အသုံးတော်ခံရန် မိမိတို့ကိုယ်ကိုပေးဆက်ကြ
‘ကိုယ်တော်၏လူတို့သည် စေတနာစိတ်ဖြင့် မိမိတို့ကိုယ်ကို ပေးဆက်ကြပါလိမ့်မည်။’ (ဆာလံ ၁၁၀:၃) ၁၁၈ ကြိမ်မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်း၏ သင်တန်းသား ၄၆ ဦးတို့အတွက် အဆိုပါစကားများသည် အလွန်အဓိပ္ပာယ်ရှိ၏။ တိုင်းတစ်ပါးတွင် လူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ခရစ်ယာန်သာသနာပြုလောင်းများကို လေ့ကျင့်ပေးသော ဤသင်တန်းကျောင်းကို တက်ရောက်နိုင်ဖို့ သူတို့ မည်သို့အသင့်ပြင်ဆင်ခဲ့ကြသနည်း။ ၁၁၈ ကြိမ်မြောက်သင်တန်း၏ သင်တန်းသားများဖြစ်သော မိုက်ခ်နှင့် စတေစီတို့က ဤသို့ရှင်းပြသည်– “ရိုးရိုးရှင်းရှင်းနေဖို့ ဆုံးဖြတ်ထားကြတဲ့အတွက် အာရုံထွေပြားစရာသိပ်မရှိဘဲ ဝိညာဉ်ရေးရာတွေကို အဓိကထား အာရုံစိုက်နေဖို့ အထောက်အကူရတယ်။ စီးပွားရေးလောကမှာအောင်မြင်နေလို့ ဝိညာဉ်ရေးပန်းတိုင်တွေကို ဘေးမချိတ်မိဖို့ ကျွန်တော်တို့ စိတ်ဆုံးဖြတ်ခဲ့ကြတယ်။” ဤသင်တန်းကျောင်းမှ အခြားသင်တန်းသားများသည် မိုက်ခ်နှင့် စတေစီတို့နည်းတူ အသုံးတော်ခံရန် အသင့်ရှိကြရာ ယခုအခါ တိုက်ကြီးလေးတိုက်တွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် အမှုထမ်းနေကြပါသည်။
၂၀၀၅၊ မတ် ၁၂ ရက်၊ စနေနေ့တွင် လူပေါင်း ၆,၈၄၃ ဦးတို့သည် ကျောင်းဆင်းပွဲအစီအစဉ်ကို အားရကြည်နူးစွာ နားဆင်ခဲ့ကြသည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော သီအိုဒေါရ် ဂျဲရက်စ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဧည့်သည်များကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီးနောက် သမ္မာကျမ်းစာပညာရေး၏တန်ဖိုးကို အာရုံစိုက်စေခဲ့သည်။ ဟောပြောသူသည် အမေရိကန်ပညာရှင် ဝီလျမ် လိုင်ယန် ဖဲ့လ်ပ်စ်၏ ဤစကားများကို ကိုးကားဖော်ပြခဲ့သည်– “သမ္မာကျမ်းစာကို နှံ့နှံ့စပ်စပ်သိကျွမ်းသူတိုင်းအား ပညာတတ်ဟု အမှန်ခေါ်ဆိုနိုင်သည်။” ကျောင်းပညာသည် အသုံးဝင်သည်မှန်သော်လည်း သမ္မာကျမ်းစာပညာက သာလွန်၏။ ယင်းသည် ထာဝရအသက်ရစေသော ဘုရားသခင်၏အသိပညာကို ဆည်းပူးခြင်းဖြစ်သည်။ (ယောဟန် ၁၇:၃) ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၉၈,၀၀၀ ကျော်တွင် ဆောင်ရွက်လျက်ရှိသော ကမ္ဘာချီကျမ်းစာပညာပေးအစီအစဉ်၌ ပိုမိုပါဝင်လိုစိတ်ရှိသူ ကျောင်းဆင်းများကို ညီအစ်ကိုဂျဲရက်စ် ချီးမွမ်းခဲ့သည်။
ကျောင်းဆင်းများအတွက် အချိန်တန်အားပေးစကား
သဘာပတိ၏နိဒါန်းဟောပြောချက်ပြီးနောက် ဝီလျမ် ဆယ်မြူလ်စင်က ဆာလံ ၅၂:၈ ပေါ်အခြေပြုသည့် “ဘုရားသခင့်အိမ်တော်တွင် စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ သင်ဖြစ်နိုင်ပုံ” အကြောင်း ဟောပြောခဲ့သည်။ သမ္မာကျမ်းစာတွင် သံလွင်ပင်ကို သီးပွင့်ခြင်း၊ လှပခြင်းနှင့် တင့်တယ်ခံ့ညားခြင်း အမှတ်လက္ခဏာအဖြစ် အသုံးပြုထားကြောင်း သူအာရုံပြုစေသည်။ (ယေရမိ ၁၁:၁၆) သင်တန်းသားများကို သံလွင်ပင်များနှင့်နှိုင်းယှဉ်ကာ ဟောပြောသူက “သင်တို့တာဝန်ကျရာ နေရာများတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို သစ္စာရှိရှိဟောပြောသောအခါ ယေဟောဝါသည် သင်တို့ကို လှပ၍ သိက္ခာရှိသူများအဖြစ် ရှုမြင်တော်မူလိမ့်မည်” ဟုဆို၏။ သံလွင်ပင်သည် မိုးခေါင်သည့်ကာလတွင် ဆက်ရှင်သန်နိုင်ဖို့ အမြစ်များဖြာထွက်ရမည်ဖြစ်သကဲ့သို့ သင်တန်းသားများသည် တိုင်းတစ်ပါးတွင် အမှုဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် စိတ်မဝင်စားမှု၊ အတိုက်အခံပြုမှုနှင့် အခြားစမ်းသပ်မှုများကို ခံရပ်နိုင်ရန် သူတို့၏ဝိညာဉ်ရေးအမြစ်များကို သန်စွမ်းစေဖို့လိုသည်။—မဿဲ ၁၃:၂၁; ကောလောသဲ ၂:၆၊ ၇။
အစီအစဉ်တွင်ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးအနက် တစ်ဦးဖြစ်သူ ဂျွန် အီး၊ ဘားရ်က “သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏” ဟူသောအကြောင်းကို ဟောပြောခဲ့သည်။ (မဿဲ ၅:၁၃) ပကတိဆားသည် အစားအစာ မသိုးမပုပ်အောင် ထိန်းထားနိုင်သကဲ့သို့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ခရစ်ယာန်သာသနာပြုများ ဟောပြောခြင်းက နားထောင်သူတို့၏အသက်ကို ကယ်နိုင်သည့်အပြင် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးယိုယွင်းခြင်းမှလည်း ကာကွယ်ပေးမည်ဖြစ်သည်။ ထို့နောက် ကျောင်းဆင်းများကို ညီအစ်ကိုဘားရ်က အချင်းချင်း “အသင့်အတင့်နေကြ” ရန် ဖခင်လေသံဖြင့် တိုက်တွန်းခဲ့သည်။ (မာကု ၉:၅၀) “ဝိညာဉ်အသီးတွေကို ပြုစုပျိုးထောင်ကြပါ၊ သင်တို့ရဲ့အပြောအဆို၊ အပြုအမူတွေ အမြဲယဉ်ကျေးသိမ်မွေ့ပြီး စာနာထောက်ထားမှုရှိဖို့ မပျက်ကွက်ကြပါနဲ့” ဟု တိုက်တွန်းခဲ့သည်။
ဂိလဒ်သင်တန်းပို့ချသူတစ်ဦးဖြစ်သော ဝေါလေ့စ် လစ်ဗာရန့်စ်က “ရေနက်ပိုင်းရှိ သင်္ဘောပေါ်တွင်နေပါ” ဟူသောအကြောင်းကို ပေါ်လွင်စေခဲ့သည်။ ရေနက်ပိုင်းရှိ သင်္ဘောတစ်စီးသည် လိုရာခရီး ရောက်သွားနိုင်သကဲ့သို့ ‘ဘုရားသခင်၏နက်နဲရာများ’ ဖြစ်သော ဘုရားသခင့်ရည်ရွယ်ချက်နှင့် ယင်းကို ဖြစ်မြောက်စေမည့်နည်းတို့နှင့်ဆိုင်သော အမှန်တရားကို သိနားလည်ထားခြင်းက ဝိညာဉ်ရေးတွင် တိုးတက်စေနိုင်သည်။ (၁ ကောရိန္သု ၂:၁၀) “ဘုရားသခင်၏ [စကား] တော်၌ ရှေးဦးစွာသင်ရသောတရားနု” နှင့်ကျေနပ်နေခြင်းဖြင့် ဝိညာဉ်ရေးအရ ရေတိမ်ပိုင်း၌သာ ရှိနေခြင်းသည် တိုးတက်မှုကိုဟန့်တားသဖြင့် “ယုံကြည်ခြင်းသင်္ဘောပျက်” ဖို့ အကြောင်းပိုများသည်။ (ဟေဗြဲ ၅:၁၂၊ ၁၃; ၁ တိမောသေ ၁:၁၉) “‘အလွန်နက်နဲသော ဘုရားသခင်၏ပညာတော်နှင့်ဉာဏ်တော်’ သည် သင်တို့တာဝန်ကျရာနေရာများတွင် သင်တို့ကိုအားဖြည့်ပေးပါလေစေ” ဟုညီအစ်ကိုလစ်ဗာရန့်စ်က နိဂုံးချုပ်ပြောဆိုခဲ့သည်။—ရောမ ၁၁:၃၃။
ဂိလဒ်သင်တန်းပို့ချသူ နောက်တစ်ဦး မာ့ခ်နူမဲရ်က “သင့်အမွေအနှစ်နှင့် လျော်ညီစွာနေထိုင်မည်လော” အကြောင်းကို ဟောပြောခဲ့သည်။ ကျောင်းဆင်းများတင်ပြသော ‘ကောင်းသောသက်သေအစုအပုံ’ ကြောင့် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းသည် ချီးမွမ်းခံရပြီး နာမည်ကောင်းရခဲ့သည်မှာ အနှစ် ၆၀ ကျော်ခဲ့ပြီ။ (ကမ္ဘာဦး ၃၁:၄၈) ဂိလဒ်ကျောင်း၏ ဤအမွေအနှစ်ကို ၁၁၈ ကြိမ်မြောက်သင်တန်းသားများအား လက်ဆင့်ကမ်းခဲ့ပြီ။ သင်တန်းသားများသည့် နေဟမိခေတ်မှ တေကောမြို့သားများကိုအတုယူကြပြီး ဒေသခံအသင်းတော်နှင့်ဖြစ်စေ၊ ခရစ်ယာန်သာသနာပြုချင်းများနှင့်ဖြစ်စေ နှိမ့်ချစွာပူးပေါင်းလုပ်ဆောင်ဖို့ ညီအစ်ကို နူမဲရ်က အားပေးခဲ့သည်။ စိတ်ကြီးဝင်သော ‘အထင်ကရပုဂ္ဂိုလ်များ’ ဟု နေဟမိဖော်ပြခဲ့သူတို့၏ စိတ်သဘောထားကိုရှောင်ကာ ထင်ပေါ်ရန်မကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။—နေဟမိ ၃:၅၊ ကဘ။
မှတ်သားဖွယ်တွေ့ကြုံမှုများနှင့် လူတွေ့မေးမြန်းခန်းများ
အစီအစဉ်နောက်တစ်ပိုင်းမှာ “ဘုရားသခင်၏စကားတော် ကြီးပွားတိုးတက်နေ” ဟူသော အကြောင်းဖြစ်၏။ (တမန်တော် ၆:၇) ဂိလဒ်သင်တန်းပို့ချသူ လောရဲန့်စ် ဘိုဝင်န်၏ဦးဆောင်မှုဖြင့် သင်တန်းသားများသည် သင်တန်းကာလအတွင်း လယ်ကွင်းဓမ္မအမှုမှ တွေ့ကြုံမှုများကို သရုပ်ဖော်ပြခဲ့ကြသည်။ သင်တန်းသားများသည် ဘုရားသခင့်စကားတော်ကို စိတ်အားထက်သန်စွာ ကြေညာခဲ့ကြရာ သူတို့၏ကြိုးပမ်းမှုများကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့ကြောင်း ထိုတွေ့ကြုံမှုများကဖော်ပြသည်။
ဤသင်တန်းကျောင်းဖြစ်မြောက်ရန် ပါဝင်ကူညီပေးရသော ဗေသလအိမ်သားများကို ရစ်ချက်ဒ် အက်ရှ်က လူတွေ့မေးမြန်းခဲ့သည်။ ဂိလဒ်ကျောင်းမှ သင်တန်းသားများ အကျိုးအပြည့်အဝရရှိစေရန် ဗေသလအိမ်သားများ၏ပါဝင်ကူညီမှုအကြောင်း သူတို့၏မှတ်ချက်များက သိရှိစေသည်။ ထို့နောက် ဂျက်ဖရီ ဂျက်ဆင်က ယခင် ဂိလဒ်ကျောင်းဆင်းအချို့နှင့် လူတွေ့မေးမြန်းသည်။ သူတို့က ခရစ်ယာန်သာသနာပြုခြင်းဖြင့် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်နိုင်သော အခွင့်အရေးမြောက်မြားစွာကို ဖော်ပြ၏။ တစ်ဦးက “ခရစ်ယာန်သာသနာပြုတွေ လုပ်သမျှ၊ ပြောသမျှကို လူတွေဂရုစိုက်ပြီး မှတ်ထားတတ်တယ်” ဟုဆိုသည်။ ထို့ကြောင့် အချိန်မရွေး ပုံသက်သေကောင်းပြကြရန်လိုသည်ဟု သင်တန်းသားများကို တိုက်တွန်းခဲ့သည်။ လက်တွေ့ကျသော ဤအကြံပြုချက်သည် နောက်ပိုင်းတွင် အသုံးကျမည်မှာသေချာသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော စတီဗင် လက်တ်က “‘အသက်ရေ’ သယ်ဆောင်သူများအဖြစ် ထွက်ခွာကြလော့” အကြောင်းဖြင့် နိဂုံးချုပ်ဟောပြောခဲ့သည်။ (ယောဟန် ၇:၃၈) သင်တန်းသားများသည် လွန်ခဲ့သောငါးလအတွင်း သမ္မာကျမ်းစာအမှန်တရားရေကို များစွာသောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြကြောင်း သူဖော်ပြသည်။ သို့သော် ခရစ်ယာန်သာသနာပြုအသစ်များသည် မိမိတို့ဆည်းပူးထားရာများကို မည်သို့အသုံးချကြမည်နည်း။ အခြားသူများလည်း “ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ” တွင်းများဖြစ်လာကြစေဖို့ သောက်သုံးခဲ့သော ဝိညာဉ်ရေးရေများကို ကိုယ်ကျိုးမငဲ့ဘဲ ဝေမျှတိုက်ကျွေးကြရန် ကျောင်းဆင်းများကို ညီအစ်ကို လက်တ်က တိုက်တွန်းခဲ့သည်။ (ယောဟန် ၄:၁၄) “‘အသက်စမ်းရေတွင်း’ ဖြစ်တဲ့ ယေဟောဝါကို ဂုဏ်တင်၊ ချီးမွမ်းဖို့ ဘယ်တော့မှမမေ့ပါနဲ့။ မိုးခေါင်ရေရှားဖြစ်နေတဲ့ မဟာဗာဗုလုန်က ထွက်လာတဲ့သူတွေကို သွန်သင်ပေးတဲ့အခါ စိတ်ရှည်ပါ” ဟုသူဆက်ပြောသည်။ (ယေရမိ ၂:၁၃) ထို့နောက် ကျောင်းဆင်းများသည် ဝိညာဉ်တော်နှင့်သတို့သမီးကို စိတ်ရောကိုယ်ပါ တုပကာ “ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” ဟုဆိုနေကြဖို့ညီအစ်ကို လက်တ်က အားပေးရင်း နိဂုံးချုပ်ခဲ့သည်။—ဗျာ. ၂၂:၁၇။
ညီအစ်ကိုဂျဲရက်စ်သည် နိုင်ငံအသီးသီးမှ ပေးပို့သော နှုတ်ခွန်းဆက်လွှာများကို ဖတ်ကြားပြခြင်းဖြင့် အစီအစဉ်ကို နိဂုံးချုပ်ခဲ့သည်။ ထို့နောက် ကျောင်းဆင်းတစ်ဦးက ကျေးဇူးတင်စာကို ဖတ်ပြ၏။
အကူအညီသာ၍လိုအပ်သောနေရာတွင် အမှုဆောင်ရန် သင့်ကိုယ်သင် ပေးဆက်နိုင်မည်လော။ သို့ဖြစ်လျှင် အဆိုပါကျောင်းဆင်းများနည်းတူ ဝိညာဉ်ရေးပန်းတိုင်များထားပါ။ တိုင်းတစ်ပါးတွင် ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ်ဖြစ်စေ၊ မိမိဒေသတွင် အမှုဆောင်သူတစ်ဦးအဖြစ်ဖြစ်စေ ဘုရားသခင့်လုပ်ငန်းတော်တွင် ဝမ်းသာအားရ အသုံးတော်ခံခြင်းမှရရှိသည့် ကျေနပ်မှုကို ခံစားကြပါလေ။
[စာမျက်နှာ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြုနိုင်ငံအရေအတွက်– ၈
ခန့်အပ်ခံရသည့်နိုင်ငံအရေအတွက်– ၁၉
သင်တန်းသားအရေအတွက်– ၄၆
ပျမ်းမျှအသက်– ၃၃.၀
ပျမ်းမျှအမှန်တရားသက်တမ်း– ၁၆.၅
ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၂.၉
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ၁၁၈ ကြိမ်မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှနောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။
(1) Brockmeyer, A.; Moloney, S.; Symonds, N.; Lopez, Y.; Howard, C. (2) Jastrzebski, T.; Brown, D.; Hernandez, H.; Malagón, I.; Jones, A.; Connell, L. (3) Howard, J.; Lareau, E.; Shams, B.; Hayes, S.; Brown, O. (4) Burrell, J.; Hammer, M.; Mayer, A.; Kim, K.; Stanley, R.; Rainey, R. (5) Jastrzebski, P.; Zilavetz, K.; Ferris, S.; Torres, B.; Torres, F. (6) Connell, J.; Hernandez, R.; Moloney, M.; Malagón, J.; Shams, R.; Hayes, J. (7) Ferris, A.; Hammer, J.; Stanley, G.; Kim, C.; Symonds, S.; Lopez, D.; Burrell, D. (8) Brockmeyer, D.; Mayer, J.; Rainey, S.; Zilavetz, S.; Jones, R.; Lareau, J.