သစ္စာစောင့်သိခြင်းသည် အကျိုးရှိပါသလော
“ခင်ဗျားရဲ့ ကျန်းမာရေးအာမခံကြေးက အတော်များတာပဲ။ ကျွန်တော့်ကုမ္ပဏီကို ပြောင်းခဲ့စမ်းပါ၊ ခင်ဗျား တစ်လကို ဒေါ်လာ ၂၀ တောင် သက်သာလိမ့်မယ်” ဟု အာမခံလုပ်ငန်းကိုယ်စားလှယ် ကားလ်ကပြောသည်။a
“ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကုမ္ပဏီမှာ ကျွန်တော် ကျန်းမာရေးအာမခံကြေးသွင်းတာ နှစ်အတော်ကြာပြီ။ အရင်တုန်းက ကျွန်တော့်ကို အများကြီးကူညီခဲ့တော့ သူတို့အပေါ် သစ္စာစောင့်သိချင်တယ်” ဟုယန်းက တုံ့ပြန်သည်။
“သစ္စာစောင့်သိတယ်ဆိုတာ အရည်အချင်းကောင်းတစ်ခုပဲ။ ဒါပေမဲ့၊ သစ္စာစောင့်သိနေတော့ ခင်ဗျား ငွေအကုန်အကျများတာပေါ့!” ဟုကားလ်က ပြန်ပြောသည်။
ကားလ်ပြောသည်မှာ မှန်ပါသည်။ တစ်စုံတစ်ဦးကို သစ္စာစောင့်သိခြင်း သို့မဟုတ် သစ္စာရှိခြင်းသည် ငွေအကုန်အကျများလေ့ရှိသည်။b ထို့ပြင် အချိန်၊ ခွန်အား၊ စိတ်ပိုင်းအပ်နှံမှုတို့လည်း ပေးဆပ်ရသည်။ သစ္စာစောင့်သိခြင်းသည် အကျိုးရှိပါသလော။
အများစုက နှစ်သက်ငြား လက်တွေ့မကျင့်ကြ
ဂျာမနီနိုင်ငံ၊ အလန်းစ်ဘတ်ဆန္ဒမဲကောက်ယူမှု သုတေသနဌာန၏ ဆန်းစစ်မှုတစ်ရပ်တွင် မေးမြန်းခံရသူ၏ ၉၆ ရာခိုင်နှုန်းက သစ္စာရှိခြင်းကို နှစ်လို့ဖွယ်အရည်အသွေးတစ်ခုအဖြစ် ရှုမြင်ကြသည်။ အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ်တို့အား ဒုတိယအကြိမ် အလန်းစ်ဘတ်ဆန်းစစ်မှုပြုလုပ်ရာ၌ မေးမြန်းခံရသူ ၃ ဦးတွင် ၂ ဦးက သစ္စာရှိခြင်းကို လူကြိုက်များပြီး နှစ်လို့ဖွယ်ရာအဖြစ် ရှုမြင်ကြကြောင်း တွေ့ရသည်။
သစ္စာစောင့်သိခြင်း သို့မဟုတ် သစ္စာရှိခြင်းကို အများစုက နှစ်သက်ကြသော်လည်း တကယ်တမ်း သစ္စာစောင့်သိရမည်၊ သစ္စာရှိရမည်ဆိုလျှင် တစ်မျိုးတစ်ဖုံဖြစ်သွားကြသည်။ ဥပမာ၊ ဥရောပနိုင်ငံများစွာတွင် အိမ်ထောင်သည်မောင်နှံ သို့မဟုတ် မိသားစုဝင်တို့သည် အချင်းချင်းသစ္စာစောင့်သိမှု နည်းပါးလာလေပြီ။ မိတ်ဆွေများလည်း အချင်းချင်း သစ္စာမဲ့လေ့ရှိကြသည်။ အလုပ်ရှင်နှင့် အလုပ်သမား၊ စီးပွားရေးသမားနှင့် ဖောက်သည်တို့စပ်ကြား ယခင်ကရှိခဲ့သည့် သစ္စာစောင့်သိမှု ပျောက်ကွယ်သွားခဲ့ပြီ။ အဘယ်ကြောင့်နည်း။
အလုပ်ရှုပ်ဗျာများသောဘဝပုံစံက သစ္စာစောင့်သိမှုတင်ပြရန်အတွက် အချိန်မရသလောက် သို့မဟုတ် စိတ်ဓာတ်ကြံ့ခိုင်မှုမရှိ ဖြစ်တတ်သည်။ လူ့ပေါင်းသင်းဆက်ဆံရေးကို စိတ်ကုန်သွားသူတို့သည်လည်း တစ်ဦးတစ်ယောက်အပေါ် သစ္စာရှိဖို့ တွန့်ဆုတ်သွားနိုင်သည်။ အခြားသူတို့မူ သစ္စာစောင့်သိဖို့မလိုသော ယာယီဆက်ဆံမှုမျိုးကို နှစ်သက်ကြပေမည်။
မည်သို့ပင်ဖြစ်စေ၊ သစ္စာစောင့်သိခြင်းသည် အများစုနှစ်သက်ကြသော်လည်း လက်တွေ့ကျင့်သူနည်းသည့် အကျင့်ကောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤမေးခွန်းများကို သုံးသပ်ကြည့်ကြစို့– သစ္စာစောင့်သိခြင်းသည် အကျိုးရှိပါသလော။ သို့ဆိုလျှင် မည်သူတို့အပေါ် သစ္စာစောင့်သိရမည်နည်း၊ အဘယ်နည်းများဖြင့်နည်း။ သစ္စာစောင့်သိခြင်းကြောင့် အဘယ်အကျိုးရရှိမည်နည်း။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတို့တွင် အမည်တချို့ ပြောင်းထားသည်။
b “သစ္စာစောင့်သိခြင်း” နှင့် “သစ္စာရှိခြင်း” ကို အကြောင်းအရာတစ်ခုတွင် အမြဲတွဲသုံးခြင်းမရှိသော်လည်း ဤဆောင်းပါးတို့တွင် ယင်းစကားလုံးတို့ကို တစ်ခါတစ်ရံ ဖလှယ်၍သုံးထားသည်။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
သစ္စာစောင့်သိခြင်းသည် အများစုနှစ်သက်ကြသော်လည်းလက်တွေ့ကျင့်သူနည်းသည့် အကျင့်ကောင်းတစ်ခုဖြစ်