေဟောဝါသည် မိမိ၏ဘုန်းတော်နှင့် ရည်ရွယ်ချက်ကို မိမိနှင့်ဆက်ဆံရေးကောင်းရှိပြီး ယင်းကို တန်ဖိုးထားသည့် စိတ်နှိမ့်ချသော ဘုရားသခင်ကိုကြောက်ရွံ့သူများအား ထင်ရှားပြကြောင်း ပေါ်လွင်၏။ ‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏’ ဟူ၍ သမ္မာကျမ်းစာကဆိုသည်။ (သု. ၂၂:၄) ထို့ကြောင့် စစ်မှန်သောစိတ်နှိမ့်ချမှုသည် အဘယ်အရာဖြစ်ကြောင်း၊ ဤအရေးပါအရည်အသွေးကို မည်သို့ပျိုးထောင်နိုင်ကြောင်း၊ ၎င်းကို ဘဝကဏ္ဍအသီးသီးတွင် တင်ပြခြင်းအားဖြင့် အဘယ်အကျိုးကျေးဇူးရရှိနိုင်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ဖို့ အရေးကြီး၏။
စိတ်နှိမ့်ချခြင်း —ဘုရားသခင့်ရေးရာအရည်အသွေးတစ်ခု
၅၊ ၆။ (က) စိတ်နှိမ့်ချခြင်းဟူသည် အဘယ်နည်း။ (ခ) ယေဟောဝါသည် စိတ်နှိမ့်ချမှုကို မည်သို့ပြသခဲ့သနည်း။ (ဂ) ယေဟောဝါ၏စိတ်နှိမ့်ချမှုက ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေသင့်သနည်း။
၅ စကြဝဠာတွင် ဘုန်းတန်ခိုးအကြီးမြတ်ဆုံး ယေဟောဝါဘုရားသခင်သည် စိတ်နှိမ့်ချမှု၏ အကောင်းဆုံးစံနမူနာရှင်ဖြစ်သည်ကို အချို့သူတို့ အံ့အားသင့်ကြပေမည်။ ရှင်ဘုရင်ဒါဝိဒ်သည် ယေဟောဝါအား ဤသို့လျှောက်ဆို၏– “ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူ [“စိတ်နှိမ့်ချ၊” ကဘ] ခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏။” (ဆာလံ ၁၈:၃၅) “ကိုင်းညွတ်သည်” ဟုအဓိပ္ပာယ်ရှိသော ဟေဗြဲမူရင်းစကားလုံးကို အခြေခံ၍ စိတ်နှိမ့်ချသူအဖြစ် ယေဟောဝါအား ဒါဝိဒ် ဖော်ပြခြင်းဖြစ်သည်။ “စိတ်နှိမ့်ချခြင်း” အပြင် အဆိုပါမူရင်းစကားလုံးနှင့် ဆက်စပ်သည့် တခြားစကားလုံးများတွင် “မာန်မာနမရှိခြင်း၊” “နူးညံ့သိမ်မွေ့ခြင်း၊” နှင့် “ကိုယ်ကိုယ့်ကိုနှိမ့်ချခြင်း” တို့ပါဝင်သည်။ ထို့ကြောင့် ယေဟောဝါသည် မစုံလင်သူဒါဝိဒ်နှင့် ပေါင်းသင်းဆက်ဆံရန် မိမိကိုယ်ကိုအဆင့်နှိမ့်လိုက်သောအခါ နှိမ့်ချမှုပြခဲ့ပြီး ဒါဝိဒ်ကို မိမိကိုယ်စား ဘုရင်အဖြစ် အုပ်စိုးစေခဲ့သည်။ ဆာလံကျမ်းအခန်းကြီး ၁၈ ၏ခေါင်းစဉ်တွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါသည် ဒါဝိဒ်ကို ကာကွယ်၊ ထောက်မပေးပြီး “ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ” ကယ်လွှတ်ခဲ့၏။ ဒါဝိဒ်ကိုယ်တိုင်သည်လည်း ဘုရင်အဖြစ် မိမိရရှိခဲ့သော အဘယ်ဂုဏ်သတင်းမဆို မိမိအကျိုးအတွက် ယေဟောဝါ နှိမ့်ချစွာလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ ဒါဝိဒ်သည် ထိုသို့အသိအမှတ်ပြုခြင်းကြောင့် စိတ်နှိမ့်ချမှုရှိနိုင်ခဲ့ခြင်းဖြစ်သည်။
၆ ကျွန်ုပ်တို့ကော အသို့နည်း။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အမှန်တရားသင်ပေးသည့်အပြင် ကိုယ်တော်၏အဖွဲ့အစည်းမှတစ်ဆင့် လုပ်ငန်းတော်အခွင့်ထူးများ အပ်နှင်းထားပေမည်၊ သို့မဟုတ် ကိုယ်တော်၏အလိုတော် ပြီးမြောက်စေရန် ကျွန်ုပ်တို့ကို တစ်နည်းနည်းဖြင့် အသုံးပြုနေပေမည်။ ယင်းတို့အားလုံးကြောင့် ကျွန်ုပ်တို့ အဘယ်စိတ်ထားရှိသင့်သနည်း။ ကျွန်ုပ်တို့သည် စိတ်နှိမ့်ချသင့်သည်မဟုတ်ပေလော။ ယေဟောဝါ၏စိတ်နှိမ့်ချမှုကို ကျေးဇူးတင်ကာ အမှန်တကယ်ပင် ဘေးသင့်စေမည့် ဘဝင်မြင့်ခြင်းကို ရှောင်ရှားသင့်သည်မဟုတ်ပေလော။—သု. ၁၆:၁၈; ၂၉:၂၃။
၇၊ ၈။ (က) မနာရှေနှင့် ယေဟောဝါဆက်ဆံပုံတွင် ကိုယ်တော်၏စိတ်နှိမ့်ချမှု မည်သို့ထင်ရှားသနည်း။ (ခ) ယေဟောဝါနှင့် မနာရှေပါ စိတ်နှိမ့်ချမှုပြရာတွင် ကျွန်ုပ်တို့လိုက်လျှောက်အပ်သည့် အဘယ်ပုံနမူနာ ချမှတ်ခဲ့သနည်း။
၇ ယေဟောဝါသည် မစုံလင်သော လူသားများနှင့်ဆက်ဆံခြင်းအားဖြင့် အလွန်စိတ်နှိမ့်ချကြောင်း ဖော်ပြရုံသာမက စိတ်နှိမ့်ချသူများကို တလိုတလား ကရုဏာပြတော်မူပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချသူများအား ချီးမြှောက်တော်မူခဲ့ပြီ။ (ဆာလံ ၁၁၃:၄-၇) ဥပမာ၊ ယုဒရှင်ဘုရင် မနာရှေအကြောင်း သုံးသပ်ကြည့်ပါ။ သူသည် ဘုရင်အရိုက်အရာကို တလွဲသုံးကာ မှားယွင်းသောဝတ်ပြုရေးကို မြှင့်တင်ပြီး ‘ယေဟောဝါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောအပြစ်ကိုပြု၏။’ (၂ ရာဇဝင်ချုပ် ၃၃:၆) နောက်ဆုံးတွင် ယေဟောဝါသည် အာရှုရိဘုရင်အားဖြင့် မနာရှေကို နန်းချ၍ အပြစ်ပေးခဲ့သည်။ မနာရှေသည် အကျဉ်းထောင်တွင် ‘မိမိဘုရားသခင် ယေဟောဝါကိုတောင်းပန်၍ ကိုယ်ကိုအလွန်နှိမ့်ချ’ လိုက်ရာ ကိုယ်တော်သည် သူ့ကို ယေရုရှလင်မြို့တွင် ပြန်နန်းတင်ပေးခဲ့သည်၊ ထိုနောက် ‘ယေဟောဝါသည် စစ်မှန်သောဘုရားသခင် ဖြစ်တော်မူကြောင်းကို’ မနာရှေသိခဲ့၏။ (၂ ရာဇဝင်ချုပ် ၃၃:၁၁-၁၃) မှန်ပါသည်၊ နောက်ဆုံးတွင် မနာရှေ၏နှိမ့်ချသောသဘောကို ယေဟောဝါနှစ်သက်တော်မူသဖြင့် ကိုယ်တော်သည် သူ့ကို ခွင့်လွှတ်ကာ ပြန်နန်းတင်ပေးလိုက်ခြင်းဖြင့် စိတ်နှိမ့်ချမှုပြခဲ့သည်။
၈ ယေဟောဝါ၏တလိုတလားခွင့်လွှတ်ခြင်းနှင့် မနာရှေ၏နောင်တယူသည့် စိတ်ထားတို့မှ စိတ်နှိမ့်ချခြင်းဆိုင်ရာ အရေးကြီးသင်ခန်းစာများ ကျွန်ုပ်တို့ရရှိသည်။ ကျွန်ုပ်တို့ကို စိတ်ထိခိုက်စေခဲ့သူများနှင့် ကျွန်ုပ်တို့ဆက်ဆံပုံ၊ ကျွန်ုပ်တို့အပြစ်ပြုမိသည့်အခါ တင်ပြသောစိတ်ထားတို့က ကျွန်ုပ်တို့နှင့် ယေဟောဝါဆက်ဆံရေးအပေါ် အကျိုးသက်ရောက်နိုင်ကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ သူတစ်ပါး၏အပြစ်များကို ကျွန်ုပ်တို့တလိုတလားခွင့်လွှတ်ပြီး ကိုယ်အပြစ်ကို စိတ်နှိမ့်ချစွာ ဝန်ခံမည်ဆိုလျှင် ယေဟောဝါ၏ကရုဏာတော် ခံစားခွင့်ရရှိနိုင်သည်။—မဿဲ ၅:၂၃၊ ၂၄; ၆:၁၂။
စိတ်နှိမ့်ချသူများကို ဘုရားသခင့်ဘုန်းတော် ထင်ရှားပြခဲ့
၉။ စိတ်နှိမ့်ချမှုသည် ပျော့ညံ့ခြင်းလော။ ရှင်းပြပါ။
၉ သို့သော် စိတ်နှိမ့်ချမှုအပြင် ၎င်းနှင့်ဆက်စပ်သည့် အရည်အသွေးများကို ပျော့ညံ့ခြင်း၊ သို့မဟုတ် မှားယွင်းမှုကိုလျစ်လျူရှုခြင်းအဖြစ် တလွဲအဓိပ္ပာယ်မကောက်သင့်ချေ။ သမ္မာကျမ်းစာက ဖော်ပြသည့်အတိုင်း ယေဟောဝါသည် စိတ်နှိမ့်ချတော်မူ၏၊ သို့တိုင် အခြေအနေကတောင်းဆိုလာသည့်အခါ ကိုယ်တော်သည် ထိုက်သင့်စွာ အမျက်ဒေါသပြ၏၊ အံ့ဖွယ်တန်ခိုးတော်ကိုလည်း ပြတော်မူ၏။ ယေဟောဝါသည် စိတ်နှိမ့်ချမှုရှိသောကြောင့် စိတ်နှိမ့်ချသူများကို မျက်နှာသာပေး၏၊ အထူးထောက်ထားစာနာတော်မူ၏၊ မာနကြီးသူများနှင့်မူကား ခပ်တန်းတန်းနေတော်မူ၏။ (ဆာလံ ၁၃၈:၆) ယေဟောဝါသည် မိမိ၏စိတ်နှိမ့်ချသောကျေးကျွန်များကို အထူးထောက်ထားစာနာမှု မည်သို့ပြသနည်း။
၁၀။ ၁ ကောရိန္သု ၂:၆-၁၀ တွင်ညွှန်ပြထားသည့်အတိုင်း ယေဟောဝါသည် စိတ်နှိမ့်ချသူများကို အဘယ်အရာဖော်ပြသနည်း။
၁၀ ယေဟောဝါသည် သတ်မှတ်ထားချိန်တွင် ရွေးချယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းအားဖြင့် မိမိ၏ရည်ရွယ်တော်မူချက် ပြည့်စုံခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စိတ်နှိမ့်ချသူများအား ဖော်ပြတော်မူ၏။ လူ့ဉာဏ်ပညာနှင့် အတွေးအခေါ်တို့ကို ဂုဏ်ယူဝင့်ကြွားစွာ အားကိုးပြီး စွဲမြဲစွာဆုပ်ကိုင်ထားသူများသည် အဆိုပါမြင့်မြတ်ရာများကို မသိရှိနိုင်ကြချေ။ (၁ ကောရိန္သု ၂:၆-၁၀) သို့ရာတွင် ယေဟောဝါ၏ရည်ရွယ်ချက်ကို တိကျမှန်ကန်စွာ သိနားလည်ခွင့်ရသော စိတ်နှိမ့်ချသူများမှာမူ ယေဟောဝါ၏စွဲမှတ်ဖွယ်ဘုန်းတော်ကို ပို၍ပင် အထင်ကြီးလေးစားကြသောကြောင့် ကိုယ်တော်အား ချီးမွမ်းရန် လှုံ့ဆော်ခံရကြသည်။
၁၁။ ပထမရာစုတွင် အချို့သူတို့သည် စိတ်နှိမ့်ချမှုမရှိကြောင်း မည်သို့တင်ပြခဲ့ကြသနည်း၊ ယင်းကြောင့် သူတို့ မည်သို့ထိခိုက်နစ်နာခဲ့သနည်း။
၁၁ ပထမရာစုတွင် ခရစ်ယာန်အမည်ခံအချို့အပါအဝင် လူများစွာတို့သည် စိတ်နှိမ့်ချမှုမရှိကြရာ ဘုရားသခင့်ရည်ရွယ်ချက်ကို တမန်တော်ပေါလု ဖော်ပြသောအခါ ထိမိလဲခဲ့ကြသည်။ ပေါလုသည် “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” ဖြစ်လာရခြင်းသည် သူ၏လူမျိုး၊ ပညာရေးအဆင့်၊ အသက်အရွယ် သို့မဟုတ် အလုပ်မွန်များကြောင့် မဟုတ်ပါ။ (ရောမ ၁၁:၁၃) များသောအားဖြင့် ဇာတိစိတ်ရှိသူတို့သည် ယေဟောဝါ၏အသုံးတော်ခံဖြစ်သင့်သူတို့၌ ထိုအရည်အချင်းများ ရှိရမည်ဟု ယူဆကြသည်။ (၁ ကောရိန္သု ၁:၂၆-၂၉; ၃:၁; ကောလောသဲ ၂:၁၈) သို့သော် ယေဟောဝါသည် မိမိ၏ချစ်ခင်ကြင်နာမှုနှင့် ဖြောင့်မတ်သောရည်ရွယ်ချက်တို့နှင့်အညီ ပေါလုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၁၅:၈-၁၀) “ထူးကဲတမန်တော်ကြီးများ” ဟူ၍ ပေါလုခေါ်ခဲ့သူများသာမက တခြားအတိုက်အခံပြုသူများကပါ ပေါလုနှင့် သမ္မာကျမ်းစာမှ သူ၏ကျိုးကြောင်းဆင်ခြင်ပြချက်များကို လက်မခံခဲ့ကြချေ။ သူတို့သည် စိတ်နှိမ့်ချမှုမရှိကြသောကြောင့် ယေဟောဝါ၏ရည်ရွယ်ချက်ကို အထမြောက်စေသည့် မြင့်မြတ်သောနည်းဆိုင်ရာ အသိပညာကို နားမလည်နိုင်ကြချေ။ ယေဟောဝါ၏ရည်ရွယ်တော်မူချက် အထမြောက်စေရန် ကိုယ်တော်ရွေးချယ်အသုံးပြုသူများကို ဘယ်တော့မျှ အထင်မသေးပါနှင့်၊ ကြိုတင်စီရင်ဆုံးဖြတ်ချက်မချပါနှင့်။—၂ ကောရိန္သု ၁၁:၄-၆ ကဘ။
၁၂။ ယေဟောဝါသည် စိတ်နှိမ့်ချသူများကို မျက်နှာသာပေးကြောင်း မောရှေ၏ပုံနမူနာက မည်သို့ဖော်ပြသနည်း။
၁၂ အခြားတစ်ဖက်တွင်မူ၊ စိတ်နှိမ့်ချသူများသည် ဘုရားသခင်၏ဘုန်းတော်ကို တွေ့မြင်ခွင့်ရခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာပုံနမူနာများစွာရှိ၏။ လူအပေါင်းတို့ထက် “သာ၍နူးညံ့သိမ်မွေ့ [“စိတ်နှိမ့်ချ”၊ ကဘ] သောသဘော” ရှိသူ မောရှေသည် ဘုရားသခင်၏ဘုန်းတော်ကို မြင်ရပြီး ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရရှိခဲ့၏။ (တောလည်ရာ ၁၂:၃) နိမ့်ကျသောသိုးထိန်းအဖြစ် အာရပ်ကျွန်းဆွယ်တွင် အကြာဆုံးနေထိုင်ခဲ့ပုံရှိသည့် အနှစ် ၄၀ တိုင်သိုးထိန်းခဲ့သော အဆိုပါစိတ်နှိမ့်ချသူသည် ဖန်ဆင်းရှင်၏မျက်နှာသာတော်ကို နည်းအမျိုးမျိုးဖြင့် ရရှိခဲ့သည်။ (ထွက်မြောက်ရာ ၆:၁၂၊ ၃၀) မောရှေသည် ယေဟောဝါ၏ကျောထောက်နောက်ခံမှုဖြင့် ဣသရေလလူမျိုးအတွက် ပြောရေးဆိုခွင့်ရှိသူနှင့် အဓိကဖွဲ့စည်းသူဖြစ်လာခဲ့သည်။ သူသည် ဘုရားသခင်နှင့် အပြန်အလှန်ဆက်သွယ်ခွင့်ရခဲ့၏။ အမြင်အာရုံတစ်ခု၌ ‘ယေဟောဝါ၏ပုံသဏ္ဌာန်ကို’ မြင်တွေ့ခဲ့ရ၏။ (တောလည်ရာ ၁၂:၇၊ ၈; ထွက်မြောက်ရာ ၂၄:၁၀၊ ၁၁) ဤစိတ်နှိမ့်ချသောကျေးကျွန်ကို ဘုရားသခင်၏ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုသူများသည်လည်း ကောင်းချီးရရှိခဲ့ကြ၏။ ထိုနည်းတူ မောရှေထက် သာ၍ကြီးမြတ်သော ပရောဖက်ယေရှုကိုသာမက ကိုယ်တော်ခန့်အပ်ထားသည့် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ကိုပါ အသိအမှတ်ပြုပြီး နာခံမည်ဆိုလျှင် ကျွန်ုပ်တို့လည်း ကောင်းချီးခံစားရပါလိမ့်မည်။—မဿဲ ၂၄:၄၅၊ ၄၆; တမန်တော် ၃:၂၂။
၁၃။ ပထမရာစုရှိ စိတ်နှိမ့်ချသောသိုးထိန်းများကို ယေဟောဝါ၏ဘုန်းတော် မည်သို့ထင်ရှားပြခဲ့သနည်း။
၁၃ ‘ယေဟောဝါ၏ဘုန်းတော်ထွန်းတောက်’ ၍ “သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်” မွေးဖွားခြင်းသတင်းကောင်းကို မည်သူတို့အား ကောင်းကင်တမန်များ ကြေညာခဲ့သနည်း။ မောက်မာသော ဘာသာရေးခေါင်းဆောင်များ၊ ရာထူးရာခံရှိ အရေးပါသူများကိုမဟုတ်ဘဲ “ညအခါ တောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကိုစောင့်နေကြ” သည့် စိတ်နှိမ့်ချသော သိုးထိန်းများအား ကြေညာခဲ့သည်။ (လုကာ ၂:၈-၁၁) ဤသူတို့၏အရည်အချင်း၊ သူတို့၏အလုပ်အကိုင်ကို ထောက်၍ မျက်နှာသာပေးခံရခြင်းမဟုတ်ပါ။ သို့တိုင် သူတို့ကို ယေဟောဝါ သတိပြုပြီး မေရှိယမွေးဖွားခြင်းအကြောင်း ဦးဆုံးအသိပေးလိုတော်မူခဲ့သည်။ မှန်၏၊ ယေဟောဝါသည် ဘုရားသခင်ရေးရာ ကြောက်ရွံ့ခြင်းရှိသည့် စိတ်နှိမ့်ချသူများကို မိမိ၏ဘုန်းတော် ထင်ရှားပြတော်မူသည်။
၁၄။ စိတ်နှိမ့်ချသူများသည် ဘုရားသခင်ထံမှ အဘယ်ကောင်းချီးများ ရရှိသနည်း။
၁၄ အဆိုပါပုံနမူနာများက ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။ ယေဟောဝါသည် စိတ်နှိမ့်ချသူများကို မျက်နှာသာပေးသည့်အပြင် ကိုယ်တော်၏ရည်ရွယ်ချက်နှင့်ပတ်သက်သော အသိပညာနှင့်သိနားလည်မှုကိုပါ ပေး၏။ လူတို့မျှော်မှန်းသည့် အရည်အချင်းများ မပြည့်မီသူတို့ကို ကိုယ်တော်ရွေးချယ်ပြီး ကိုယ်တော်၏မြင့်မြတ်သောရည်ရွယ်ချက်ကို အခြားသူများ ကြားသိစေမည့်လမ်းကြောင်းအဖြစ် သူတို့ကို အသုံးပြုတော်မူ၏။ ယင်းက ကျွန်ုပ်တို့ကို ယေဟောဝါအား၊ ကိုယ်တော်၏ပရောဖက်ပြု နှုတ်ထွက်စကားတော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းတို့မှ လမ်းညွှန်မှုကို ဆက်ရှာရန် လှုံ့ဆော်ပေးသင့်သည်။ ယေဟောဝါ၏မြင့်မြတ်သောရည်ရွယ်ချက်ကို စိတ်နှိမ့်ချသောကျေးကျွန်များအား ကိုယ်တော်ဆက်၍ဖွင့်ပြမည်ကို စိတ်ချနိုင်ပါသည်။ ပရောဖက်အာမုတ်က ‘အရှင်ယေဟောဝါသည် မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ’ ဟုအခိုင်အမာဆိုခဲ့သည်။—အာမုတ် ၃:၇။
စိတ်နှိမ့်ချခြင်းကို ပျိုးထောင်၍ ဘုရားသခင့်မျက်နှာသာကို ရယူလော့
၁၅။ အဘယ်ကြောင့် ဆက်စိတ်နှိမ့်ချရမည်နည်း၊ ဣသရေလရှင်ဘုရင် ရှောလု၏အဖြစ်က ယင်းကို မည်သို့ဖော်ပြသနည်း။
၁၅ ဘုရားသခင်၏မျက်နှာသာတော်ကို အမြဲခံစားလိုလျှင် ဆက်စိတ်နှိမ့်ချရမည်။ တစ်ချိန်က စိတ်နှိမ့်ချသူသည် အမြဲစိတ်နှိမ့်ချနေမည်ဟု မယူဆနိုင်ပါ။ စိတ်နှိမ့်ချမှုပပျောက်သွားပြီး မာန်တက်လာနိုင်ဖွယ်ရှိ၏၊ ၎င်းမှတစ်ဆင့် ရောင့်တက်ကာ ဘေးတွေ့နိုင်၏။ ဣသရေလရှင်ဘုရင်အဖြစ် ပထမဦးဆုံး ဘိသိက်ပေးခံရသူ ရှောလု၏အဖြစ်က ထိုသို့ပင်ဖြစ်သည်။ သူ့ကို ဦးဆုံးရွေးချယ်စဉ်က သူ့ကိုယ်သူ “ငယ်သောသူ” ဖြစ်သည်ဟု ယူမှတ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၅:၁၇) သို့သော် သူသည် နှစ်နှစ်လောက်သာ အုပ်ချုပ်ပြီးနောက်တွင် ရောင့်တက်လာ၏။ ပရောဖက်ရှမွေလကသာ ယဇ်ပူဇော်ရမည်ဖြစ်သည့် ယေဟောဝါ၏အစီအစဉ်ကို ဥပေက္ခာပြုပြီး သူကိုယ်တိုင် ယဇ်ပူဇော်ခြင်းကို ကြံဖန်ဆင်ခြေပေးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၊ ၈-၁၄) ယင်းက သူ၌ နှိမ့်ချမှုမရှိကြောင်း သိသာထင်ရှားစေသည့် ကွင်းဆက်ဖြစ်စဉ်များ၏ အစမျှဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့် မျက်နှာသာဆုံးရှုံးသွားပြီး နောက်ဆုံးတွင် မရှုမလှ သေပွဲဝင်ခဲ့ရသည်။ (၁ ဓမ္မရာဇဝင် ၁၅:၃-၁၉၊ ၂၆; ၂၈:၆; ၃၁:၄) ရှင်းနေသည်မှာ ကျွန်ုပ်တို့သည် နှိမ့်ချခြင်းနှင့် ကျိုးနွံခြင်းတို့ကို ကြိုးစားပျိုးထောင်ရမည်ဖြစ်ပြီး မိမိသည် အရေးပါ၏ဟူသော စိတ်ထားများကို ချိုးနှိမ်ရမည်၊ သို့မှသာ ယေဟောဝါ၏မျက်နှာသာတော် ဆုံးရှုံးစေမည့် ရောင့်တက်သောလုပ်ရပ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
၁၆။ ယေဟောဝါနှင့်လည်းကောင်း၊ လူလူချင်းနှင့်လည်းကောင်း ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဆင်ခြင်တွေးတောခြင်းဖြင့် စိတ်နှိမ့်ချခြင်းကို မည်သို့ပျိုးထောင်စေနိုင်သနည်း။
၁၆ စိတ်နှိမ့်ချခြင်းသည် ဘုရားသခင်၏ဝိညာဉ်တော်အသီးများစာရင်းတွင် မပါသော်လည်း ၎င်းသည် ပြုစုပျိုးထောင်ရမည့် ဘုရားသခင့်ရေးရာ အရည်အသွေးတစ်ခုဖြစ်၏။ (ဂလာတိ ၅:၂၂၊ ၂၃; ကောလောသဲ ၃:၁၀၊ ၁၂) ယင်းသည် မိမိကိုယ်ကိုနှင့် အခြားသူတို့ကို မည်သို့ရှုမြင်သည့် စိတ်ထားနှင့်ပတ်သက်ရာ စိတ်နှိမ့်ချခြင်းကို တမင်တကာကြိုးစားပျိုးထောင်ဖို့လိုသည်။ ယေဟောဝါနှင့်လည်းကောင်း၊ လူလူချင်းနှင့်လည်းကောင်း ကျွန်ုပ်တို့၏ဆက်ဆံရေးကို တွေးတောဆင်ခြင်သုံးသပ်ခြင်းဖြင့် စိတ်နှိမ့်ချမှု ဆက်ရှိစေသည်။ ဘုရားသခင့်ရှေ့တော်မှောက်တွင် မစုံလင်သူအားလုံးသည် အခိုက်အတန့် စိမ်းလန်းစိုပြေနေပြီးနောက် ညှိုးနွမ်းခြောက်သွေ့သွားသော မြက်ပင်နှင့်တူ၏။ လူတို့သည် လယ်ကွင်းထဲရှိ နှံကောင်များနှင့်သာတူ၏။ (ဟေရှာယ ၄၀:၆၊ ၇၊ ၂၂) မြက်ပင်တစ်ပင်သည် တခြားမြက်ပင်များထက် အနည်းငယ်ပိုရှည်သည့်အတွက် ဂုဏ်မောက်စရာအကြောင်းရှိသလော။ နှံကောင်တစ်ကောင်သည် တခြားနှံကောင်များထက် အနည်းငယ်ပို၍ခုန်နိုင်ရုံမျှဖြင့် ၎င်း၏အစွမ်းကြောင့် ဝါကြွားစရာအကြောင်းရှိသလော။ ထိုသို့စဉ်းစားလိုက်လျှင် ရယ်ချင်စဖွယ်ကောင်းသည်။ သို့ဖြစ်၍ တမန်တော်ပေါလုက ခရစ်ယာန်ချင်းများကို ဤသို့သတိပေးခဲ့သည်– “အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတစ်ပါးလက်မှမခံမယူဘဲ အလိုအလျောက်ရသောအရာ တစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင် မခံမယူသကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။” (၁ ကောရိန္သု ၄:၇) ယင်းကဲ့သို့သော ကျမ်းချက်များကို ဆင်ခြင်တွေးတောခြင်းဖြင့် စိတ်နှိမ့်ချခြင်းကို ပြုစုပျိုးထောင်ပြီး တင်ပြစေနိုင်၏။
၁၇။ ပရောဖက်ဒံယေလအား စိတ်နှိမ့်ချခြင်းကို ပျိုးထောင်နိုင်စေသည့်အရာက အဘယ်နည်း၊ အဘယ်အရာက ကျွန်ုပ်တို့ကို အလားတူပြုလုပ်စေနိုင်သနည်း။
၁၇ ဟေဗြဲပရောဖက်ဒံယေလသည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ့်ကိုယ်ကို “နှိမ့်ချ” သောကြောင့် “အလွန်ချစ်အပ်သောသူ” ဟုအခေါ်ခံခဲ့ရသည်။ (ဒံယေလ ၁၀:၁၁၊ ၁၂၊ သမ) ဒံယေလအား စိတ်နှိမ့်ချခြင်းကို ပျိုးထောင်နိုင်စေသည့်အရာက အဘယ်နည်း။ ပထမဦးစွာ၊ သူသည် ယေဟောဝါထံ မှန်မှန်ဆုတောင်းပြီး ကိုယ်တော့်အား ပုံအပ်ယုံကြည်အားထားကြောင်း တင်ပြခဲ့သည်။ (ဒံယေလ ၆:၁၀၊ ၁၁) ၎င်းအပြင် ဒံယေလသည် သမ္မာကျမ်းစာကို ရည်ရွယ်ချက်မှန်ဖြင့် ဝီရိယရှိရှိလေ့လာခဲ့ရာ ယင်းက ဘုရားသခင်၏မြင့်မြတ်သောရည်ရွယ်ချက်ကို အာရုံစိုက်စေ၏။ သူ၏လူမျိုးတွင်သာမက မိမိတွင်လည်း အားနည်းချက်များရှိကြောင်း စိတ်လိုကိုယ်လျောက် ဝန်ခံခဲ့သည်။ ထို့အပြင် သူသည် မိမိ၏ဖြောင့်မတ်ခြင်းကိုမဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမှန်တကယ်မြှင့်တင်ပေးလိုခဲ့၏။ (ဒံယေလ ၉:၂၊ ၅၊ ၇) ဒံယေလ၏ထူးခြားသောစံနမူနာကောင်းမှ သင်ခန်းစာယူပြီး ကျွန်ုပ်တို့၏ဘဝကဏ္ဍအသီးသီးတွင် စိတ်နှိမ့်ချမှုပြနိုင်ရန် ယင်းကို ကြိုးစားပျိုးထောင်နိုင်ပါသလော။
၁၈။ ယနေ့ စိတ်နှိမ့်ချသူများကို အဘယ်ဂုဏ်အသရေက စောင့်ကြိုနေသနည်း။
၁၈ ‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏’ ဟု နယပုံပြင် ၂၂:၄ ကဆိုသည်။ မှန်ပါသည်၊ ယေဟောဝါသည် စိတ်နှိမ့်ချသူများကို မျက်နှာသာပေးသောကြောင့် ဂုဏ်အသရေနှင့် အသက်ကို ရရှိခြင်းဖြစ်သည်။ ဆာလံဆရာအာသပ်သည် ဘုရားသခင်၏လုပ်ငန်းတော်ကို စွန့်ခါနီးဖြစ်ပြီးမှ သူ၏စဉ်းစားတွေးခေါ်ပုံကို ယေဟောဝါပြုပြင်တည့်မတ်ပေးပြီးနောက်တွင် နှိမ့်ချစွာ ဤသို့ဝန်ခံခဲ့၏– “အကျွန်ုပ်ကို ဉာဏ်ပေး၍ လမ်းပြတော်မူပါမည်။ နောက်တစ်ဖန် ဘုန်းအသရေ၌ လက်ခံတော်မူပါမည်။” (ဆာလံ ၇၃:၂၄၊ သမ) ယနေ့ကော အသို့နည်း။ စိတ်နှိမ့်ချသူများကို အဘယ်ဂုဏ်အသရေက စောင့်ကြိုနေသနည်း။ ယေဟောဝါ၏မျက်နှာသာတော်ရပြီး ကိုယ်တော်နှင့်ဆက်ဆံရေးကောင်းရှိသည့်အပြင် ဘုရင်ဒါဝိဒ်၏မှုတ်သွင်းခံ ဤစကားများ ပြည့်စုံလာသည်ကို စောင့်မျှော်နိုင်ပါသည်– “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” တကယ်ကို ဂုဏ်အသရေရှိသော အနာဂတ်ပါတကား!—ဆာလံ ၃၇:၁၁။
သင်မှတ်မိသလော
• သတေဖန်သည် ယေဟောဝါ၏ဘုန်းတော် ထင်ရှားပြခံရသော စံပြနှိမ့်ချသူတစ်ဦး မည်သို့ဖြစ်သနည်း။
• ယေဟောဝါသည် အဘယ်နည်းများဖြင့် စိတ်နှိမ့်ချမှု ပြခဲ့သနည်း။
• ယေဟောဝါသည် စိတ်နှိမ့်ချသူများကို မိမိဘုန်းတော် ထင်ရှားပြကြောင်း အဘယ်ပုံနမူနာများရှိသနည်း။
• ဒံယေလ၏ပုံသက်သေက ကျွန်ုပ်တို့အား စိတ်နှိမ့်ချမှုကို မည်သို့ပျိုးထောင်စေနိုင်သနည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ခိုင်မာသော်လည်း နှိမ့်ချ
၁၉၁၉ ခုနှစ်၊ ယူ.အက်စ်.အေ.၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင် ကျင်းပသော (ယနေ့ ယေဟောဝါသက်သေများအဖြစ် လူသိများသည့်) ကျမ်းစာကျောင်းသားများ၏စည်းဝေးကြီး၌ ထိုအချိန်က လုပ်ငန်းတော်ကို ဦးစီးကြီးကြပ်ရသော အသက် ၅၀ အရွယ် ဂျေ. အက်ဖ်. ရပ်သဖော့ဒ်သည် ဟိုတယ်အစောင့်အဖြစ် ဝမ်းမြောက်စွာ စေတနာ့ဝန်ထမ်းခဲ့သည်၊ စည်းဝေးကြီးလာသူများ၏ ခရီးဆောင်အိတ်များကို သယ်ဆောင်၍ သူတို့အခန်းများသို့ ပို့ပေးခဲ့၏။ စည်းဝေးကြီးနောက်ဆုံးနေ့တွင် သူသည် ပရိသတ် ၇,၀၀၀ ကို ဤစကားများဖြင့် ဝမ်းသာပီတိဖြစ်စေခဲ့သည်– “သင်တို့သည် ဘုန်းအသရေနှင့်ပြည့်စုံသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်သော ကျွန်ုပ်တို့သခင်၏နိုင်ငံတော်အကြောင်း . . . လူတို့အား ဟောပြောကြသည့် သံတမန်များဖြစ်ကြသည်။” ညီအစ်ကိုရပ်သဖော့ဒ်သည် ခံယူချက်များနှင့်ပတ်သက်လာလျှင် ခိုင်မာပြတ်သား၏၊ အားမာန်ပါပါ ဟောပြောပြီး သူယုံကြည်သည့်အမှန်တရားကို အလျှော့မပေးသူအဖြစ် လူသိများ၏၊ ဘုရားသခင့်ရှေ့မှောက်တော်တွင် အမှန်ပင်စိတ်နှိမ့်ချသူဖြစ်ကြောင်း ဗေသလနံနက်ဝတ်ပြုမှုတွင် သူ၏ဆုတောင်းချက်များက ယင်းကို ထင်ဟပ်ပြလေ့ရှိ၏။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို ကျွမ်းကျင်တတ်မြောက်သူ သတေဖန်သည် စိတ်နှိမ့်ချစွာ အစားအစာဝေမျှခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မနာရှေ၏စိတ်နှိမ့်ချမှုက ယေဟောဝါ၏စိတ်တော်နှင့်တွေ့ ရှိခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဒံယေလသည် အဘယ်ကြောင့် “အလွန်ချစ်အပ်သောသူ” ဖြစ်ခဲ့သနည်း